ဝမ်လင်း၏ပုံရိပ်သည် လျိုချင်း၏ရှေ့၌ ပေါ်လာ၏။ သူက တည်ငြိမ်စွာ ရှိနေသည်။သူ့ခန္ဓာကိုယ်ပေါ်၌လည်း မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ဝမ်လင်းပတ်လည်ရှိ မီးပြင်းဖိုတစ်ခု၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
လျိုချင်းယွမ်သာ မယုံကြည်နိုင်မှုနှင့် ပြည့်နေသည် မဟုတ် အကွာအဝေးတစ်ခုတွင် ရှိနေသော ခေါင်းကြီးကောင်လေးပင် ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုနှင့် ပြည့်လာ၏။ သူက ဝမ်လင်းသည် သန်မာလှသည်အား သိ၏။ သို့သော် သူက ဝမ်လင်းသည် စောနက အလစ်တိုက်ခိုက်မှုကြောင့် ခြစ်ရာပင် မထင်ကျန်ခဲ့ပေ။ သူက ဝမ်လင်းကို ဆန့်ကျင်ဝံ့တော့မည် မဟုတ်မှန်း သိနေ၏။ ခုချိန်၌ သူသည် ဝမ်လင်းကို ပို၍ပင် ကြောက်လန့်နေမိပေပြီ။
ဝမ်လင်းသည် လျိုချင်းယွမ်ကို အေးစက်စွာ ကြည့်၍ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။ လျိုချင်းယွမ်သည် အတော်လေး ကြောက်လန့်နေကာ သူသည် စိုးရိမ်တကြီး အော်ဟစ်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒါက နားလည်မှုလွဲတာပါ။ နားလည်မှုလွဲတာလေးပါ။ ဒီတစ်ခါ ငါ သင့်ကို ငါ့အသက်အတွက် ရတနာတစ်ခုကို တကယ်လဲလှယ်ပါ့မယ်…။ငါ့မှာ…”
သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်း၏ ပုံရိပ်သည် လျိုချင်းယွမ်၏ နောက်၌ ပေါ်လာ၏။ သူ့လက်နှစ်ဖက်လုံး၌ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးတို့ ပါဝင်နေသည်။ ဝမ်လင်းသည် လျိုချင်းယွမ်၏ နောက်ကျောကို ဖိနှိပ်ချလိုက်၏။
ကျယ်လောင်သောပေါက်ကွဲမှုနှင့်အတူ လျိုချင်းယွမ်သည် လွင့်စင်ထွက်သွားလေ၏။သူ့မျက်နှာသည် ဖြူရောနေကာ သူ့ခန္ဓာကိုယ်မှာလည်း အထည်ဒြပ်အသွင် မရှိတော့ဘဲ မြန်ဆန်စွာ လွင့်ပြယ်နေတော့သည်။
ဝမ်လင်က လျိုချင်းယွမ်၏ လှည့်ကွက်ကို ဖြတ်မြင်နိုင်စွမ်း ရှိခဲ့ပြီး ဖြစ်၏။ သူက မဟာမိတ်ကြယ်အဖွဲ့အစည်း၌ ကြီးပြင်းခဲ့သူမဟုတလား။ သူက လှည့်ကွက်ဉာဏ်ဆင်မှုများစွာကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ဖူးသည့်သူပင်။ လျိုချင်းယွမ်ကိုသာ ယုံကြည်ပေးပါက သူသည် ဝမ်လင်း မဟုတ်တော့ပေ။
လျိုချင်းယွမ် မီးအလောင်းကောင်ကို ထုတ်ယူလိုက်ချိန်၌ ဝမ်လင်းသည် တစ်ခုခုမှားနေသည်ကို သတိပြုမိခဲ့ကာ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုအား အသက်သွင်းထားခဲ့၏။ မီးအလောင်းကောင် ပျက်စီးသွားသည့်အခါ၌ သူသည် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုနှင့်အတူ ပေါက်ကွဲမှုစွမ်းအားများကို လွယ်လင့်တကူ ရှောင်လိုက်နိုင်ခြင်းပင်။
ဝမ်လင်းသည် လျိုချင်းယွမ်ကို ထိုအခွင့်အရေးတစ်ခု ပေးလိုက်ခြင်းမှာ အကြောင်းပြချက်များ ရှိလေ၏။ သူက အလောင်းကောင်ကလန်၏ ဒုခန်းမသခင်ထံ၌ အသက်ကယ်ရတနာအချို့ ရှိကိုရှိရမည်ကို သိနေပေသည်။
ဝမ်လင်းသည် ဦးစွာ တိုက်ခိုက်ခဲ့ပါက သည် မီးအလောင်းကောင်၏ မီးစွမ်းအားကြောင့် သူသည် သည့်လူကို ဒဏ်ရာမရရှိဘဲ သတ်ပစ်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် ဝမ်လင်းက လျိုချင်းယွမ် သူ့ဝှက်ဖဲ အသုံးပြုမည့် အချိန်ကို စောင့်ဆိုင်းကာ လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့၏။ လျိုချင်းယွမ်က သူ့ဝှက်ဖဲကို အသုံးပြုလိုက်သည့်အခိုက်၌ သူ သေရတော့မည့် အခိုက်ဟု ယူဆ၍ ရလေ၏။
တိုက်ခိုက်လိုက်ပြီးနောက် ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားပြန်၏။ သူက လျိုချင်းယွမ်ထံသို့ တိုက်ရိုက် တိုးဝင်သွားပြန်သည်။
လျိုချင်းယွမ်က လူတော်တစ်ယောက်ပင်။ သူ့မူလစိတ်ဝိညာဉ်သည် လွင့်ပြယ်သွားနေရင်း သူက မချင့်ပြုံးပြုံးကာ ဝမ်လင်း ဘာတွေးသည်ကို သိနေ၏။ သူက သူ့လုပ်ရပ်အတွက် စိတ်ထဲကနေ နောင်တရမိနေသည်။ ဝမ်လင်း၏ပုံရိပ်နောက်တစ်ကြိမ် ထွက်ပေါ်လာသည့်အခါတွင် သူက လက်ညွှန်ရာ မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် ထိုးထွက်သွားလေ၏။
မိုးကြိုးသည် ကောင်းကင်ထက်၌ တုန်ဟီး၏။ မိုးကြိုးတန်းများသည် လျိုချင်းယွမ်ပေါ်သို့ ဆင်းသက်လာသည်။ သည့်နောက် ဝမ်လင်း၏လက်ချောင်း တိုက်ခိုက်မှုများသည် လျိုချင်းယွမ်ပေါ်သို့ အဆတ်မပြတ် ကျရောက်လာတော့၏။ လက်ချောင်းတိုက်ခိုက်မှုတစ်ခုချင်းစီသည် လျိုချင်းယွမ်၏ မူလစိတ်ဝိညာဉ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေ၏။ သူက နောက်သို့သာ ဆက်၍ ဆုတ်နေရပေသည်။
သူ့အတွက် လွတ်မြောက်နိုင်ရန် အခွင့်အရေး မရှိတော့သည်ကို သိမြင်သည့်အခါ လျိုချင်းယွမ်၏ မျက်လုံးထဲ၌ ရက်စက်မှု အရိပ်အယောင် ဖျပ်ခနဲ ပေါ်လာရင်း သူက အော်ပြောလိုက်သည်။ “မင်းက ငါ့ကို သတ်ချင်ရင် ငါနဲ့အတူ မြေမြှုပ်ပေးရတာပေါ့…”
လျိုချင်းယွမ်၏ မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ဖြစ်ပေါ်လာကာ သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်တော့သည်။
အခုခန္ဓာကိုယ်သည် သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းအားလုံး မဟုတ်ပေ။ သူ့လှည့်ဖြားမှု ဉာဏ်ရည်ဖြင့် သူသည် ထိုသို့ စွန့်စားလိမ့်မည် မဟုတ်ပေ။ အတိတ်တုန်းက သူက သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းငယ်တစ်ခုကို အခုလို ဘေးကြပ်နံကြပ် သေရေးရှင်ရေး အခြေအနေ၌ သူ့အသက်ကို ကယ်တင်နိုင်ရန် အလို့ငှာ ခွဲထုတ်ထားခဲ့ပေ၏။
သည်အခိုက်အတန့်၌ သူသည် အခုမူလစိတ်ဝိညာဉ်ကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ့မူလစိတ်ဝိညာဉ်ထံမှ အဖျက်အစီးအော်ရာတစ်ခု ထွက်ပေါ်လာ၏။ သူက ကြမ်းကြတ်သည့်ဟန်နှင့် ရှိနေကာ သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်သည်။ နိဗ္ဗာနကြိုခြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကို ဖောက်ခွဲမှုသည် စောနက မီးအလောင်းကောင်ထက် အဆများစွာ ပို၍ ပြင်းထန်ပေလိမ့်မည်။ သူ ပေါက်ကွဲစေလိုက်သည်နှင့် ဟင်္သာပြဒါးဂြိုဟ်ပင် ပျက်စီးသွားနိုင်ပေသည်။
အချို့ လူအနည်းငယ်ကလွဲ၍ ဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံးမှာ သေဆုံးသွားရပေလိမ့်မည်။
၎င်းပေါက်ကွဲမှုက ကျင့်ကြံခြင်းဂြိုဟ်သလင်းကျောက်အပေါ် သက်ရောက်မှုကလည်း အံ့မခန်း ဖြစ်စေမည်။ ထိုအရာက ဝမ်လင်း အဓိကစိတ်ပူသည့် အရာဖြစ်ကာ လျိုချင်းယွမ် မပေါက်ကွဲအောင် သူက တားဆီးရပေမည်။
လျိုချင်းယွမ်က ပေါက်ကွဲရန် ရွေးချယ်လိုက်သည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် တည်ငြိမ်စွာ ပြော၏။ “ကောင်းကင်ဘုံမန္တာန်…ရပ်တန့်ခြင်း…” ချက်ခြင်းပင် ရပ်တန့်ခြင်းမန္တာန်သည် ရုတ်တရက် ပေါ်လာ၏။ သည်မန္တာန်၏စွမ်းအားသည် ချင်းရွှေ၏ ကောင်းကင်ဘုံမူလစွမ်းအင်များနှင့် ပေါင်းစည်းပြီးသည့်နောက် အစများစွာ တိုးတက်လာခဲ့သည်။ လျိုချင်းယွမ်၏ ပေါက်ကွဲရန် အစပြုနေသော မူလစိတ်ဝိညာဉ်မှာ အေးခဲသွားတော့၏။
ဝမ်လင်းသည် လျိုချင်းယွမ်၏ မူလစိတ်ဝိညာဉ် ရှေ့သို့ ရောက်ရှိလာ၏။ သူက မူလစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ကာ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာရင်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဟင်္သာပြဒါးဂြိုဟ်နှင့် အတော်အတန် ဝေးသည့်နေရာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ တစ်နေရာတွင် လှိုင်းတွန့်များ ပေါ်လာ၏။ ဝမ်လင်းသည် ထွက်ပေါ်လာကာ လျိုချင်းယွမ်၏မူလစိတ်ဝိညာဉ်ပေါ်သို့ အတားအဆီးများစွာ အလျင်အမြန် နေရာချ၏။
သည့်နောက် သူ့လက်ဖြင့် လျိုချင်းယွမ်၏မူလစိတ်ဝိညာဉ်ကို ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် မြင့်တက်လာရင်း လျိုချင်းယွမ်၏မူလစိတ်ဝိညာဉ်ကို တုန်ခါစေသည်။ထိုအဖြစ်က လျိုချင်းယွမ်၏မူလစိတ်ဝိညာဉ်မှ ထွက်ပေါ်လာနေသည့် အဖျက်အစီးစွမ်းအားကို ချက်ခြင်း လွင့်ပါးသွားစေတော့သည်။
မရေမတွက်နိုင်သော အတားအဆီးများစွာ ချမှတ်ပြီးသည့်နောက် မူလစိတ်ဝိညာဉ်ကိုယ်တိုင်ဖျက်စီးမှုကို လုံးဝ ရပ်တန့်သွားစေတော့သည်။ ဝ၎င်း်လင်းက ထိုမူလစိတ်ဝိညာဉ်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။ထို့နောက် သူက လှည့်၍ ကောင်းကင်ထက်သို့ ပျောက်ကွယ်သွားပြန်သည်။
ခေါင်းကြီးကောင်လေး၏ ဝမ်လင်းအပေါ် ကြောက်ရွှံ့မှုက ပိုအားကောင်းလာ၏။သူက ပျက်စီးနေသည့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်နှင့် ရင်ဆိုင်ရပါက သူသည် ၎င်းကို လွယ်လင့်တကူ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်မှန်း သိနေ၏။ သူသာ အနည်းငယ် ဂရုမထားမိသည်နှင့် ဒဏ်ရာ ရသွားနိုင်ပေသည်။
အမှန်တော့ လျိုချင်းယွမ်က သူ့ကိုယ်သူ ဖောက်ခွဲရန် ရွေးချယ်လိုက်သည့်အခါ၌ ခေါင်းကြီးကောင်လေး၏ဦးရေပြားသည် ကျိန်းစပ်နေလေပြီ။ သို့သော် ဝမ်လင်းက တည်ငြိမ်စွာ ရှိနေခြင်းသည် သူ့အား ပို၍ပင် တုန်လှုပ်စေပြန်သည်။ ဝမ်လင်း၏ လုပ်ဆောင်မှုများသည် စည်းချက်ညီ အလိုက်သင့်ဖြစ်ကာ သူသည် မူလစိတ်ဝိညာဉ်တစ်ခုကို ယူဆောင်သွားနိုင်ခဲ့သည် မဟုတ်လား။
ထိုအရာများအားလုံးသည် ခေါင်းကြီးကောင်လေးကို တုန်လှုပ်သွားစေ၏။သူက သည်အခိုက်၌ ဝမ်လင်းကို အမှန်ပင် လေးစားမိလေပြီ။
“ဒီလူ့ထံမှ အစေခံအဖြစ် ထမ်းဆောင်တာ ငါ့အဆင့်အတန်းကို သေးသိမ်ရာတော့ မဖြစ်စေဘူးပဲ…” ခေါင်းကြီးကောင်လေးသည် အသက်ဝဝရှိုက်သွင်းမိလေ၏။
သူ့ရှေ့ရှိ ကောင်းကင်ထက်၌ လှိုင်းတွန့်များ ပေါ်လာ၏။ ဝမ်လင်းသည် ထွက်ပေါ်လာသည်။ ဝမ်လင်းသည် စကားတစ်ခွန်းမှ မဆိုဘဲ မြေပြင်ထက်သို့ ငုံ့ကြည့်ကာ ပြောသည်။ “လိုင်ဂျီ…ထွက်လာခဲ့ချေ…”
မြေကြီးထုသည် တုန်ခါကာ လိုင်ဂျီ၏ ဧရာမခန္ဓာကိုယ်ကြီးသည် လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ သည်အခိုက်၌ သူက အနည်းငယ် အားနည်းနေစမြဲပင်။ သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ရှိနေ၏။
သူက စောနက တိုက်ပွဲကို စောင့်ကြည့်နေရာ ဝမ်လင်း၏ ထူး ဆန်းသောမန္တာန်နှင့် တည်ငြိမ်သောအသွင်ဟန်ပန်တို့ကြောင့် အတော်လေးကို တုန်လှုပ်မိရသည်။သူက ထိုနေရာ ရပ်နေရင်း လေးစားစွာ ဆိုသည်။ “လိုင်ဂျီက သခင့်ကို နှုတ်ဆက်ပါတယ်…”
“အခုကစပြီး မင်းက ငါ့ ကျေးကျွန်ပဲ။ မင်းမှာ ပုန်ကန်လိုတဲ့အတွေးတစ်ခုခု ရှိတာနဲ့ မင်းမူလစိတ်ဝိညာဉ်ဟာ ဖျက်စီးခံရလိမ့်မယ်…” ဝမ်လင်း၏ အကြည့်သည့် လိုင်ဂျီပေါ်သို့ ကျရောက်လာသည့်အခါ သူ့မျက်လုံးထဲသို့ ဓားစွမ်းအင်တန်းနှစ်ခု ထွင်းဖောက်သွားသလား ခံစားလိုက်ရသည်။သူ့စိတ်သည် တုန်ယင်သွားရ၏။လိုင်ဂျီသည် ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။
ဝမ်လင်းသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ပုလင်းတစ်ပုလင်း ထွက်ပေါ်လာသည်။ သူက ၎င်းကို လိုင်ဂျိထံသို့ ပစ်ပေးကာ ပြောလိုက်၏။ “မင်းရဲ့ နှလုံးသွေး အချို့အဝက်ကို ဒီပုလင်းထဲ ဖြည့်လိုက်ပါ…”
ထိုသို့ပြောလိုက်ပြီးသည့်နောက် ဝမ်လင်းသည် ရှေ့သို့ ဆက်လျှောက်သွားသည်။
ထာရှန်နှင့်ခေါင်းကြီးကောင်လေးသည် သူ့နောက်ကနေ လိုက်ပါလာ၏။ လိုင်ဂျိသည် ပုလင်းငယ်ကို ကိုင်ကာ သက်ပြင်းချမိ၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှာ ချက်ခြင်း ကျုံလာသည်။ သူသည် ပေထောင်ချီ၍ မြင့်မားသော အရပ်ရှိရာကနေ ပေသုံးဆယ်လောက်ထိ ကျုံ့သွားသည်။သည့်နောက် သူသည် ဝမ်လင်းနောက်သို့ လိုက်ပါလာတော့၏။
တစ်ချိန်တည်းမှာ သူ့နှလုံးသားသည် နာကျင်နေ၏။ သူက သူ့ညာလက်ဖြင့် သူ့နှလုံးကို ညွှန်ထားရသည် မဟုတ်လား။ သူ့နှလုံးသားမှ သွေးများ ပျံဝဲထွက်လာရင်း ထိုပုလင်းငယ်ထဲသို့ ဖြည့်ဆည်းပေးနေလေ၏။
ဝမ်လင်းသည် သည်ဘီလူးနတ်ဆိုးကလန်၏ဘိုးဘေးကို ကယ်တင်ပေးရခြင်းမှာ သူ့သွေးထဲရှိ ရှေးဟောင်းနတ်ဘုရားအော်ရာကြောင့်ပင်။ မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်ရှိလာစဉ်အတွင်း ဝမ်လင်း၏ ကျင့်ကြံမှုသည် မြင့်မားလာခဲ့သော်လည်း သူအာရုံခံမိသည့် အန္တရာယ်အငွေ့အသက်မှာလည်း ပိုလို့ တိုးလာခဲ့ပေ၏။
သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သူ့မန္တာန်များကို မွန်းမံရန် လိုအပ်၏။ ပထမဆုံးအနေဖြင့် သူ့ရှေးဟောင်းနတ်ဘုရားမန္တာန်များပင်။ သည်သွေးနှင့်ဆိုပါက ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားမန္တာန်များထဲမှ တချို့ကို အသုံးပြုလာနိုင်မည် ဖြစ်၏။
သူ့မူလခန္ဓာကိုယ်ဖြင့်ဆိုလျှင်လည်း ၎င်းမန္တာန်များကို အသုံးပြုနိုင်ပေလိမ့်မည်။
သည်အခိုက်အတန့်၌ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်ခြမ်း တနေရာ၌ မီးတောက်ပင်လယ်တစ်ခု ရှိလေ၏။ ထိုမီးတောက်ပင်လယ်ထဲ၌ လုံးဝနီရဲနေသည့် ဂြိုဟ်တစ်လုံး ရှိသည်။ ၎င်းဂြိုဟ်က မီးတောက်များနှင့် ဖုံးလွှမ်းနေသည်။
ထိုဂြိုဟ်၏ အမည်မှာ တော်ဝင်ဟင်္သာငှက်ဂြိုဟ် ဖြစ်၏။
၎င်းအနီးအနားတွင် ပြန့်ကျဲနေသော ကြယ်တစ်ခု၏ အကြွင်းအကျန်များသာ ရှိနေသည်။
အကွာအဝေးတစ်ခုရှိ ကြယ်များကြားကနေ အနီရောင်အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာသည်။ထိုအလင်းတန်းက မီးငှက်ကို စီးနင်းလာသည့် လူငယ်တစ်ယောက်ပင်။သူက မီးတောက်ပင်လယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ထိုဂြိုဟ်ပေါ်၌ မိုးထိမြင့်မားသော ဟင်္သာငှက်ရုပ်တုကြီး တစ်ခု ရှိနေသည်။ထိုရုပ်တုထံမှ အဆုံးမဲ့အပူဓာတ်တို့ကို ထုတ်လွှတ်နေကာ ယင်းရုပ်တု ထိပ်ဖျား၌ အကြီးအကဲသုံးယောက် ထိုင်နေကြသည်။
သည်အခိုက်၌ လူငယ်၏ ပုံရိပ်သည် ရုပ်တုထံမှ အပူဓာတ်ကို မခံနိုင်သည့်အလား အကွာအဝေးထောင်ချီ၌ ပေါ်လာ၏။ သူ ပေါ်လာသည်နှင့် ချွေးများ ရွှဲရွှဲစိုနေသည်။
“တင်ပြအပ်ပါတယ်။ အလုံးစုံကောင်းကင်စစ်တပ်က အနောက်ပိုင်းနယ်မြေရဲ့ (၆၀) ရာခိုင်နှုန်းကို သိမ်းပိုက်ပြီးပါပြီ။ မတူညီတဲ့ နေရာကနေ လာတဲ့ မတူညီတဲ့ အဖွဲ့ပေါင်း (၁၁)ဖွဲ့ရှိပါတယ်။ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့ ကောင်းကင်ဘုံသားအဖြစ် အပ်နှင်းခြင်းခံရတဲ့ (၁၀၈)ယောက်နီးပါးလောက် စွမ်းရည် ရှိကြပါတယ်။ဦးဆောင်သူကတော့ ဒုမိုးကြိုးခန်းမသခင် ရှုထင်ပါ…”
“ရှုမူရဲ့ အရိပ်အယောင်ကရော…” အခိုက်အတန့် တိတ်ဆိတ်သွားပြီးနောက် ဟင်္သာငှက်အထက်ရှိ အဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်သည် စကားပြောလာ၏။ သူ့အသံက တိုးညင်းသော်လည်း ဥပေဒေသိုပါ ပြောင်းလဲသွားစေသည့်အလား အပူချိန်ကို ရုတ်တရက် တိုးမြင့်လာစေသည်။
လူငယ်သည် နောက်သို့ ပေရာချီ ဆက်၍ ဆုတ်သွားလိုက်မှ သူသည် ထိုအပူဓာတ်ကို တောင့်ခံနိုင်ရုံမျှ ရှိ၏။ သူက ပြောလိုက်သည်။ “အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ရှုမူရဲ့ တည်နေရာကိုတော့ မသိရသေးပါဘူး။ ကျနော်တို့ သူ့ကို ရှာနေတုန်းပါ…”
နောက်ထပ် အဘိုးအိုတစ်ယောက်က ပြုံး၍ ဆိုသည်။ “နှစ်လမပြည့်ခင်လေးမှာ သူတို့က ခြောက်ဆယ်ရာခိုင်နှုန်း သိမ်းပိုက်နိုင်ခဲ့တယ်။အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေက အတော်လေး စည်းကမ်းတင်းကြပ်မှု ရှိတာပဲ…”
နောက်ဆုံးအဘိုးအိုက တည်ငြိမ်စွာ ဆိုသည်။ “ကျင့်ကြံခြင်းမဟာမိတ်အဖွဲအစည်းမက ဘယ်လိုများ လုပ်ဆောင်မလဲ ကြည့်ကြရတာပေါ့။ ဒါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတွေကို လေးနက်တဲ့ သင်ခန်းစာ ပေးနိုင်လိမ့်မယ်။ ကံမကောင်းစွာနဲ့ တော်ဝင်အင်ပါယာက ဒီမှာ ရှိမနေဘူး။ မဟုတ်ရင် ငါ့တော်ဝင်ဟင်္သာငှက်ဂြိုဟ်က အကျိုးအမြတ်အများကြီး ရရှိနိုင်စွမ်း ရှိလိမ့်မယ်…”
***