ထိုသက်လတ်ပိုင်းလူ အော်ဟစ်လိုက်သည်နှင့် ကျယ်လောင်သောဟိန်းမြည်သံတစ်ခုသည် ရင်ပြင်အောက်ရှိ မြေကြီးထဲကနေ တုန်ဟီးသံကီး တစ်ခု ထွက်ပေါ်လာသည်။အက်ကွဲကြောင်းများသည် မြေပြင်ထက်၌ ပေါ်လာ၏။ အဘိုးအိုရှစ်ယောက် ထွက်ပေါ်လာသည်။
သည်အကြီးအကဲ ရှစ်ယောက်သည် ရှေးဟောင်းအော်ရာများကို ပေးစွမ်းနေသည်။ သူတို့ ပေါ်ထွက်လာသည့်နောက် သူတို့သည် ဝမ်လင်းကို စူးစိုက်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲရှိ ဒေါသသည် ပို၍ အားကောင်းလာသည်။ သည်အကြီးအကဲ ရှစ်ယောက်အားလုံး၏ မျက်ခုံးနှစ်ခုကြားတွင် အနက်ရောင်အခိုးငွေ့တို့ ရှိနေသည်။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်များ၌ ရွှေရောင်အလင်းတစ်ခု စောင့်ကြပ်နေသည်။
ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ညွှန်၏။ အနက်ရောင်အမျှင်တန်း ရှစ်ခုနှင့်အဖြူရောင် အခိုးငွေ့တို့သည် တစ်ယောက်ချင်းစီထံသို့ တိုးဝင်သွားသည်။အဖြူနှင့်အနက်အခိုးငွေ့များသည် သူတို့အား ဝန်းရံထားသည်။ချက်ခြင်းပင် ၎င်းက သူတို့မျက်ခုံးကြားရှိ အနက်ရောင်အခိုးငွေ့များကို ဖျက်စီးပစ်သည်။
အကြီးအကဲ ရှစ်ယောက်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူတို့သည် ချက်ခြင်း သတိပြန်ဝင်လာကြ၏။ သူတို့ ပထမဆုံး တွေ့မြင်ရသည့် အရာသည် ဒေါသထွက်နေသည့် ဝမ်လင်းပင်။သူတို့သည် တုန်ယင်ကာ ထိုသုံးယောက်ထဲမှ တစ်ယောက်သည် အံအားတသင့် ဆို၏။ “ဘိုးဘေး ဝမ်လင်း…”
ကျန်သည့် ခုနစ်ယောက်၏အသွင်သည်လည်း စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်နေကြသည်။
ထိုသို့ ပြောလိုက်သည့်နောက် အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။ ကျင့်ကြံသူများ၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြသည်။သူတို့က မယုံကြည်နိုင်ကြ ဖြစ်နေ၏။
သို့သော် ဝမ်မိသားစုဝင်များအားလုံးသည် ထူးဆန်းသောအသွင်ဟန်ပန်နှင့် ဖြစ်နေကြသည်။ သူတို့ထဲမှ အနည်းငယ်ကသာ စိတ်လှုပ်ရှားဟန် ဖြစ်နေကြ၏။
သည်အခိုက်အတန့်၌ အဘိုးအိုတစ်ယောက်ထံမှ အနက်ရောင်အခိုးငွေ့များစွာ စုဝေးပေါင်းစပ်ပြီး ပေရာချီသည် စပါးအုံးမြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသည်။၎င်းက ဟိန်းသံပေးကာ ဝမ်လင်းရှိရာသို့ တိုးဝင်လာကြ၏။
သည်တစ်ကြိမ်၌ ထာရှန်သည် ရှေ့သို့ ထိုးထွက်လာကာ ညာလက်သီးချက်ကို ထိုးသွင်းသည်။ မြေပြင်သည် အက်ကွဲသံ ထွက်ပေါ်လာကာ စပါးအုံးမြွေသည် ချက်ခြင်း ပျက်စီးသွားသည်။ထာရှန်သည် သူ့လက်ကို ပြန်ရုတ်သိမ်းကာ ဝမ်လင်းနောက်သို့ ပြန်ရောက်ရှိလာ၏။ အစကနေအဆုံးထိ သူ့အသွင်က အေးစက်နေဆဲပင်။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချသည်။ မြေကြီးထုသည် တုန်ဟီးကာ ပြင်းထန်သောအားတစ်ခုသည် မြေပြင်ထက်သို့ ကျရောက်သွားစဉ် လူတစ်ယောက်သည် မြေကြီးတွင်းနက်ထဲမှ ပျံသန်းထွက်လာတော့သည်။
ထိုလူ၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် ဗလာကျင်းနေပြီး သူ့ဆံပင်ရှည်များသည် လေထဲ၌ ဝဲလွင့်နေ၏။ သူ့မျက်လုံးသူငယ်အိမ်သည် လေထဲရှိ ဝမ်လင်းကို တွေ့မြင်သည့်အခါ ကျုံ့လို့သွား၏။
“မင်းက ငါ့ဝမ်မိသားစုမျိုးဆက်တွေကို မကျေမချမ်း စိတ်ဝိညာဉ်တွေ မြင့်တက်လာစေဝံ့တယ်ပေါ့လေ။ မင်း သေရမယ်…”
ဝမ်လင်း၏အသံသည် အလွန်အေးစက်နေ၏။သူက ခြေတစ်လှမ်း လှမ်းသည်။ သူ့ညာလက်၌ မိုးကြိုးပေါ်လာကာ ထိုလူ့ထံသို့ တိုးဝင်သွားသည်။
ထိုလူ၏အသွင်သည် ကြီးစွာ ပြောင်းလဲသွား၏။ သူက သူ့ကိုယ်သူ ကောင်းစွာ ပုန်းကွယ်ထားနိုင်သည်ဟု ထင်မိသည်။သို့သော် သူက ရှာတွေ့ခြင်း ခံရကာ ခုချိန်ဥ နောက်သို့ အမြန်ဆုတ်နေ၏။ သူ့ကျင့်ကြံမှုအဆင့်သည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ လူတိုင်းထက် မြင့်မား၏။သူက ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေသည့်သူပင်။ သို့သော် ဤအခိုက်အတန့်၌ သူ့စိတ်သည် တုန်ယင်နေမိသည်။သူက ခန်းမထဲရှိ သက်လတ်ပိုင်းလူကြီးဘေးနားရှိ လှပသည့်အမျိုးသမီးကို လှမ်းကြည့်မိ၏။
အမျိုးသမီး၏ မျက်လုံးသည် အေးစက်နေသည်။သူမသည် ဝမ်လင်း ထိုလူ့ကို တိုက်ခိုက်လာသည်အား တွေ့မြင်သည့်အခါ စိတ်ထဲကနေ အေးစက်စွာ နှာခေါင်းရှုံ့၏။ သူမက သူ့ညာလက်ကို ပင့်မြှောက်ကာ မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်သည်။
သို့သော် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် ထိုလူ့ထံသို့ တိုးဝင်သွားနေရင်း သူ့ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပေါ်လာကာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ထိုပျောက်ကွယ်သွားမှုသည် ထိုလူ့ကို မင်သက်သွားစေ၏။သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ ချက်ခြင်း ထွက်ပြေးတော့သည်။ ထာရှန်သည် နောက်ကနေ လိုက်ရန် ပြင်၏။သို့သော် ခေါင်းကြီးကောင်လေးမှာ ခြေတစ်လှမ်း ပိုစောနေပေသည်။ သူ့မျက်နှာပေါ်ရှိ ရူးသွပ်အပြုံးနှင့်အတူ ခေါင်းကြီးကောင်လေးသည် ထိုလူ့နောက်သို့ လိုက်ပါသွားသည်။
ရောင်စုံဝတ်စုံနှင့်အမျိုးသမီးသည်လည်း မင်သက်သွားသည်သာ ဖြစ်သည်။ သို့သော် သူမ၏ အသွင်က ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားသည်။သူမသည် ရုတ်တရက် ထိုးထွက်လာ၏။ သို့သော် နောက်ကျသွားခဲ့လေပြီ။ဝမ်လင်း၏ပုံရိပ်သည် ခန်းမထဲရှိ အမျိုးသမီးဘေးနားတွင် ပေါ်လာသည်။သူ့မျက်လုံးထဲရှိ မိုးကြိုးသည် တဖျပ်ဖျပ် ဖြစ်နေ၏။ သူက ဒေါသဖြင့် လက်ညွှန်လာသည်။မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် လေဟာနယ်ထဲကို ထွင်းဖောက်၍ သူ့လက်ချောင်းထိပ်တွင် လာရောက် စုဝေးသည်။
ထိုလက်ချောင်းသည် မိုးကြိုးစွမ်းအားကို သယ်ဆောင်ကာ အမျိုးသမီး နောက်ကျောဘက်သို့ ကျရောက်လာသည်။
အမျိုးသမီး၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ယင်ကာ သူသည် ပါးစပ်ထဲမှ သွေးအန်၏။ သူမခေါင်းထက်တွင် ဧရာမစပါးအုံးမြေကြီးသည် ရစ်ခွေလာသည်။သို့သော် ၎င်းစပါးအုံးက ပေါ်လာသည်နှင့် ချက်ခြင်း ပျက်စီးသွားရသည်။ထိုအမျိုးသမီးသည် ဖြူရောသွား၏။ မိုးကြိုးသည် သူမ၏ခန္ဓာနှင့်မူလစိတ်ဝိညာဉ်ကို ဖျက်စီးလုနီးပါး ဖြစ်သွားသည်။ သည်သေရေးရှင်ရေး အခိုက်အတန့်၌ ဖီးနစ် ငိုကြွေးသံတစ်ခု ပေါ်လာ၏။ ထိုငါးရောင်စုံဖီးနစ် ပေါ်လာသည်နှင့် သူမအတွက် ဝမ်လင်း၏ မိုးကြိုးကို ပိတ်ဆို့သည်။
သူမက နောက်ဆုတ်ရင်း မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်သည်။ သို့သော် ဝမ်လင်းသည် နောက်တစ်လှမ်းလှမ်းကာ သူမရှေ့သို့ ရောက်လာသည်။မိုးကြိုးနှင့် ပြည့်နှက်နေသည့် သူ့လက်ချောင်းသည် နောက်တစ်ဖန် ဆင်းသက်လာသည်။
မိုးကြိုးသည် တုန်ဟီးနေရင်း အမျိုးသမီးသည် နောက်တစ်ဖန် သွေးအန်ထုတ်ရပြန်သည်။ ဖီးနစ်သည်ပင် တုန်ခါ၏။ သူမသည် နောက်သို့ဆက်တိုက်ဆုတ်နေ၏။ သို့သော် သူမ၏ အမြန်နှုန်းသည် ဝမ်လင်းနှင့် မယှဉ်သာပေ။ ဖျပ်ခနဲပင် ဝမ်လင်းသည် တစ္ဆေတစ်ကောင်အလား လှုပ်ရှားလာကာ သူမထံသို့ ထပ်မံ လက်ညွှန်လာပြန်သည်။
အမျိုးသမီး၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ယင်၏။ ဆက်တိုက် တိုက်ခိုက်မှုများသည် သူမအား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေ၏။သူမအတွက် ပြန်တိုက်ခိုက်နိုင်ရန်ပင် အခွင့်ရေး မရှိပေ။ နောက်ဆုံးတိုက်ခိုက်မှု၌ သူမ၏ ဖီးနစ်ပင် အထိတ်တလန့်အော်ကာ ပျက်စီးသွားတော့သည်။
အမျိုးသမီး၏မျက်လုံးသည် သတိအနေထား ဖြစ်လာ၏။ သူမသည် ရုတ်ခနဲ ပြောလာ၏။ “ငါက ဖန်လွမ်ဂြိုဟ်က ဖီးနစ်ခုနစ်ဖော်ထဲက တစ်ယောက်ပဲ။နင် ငါ့ကို သတ်ဝံ့လို့လား…”
သို့ရာတွင် ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။သူမဘေးနားသို့ ဖျပ်ခနဲ ရောက်ရှိလာ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းသည် ပြည့်နေပြီး သူ့ညာလက်ကို ပင့်မြှောက်၏။ အဖြူအနက်အခိုးငွေ့တို့သည် သူ့လက်ချောင်းများ၌ လှည့်ပတ်ကာ သူ့လက်သည် အမျိုးသမီး၏ ပုခုံးထက်သို့ ဖိနှိပ်လာသည်။
အဖြူအနက်အခိုးငွေ့များသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ချက်ခြင်း ပျက်စီးသွားသည်။သူမ၏ မူလစိတ်ဝိညာဉ်သည် လွတ်မြောက်ရန် ကြိုးစား၏။သို့သော် အဖြူအနက်အခိုးငွေ့များနှင့် ချိပ်ပိတ်ခြင်းခံရကာ ၎င်းသည် ဝမ်လင်း၏ ဆွဲယူခြင်းကို ခံရသည်။
ဝမ်လင်းသည် အမျိုးသမီး၏မူလစိတ်ဝိညာဉ်ကို တုံ့ဆိုင်းခြင်းမရှိ ဖိနှိပ်လိုက်ကာ စိတ်ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြု၏။ အမျိုးသမီးက နာကျင်စွာ အော်ဟစ်နေရင်း ဝမ်လင်းသည် သူမ၏ မှတ်ဉာဏ်များအားလုံးကို ရှာဖွေနှိုက်ထုတ်တော့၏။
ဝမ်လင်းက ပိုတွေ့မြင်လေလေ သူ့မျက်နှာသည် ပို၍ သုန်မှုန်လာလေ ဖြစ်နေသည်။အဆုံးသပ်၌ သူ့အကြည့်သည် အေးစိမ့်လာ၏။ သူက သူမ၏ စိတ်ဝိညာဉ်ကို ကြမ်းတမ်းစွာ ချေမွပစ်တော့သည်။သူမ၏ မူလစိတ်ဝိညာဉ်သည် မူလစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့၏။
သူက သည်အမျိုးသမီးနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို အစောကတည်းက တွေ့မြင်ခဲ့ပြီးပင်။ သူမသည် သူမ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ရန် ကြိုးစားထားသော်လည်း ဝမ်လင်းသည် သူမမှာ အထည်ဒြပ်ယန်အဆင့်ဖြစ်မှန်း သိမြင်ပြီး ဖြစ်၏။ ဖီးနစ်စိတ်ဝိညာဉ်သာ သူမအား ကာကွယ်ပေးထားခြင်း မရှိပါက မိုးကြိုးတိုက်ခိုက်ချက်တစ်ခုဖြင့်ပင် သူမကို သတ်ပစ်ဖို့ လုံလောက်ပေ၏။
သည်နေရာတွင် ဝမ်မိသားစုဝင်များစွာ ရှိနေ၏။ ဝမ်လင်းသည် ဝမ်မိသားစုဝင်များမှ အနက်ရောင်အခိုးငွေ့များသည် သူမ၏ လက်နှင့် ချိတ်ဆက်နေသည်ကို တွေ့မြင်နိုင်သည်။ဆိုလိုသည်က သူမသည် သူတို့၏အသက်ကို ထိန်းချုပ်ထားသည်မှာ သိသာပေ၏။
ထိုသို့သာမဟုတ်ပါက ဝမ်လင်း ပေါ်လာသည်နှင့် သူသည် မြေကြီးအောက်ထဲရှိ လူကို အတင်းဖိအားပေး ထွက်ပေါ်လာစေခြင်းထက် သည်မိန်းမကို တိုက်ခိုက်ပစ်ပေမည်။
သူမသေဆုံးသွားသည်နှင့် ဝမ်မိသားစုဝင်များထဲမှ အများစုသည် သွေးအန်ထုတ်ကြ၏။သူတို့၏ မျက်လုံးသည် မှိန်ဖျော့ကာ သေဆုံးသွားသည်။
အနက်ရောင်မြူသည် ကျန်သည့် မိသားစုဝင်များထံကနေ ပျောက်ကွယ်သွားကာ သူတို့သည် သူတို့၏ ကြည်လင်မှုအား ပြန်ရရှိသွားသည်။သူတို့သည် ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်၏။ သည့်နောက် သူတို့သည် ဒူးထောက်ချကာ ရှက်ရွှံ့မှုအား ခံစားနေသည်။
ဝမ်မိသားစုတိုင်း၏ ကလေးဘဝ ပညာရေးတွင် သူတို့၏ဘိုးဘေး ပုံတူကို လေ့လာခဲ့ကြ၏။ထို့အတွက်ကြောင့် ဝမ်လင်း၏ပုံရိပ်သည် သူတို့၏ စိတ်နှလုံးထဲ၌ စွဲထင်လို့နေသည်။ခုချိန်၌ သူတို့၏စိတ်သည် ရှင်းလင်းလာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့်မို့ သူတို့သည် ဝမ်လင်းကို ချက်ခြင်း သိရှိသွားကြတော့သည်။
သူတို့က ဝမ်လင်းအကြောင်းကို ကြားဖူးနားဝများဖြင့် ရင်းနှီးပြီးသား ဖြစ်ခဲ့၏။ တော်ဝင်ဝမ်မျိုးဆက်အင်ပါယာမြို့၌ ကျင့်ကြံသူများစွာ ရှိနေရခြင်းမှာလည်း ဝမ်မိသားစု၏ ဝမ်လင်းကြောင့်သာ ဖြစ်လေ၏။
“ဘိုးဘေး…ငါတို့ မှားခဲ့ပါတယ်…” အဘိုးအိုရှစ်ယောက်သည် ဒူးထောက်နေ၏။
ဝမ်လင်း၏ အကြည့်သည် ပင်မခန်းမထဲ၌ ဒူးထောက်လျက်သား ရှိနေသည့် သက်လတ်ပိုင်းလူကြီးထံသို့ ကျရောက်သွားသည်။ သူက အေးစက်စွာ ပြောလိုက်၏။ “မင်းတို့အားလုံး တကယ့်ကို အမှားလုပ်ခဲ့ကြတာပဲ။ မင်းတို့က တစ်စုံတစ်ယောက်ဟာ ဝမ်မိသားစုဝင် ဟုတ်လား၊ မဟုတ်လားတောင် မခွဲခြားနိုင်ခဲ့ကြဘူး…”
သက်လတ်ပိုင်းလူကြီး၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ဝမ်လင်းသည် အေးစက်စွာ နှာခေါင်းရှုံ့၏။ ထိုနှာခေါင်းရှုံ့သံသည် မိုးကြိုးပစ်သံအလား သက်လတ်ပိုင်းလူကြီးကို လွင့်စင်ထွက်သွားစေသည်။
ဝမ်လင်း၏ စကားလုံးများသည် ဝမ်မိသားစုဝင်များကို မင်သက်သွားစေ၏။ သူတို့က လွင့်ထွက်သွားသည့် သက်လတ်ပိုင်းလူကို သုန်မှုန်စွာ စူးစိုက်ကြည့်နေကြသည်။
သက်ပြင်းချလိုက်ပြီးသည့်နောက် ဝမ်လင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်၏။ သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူတို့…ငါ့ဝမ်မိသားစုကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်…”
ကျင့်ကြံသူများသည် လေးစားသမှု အလျင်အမြန် ပြန်ပြကာ သူ့ကျေးဇူးတင်မှုကို လက်ခံကြ၏။
အချို့အရာများကို အထိုင်ချပြီးသည့်နောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်ပြီး သည်နေရာ၌ ဖန်လွမ်ဂြိုဟ်မှ လူများ ထပ်မံ မရှိတော့ဟု ဆုံးဖြတ်လိုက်၏။ သူက မြေပြင်ထက်တွင် ဒူးထောက်နေသည့် အဘိုးအိုတစ်ယောက်ထံသို့ လှည့်ကာ ပြောလိုက်၏။ “ငါ မင်းကို ဒီနေရာက ကိစ္စကို ဖြေရှင်းဖို့ ထားခဲ့မယ်။ရက်အတော်အတန်ကြာပြီးရင် ငါ ပြန်လာခဲ့မယ်…”
ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။သူက ဖန်လွမ်ဂြိုဟ်မှ အမျိုးသမီး၏ မှတ်ဉာဏ်များထဲကနေ အတော်များများကို သိရှိခဲ့သည်။ခုချိန်၌ သူ့တွင် ကိစ္စတစ်ခုကို ဖြေရှင်းဖို့ ရှိလာခဲ့၏။
“ဖန်လွမ်ဂြိုဟ်…။ အလောင်းကောင်ကလန်…မင်းတို့က ငါ့ဝမ်မိသားစုမျိုးဆက်တွေအပေါ် ဒီလို လုပ်ဖို့ စိတ်ကူးဝံ့ကြတယ်ပေါ့။ ငါ့ရက်စက်မှုအတွက် အပြစ်မတင်တော့နဲ့…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ပြည့်နှက်နေ၏။ သည်တစ်ကြိမ်၌ သူက အမှန်ပင် ဒေါသထွက်နေခဲ့လေပြီ။
ဖန်လွမ်ဂြိုဟ်မှ အမျိုးသမီး၏ မှတ်ဉာဏ်များအရ ဝမ်လင်းသည် သူမက ဖီးနစ်ခုနစ်ဖော်ထဲမှ တစ်ယောက်ဖြစ်မှန်း သိခဲ့၏။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် အလောင်းကောင်ကလန်ဝင် ဖြစ်နေကာ သည်နေရာရှိ အကြီးအကဲခေါင်းဆောင်တစ်ယောက်လည်း ဖြစ်နေပြန်သည်။သူမသည် စွန်ထိုင်နှင့် တူညီသော အဆင့်အတန်း ရှိ၏။ သို့သော် သူမ၏ ကျင့်ကြံမှုအဆင့်မှာ များစွာ ပိုမြင့်မားနေပေသည်။
အလောင်းကောင်ကလန်။ ဝမ်လင်းသည် စွန်ထိုင်မသေခင်က သူ့ထံကနေ အလောင်းကောင်ကလန်၏ လျို့ဝှက်ချက်အချို့ကို ကြားခဲ့ဖူး၏။ မကျေမချမ်းမှုများကို စုစည်းကာ မကျေမချမ်းစိတ်ဝိညာဉ်များကို ပြုစုပျိုးထောင်ခြင်းသည် အလောင်းကောင်ကလန်၏ တာဝန်များထဲမှ တစ်ခုသာ ဖြစ်၏။
ထိုအမျိုးသမီး၏ မှတ်ဉာဏ်များမှ တစ်ဆင့် ဝမ်လင်းသည် တော်ဝင်ဝမ်နိုင်ငံတော်၌ မြို့တိုင်းနီးပါးတွင် အလောင်းကောင်ကလန်ဝင်များ ရှိနေသည်ကို သိခဲ့၏။ ထိုအဖြစ်က တော်ဝင်ဝမ်နိုင်ငံတော်တစ်ခုလုံးကို ကွန်ရက်တစ်ခုလို ချိတ်ဆက် လွှမ်းခြုံထားကာ မကျေမချမ်းမှုများကို စုစည်း၊ မကျေမချမ်းစိတ်ဝိညာဉ်များကို ပြုစုပျိုးထောင်နေခြင်းသာ ဖြစ်လေ၏။
ဝမ်လင်းသည် ထိုလူများကို ဖယ်ရှားပစ်ရပေမည်။သို့သော် တော်ဝင်ဝမ်နိုင်ငံတစ်ခုတည်းရှိ အလောင်းကောင်ကလန်ဝင်များသာ မဟုတ်၊ ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံး၏ အလောင်းကောင်ကလန် ဇစ်မြစ်ကို ဖယ်ရှား ပစ်မည် ဖြစ်၏။ သူ့မျိုးဆက်များကို ပြဿနာ ရှာခဲ့မှုကြောင့် ဝမ်လင်းသည် အလောင်းကောင်ကလန်သို့ အလည်တစ်ခေါက်တော့ သွားရပေလိမ့်မည်။အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်၏ ဘီဘူးနတ်ဆိုးကလန်မှ ဘိုးဘေးဖြစ်သူ၏ အလောင်းနှင့် အားနည်းလွန်းနေသည့် နတ်ဘုရားအာရုံသည်လည်း သူ့အတွက် စိတ်ဝင်စားစရာ ကိစ္စများ ဖြစ်နေ၏။
သူက ဘီလူးနတ်ဆိုးကလန်ဘိုးဘေး၏ အလောင်းခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးသည့်နောက်ပိုင်းတွင် ရှိနေသေးသလားကိုမူ မသိသေးပေ။
အကွာအဝေးတစ်ခု၌ ခေါင်းကြီးကောင်လေးသည် ပြန်ရောက်လာနေ၏။ သူ့လက်ထဲ၌ လူတစ်ယောက်ပါလာသည်။ သူက ဝမ်လင်းကို ကြည့်သည်။
“သူ့ကို သတ်လိုက်။ မူလစိတ်ဝိညာဉ်ကိုတော့ ငါ့ရှိ ပေးချေ…” ဝမ်လင်း၏အသံက အေးစက်နေရင်း သူသည် ခြေလှမ်းကာ ထွက်ခွာသွားတော့၏။
ထာရှန်က နောက်ကနေ အမြန် လိုက်ပါသွားသည်။
ခေါင်းကြီးကောင်လေးက လျှာသပ်ကာ သူ့ညာလက်ကို ဆုပ်ချေ၏။ သူ့လက်ထဲရှိ လူ၏ ဦးခေါင်းသည် ကွဲကြေကာ ခေါင်းကြီးကောင်လေးသည် ထိုသူ၏မူလစိတ်ဝိညာဉ်ကို ကိုင်ဆောင်ရင်း ဝမ်လင်းနောက်သို့ လိုက်ပါသွားတော့၏။
ဝမ်လင်း ပြန်ရောက်ရှိလာခြင်းနှင့်အတူ ကြီးမားသောပြောင်းလဲမှုတစ်ခုသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဖြစ်ပွားလာတော့သည်။
***