အခန်း (၅၄) သရေဆိုရင်တောင် ငါရှုံးတယ် မှတ်လိုက်
ကျောက်ယွမ်က လူအုပ် ရှေ့သို့ ထွက်လာသည်ကို ရန်ကျောက်ကဲ ကြည့်နေသည်။ ထို့နောက် ကျောက်ဟိုကို ကြည့်ကာ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ငါသာ ဒီနေ့ ဒီမှာ မရှိရင် ကျောက်ယွမ်ကော ကျောက်ရှန်းကော မျက်နှာ ဖြတ်ရိုက်ခံရမယ့် ကြမ္မာပါနေတာပဲ”
“ပထမဆုံး ညာဘက်ကို ရိုက်လောက်တယ်၊ ပြီးတော့ ဘယ်ဘက်”
“အဲ့လိုနဲ့ ထူးဆန်းတဲ့ အကြောင်းတရားတွေကြောင့် သူတို့နှစ်ယောက်စလုံးက တဖြည်းဖြည်းနဲ့ ကျောက်ဟို နင်းတက်ဖို့ ခြေနင်းတုံးတွေ ဖြစ်သွားမှာမလား”
ရန်ကျောက်ကဲ၏နှုတ်ခမ်းထောင့်မှ ကွေးညွှတ်သွားသည်။ “ဆေးဝါးဖော်စပ်တဲ့ပညာဆိုတာ ပါရမီလည်းလိုသလို အတွေ့အကြုံလည်း လိုတယ်၊ ငါ့အနေနဲ့ လူတစ်ယောက်ကို ချက်ချင်း တိုးတက်အောင် ကူညီဖို့ မဖြစ်နိုင်ဘူး”
“ငါကိုယ်တိုင် ဝင်ပြိုင်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်၊ ဒီကျောက်ဟိုကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ ကြိုတင်မပြင်ဆင်ထားတဲ့အရာပဲ”
“ငါသာ ပြိုင်ရင် နောက်ဆုံးမှာ ဘယ်သူပဲ အနိုင်ရရ ကျောက်ဟိုက နာမည်ကြီးလာမှာပဲ”
“အဲ့တာနဲ့ပဲ ငါက ဒီကိစ္စကို လက်ရှောင်နေတော့မယ်လို့ ထင်လား”
ရန်ကျောက်ကဲ၏လမ်းညွှန်မှုအောက်တွင် ကျောက်ယွမ်က သူ့မီးပြင်းဖိုကို မထုတ်ယူသလို ကျောက်ဟို၏မီးပြင်းဖိုရှိရာသို့လည်း မသွားပေ။ ထိုအစား သူသည် ဝမ်အဘိုးအိုဆီသို့ သွားသည်။
“အဘိုးဝမ်၊ မင်းသားဆယ့်ခြောက်ရဲ့ ဒဏ်ရာကျက်ဆေးလုံးလေး ပေးလို့ရမလား”
ဝမ်အဘိုးအို စိတ်မကြည်မလင်ဖြစ်သွားပြီး အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ “ပထမမင်းသားက ဒီလူအိုကြီးကို မယုံဘူးလား၊ ဒီလူအိုကြီးက ဘက်လိုက်ပြီး မင်းသားဆယ့်ခြောက်ကို ကူညီမယ်လို့ ထင်နေတာလား”
ကျောက်ယွမ်က အနည်းငယ် ပြုံး၍ ခေါင်းခါလိုက်သည်။ “အဲ့လို မဟုတ်ပါဘူး၊ နားလည်မှု မလွဲပါနဲ့ အဘိုးဝမ်၊ ကျွန်တော်က မင်းသားဆယ့်ခြောက်ဖော်စပ်တဲ့ ဆေးလုံးကို ကြည့်ချင်လို့ပါ”
ဝမ်အဘိုးအိုက ကျောက်ရှီလီနှင့် ရန်ကျောက်ကဲတို့အား ကြည့်လိုက်ပြီး ဒဏ်ရာကျက်ဆေးလုံးကို ကျောက်ယွမ်လက်ထဲ ထည့်ပေးလိုက်သည်။
သူ သက်ပြင်းချလိုက်သည်။ “ဆေးဖော်စပ်တာ ခဏလေးပဲ ကြာပေမယ့် ဆေးစွမ်းက ပြောစရာမလိုဘူး၊ သူ့ဆေးမီးပြင်းဖိုအတွင်းပိုင်းရဲ့အောက်ခြေကို ကြည့်ရင်လည်း ဆေးအကြွင်းအကျန်တွေ ရှိမနေဘူး၊ ဆေးအမယ်တွေကို လုံးဝ ကွက်တိ အသုံးပြုသွားတယ်၊ ဘာအလေအလွင့်မှ မရှိဘူး”
ထိုစကားကို ကြားသော် လူတိုင်း၏ စိတ်များ လေးလံသွားသည်။
ကျောက်ဟိုသည် အကဲဖြတ်သည့် ရှု့ထောင့်သုံးခုစလုံးအရ ပြီးပြည့်စုံစွာ စွမ်းဆောင်နိုင်ခဲ့သည်။ ကျောက်ယွမ်က ကံစွပ်ကံကောင်းဖြင့် သူမတူသော စွမ်းရည်ကို ပြသနိုင်လျှင်တောင်မှ အလွန်ဆုံး သရေလောက်သာ ဖြစ်နိုင်သည်။ ကျောက်ဟို၏ဆေးလုံးထက် ပိုမိုထိရောက်သော ဒဏ်ရာကျက်ဆေးလုံးကို ဖော်စပ်ရန် မဖြစ်နိုင်ချေ။
သို့သော် ကျောက်ယွမ်၏အမူအရာ မပြောင်းလဲပေ။ သူ့လက်ထဲမှ ဆေးလုံးကို ဂရုတစိုက် အကဲဖြတ်နေသည်။
ထို့နောက် သူသည် ကျောက်ဟိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ညီတော်ဆယ့်ခြောက်ရဲ့ ဆေးဝါးဖော်စပ်တဲ့ စွမ်းရည်ကတော့ တကယ်ကို အကောင်းဆုံးပါပဲ”
ကျောက်ဟိုက ခပ်တည်တည် ပြောလိုက်သည်။ “ပထမအကိုတော် ဘာများ ပြောချင်တာလဲ”
ကျောက်ယွမ်က ခပ်မှန်မှန် ပြောလိုက်သည်။ “ညီတော်ဆယ့်ခြောက်ရဲ့ ဆေးဝါးပညာမှာ ကျွမ်းကျင်မှုက တကယ်ကို လက်ဖျားခါလောက်ပါတယ်၊ မီးပြင်းဖိုကထွက်လာတဲ့ မီးခိုးတောင် လေထဲမှာ ပုံရိပ်ပေါ်တယ်၊ ဒီအကိုတော်က လေးစားမိပါတယ်”
“ဒါပေမယ့် ဆေးဝါးတာအိုဆိုတာ ကျယ်ပြန့်နက်နဲတယ်၊ ဆေးဝါးဖော်စပ်တဲ့ နည်းစနစ်တွေဆိုတာလည်း အဆုံးအစမဲ့တဲ့ ပင်လယ်ထဲက ရေတွေလို များပြားတယ်….”
ကျောက်ဟိုက သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ဆေးဖော်တဲ့နည်းစနစ်တွေ မရေမတွက်နိုင်အောင် ရှိတယ် ဆိုတာ အမှန်ပဲ၊ ဒါပေမယ့် မင်း လုပ်နိုင်တာကို ငါလုပ်နိုင်တယ်၊ ငါလုပ်နိုင်တာကိုတော့ မင်းလိုက်မလုပ်နိုင်ဘူး”
“အရေးမပါတာတွေ ပြောမနေနဲ့၊ လိုရင်းကို ပြောကွာ”
သူပြောနေသော စကားကို ကျောက်ဟိုက ဖြတ်ပြောသော်လည်း ကျောက်ယွမ်မှာ စိတ်မဆိုးဘဲ အသံခပ်အေးအေးဖြင့် တဖြေးဖြေး ပြောလိုက်သည်။ “ကောင်းပြီ၊ ဒီလိုဆိုမှတော့ ဒီအကိုတော်ရဲ့ မဖြစ်စလောက်စွမ်းရည်လေးကို ပြရတာပေါ့”
“မမျှော်လင့်ဘဲ ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ ဆေးဝါးနည်းစနစ် သေးသေးလေးတစ်ခုကို ကျွန်တော် သင်ကြားခွင့်ရခဲ့တယ်၊ ဒီနေ့ ကျွန်တော်က အဲ့နည်းစနစ်လေးကို စမ်းကြည့်ချင်ပါတယ်”
“ညီတော်ဆယ့်ခြောက်အနေနဲ့ ဒီအကိုတော်ထက် သာလွန်တယ်ဆိုတာ မင်းကိုယ်မင်း တသီးတခြား သက်သေပြစရာမလိုပါဘူး၊ ဒီအကိုတော် လုပ်သလို လုပ်နိုင်ရင် ဒီအကို ခေါင်းငုံ့ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါမယ်”
“ညီတော်ဆယ့်ခြောက်ရော ဘယ်လိုထင်လဲ”
သူ့စကားကိုကြားလျှင် ကျောက်ဟိုသည် အရင်ဆုံး ကျောက်ယွမ်ကို ကြည့်သည်။ ထို့နောက် လှောင်ပြောင်သရော်နေသောမျက်လုံးများဖြင့် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။
“ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ နည်းစနစ်တဲ့လား၊ ဟားဟား… ဒီလူအိုကြီးရဲ့ ဘဝသက်တမ်းတစ်ဝက်လောက်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခွင်မှာရှိတဲ့ မဟာကပ်ဘေးမတိုင်ခင်က ဆေးဝါးနည်းစနစ်တွေ စုဆောင်းလာတာ”
“ထိပ်သီးနယ်မြေအနည်းငယ်ရဲ့ သီးသန့် ဆေးဖော်စပ်နည်းတွေက လွဲရင် ဆေးဝါးပညာနဲ့ သက်ဆိုင်တာ မှန်သမျှ ဒီကောင်းကင်အောက်မှာ ဒီလူအိုကြီး မသိတာ မရှိဘူးကွ”
“မင်းတို့ ဝါဒတောင်မှာလည်း ထူးခြားတဲ့ နည်းစနစ်လေးတွေ ရှိပေမယ့် ကျောက်ယွမ်လို အခြေခံလောက်နဲ့ နားလည်နိုင်လောက်တဲ့ အရာမျိုးမဟုတ်ဘူး”
“မမျှော်လင့်ဘဲ ဒါမှမဟုတ် ကံကောင်းပြီး ရတဲ့ အဆင့်မြင့်နည်းစနစ်တွေတဲ့လား၊ ဟီးဟီး အဲ့တာတွေအကုန်လုံးက ဒီလူအိုကြီး အတိတ်ဘဝတုန်းက ကစားရတာ ပျင်းလာလို့ လွှင့်ပစ်လိုက်တဲ့ အရာတွေပဲ”
ကျောက်ဟိုက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။ “သရေဆိုရင်တောင် ငါရှုံးတယ် သဘောထားလိုက်”
ကျောက်ယွမ်က အနည်းငယ် ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ရွှေအပ်တစ်ချောင်းကို ထုတ်ကာ ဒဏ်ရာကျက်ဆေးလုံးထဲသို့ ထိုးစိုက်လိုက်သည်။
ဤသည်ကို မြင်သောအခါ လူတိုင်း ကြောင်သွားကြသည်။ ကျောက်ယွမ်၏ လုပ်ရပ်ကို သူတို့ နားမလည်နိုင်ကြပေ။
ကျောက်ဟိုနှင့် ဝမ်အဘိုးအို၏ မျက်လုံးများထဲ၌ ထိတ်လန့်နေသော အရိပ်အယောင်များ ရုတ်ချည်း ပေါ်ပေါက်လာသည်။
ကျောက်ယွမ်သည် ရွှေအပ်ကို ကျင်လည်စွာ ကိုင်တွယ်၍ ဆေးလုံး၏ နေရာအနှံ့သို့ ကိုးကြိမ်ဆက်တိုက် ထိုးသွင်းလိုက်သည်။ ရွှေအပ်ဖြင့် ထိုးသွင်းလိုက်သော နေရာများမှ ခပ်ဖျော့ဖျော့ အငွေ့လေးများ ထွက်လာသည်။
ဤအဖြစ်အပျက်ကို မြင်လျှင် လူတိုင်း အံ့အားသင့်သွားကြသည်။ ကျောက်ယွမ်က ရွေအပ်ဖြင့် ထိုးသွင်းလိုက်ခြင်းကြောင့် ထိုအငွေ့လေးများ ထွက်လာမှန်း သူတို့ သဘောပေါက်သည်။ သို့သော် ဆေးလုံးသည် ပူဖောင်းမဟုတ်ချေ။ အဘယ်ကြောင့် ဆေးလုံးထဲမှ အငွေ့များ ထွက်လာသနည်း။
အားလုံး ပြီးဆုံးသွားသောအခါ ကျောက်ယွမ်သည် ဆေးလုံးကို ဝမ်အဘိုးအိုဆီ ပြန်အပ်လိုက်သည်။ “အဘိုးဝမ်၊ ဆေးလုံးကို စစ်ဆေးကြည့်ပါဦး”
ဝမ်အဘိုးအိုသည် သက်ပြင်းရှိုက်၍ ဆေးလုံးအား စစ်ဆေးကြည့်သည်။ စစ်ဆေးပြီးသောအခါ သူ အတွေးနက်နေကာ တစ်ခုခုကို စဉ်းစားနေပုံပေါ်နေသည်။
မည်သည့်စကားမျှ မပြောဘဲ ဝမ်အဘိုးအိုသည် ဆေးလုံးကို သူ့ဘေးတွင် ရပ်နေသော ကျင်မင်းသားအား ကမ်းပေးလိုက်သည်။ တခဏမျှ စစ်ဆေးပြီးနောက် ကျောက်ရှီလီ၏မျက်ခုံးများ ချက်ချင်း လိမ်တွန့်သွားသည်။
“မီးပြင်းဖိုမီးကြောင့် ဖြစ်လာတဲ့ မီးခိုးငွေ့တွေ ဆေးလုံးထဲက လုံးဝ ပျောက်ကွယ်သွားပြီ၊ ပြီးတော့ ဆေးလုံးရဲ့ အစွမ်းသတ္တိကလည်း နောက်တစ်ဆင့်လောက် မြင့်လာတယ်၊ သဘောတရားအရသာ ဖြစ်နိုင်တဲ့ ဆေးလုံးတစ်လုံးရဲ့ အစွမ်းထက်ဆုံး အကန့်အသတ်ကို ရောက်ရှိသွားပြီ”
“ဒါပေမယ့် ဘယ်လိုလုပ်ပြီးတော့လဲ”
ဝမ်အဘိုးအို ပင့်သက်ရှိုက်လိုက်ကာ အနည်းငယ် တုန်ရီနေသောခန္ဓာကိုယ်ဖြင့် ကျောက်ယွမ်အား ကြည့်လိုက်သည်။ “ဒီလူအိုကြီး မျက်လုံးမကောင်းတော့တာ ခွင့်လွှတ်ပါ၊ ပထမမင်းသားရဲ့ နည်းစနစ်က ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်လား”
ကျောက်ယွမ်က ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ “အဘိုးဝမ်က တကယ်ကို အမြင်စူးရှပါပေတယ်၊ ဒါက ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်ပါ”
ဝမ်အဘိုးအို၏ ခန္ဓာကိုယ်က ဆက်လက်မတုန်ခါတော့ဘဲ ကောင်းကင်ကို ကြည့်လျက် ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ “ငါ့ဘဝမှာ မဟာကပ်ဘေးမတိုင်ခင်က အကောင်းဆုံးဆေးနည်းစနစ်တစ်ခုကို မြင်တွေ့ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး၊ ဒီဘဝမှာ နေရတာ အချည်းနှီး မဖြစ်ခဲ့ဘူးပဲ”
သူ့စကားများကြောင့် ကျောက်ရှီလီ၊ ကျောက်ရှန်းနှင့် အခြားသူများအားလုံး အံ့ဩသွားကြသည်။
ယောက်ယက်ခက်နေသော ခံစားချက်များကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ဝမ်အဘိုးအိုက ပြောလိုက်သည်။ “ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်က ဆေးလုံးထဲမှာ ကျန်ခဲ့တဲ့ မီးပြင်းဖိုရဲ့ မီးခိုးငွေ့အကြွင်းအကျန်တွေကို လုံးဝ ဖယ်ထုတ်နိုင်တာကြောင့် ဆေးရဲ့ အစွမ်းအာနိသင်ကို အများကြီး မြင့်တက်စေနိုင်တယ်”
“ဒါက မဟာကပ်ဘေးမတိုင်ခင်က အထွတ်အထိပ်နည်းစနစ်တစ်ခုပဲ၊ လုံးဝ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ၊ ဒဏ္ဏာရီလိုလို မှတ်တမ်းလောက်ပဲ ကျန်ခဲ့တော့တယ်”
ကျောက်ယွမ်က ကျောက်ဟိုကို ကြည့်၍ ခပ်မှန်မှန် ပြောလိုက်သည်။ “ဒီအကိုတော်မှာ လူ ရယ်လောက်တဲ့ စွမ်းရည် အသေးအမွှားလေးပဲ ရှိပါတယ်၊ ဒီအကိုတော်ရဲ့ ညံ့ဖျင်းတဲ့ပြကွက်လေးအတွက် ခွင့်လွှတ်ပါ”
ကျောက်ဟို၏အကြည့်ထဲတွင် ထိတ်လန့်နေသော အလင်းတစ်ချက် လင်းလက်သွားသည်။ သို့သော် ထိုအကြည့်သည် ကျောက်ယွမ်ကို ဦးတည်ခြင်းမဟုတ်၊ ရန်ကျောက်ကဲကို ဖြစ်သည်။
ရန်ကျောက်ကဲသည် ကျောက်ဟိုကို ကြည့်နေသည်။ သူ့မျက်နှာမှာ အေးချမ်းပုံရသော်လည်း ပါးနပ်သောအပြုံးတစ်ခု ဆင်မြန်းထားသည်။ “လူတစ်ယောက်ရဲ့ စရိုက်က သူ့ကံကြမ္မာကို ဆုံးဖြတ်တယ်၊ မင်းလို ဆရာကြီးဂိုက်ဖမ်းနေတဲ့ ကောင်တွေကို ဆုံးမရတာ ကြိုက်တယ်”
ကျောက်ရှန်း၏အကြည့်က ရန်ကျောက်ကဲအပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ့ဘေးမှ အစောင့်တစ်ယောက်ကို အသံတိုးတိုးဖြင့် ဒဏ်ရာကျက်ဆေးလုံးနှင့် ရွှေအပ်တစ်ချောင်း ယူခိုင်းလိုက်သည်။
ကျောက်ယွမ် ရွှေအပ်ဖြင့် ထိုးသွင်းခဲ့သော ဒဏ်ရာကျက်ဆေးလုံးကို ကျောက်ရှန်း လေ့လာကြည့်သည်။ ကျောက်ယွမ် ထိုးသွင်းခဲ့သော ထောင့်နှင့် နေရာများကို အတိအကျ မှတ်သားသည်။ ထို့နောက် ဒဏ်ရာကျက်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျောက်ယွမ် လုပ်သည့်အတိုင်း သူ ထိုးသွင်းကြည့်သည်။
သို့သော် သူ့လက်ထဲမှ ဆေးလုံးတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
“ဟုတ်တယ်၊ အထူးနည်းစနစ်နဲ့မို့လို့ ဖြစ်မယ်၊ တိုက်ဆိုင်မှုသက်သက်ကြောင့် မဖြစ်နိုင်ဘူး” ကျောက်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
ကျောက်ယွမ်က ကျောက်ရှန်းအား ကြည့်၍ ပြုံးလိုက်သည်။ နောက်ထပ် ဒဏ်ရာကျက်ဆေးလုံးတစ်လုံးကို ထုတ်ကာ သူ အစောပိုင်းက လုပ်သည့်အတိုင်း လုပ်လိုက်သည်။
ဤဆေးလုံးတွင်လည်း အငွေ့များ ထွက်ပေါ်လာပြန်သည်။
ကျောက်ရှီလီ၏အကြည့်က ရန်ကျောက်ကဲနှင့် ကျောက်ယွမ်တို့ကြားတွင် ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေရင်း ရုတ်တရက် မေးလိုက်သည်။ “ဆေးလုံးနဲ့ကြတော့ အလုပ်ဖြစ်တယ်၊ ဆေးမှုန့် ဆိုရင်ကော”
သူ့နောက်မှ အစောင့်တစ်ယောက်သည် တိမ်ပြာဆေးမှုန့်များပါဝင်သော ဆေးထုပ်တစ်ထုပ်ကို အလျင်အမြန် ထုတ်ပေးလိုက်သည်။
ဤသည်ကို မြင်လျှင် ကျောက်ယွမ်၏အကြည့်က အနည်းငယ် မာကျောသွားသည်။
“ကိစ္စမရှိဘူး၊ အပ်နဲ့ ကိုးကြိမ်မထိုးခင် မင်းရဲ့ကြယ်တာရာချီသုံးပြီး ဆေးမှုန့်ကို ဆေးလုံးပုံစံဖြစ်အောင် လုပ်လိုက်” ရန်ကျောက်ကဲ ပို့လွှတ်လိုက်သောအသံကို ကြားရသောအခါ ကျောက်ယွမ် စိတ်အေးသွားသည်။
ကျောက်ယွမ်သည် ဆေးထုပ်ထဲမှ တိမ်မီးခိုးအမှုန့်အနည်းငယ်ကို လက်ဖြင့် ဆုပ်ယူလိုက်သည်။ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် ကြယ်တာရာချီကို သုံး၍ တိမ်မီးခိုးအမှုန့်အား ဆေးလုံးသဏ္ဌာန် ပြောင်းလဲလိုက်သည်။
ကျောက်ရှီလီသည် ကျောက်ယွမ်၏လှုပ်ရှားမှုများကို အသေးစိတ် စောင့်ကြည့်နေသည်။ ဆေးမှုန့်မှာ ကြယ်တာရာချီကြောင့် လက်ရှိတွင် ဆေးလုံးသဏ္ဌာန်ပေါ်နေသော်လည်း အမှုန့်အဖြစ်၌သာ ရှိနေသေးသည်။ တကယ့် ဆေးလုံးနှင့် လုံးဝ ကွာခြား၏။
သို့တိုင်အောင် ကျောက်ယွမ်သည် ရွှေအပ်ဖြင့် ကိုးကြိမ်ဆက် ထိုးသွင်းလိုက်သောအခါ ၎င်း၏အတွင်းမှ အငွေ့များ ထွက်လာလေသည်။
တကယ်တော့ အငွေ့များက နှစ်ခြမ်းကွဲသွားသည်။ တစ်ခြမ်းမှာ အနက်ရောင်ဖြစ်၍ နောက်တစ်ခြမ်းမှာ အဖြူရောင်ဖြစ်ကာ ထိုအဖြူရောင်အငွေ့များသည် ဆေးလုံးအသွင်ဖြစ်နေသော တိမ်ပြာအမှုန့်ထဲသို့ ပြန်ဝင်သွားသည်။
ထိုတိမ်မီးခိုးအမှုန့်၏အစွမ်းအာနိသင်ကို စစ်ဆေးပြီးနောက် ဝမ်အဘိုးအိုမှာ ထပ်တလဲလဲ ချီးကျူးနေသည်။ ကျောက်ရှီလီသည် မည်သည့်စကားမျှ မပြောဘဲ ကျောက်ဟိုအား လှည့်ကြည့်လိုက်သည်။
ကျောက်ဟို၏အကြည့်မှာ ယခင်ကကဲ့သို့ မောက်မာ၍ ဆောင့်ကြွားကြွားမနိုင်တော့ပေ။ လက်ရှိတွင် သူ့မျက်နှာသည် တည်ကြည်လေးနက်လျက်ရှိသည်။
မည်သည်ကိုမျှ မပြောတော့ဘဲ ကျောက်ဟိုသည် တိမ်မီးခိုးအမှုန့်တစ်ထုပ်ကို ထုတ်ယူကာ ၎င်းကို ဆေးလုံးသဏ္ဌာန်ပြောင်း၍ ကျောက်ယွမ်ထံမှ ရွှေအပ်တစ်ချောင်းတောင်းလိုက်သည်။
သူ ချက်ချင်း မစတင်ပေ။ ဤကိစ္စကို အကောင်းဆုံးဖြစ်အောင် မည်သို့ လုပ်လျှင် ကောင်းမည်နည်းဟု ကျောက်ဟိုသည် မျက်မှောင်ကုပ်လျက် စဉ်းစားနေ၏။
အတန်ကြာမှ သူ စတင် လှုပ်ရှားသည်။
ပထမအပ်၊ ဘာမှမဖြစ်…….
ဒုတိယအပ်၊ ဘာမှမဖြစ်…..
တတိယအပ်….
စတုတ္ထအပ်…
ပဉ္စမ…
“ဖန်း….”
ဆေးလုံးသဏ္ဌာန်ဖြစ်နေသော တိမ်မီးခိုးအမှုန့်အားလုံး ပေါက်ကွဲသွားပြီး အနီးပတ်ဝန်းကျင်တွင် မီးခိုးများ၊ ဖုန်မှုန်များနှင့် ပြည့်နှက်သွားသည်။