သည်အခိုက်အတန့်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အလောင်းကောင်ကလန်၏ ဌာနချုပ်သည် တိတ်ဆိတ်နေသည်။ သည်နေရာတစ်ခုလုံးသည် မှုန်မှိုင်းသောအော်ရာနှင့် ခြုံလွှမ်းနေ၏။
ဝမ်လင်းသည် လှိုဏ်ဂူများကို ဖြတ်ကျော်ရင်း ရှေ့တည့်တည့်သို့ လျှောက်လာ၏။ သူက အလွန်တည်ငြိမ်လှကာ အလောင်းကောင်ကလန်၏ အတွင်းနက်ပိုင်းထိ ဆက်လျှောက်နေသည်။
ချိပ်ပိတ်မှုများ အဆုံးသပ်သွားသည့် မျက်နှာပြင်ထက်၌ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ ရှိမနေပေ။ ဝမ်လင်းသည် ထိုနေရာ၌ လှိုဏ်ဂူတစ်ခု ရှိခဲ့ဖူးသည်ကို မှတ်မိ၏။ သူက ထိုလှိုဏ်ဂူထဲ၌ တစ္ဆေလောကပျက်သုဉ်းခြင်း ပညာရပ်ကို ကျင့်ကြံခဲ့ဖူးသည်။
သူက ရပ်တန့်ခြင်း မပြုဘဲ ဂူနံရံရှိရာသို ဆက်လျှောက်သွားသည်။ သူက နီးကပ်လာသည့်အခါ ဂူနံရံပေါ်၌ အက်ကြောင်းများ ပေါ်လာကာ ဂူနံရံသည် ပျက်စီးသွားသည်။ ဝမ်လင်း ဆက်လျှောက်လာလေလေ နံရံသည် ပျက်စီးကာ လျှောက်လမ်းတစ်ခု ပွင့်ဟလာလေ၏။
ကျင့်ကြံသူ တစ်ယောက်ကသာ ထိုထူးဆန်းသောမြင်ကွင်းကို တွေ့မြင်ပါက အကြီးအကျယ် တုန်လှုပ်မိပေမည်။ ယင်ယန်အဆင့်ကျင့်ကြံသူများပင် ထိုသို့ ပြုလုပ်နိုင်သော်လည်း ခက်ခဲလှပေမည် ဖြစ်၏။
ဒုတိယအဆင့်သို့ အမှန်တကယ် ရောက်ရှိိသည့် ကျင့်ကြံသူများ၊ ဥပဒေသ၏ အစွန်းအဖျားကို ထိတွေ့နိုင်သူများသည် ထိုအရာကို လွယ်ကူစွာ ပြုလုပ်နိုင်ပေလိမ့်မည်။
ဝမ်လင်းသည် ဆက်လျှောက်နေရင်း သူ ကျင့်ကြံဖူးသည့် နေရာသို့ ရောက်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်သွားသည်။ သူ့ရှေ့၌ မရေမတွက်နိုင်သော အပေါက်များနှင့် ဂူနံရံတစ်ခု ရှိနော အေးစက်စက်စွမ်းအင်ကို ထုတ်လွှတ်နေ၏။
သူက ရှေ့ဆက်လျှောက်လာနေရင်း ဂူနံရံများသည် ပြိုပျက်၏။ ဝမ်လင်းသည် ရှေ့သို့သာ ဆက်လျှောက်လာရင်း အလောင်းကောင်ကလန်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်လာရန် အချိန်သိပ်မကြာလိုက်ပေ။ ထိုနေရာ၌ မြေအောက်ဂူတစ်ခု ရှိနေပေသည်။
ထိုဂူ၏ အလယ်၌ ပေထောင်ချီရှည်လျားသည့် ခေါင်းတလားတစ်ခု လွင့်မြော နေသည်။
“ငါ့ကို ကယ်ပါ…” ဝမ်လင်း ဝင်လာသည့်အခါ ခပ်ဖျော့ဖျော့အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။
ဝမ်လင်းသည် ဤအသံနှင့် ရင်းနှီးပေ၏။
သို့သော် ထိုအသံ ပေါ်လာသည်ပြီးသည်နှင့် ၎င်းအသံက ရုတ်တရက် ရပ်တန့်သွားသည်။အချိန်အတန်ကြာပြီးမှ အသံတစ်ခု ထွက်ပေါ်လာ၏။သို့သော် သည်တစ်ကြိမ်၌ ၎င်းအသံထဲတွင် တုန်လှုပ်မှု အရိပ်အယောင်တို့ ပါဝင်နေပေသည်။
“မင်း…မင်းက အတိတ်တုန်းက ကျင့်ကြံသူပဲ…” ထိုအသံထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။
ဝမ်လင်းက ခေါင်းတလားကြီးနား တိုးလာရင်း သူ့အသွင်က တည်ငြိမ်လျက်ပင်။ ခေါင်းတလားသည် သာမန်ဟုသာ ထင်ရသော်လည်း ၎င်းအပေါ်၌ မရေမတွက်နိုင်သော အတားအဆီးများစွာ ရှိနေပေသည်။ ထိုအတားအဆီးများထံမှ ပြင်းထန်သောဖိအားတစ်ခုကို ပေးစွမ်းနေသည်။
အတိတ်တုန်းက ဝမ်လင်း၏ကျင့်ကြံမှုဖြင့် ဆိုပါက သူသည် အနားသို့ ကပ်လာသည်နှင့် သူ့စိတ်သည် ဘာကြောင့်မှန်းမသိ တုန်လှုပ်မိ၏။သို့သော် ခုချိန်၌မူ ဝမ်လင်းသည် ထိုခေါင်းတလားပေါ်ရှိ အတားအဆီးများကို ရှင်းရှင်းလင်းလင်း သိမြင်နေပေသည်။
“မဖြစ်နိုင်ဘူး။ မင်းက ဒီလို နှစ်ရာချီအချိန်အတွင်းမှာ ဒီအဆင့်ကျင့်ကြံမှုထိ ဘယ်လိုများ ရောက်သွားခဲ့တာလဲ။ ဒါ…ဒါက…” ထိုဖျော့တော့သောအသံထဲ၌ အဆုံးစွန် တုန်လှုပ်နေမှုတို့ ရှိနေ၏။ ထိုအသံအရ ၎င်းသည် ဝမ်လင်းကို မှတ်မိသည်မှာ သိသာ၏။ထို့အတွက်ကြောင့်လည်း သူက အခုလောက် တုန်လှုပ်မိနေခြင်းပင်။
သူက သူ့ရှေ့ရှိကျင့်ကြံသူသည် သည်နေရာသို့ နှစ်ကြိမ်တိတိ ရောက်လာခဲ့ဖူးသည်ကို မှတ်မိသည်။ ပထမတစ်ကြိမ်၌ သည်ကျင့်ကြံသူ ရောက်လာချိန်၌ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးသည်။သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် သူ့အား မကူညီနိုင်သည့်အတွက် အလေးမထားခဲ့ပေ။
နောက်နှစ်ရာချီ ကြာမြင့်ပြီးသည့်နောက် ထိုကျင့်ကြံသူသည် သည်နေရာသို့ ဒုတိယအကြိမ် ရောက်လာခဲ့ပြန်သည်။ သည်တစ်ကြိမ်၌ ထိုကျင့်ကြံသူလေးသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ပင် ရောက်ခါနီးနေပေပြီ။ထိုတစ်ကြိမ်က ထိုကျင့်ကြံသူသည် သူ့သွေးကို ယူဆောင်သွားခဲ့ကာ သူ့အကူအညီတောင်းသံကို လုံးဝ လစ်လျူရှုထားခဲ့ဖူးသည်။ သူက ထိုကျင့်ကြံသူလေး(ဝမ်လင်း)ကို ကတိများပေး၍ သူ့သစ္စာခံ ဖြစ်လာရန်ပင် လှည့်စားဖို့ ကြိုးစားခဲ့သေးသည်။သို့သော် သူက မလွတ်မြောက်နိုင်ခဲ့ဘဲ ထိုကျင့်ကြံသူလေးက သတိကြီးလွန်းခဲ့သည်။
သူက ထိုကိစ္စနှင့် ပတ်သတ်၍ အမြဲ ဒေါသထွက်ခဲ့ရသည်။သို့သော် သူတွင့် ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် ခုချိန်၌ ထိုကျင့်ကြံသူသည် တတိယအကြိမ် သည်နေရာသို့ ရောက်ရှိလာချိန်၌ သူသည် တုန်လှုပ်မိရလေပြီ။
သူက အတိတ်က ကျင့်ကြံသူလေး၏ ယခုကျင့်ကြံမှုအဆင့်ကို မြင်တွေ့နိုင်စွမ်း မရှိတော့ပေ။
သူတင်မဟုတ် သူ့နောက်က လိုက်ပါလာသည့် သူ့အစေခံ နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကိုပါ ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်ရ၏။ သူက သူတို့သုံးယောက်ထံမှ ကြောက်မက်ဖွယ်အော်ရာကိုသာ ခံစားမိနေသည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။ သူက ခေါင်းတလားကို သေချာကြည့်၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ခေါင်းတလားထံသို့ ညွှန်သည်။ သူ့လက်ချောင်းညွှန်ချက် ခေါင်းတလား ပေါ်သို့ ကျရောက်သွားသည့်အခါ သည်ဂူထဲ၌ ကျယ်လောင်သောမြည်ဟိန်းသံ ပဲ့တင်ထပ်သွားပြီး အက်ကြောင်းများသည် ပျံ့နှံ့ကုန်သည်။ထိုအက်ကြောင်းများသည် ခေါင်းတလား တစ်ခုလုံးကိုပင် ဖုံးအုပ်လုနီးနီး ဖြစ်သွားသည်။
ထိုအဖြစ်က ခေါင်းတလားထဲရှိ ချုပ်နှောင်ခြင်း ခံထားရသော ဘီလူးနတ်ဆိုးကလန်၏ဘိုးဘေးကို အင်မတန် ကြောက်လန့်သွားစေသည်။
ဝမ်လင်း လက်မြှောက်ကာ ညွှန်လိုက်သည်နှင့် ခေါင်းတလားသည် ချက်ခြင်း ပျက်စီးကာ အရပ်မျက်နှာအနှံ့သို့ ပျံ့ကျဲသွားသည်။ အဖြူရောင်အခိုးငွေ့မြောက်များစွာ ထွက်ပေါ်လာပြီး သည်ဧရိယာထဲ၌ ပြည့်နှက်သွားသည်။
အဖြူရောင်အခိုးငွေ့ထဲ၌ အဝတ်ဗလာနှင့်လူကြီးတစ်ယောက်သည် လေထဲ၌ လွင့်မြောနေ၏။ သူ့အသားအရေမှာ ဖြူဖပ်ဖြူရော ဖြစ်နေသည်။ သူ့အသားအရေတစ်ခုလုံးကလည်း လုံးဝ ချောမွတ်နေ၏။
ထိုအဝတ်ဗလာမဲ့ ခန္ဓာကိုယ်ကြီးကို ခရမ်းရောင်အပင်တစ်ခုသည် ခြုံလွှမ်းထားသည်။၎င်းအပင်က ရှေ့လျားနေရင်း ဧရာမခန္ဓာကိုယ်ကြီးအား ကျုံ့နေစေသည်။ သို့သော် ၎င်းခန္ဓာကိုယ်သည် မြန်ဆန်စွာပင် ပုံမှန်အရွယ်အစားတိုင်း ပြန်ဖြစ်သွားပြန်၏။ထို ကျုံ့လိုက်၊ပုံမှန်အတိုင်း ပြန်ဖြစ်လိုက်တို့သည် စက်ဝန်းတစ်ခုလို သံသရာလည်နေရင်း အေးစက်စက် အဖြူရောင်အခိုးငွေ့များသည် ထိုခရမ်းရောင်အပင်ကနေ ထုတ်လွှတ်နေ၏။
ထိုလူ့ဘီလူးကြီး၏ မျက်ခုံးနှစ်ခုကြားတွင် ခပ်ဖျော့ဖျော့ ရံဖန်ရံခါ လင်းလက်သွားသည့် ပုဆိန် အမှတ်အသားတစ်ခု ရှိနေ၏။
“ငါ့ကို ကယ်ပေးပါ…စီ…စီနီယာ..ငါ့ကို ကယ်ပါ…။ ငါ လိုင်ဂျိက စီနီယာရဲ့ သစ္စာခံတစ်ယောက် ဖြစ်ဖို့ ဆန္ဒ ရှိပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါ…စီနီယာ…”
ထိုလူ့ဘီလူးကြီး၏ နတ်ဘုရားအာရုံသည် အားနည်းနေ၏။ သို့သည် သည်တစ်ကြိမ်၌ သူ့စကားလုံးများထဲတွင် လှည့်ဖျားမှု တစ်ခုမှ မပါဝင်ခဲ့ပေ။သူက အသနားခံ အကူအညီတောင်းခံနေခြင်းသာ ဖြစ်တော့၏။
ဝမ်လင်းသည် လိုင်ဂျိကို ခြုံလွှမ်းထားသည့် ခရမ်းရောင်အပင်ကို ကြည့်သည်။ သူက ထိုအပြင်သည် လိုင်ဂျိ၏ ခန္ဓာကိုယ်ထဲရှိ ရင်းမြစ်ကို ထုတ်ယူထားခြင်း ဖြစ်ကြောင်း သိပေ၏။နှစ်ရာပေါင်းများစွာ ကြာပြီးသည့်နောက် လိုင်ဂျီ၏အသက်ဓာတ်အား အကုန်လုံး စုပ်ယူခံရပြီးပါက သူသည် အလောင်းကောင်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဝမ်လင်းသည် တည်ငြိမ်စွာ မေးလိုက်၏။ “မင်းတို့ ဘီလူးနတ်ဆိုးကလန်ဝင် ဘယ်လောက်များများ အလောင်းကောင်ကလန်ရဲ့ ဖမ်းစီးခြင်းကို ခံရသလဲ…”
“စီနီယာ…ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာဆိုရင်တော့ ငါ တစ်ယောက်တည်းပါ။ ဒါပေမဲ့လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာ ဆိုရင်တော့ ငါ သိသလောက် အလောင်းကောင်ကလန်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဘီလူးနတ်ဆိုးကလန်ဝင်တွေ အတော်များများ ရှိပါတယ်။အလောင်းကောင်ကလန်က ငါတို့ ဘီလူးနတ်ဆိုးကလန်ဝင်တွေရဲ့ ခန္ဓာကိုယ်ကို မျက်စိကျကြတယ်။ဒါပေမဲ့လည်း သူတို့က ငါတို့ရဲ့ ခန္ဓာကိုယ်ကို သာမန်အတိုင်း ပိုင်စီးချင်ရင် ငါတို့ရဲ့ သီးသန့်စွမ်းအားကို ဆုံးရှုံးသွားစေလိမ့်မယ်။သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ သီးသန့်စွမ်းအားနဲ့အတူ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြတာ ဖြစ်တယ်…”
“ငါ့ခန္ဓာကိုယ်မှာ ရှိတဲ့ ခရမ်းရောင်သွေးကြောဟာ ငါ့အသက်ဓာတ်အားကို ထုတ်ယူဖို့ အလောင်းကောင်ကလန်က အသုံးပြုထားတဲ့ ထူးဆန်းတဲ့အပင်သာ ဖြစ်တယ်။ ဒီနည်းလမ်းက ငါ့သီးသန့်စွမ်းအားအပေါ်မှာတော့ သက်ရောက်မှု မရှိဘူး။ ငါ့အသက်ဓာတ် ကုန်ဆုံးသွားတာနဲ့ သူတို့က ငါ့ခန္ဓာကိုယ်ကို ဘာပြဿနာမှ မရှိဘဲ ပိုင်ဆိုင်နိုင်လိမ့်မယ်…”
ဝမ်လင်းသည် အခုလက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်နေခြင်းမရှိပါက လိုင်ဂျိသည် အခုလိုအများကြီး ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းလောက၌ ခွန်အားသည်သာ အရာရာ ဖြစ်လေ၏။
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လိုင်ဂျီကို ကြည့်နေသည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ လိုင်ဂျီ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ လိုင်ဂျီခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်သွေးကြောသည်လည်း စတင် ရွေ့လျားလို့လာသည်။
ချက်ခြင်းလိုလိုပင် ခရမ်းရောင်အပင်သွေးကြော၏ အမြစ်များသည် တစ်ခုပြီးတစ်ခု နှုတ်ယူခြင်းခံရကာ မြန်ဆန်စွာ ကျုံ့လာတော့သည်။ ပြင်းထန်သောဖိအားတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။ ဝမ်လင်းသည် ထိုခရမ်းရောင်သွေးကြောကို ကြည့်ကာ မျက်မှောင်ကြုတ်မိလာ၏။
ထိုသွေးကြောများ ကျုံ့နေရင်း ၎င်းတို့က စူးရှရှမည်သံကို ထုတ်လွှတ်လာ၏။ အမြစ်များ ရုတ်သိမ်းသွားခြင်းနှင့်အတူ ပေရာချီမြင့်သည့် အပင်တစ်ပင်သည် လေထဲ၌ ပေါ်လာတော့သည်။
ထိုအပင်၏ ထိပ်ဖျား၌ ပန်းပွင့်တစ်ပွင့် ရှိ၏။ထိုပန်းပွင်သည် ပွင်ဟလာနေရင်း စူးရှရှအသံတို့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေချေသည်။ ခရမ်းရောင်သွေးကြောများသည် အပင်လက်တံများနှင့် ဆင်တူ၏။ ၎င်းတို့ထဲမှ အစိတ်အပိုင်းအချို့သည် လိုင်ဂျီနှင့် ချိတ်ဆက်နေသည်။အခြားသွေးကြောများတွင်လည်း ပန်းပွင့်များ ရှိနေ၏။ ထိုပန်းပွင့်များ ပွင့်ဟလာသည့်အခါ ၎င်းတို့ထံမှ ခပ်ရှရှအသံ ထွက်ပေါ်လာကြပြန်၏။
ထိုစူးရှရှအသံသည် မုန်တိုင်းတစ်ခုအသွင်ပြောင်း၍ ဝမ်လင်းရှိရာသို့ တိုးဝင်လာ၏။ဝမ်လင်း၏မျက်လုံးသည် အေးစက်သွားသည်။ထိုအရာမှာ သည်အပင်ထဲရှိ နတ်ဘုရားအာရုံပင်။၎င်းအပင်က ရိုးရှင်းလှခြင်း မရှိပါ။
“စီနီယာ…အလောင်းကောင်ကလန်ရဲ့ ဒုခန်းမသခင်ရဲ့ နတ်ဘုရာအာရုံက ဒီအပင်ထဲမှ ရှိပါတယ်။ငါ့ခန္ဓာကိုယ်က ဒီလူ့အတွက် ပြင်ဆင်ထားခြင်း ခံရတာ ဖြစ်တယ်။ စီနီယာသာ ရောက်မလာရင် နောက်ထပ်နှစ်ရာချီ ကုန်လွန်ပြီးတာနဲ့ ငါ့အသက်ဓာတ်အားလုံး ပျောက်ကွယ်သွားမှာ စိုးရိမ်ကြောက်လန့်မိတယ်။ အဲ့အချိန်ကျရင် သူက ငါ့ခန္ဓာကိုယ်ကို ဘာအတားအဆီးမှ မရှိဘဲ သိမ်းပိုက်သွားနိုင်ပြီ…”
လိုင်ဂျီ၏ နတ်ဘုရားအာရုံသည် အားနည်းသထက် အားနည်းလာ၏။သူက စကားပြောနိုင်ရန်ပင် မနည်းကြိုးစားနေရသည့်ပုံပင်။
ထိုစကားကို ကြားလိုက်ပြီးသည့်နောက် သူ့စိတ်ထဲ၌ တစ်ခုခုကို နားလည်သွားတော့သည်။
“အလောင်းကောင်ကလန်ရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်ကို အပိုင်စီးဖို့ပေါ့။ ဒီကမ္ဘာမှာ အကောင်းဆုံးခန္ဓာကိုယ်ဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ပဲ။ ဒါပေမဲ့ ခုချိန်မှာ ရှေးဟောင်းနတ်ဘုရားဟာ အနည်းအကျဉ်းလောက်သာ ကျန်ရှိနိုင်တော့တယ်။ဒါ့ကြောင့် အလောင်းကောင်ကလန်က သူတို့ရဲ့ ပစ်မှတ်ကို ဘီလူးနတ်ဆိုးကလန် ရှိ မျက်စိကျလာတာပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ မန္တာန်တွေနဲ့ ဒီလိုခန္ဓာကိုယ်မျိုးကို ပေါင်းစပ်နိုင်ရင် အဲ့လူကိုက သာမန်ကျင့်ကြံသူတစ်ယောက်ဟာ ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။အလောင်းကောင်ကလန်ရဲ့ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း ကျင့်ကြံသူတစ်ယောက်ဟာ ဘီလူးနတ်ဆိုးကလန်ဝင်ရဲ့ ခန္ဓာကိုယ်ကိုသာ ပေါင်းစပ်နိုင်ရင် ငါတောင် ငါ့မူလခန္ဓာကိုယ်နဲ့သာ မပေါင်းစပ်ထားခဲ့ဘူးဆိုရင် ဒီလိုလူနဲ့ တိုက်ခိုက်ဖို့ နိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး…”
ဝမ်လင်း၏အသွင်သည် သုန်မှုန်လာ၏။ အလောင်းကောင်ကလန်သည် လျှို့ဝှက်ချက် များလွန်းလှပေသည်။ဘီလူးနတ်ဆိုးကလန်ဝင်၏ ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်ခြင်းသည် အလောင်းကောင်ကလန်၌ မည်မျှ အရေးပါသည်ကို ဝမ်လင်းပင် မသိပေ။
သည်နေ့ကိစ္စကြောင့် ဝမ်လင်းသည် အလောင်းကောင်ကလန်ရှိ ဆန်းကြယ်သော ကိစ္စရပ်အချို့ကို သိမြင်လာခဲ့တော့သည်။ အလုံးစုံကောင်းကင်စစ်တပ် ချဉ်းကပ်လာသည်နှင့် ဝမ်လင်းသည် အနှီအလောင်းကောင်ကလန်၏ လျှို့ဝှက်ချက်များသည်လည်း ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်နေမိသည်။
မကောင်းဆိုးဝါးဆန်သော ထိုအပင်ထံမှ စူးရှရှအသံကို ထုတ်လွှတ်နေရင်း ၎င်း၏ သွေးကြောများသည် ဝမ်လင်းရှိရာသို့ အရူးအမူး တိုးဝင်လာတော့သည်။ ဝမ်လင်းသည် ပြုံး၍ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်၏။ ၎င်းက ချက်ခြင်းပင် ကြီးမားလာရင်း ရွှေရောင်စာလုံးထောင်ချီ ပျံသန်းထွက်လာကာ အပင်ရှိရာသို့ ပျံဝဲသွားတော့သည်။
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ကျယ်လောင်စောမည်ဟီးမှုကို ဖန်တီးကာ အပင်ရှိရာသို့ ထိုးကျလာ၏။
ဝမ်လင်းက မိုးကြိုးစိတ်ဆန္ဒတို့ ပါဝင်နေသည့် သူ့ညာလက်ကို ပင့်မြှောက်၏။ မိုးကြိုးသည် လေဟာနယ်ထဲကတစ်ဆင့် ချက်ခြင်း ပေါ်ထွက်လာကာ ဝမ်လင်း၏ညာလက်ပေါ်တွင် စုဝေးသည်။ မိုးကြိုးများကို သူ့ကိုယ်ပိုင်လို ထိန်းချုပ်ရင်း ဝမ်လင်း၏ ညာလက်ထဲ၌ ခရမ်းရောင်မိုးကြိုးလုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
သူက ၎င်းမိုးကြိုးလုံးကို ရှေ့သို့ တွန်းပို့၏။ မိုးကြိုးလုံးသည် ချက်ခြင်းပင် အပင်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။
သည်အခိုက်အတန့်၌ မရေမတွက်နိုင်သော ရွှေရောင်စာလုံးများသည် ထိုအပင်ကြီးကို ခြုံလွှမ်းကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ကျရောက်ထိမှန်လာတော့၏။ ကျယ်လောင်သောတုန်ဟီးမှုနှင့်အတူ လှိုဏ်ဂူသည် တုန်ခါကုန်၏။ လှိုဏ်ဂူနံရံထက်၌ အက်ကြောင်းများစွာ ပေါ်လာကာ ဖုန်မှုန့်များ ကျဆင်းသည်။
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ကျရောက်လာသည်အခိုက်၌ မိုးကြိုးလုံးသည်လည်း ရောက်ရှိလာခဲ့လေပြီ။ထိုအခါ အပင်ထံမှ ဒေါသတကြီးအော်သံများ ပေါက်ကွဲထွက်လာသည်။
အပင်သည် များစွာ ပျက်စီးသွားသည်။မိုးကြိုးသည် အပင်တစ်လျှောက် ရွှေ့လျားနေ၏။လိုင်ဂျိသည် အပင်၏ ပစ်လွှတ်ခြင်းကို ခံရကာ လှိုဏ်ဂူကြမ်းပြင်ထက်သို့ ပစ်ကျသည်။
“ငါ အိပ်စက်နေတာကို ဘယ်သူ နိုးထ စေတာလဲ။ ဒီ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်…”
သုန်မှုန်နေသောအသံတစ်ခုသည် အပင်ထံကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့၏။
***