ဝမ်လင်းသည် အနည်းငယ် စဉ်းစားကြည့်ရုံနှင့် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ သူ့အား ဘာကြောင့် လေးစားနေသည်ကို နားလည်သွားသည်။ကျိုးဝုထိုင်သည် သည်ကိစ္စ၌ အဓိကအခန်းကနေ ပါဝင်နေရပေမည်။
အမှန်တော့ သည်ကိစ္စကို ဝမ်လင်းက မျှော်လင့်ထားခဲ့ပြီးပင်။ နားရွက်ကြီးကြီးကျင့်ကြံသူ ကျိုးဝုထိုင်သည် သူ့အား ဟင်္သာပြဒါးခေါင်းစီးနေရာ ပေးအပ်ခဲ့သည့်အတွက် ဝမ်လင်းကို ကျေးဇူးတင်နေမိ၏။ သို့သော် ဝမ်လင်းက ထွက်ခွာသွားသည့်အတွက် ဝမ်လင်း ကျေးဇူးကို တုံ့ပြန်ရန် သူ့အတွက် အခွင့်ရေး လုံးဝ မရှိခဲ့တော့ပေ။
ကျိုးဝုထိုင်က ကျေးဇူးသိတတ်သည့်သူ တစ်ယောက်သာ ဖြစ်၏။ထို့ကြောင့် ဝမ်လင်းသူ့အပေါ် လုပ်ပေးခဲသည်ကို အမြဲအမှတ်ထားသည်။
ထို့အတွက်ကြောင့် ဝမ်လင်း၏ မျိုးဆက်များ သို့မဟုတ် ဝမ်လင်းနောက်ကွယ်ရှိ ကလန်များ၏ မျိုးဆက်များ၊ ကျိုးနိုင်ငံပင် ကျိုးဝုထိုင်၏ ဂရုစိုက်မှုအောက်၌ တဖြည်းဖြည်း စွမ်းအားကြီးလာခဲ့ရခြင်း ဖြစ်သည်။
ဟင်္သာပြဒါးခေါင်းစီးအသစ်ဖြစ်သူ ကျိုးဝုထိုင်၏အဆင့်အတန်းဖြင့် ဝမ်မိသားစုကို တော်ဝင်အောင် ပြုလုပ်ပေးဖို့ လွယ်ကူပေ၏။
လူအများကလည်း ထိုသို့ လုပ်ဆောင်မှုများမှာ ဝမ်လင်းကြောင့်သာ ဖြစ်ကြောင်း သိထားကြသည်။ ဟင်္သာပြဒါးအုတ်ဂူ၌ ဝမ်လင်း၏ လုပ်ဆောင်မှုသည် တောမီးလို ပျံ့နှံ့ခဲ့၏။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများသည် ဝမ်လင်းကို ဟင်္သာပြဒါးဂြိုဟ်၏ အစောင့်အရှောက်၊ဘိုးဘေးဟု လက်ခံခဲ့ကြပေသည်။
ကျိုးဝုထိုင် ထိုသို့ လုပ်ပေးရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ သူ ဟင်္သာပြဒါးခေါင်းစီး ဖြစ်လာချိန်၌ သူသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိသေးကာ အာဏာတက်ခြင်းအဆင်သို့ မရောက်သေးပေ။ သူက အားအနည်းဆုံးဟင်္သာပြဒါးခေါင်းစီး ဖြစ်ခဲ့ကာ အုပ်ချုပ်ရန် စွမ်းအား မရှိ ဖြစ်ခဲ့ရသည်။ထို့အတွက်ကြောင့် သူက ဝမ်လင်း၏ကျော်ကြားမှုကို ငှားယမ်းကာ လူတိုင်းကို ဖိနှိပ်ထားခဲ့ခြင်းလည်း ဖြစ်သည်။
ဝမ်လင်းသည် စဉ်းစားနေရင်းသူသည် အရာအားလုံးကို ခန့်မှန်းနိုင်စွမ်း မရှိခဲ့သော်လည်း ယေဘုယျအားဖြင့် သိရှိနိုင်၏။ သူက သက်ပြင်းချမိသည်။ ကျိုးဝုထိုင်သည် ဘာအကြောင်း ဖြစ်ဖြစ် ထိုသို့ ပြုလုပ်ပေးခဲ့ပေးခဲ့ ဝမ်လင်းသည် သူ့အား ပြန်ပေးဆပ်ဖို့ လိုပေလိမ့်မည်။
သူက ပျံသန်းနေရင်း ခေါင်းကြီးကောင်လေးနှင့်ထာရှန်သည် သူ့နောက်ကနေ လိုက်လာ၏။ထာရှန်ကမူ အေးစက်စက်အသွင်နှင့်ရှိနေဆဲပင်။ခေါင်းကြီးကောင်လေးကမူ ဝမ်လင်း၏အိမ်အပြန်ခရီးကို တွေ့မြင်ရပြီးနောက် သူ့မိသားစုအပေါ်ထားသည့် ခံစားချက်သည် ပိုရှုပ်ထွေးလာမိ၏။သူက သည်နေရာရှိ လူတိုင်းသည် ရှုမူကို နှလုံးသားထဲကကို လေးစားသမှု ရှိကြောင်း သိနေ၏။ခေါင်းကြီးကောင်လေးမှာ သူလည်း ယခုသူ့လက်ရှိ ကျင့်ကြံမှုဖြင့် သူ့မိသားစုရှိရာသို့ ပြန်ပါက လေးစားခံရမည်ကို သိသည်။သို့သော် ထိုလေးစားမှုမှာ အတုအယောင်သာ ဖြစ်ပေလိမ့်မည်။
အကွာအဝေးတစ်ခု၌ မြို့ကြီးတစ်မြို့ ပေါ်လာ၏။ထိုမြို့သည် ရစ်ခွေနေသော နဂါးတစ်ကောင်နှင့်တူကာ ချမ်းသာပြည့်ဖြိုးခြင်းအော်ရာတို့နှင့် ပြည့်နေသည်။မြို့နံရံများသည် အနက်ရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ၎င်းတို့ထံမှ တုန်ခါမှုလှိုင်းတို့ ထွက်ပေါ်လို့နေသည်။
သူ အနားသို့ မရောက်ခင်ကတည်းက ဝမ်လင်းသည် သည်မြို့အတွင်း၌ အားကောင်းသောအတားအဆီးများစွာ ရှိသည်ကို တွေ့မြင်၏။ထိုအတားအဆီးများကို အသက်ဝင်စေပါက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေ၏။
သည်နေရာက စွန့်ပစ်ခံမသေမျိုးကလန် သိမ်းပိုက်ထားသည့် ကုန်းမြေ အပြင်ဘက်ရှိ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ သေမျိုးအင်ပါယာမြို့ ဖြစ်သည်။
“ကြီးမြတ်သောဝမ်မင်းဆက်…”
သည်အင်ပါယာမြို့သည် လွန်ခဲ့သောနှစ်ပေါင်း (၄၃၇)ခုနှစ်က တည်ထောင်ကာ စွန့်ပစ်ခံမသေမျိုးကလန်မှလွဲ၍ ကျန်သည့် သေမျိုးကလန်များအတွက် အရေးကြီးဆုံး ဖြစ်လာခဲ့သည်။
ဝမ်အင်ပါယာမိသားစုသည် ရှည်ကြာသော သမိုင်းကြောင်း ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က စစ်သားများ၊သိုင်းပညာရှင်များသည် ဝမ်မျိုးဆက်ဝင်များရှိရာသို့ ပူးပေါင်းလာခဲ့သည်။ သို့သော်လည်း သည်အင်ပါယာနန်းတော်ကို စွမ်းအားကောင်းစေခဲ့သည်ကတော့ ကျင့်ကြံသူများစွာသာ ဖြစ်သည်။
တိမ်ကောင်းကင်ကလန်အပြင် ကျိုးဝုထိုင်နှင့်ကလန်များစွာသည် သူတို့၏နောက်တွင် ရှိခဲ့သည်။ ဝမ်ကလန်မိသားစုဝင်များသည် သည်လို မြင့်မားလှသည့် အဆင့်အတန်းကြောင့် ပျော်ရွှင်ကျေနပ်ခဲ့ရသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းထား၏။ သူက သွေးမျိုးဆက်ခေါ်သံကို ခံစားမိသည့်အတွက် သည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။ သည်မြို့တော်သည် ဝမ်မိသားစုသွေးမျိုးဆက် အများဆုံး ပါဝင်မှု စုစည်းနေမှု ရှိနေ၏။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ဝမ်လင်းသည် ဝမ်ကျောက်ကို ရှာမတွေ့ခဲ့ပေ။ သူက သက်ပြင်းသာ ချမိ၏။ထို့နောက် သူသည် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အခါ၌ အင်ပါယာနန်းတော်အတွင်း၌ ရောက်ရှိနေလေပြီ။ လှုပ်ရှားအသက်ဝင်နေသော လူအုပ်နှင့် ဇိမ်ခံအိမ်များကို ကြည့်နေရင်း ဝမ်လင်းသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်မိလာ၏။
သည်မြို့တော်မှာ အထက်တန်းဆန် ဇိမ်ခံမှု များလွန်းလှသည်။ တန်ဖိုးကြီး ကျောက်မျက်များကိုပင် လမ်းခင်းဖို့ အသုံးပြုထား၏။ သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း သူက မြို့တော်တစ်ခုလုံးသည် ထိုသို့ ရှိသည်ကို ရှာတွေ့သွားခဲ့သည်။
သည်လိုသာ ဆိုလျှင် ကိစ္စကြီးတစ်ခု မဟုတ်သေးပေ။ သို့သော ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများထက်၌ပင် ပိုးသားတို့ ခြုံပတ်ထား၏။ ၎င်းက အထက်တန်းဆန်လှသည် ဆိုသော်လည်း အကျင့်ပျက်စီးခြင်းကိုလည်း ဆောင်နေလေ၏။
သူ့လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဝမ်လင်းသည် အချို့အရာများကို မြင်တွေ့လာနိုင်စွမ်း ရှိပေ၏။သည်နေရာတွင် ဝမ်းနည်းမှု၊ဒေါသ၊ကြောက်ရွှံ့မှုနှင့် လူတစ်ယောက်၏ စိတ်ကို နှောက်ယှက်နေသည့် အခြားအော်ရာများလည်း ရှိလို့နေသည်။
လူတစ်ယောက်သာ သည်နေရာတွင် ကြာရှည်စွာနေပါက သူတို့၏စိတ်နေသဘောသည် ပြောင်းလဲလာနိုင်၏။သူတို့၏ ခံစားချက်သည် မတည်မငြိမ် ခိုင်မာမှုမရှိ ဖြစ်လာနိုင်သည်။ လူတစ်ယောက်၏ သက်တမ်းကိုပင် တိုနိုင်သေး၏။
သည်အော်ရာမှာ မကျေမချမ်းမှု၏ ပုံစံ တစ်မျိုးပင်။ဝမ်လင်းသည် ချင်လင်းဂြိုဟ်ပေါ်၌ ထိုမကျေမချမ်းမှုကို စုစည်းရန် လူအများအား ပြောခဲ့ဖူး၏။ခုချိန်၌ သူသည် သည်မွန်းစတားဆန်သည့် မကျေမချမ်းမှုကို မြို့တော်၏ အထက်၌ တွေ့မြင်နေရသည်။သူက ပို၍ မျက်မှောင်ကြုတ်လာမိသည်။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း သူသည် မြို့တော်များစွာ၌ မကျေမချမ်းမှုအဆင့် အမျိုးမျိုး ရှိသည်ကို သိရှိသွားသည်။ထိုမကျေမချမ်းမှုသည် ဟင်္သာပြဒါးဂြိုဟ်၏ တဝက်ကိုပင် ဖုံးလွှမ်းလို့ထား၏။
ထိုမကျေမချမ်းမှုသည် ရွာတိုင်းရွာတိုင်းရှိ အိမ်များကနေ လာကာ သေမျိုးများ နေထိုင်သည့် နေရာ အနီးအနားများတွင် စုစည်းကာ ဆက်လက်၍ တွဲဆက်နေပြီး လွင့်ပြယ်မသွားပေ။
အထူးသတိပြုနိုင်သည့် နေရာက အနောက်မြောက်ပိုင်းပင်။ ထိုနေရာရှိ မြေကြီးသည် အနီရောင်ရှိကာ အလောင်းများ နေရာတိုင်း၌ ရှိ၏။ မကျေမချမ်းမှုမြောက်များစွာသည် ထိုနေရာကနေ ထွက်ပေါ်လာကာ သည်ဧရိယာတစ်ခွင်တွင် ပျံ့လွင့်နေ၏။အခြားမြို့များတါင်လည်း အားကောင်းသောမကျေမချမ်းမှုများ ရှိနေသော်လည်း မြို့တော်ရှိ မကျေမချမ်းမှုအော်ရာမှာ မွန်းစတားဆန်လှကာ ကောင်းကင်ယံထိ တိုးတက်နေသည်။
ဝမ်လင်း၏ ကျင့်ကြံမှုမျိုးအဆင့်ရှိသူ တစ်စုံတစ်ယောက်သည် သေချာ ကြည့်ရှုသည်နှင့် ထိုအဖြစ်ကို သိနိုင်ပေသည်။ ထိုသို့မဟုတ်ဘဲ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်သည် ကင်းမဲ့ပါက ထိုလူသည် ထိုမကျေမချမ်းမှုကို ထောက်လှမ်းနိုင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
“အဓိပ္ပာယ်မရှိလိုက်တာ…” ဝမ်လင်း၏အသွင်က သုန်မှုန်နေသည်။ သူက လမ်းသွယ်အတိုင်း လျှောက်လာ၏။ သူက ဝမ်မိသားစုမျိုးဆက်များ ကြွယ်ဝနေမှုကို စတင် တွေ့မြင်ရချိန်၌ ပျော်ရွှင်ခဲ့ရသည်။ သို့သော် ထိုပျော်ရွှင်မှုမှာ မကျေမချမ်းမှုနှင့် တည်ဆောက်ထားနေပေသည်။ဝမ်မိသားစုမျိုးဆက်များသည် ကြီးစွာ သက်ရောက်ခြင်း ခံရလေ၏။
သူက ဆက်လျှောက်နေရင်း အကွာအဝေးတစ်ခုမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ မြို့သူမြို့သားများသည် အကြောက်လန့်ဖြစ်ကုန်ကာ လမ်းဘေးတစ်ဖက်စီသို့ အလျင်အမြန် ဆုတ်ကြ၏။ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။သူက နောက်သို့ အနည်းငယ် ဆုတ်ပေးရင်း သုန်မှုန်စွာ ရှိနေ၏။
လူငယ်အချို့ စီးနင်းလာသည့် မြင်းများသည် လမ်းမအတိုင်း ဒုန်းဆိုင်း တိုးဝင်လာကြ၏။ သူတို့နောက်၌ အစေခံများစွာ ပါလာသည်။ သည်အစေခံများအားလုံးသည် လမ်းလျှောက်နေကြသည် ဖြစ်သော်လည်း မြင်းများသွားသလောက် မြန်နေပေသည်။
မြင်းပေါ်ရှိ လူငယ်များမှာ တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရှေ့ဆုံးမှ လူငယ်သည် အင်မတန် ကြည့်ကောင်းသည်။သို့သော် သူ့မျက်နှာဝန်းကျင်၌ အနက်ရောင်အခိုးငွေ့တို့ ရစ်သိုင်းနေသည်။ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူပင် ထိုအခိုးငွေ့ကို တွေ့မြင်နိုင်ရန် ခက်ခဲလှပေမည်။ဝမ်လင်းအတွက်မူ တွေ့မြင်ရန် လွယ်ကူလှသည်။
လေထဲ၌ ဓားစွမ်းအင်တန်းနှစ်ခုလည်း ရှိနေသေးသည်။ထိုဓားများပေါ်၌ ကျင့်ကြံသူနှစ်ယောက်ရှိနေ၏။ ထိုသူနှစ်ယောက်လုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိကာ သူတို့က လူငယ်အတွက် လမ်းကြောင်း ရှင်းပေးနေသည်။
သူတို့က သည်အတိုင်း ဖော်ရှိုးလုပ်ပါက ပြဿနာ မဟုတ်သေးပေ။ သို့သော် ဝမ်လင်းကို မျက်မှောင်ကြုတ်သွားစေသည်က လူငယ်၏ မြင်းနှင့် ကြိုးတစ်ခု ချည်နှောင်ထားကာ ထိုကြိုး၏ အောက်ဘက်အစအဆုံး၌ လူတစ်ယောက် ရှိနေ၏။ သူသည် ယောက်ျားတစ်ယောက် ဖြစ်ကာ ရှုပ်ပွပေစုတ်ပြီး မည်သူမည်ဝါမှန်း သိရန် ခက်ခဲနေသည်။မြင်းဖြင့် တရွတ်တိုက် ဆွဲခံထားရသဖြင့် သူ့အဝတ်အစားများမှ စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သွေးများသည် မြေပြင်ထက်၌ စွန်းထင်းနေသည်။
ထိုလူများသည် ရယ်ကာမောကာဖြင့် မြန်ဆန်စွာ ဖြတ်ကျော်သွားကြ၏။ သိုင်းပညာရှင်များ ဖြတ်ကျော်သွားပြီးနောက် ကျင့်ကြံသူနှစ်ယောက်သည် တစ်ချက်ပင် မကြည့်ဘဲ ပျံသန်းသွားကြသည်။
ထိုလူအုပ်ထွက်သွားပြီးနောက် စစ်သားတစ်အုပ်သည် လမ်းမထက်ရှိ သွေးစင်းကြောင်းကို ရှင်းလင်းရန် အမြန် ရောက်လာကြသည်။သည့်နောက် သူတို့က လမ်းမတစ်လျှောက် သွေးကွက်များကို ဆေးကြောသွားကြရင်း လိုက်ပါသွားကြသည်။
သူတို့အားလုံး ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်ကာ လမ်းသွားလမ်းလာများသည် တီးတိုးဆိုကြကုန်သည်။
“အာ..ဘယ်လိုတောင် ကံဆိုးတာလဲ။ ဘယ်သူကများ မျက်စိကန်းပြီး မင်းသား(၁၆)ကို သွားစော်ကားဝံ့တာလဲ။ ဒီလူတော့ မသေခင်ထိ မြို့တစ်ပတ် ဒီလို မြင်းနဲ့ တရွတ်တိုက် ဆွဲခံရမှာ စိုးမိတယ်…”
“မဟုတ်ဘူး။ငါတို့ ကြီးမြတ်တဲ့ဝမ်အင်ပါယာထဲမှာ ဝမ်မိသားစုဟာ ကောင်းကင်နဲ့မြေကြီးပဲ။ တန်ခိုးရှင်(ကျင့်ကြံသူ)တွေတောင် သူတို့ရဲ့ အစေခံ ဖြစ်လာခဲ့ကြတယ်။ ဘယ်သူက သူတို့ကို စော်ကားဝံ့မှာလဲ…”
“ဒီအကြောင်းကို မပြောတော့နဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်က နိုင်ငံ့ဆရာဟာ ညကောင်းကင်ကို ကြည့်နေရင်း အနောက်မြောက်ပိုင်းက ရက်စက်တဲ့သက်ပြင်းချသံ ထွက်ပေါ်နေတာကို သတိပြုမိခဲ့တယ်။ ဒီအတွက်ကြောင့် အနောက်မြောက်ပိုင်းမှာ ရှိတဲ့ လူရာချီ သတ်ဖြတ်ခံခဲ့ရတယ်။ငါ အခုကြားမိတာတော့ အနောက်မြောက်ပိုင်းမှာ အလောင်းတွေ ပုံနေတယ်တဲ့…”
“ငါတို့ ဒီအကြောင်းကို မပြောကစို့ အစ်ကိုလီ။ တခြားအကြောင်းပဲ ပြောကြရအောင် ဒါမှ ငါတို့အပေါ် ကပ်ဆိုးတစ်ခု မကျလာမှာ…”
ဝမ်လင်း၏အသွင်သည် အင်မတန် သုန်မှုန်နေသည်။သူက လူငယ်သည် ဝမ်မိသားစုသွေးမျိုးဆက် အစိတ်အပိုင်း ရှိသည်ကို သေချာ တွေ့မြင်ခဲ့သည်။
ဝမ်လင်းသည် တိုးညင်းစွာ ဆို၏။ “ထာရှန်…သူ့ကို ခေါ်လာခဲ့…”
ထာရှန်သည် စကားတစ်ခွန်းမှ မဆိုဘဲ လှည့်ထွက်ကာ ပျောက်ကွယ်သွားသည်။ခဏအကြာတွင် သူသည် သူ့လက်ထဲ၌ လူတစ်ယောက်နှင့်အတူ ပြန်ပေါ်လာ၏။ ထိုလူသည် စောနက ကြည့်ကောင်းလှသည် လူငယ်ပင်။
သည်အခိုက်၌ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နေ၏။ သူက ထပ်ခါထပ်ခါ ကျိန်ဆဲနေသည်။ “မင်းတို့ ငါ့ကို ဖမ်းဆီးရဲတယ် ဟုတ်လား။ မင်းတို့ ဘယ်ကလန်ကလဲ။ ငါ ဘယ်သူလဲ ဆိုတာ မသိဘူးလားကွ။ ငါက ဝမ်မိသားစုဝင်နော်…”
ထာရှန်က ဝမ်လင်းရှိရာသို့ လျှောက်လှမ်းသွားသည်။သူ့အသွင်က အေးစက်နေမြဲပင်။လူငယ်သည် မြေကြီးထက်သို့ ပစ်ချခြင်း ခံလိုက်ရသည်။
ထိုမြင်ကွင်းသည် လူအုပ်ခွဲရန် ပြင်နေသည့် လမ်းသွားလမ်းလာများကို မင်သက်သွားစေသည်။ သူတို့ မျက်လုံးထဲ၌လည်း ကြောက်လန့်တကြား ဖြစ်ကုန်၏။
ကြည့်ကောင်းလှသည့် လူငယ်သည် ကုန်းရုန်းထကာ ထာရှန်ကို စူးရဲစွာ ကြည့်သည်။ သူက စိတ်ထဲ၌ ကြောက်လန့်နေသော်လည်း မည်သည့်ကြောက်ရွှံ့မှုကိုမှ မဖော်ပြပေ။သည့်အပြင် သူက ဟိန်းဟောက်လိုက်သေး၏။ “ငါက ဝမ်မိသားစုဝင်ပဲ။ မင်းတို့ ငါ့ကို နာကျင်စေရဲတယ်ပေါ့။မင်းတို့ ဘယ်ကလန်က လာလာ ကိစ္စမရှိဘူး။ မင်းတို့ သေကို သေရမယ်…”
ဝမ်လင်းက ထိုလူငယ်ကို စူးစိုက်ကြည့်သည်။သူ့အသွင်က အေးစက်နေသည်။သူက လူငယ်၏ဦးခေါင်းထက်မှ ထွက်ပေါ်နေသည့် သိပ်သည်းသော အနက်ရောင်အခိုးငွေ့များကို တွေ့မြင်ပေသည်။ထိုအနက်ရောင်အခိုးငွေ့သည် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းကာ ၎င်း၏ပါးစပ်ကို ဟ၍ ထာရှန်ကို တိတ်တဆိတ် မာန်မီဟန် ပြုသည်။
ထိုအဖြစ်ကို ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ မရောက်နေပါက သတိပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့သည် လူငယ်ထံမှ ပေါက်ကွဲထွက်လာသည့် အေးစက်စက်အော်ရာကိုသာ ခံစားမိ၍ တုန်လှုပ်မိကြပေလိမ့်မည်။
သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ အော်သံထွက်ပေါ်လာ၏။ ဓားအလင်းတန်းနှစ်ခုသည် ဦးတည်လာနေ၏။သူတို့နောက်၌ အစေခံများ လိုက်ပါလာကြသည်။ထိုအစေခံများမှာ သိုင်းပညာရှင်များပင်။သူတို့သည် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒနှင့် ပြည့်နေကြ၏။
ရောက်ရှိလာသည့် လူအုပ်ထဲ၌ လူငယ်အနည်းငယ်လည်း ပါဝင်နေ၏။သူတို့ တစ်ယောက်ချင်းစီက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ကြသည်။ “ဒီသူခိုးကို ဖမ်းကြစမ်း…”
“မင်းသားကို ကာကွယ်ကြ…”
ဓားအလင်းတန်းနှစ်ခုသည် ထိပ်ဆုံးကနေ ထာရှန် ရှိရာသို့ တိုးဝင်လာ၏။ သူတို့နှစ်ယောက်လုံးသည် ဘာမှ စဉ်းစားမနေဘဲ တိုက်ခိုက်လာကြခြင်းပင်။
ကြောက်ဖို့ကောင်းလိုက်ခြင်း။ သူတို့နှစ်ယောက်သည် ထာရှန်က မင်းသားကို မြေပြင်ထက်သို့ ပစ်ချသည်ကို တွေ့မြင်သည့်အခါ ပင့်သက်ရှိုက်မိသွား၏။သူတို့သည် တိမ်ကောင်းကင်ကလန်မှ တပည့်များ ဖြစ်ကာ မင်းသားများကို အကာအကွယ်ပေးရန် သည်နေရာသို့ ရောက်ရှိနေကြခြင်းပင်။ မင်းသားသာ တစ်စုံတစ်ခု ဖြစ်သွားသည်နှင့် ကလန်သို့ ပြန်ရောက်သည့်အခါ သူတို့ အပြစ်ပေးခံရပေလိမ့်မည်။
သူတို့က ထာရှန်ထံသို့ တိုးဝင်လာရင်း ဓားများ ချိန်ထိုးကာ ညွှန်လိုက်၏။
***