ဝမ်လင်းသည် ထိုအရာများအားလုံးကို ကြည့်နေ၏။ထို့နောက် သူက ခြေတစ်လှမ်းလှမ်းသည်။ ခြေတစ်လှမ်းဖြင့်ပင် သူက ပျောက်ကွယ်သွားသည်။ သည့်နောက် နံရံနောက်၌ သူ ပြန်ပေါ်လာသည်။
သည်အခိုက်၌ နေမင်းသည် ဝင်ရောက်ကာ ညအချိန် ရောက်ရှိလာ၏။ ဝမ်လင်းသည် သူ့ရှေ့ရှိ အရာရာကို ကြည့်နေ၏။ အထူးသဖြင့် နောက်မျိုးဆက်များ တည်ဆောက်ထားသည့် အုတ်ဂူကိုပင်။ သူက အုတ်ဂူရှေ့၌ ဒူးထောက်ချ၏။ မသိလိုက်ပါဘဲနှင့် သူ့ထံမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာတော့သည်။
“အဖေနဲ့အမေ…ထေ့ကျူး ပြန်ရောက်လာပါပြီ…”
(ဘာသာပြန်သူမှတ်ချက်…ဝမ်လင်း၏ ငယ်နာမည်မှာ ထေ့ကျူး ဖြစ်၏။)
သူ့မျက်နှာထက်မှ မျက်ရည်များ လိမ့်ဆင်းကျနေရင်း သူသည် ရှိုက်နေမိ၏။ဝမ်းနည်းမှုသာ သူ့အား ကြီးစိုးထား၏။ဝမ်လင်းသည် အချိန်အကြာကြီး ဒူးထောက်နေသည်။အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။
ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့သည်လည်း သည်နေရာတွင် ရှိနေကြ၏။ထာရှန်၏မျက်လုံးသည် အေးစက်နေဆဲပင်။ သို့သော် ခေါင်းကြီးကောင်လေးကမူ သည်အဖြစ်များကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်သည်။
သူက သည်နေရာကို အစတုန်းက မသိခဲ့ပေ။ သို့သော် ဝမ်လင်း၏ လုပ်ကိုင်ပုံများကို တွေ့မြင်သည့်အခါ သူသည် သည်နေရာမှာ ရှုမူ၏ ဘိုးဘေးအိမ် ဖြစ်ကြောင်း သိသွား၏။ ခေါင်းကြီးကောင်လေးသည် သည်လိုအဖြစ်မျိုး ဘယ်တုန်းကမျှ မခံစား၊မကြုံဖူးပေ။ ခုချိန်၌ သူက သူ့ကလေးဘဝကိုပါ ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်သွားရသည်။
ဝမ်လင်းသည် အုတ်ဂူထက်ရှိ တုန်ကင်အမှတ်အသားကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်ကာ အိမ်များကို ကြည့်သည်။
သူက ခြံဝန်းတံခါးကို ဖွင့်လိုက်ရင်း တံခါးသံသည် ကျွိခနဲ မည်သွားသည်။ခြံဝန်းအတွင်း၌ မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိပေ။ စားပွဲခုံသည် အရင်တိုင်း။လူများ မရှိသည်ကလွဲ၍ ကျန်တာသည့် အရင်တိုင်းသာ။
ဝမ်လင်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်မှ အသံကို ခပ်ရေးရေးပြန်ကြားယောင်မိသည်။
“ထေ့ကျူး…သား ဘယ်တော့ စာလုပ်မှာလဲ…”
“ထေ့ကျူး…သား ကောင်းကောင်း စာလုပ်လေ့လာနော်။ နောက်နှစ်ကျရင် နိုင်ငံစာမေးပွဲ ရှိတယ်။ဒီစာမေးပွဲက သား အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တယ်။ အဖေ့လိုမျိုး ဒီရွာမှာပဲ တစ်သက်လုံး မနေပါနဲ့…”
“တော်လောက်ပြီ။ ရှင်ဟာလေ နေ့တိုင်း သားကို ဒါပဲ ပြောနေတယ်။ ထေ့ကျူးက ဒီစာမေးပွဲကို အောင်မှာ ကျမ ယုံကြည်ပြီးသား…”
“ထေ့ကျူး…သား ဦးလေးလေးက လူကောင်းတစ်ယောက်ပဲ။ သူ့ကျေးဇူးကြောင့် သားအဖေရဲ့ သစ်သားပန်းပုတွေ ရောင်းရပြီး ငွေတွေရနေတာ။သား အနာဂတ်မှာ ကြီးပွားလာခဲ့ရင် သားဦးလေးလေးကို ပြန်ပေးဆပ်ဖို့ မမေ့ပါနဲ့…”
ဝမ်လင်း၏ ခန္ဓာကိုယ်ကနေ ဝမ်းနည်းမှုအငွေ့အသက်အော်ရာ ပျံ့လွင့်နေသည်။သူက ခြံဝန်းထဲသို့ ခြေချ၏။ သည်နေရာက သူနှစ်ပေါင်းများစွာ ထွက်ခွာသွားခဲ့သည့် သူ့အိမ်ပင်။
ဝမ်လင်းသည် လူငယ်တစ်ယောက်နှင့်တူသော်လည်း သူ့ထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေသည်။
ဝမ်လင်းက အိမ်နံရံတို့ကို သူ့လက်ဖြင့် ထိတွေ့မိချိန်၌ သူ့စိတ်ထဲတွင် သူ့ကလေးဘဝ ပုံရိပ်များ တဖျပ်ဖျပ် ပြန်ပေါ်နေတော့သည်။ဝမ်းနည်းမှုက ပိုပြင်းထန်လာ၏။
ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့ကို အိမ်အပြင်တွင် ထားခဲ့ပြီးနောက် ဝမ်လင်းသည် ဘိုးဘေးအိမ်အတွင်း၌ ထိုင်ချလိုက်၏။ သူက သည်အိမ်၏ အော်ရာကို ခံစားမိကာ ကျင့်ကြံခြင်းလောကကိုပါ မေ့လျော့နေပြီး သူ့ ပျော်ရွှင်စရာကလေးဘဝ၊မိဘနှစ်ပါး၏ ချစ်ခြင်းမေတ္တာကို ပြန်တွေးကြည့် ခံစားနေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ ဝမ်လင်း၏ ကလေးဘဝ မှတ်ဉာဏ်များသည် သည်နေရာတွင် တစ်ကိုယ်တည်း ထိုင်နေရင်း တဖြည်းဖြည်း ပြန်ပေါ်လာနေ၏။
တစ်ခါတစ်ရံ သူက ပြုံး၊ တစ်ခါတစ်ရံ သူက ဝမ်နည်းဟန်တို့ ဖြစ်ပေါ်နေသည်။
သူ့ပျော်ရွှင်မှုပင် အထီးကျန်ဆန်နေ၏။ သူ့အပြုံးသည် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်မှာ ထင်ရှားသည်။သူ့မျက်လုံးထံမှ မျက်ရည်များ စီးဆင်းကျနေ၏။
လရောင်သည် တဖြည်းဖြည်း လွင့်ပါးကာ နေမင်းက မြင့်တက်ကာ အမှောင်ထုကို ဖယ်ရှားလာသည်။ မြေကမ္ဘာထက်သို့ နေအလင်းရောင်ဆင်းသက်လာရင်း ဝမ်ဘိုးဘေးမြို့ကို ခြုံလွှမ်းသည်။
နေအလင်းရောင်သည် အိမ်ပြတင်းကနေ တစ်ဆင့် တိုးဝင်ကျရောက်လာရင်း ဝမ်လင်းသည် အတိတ်ကိုအောက်မေ့ မိန်းမောနေရာကနေ ပြန်နိုးထလာတော့၏။ သူက သူ့ပတ်လည်ကို ကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ပြန်ထွက်ခွာလာတော့သည်။
ထာရှန်သည် တညလုံး မလှုပ်မယှက် ရပ်နေ၏။ခေါင်းကြီးကောင်လေး၏ အသွင်က ပို၍ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။ သူသည်လည်း တညလုံး ကလေးဘဝ၏ နာကျင်မှုကို ပြန်တွေးမိရင်း ကုန်ဆုံးခဲ့ပေသည်။ အချို့အမည်မသိ အကြောင်းရင်းများကြောင့် သူသည် ထိုနာကျင်မှုမှတ်ဉာဏ်များထဲမှ စိတ်သက်သာမှုကိုပါ ရှာတွေ့နိုင်စွမ်း ရှိခဲ့သည်။
ညက ဝမ်လင်းတို့ အုပ်စုသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထား၏။ မနက်ခင်းအလင်း ကျရောက်လာချိန်၌ သူတို့သည် နံရံအပြင်ဘက်ရှိ စစ်သားများ၏ အာရုံစိုက်ခြင်းကို ခံလာရ၏။ စစ်သားများ၏ အာမေဍိတ်သံတို့ ထွက်ပေါ်လာကာ သူတို့သည် စုစည်းလာကြ၏။ သူတို့ထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် ဝမ်လင်းတို့ ပေါ်သို့ ကျရောက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းကနေ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ထိ အမျိုးမျိုး ရှိနေကြသည့် ကျင့်ကြံသူများပါ ရောက်ရှိလာကြသည်။ သူတို့၏ နတ်ဘုရားအာရုံများသည် ဝမ်လင်းတို့အုပ်စုပေါ်သို့ ကျရောက်နေ၏။
ကြမ်းတမ်းသော ဟိန်းဟောက်သံတစ်ခု နံရံအပြင်ဘက်ကနေ ထွက်ပေါ်လာ၏။ “ရိုင်းစိုင်းလိုက်တဲ့ကောင်တွေ။ မင်းတို့က ဝမ်ဘိုးဘေးအိမ်ကို ချိုးဖျက် ဝင်ရောက်ရဲတယ်ပေါ့။ ဒါဟာ မင်းတို့မိသားစုတစ်စုလုံး သုတ်သင်ခံရမယ့် ရာဇဝတ်မှုဆိုတာ မသိကြဘူးလား…”
ကျင့်ကြံသူများ ရောက်ရှိလာကြ၏။သူတို့သည် ဒေါသပုန်ထနေသည်။
“မင်းတို့သုံးယောက်က သတိမထားမိအောင် ဝမ်ဘိုးဘေးအိမ်ထဲ ဝင်နိုင်တယ်ဆိုတော့ မင်းတို့က ကျင့်ကြံသူတွေ ဖြစ်ရမယ်။မင်းတို့ ဘယ်ကလန်က လာတာပဲ ဖြစ်ဖြစ် မင်းတို့အကြီးအကဲတွေက မင်းတို့ကို သတိမပေးထားဘူးလား။ ဝမ်မိသားစုဝင်တွေက လွဲလို့ ဘယ်သူမှ ဒီအထဲကို ခြေလှမ်းတစ်ဝက်တောင် ခြေချခွင့် မရှိဘူး…”
ထိုသို့ ပြောလာသူသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် အဘိုးအိုတစ်ယောက်ပင်။
ထာရှန်သည် မည်သည့်ဟန်ပန်မှ ဖြစ်ပေါ်မနေဘဲ သူတို့အား ကြည့်ပင်မကြည့်ပေ။ခေါင်းကြီးကောင်လေးက မျက်လုံးကစား၏။ သို့သော် သူက စကားမဆိုပေ။
သူ့မိဘအုတ်ဂူကို ကြည့်နေရင်းကနေ ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။သူက ကျင့်ကြံသူများကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ဒီအုတ်ဂူကို ဘယ်သူ ဆောက်ပေးခဲ့တာလဲ…”
ဝမ်လင်းအသံက ပေါ့ပါးလှသည်။သို့သော် ထိုအသံ ကျင့်ကြံသူများ၏ နားထဲသို့ ကျရောက်သွားသည့်အခါ သူတို့သည် ကောင်းကင်ဘုံခွန်အားတစ်ခု ကျဆင်းလာသည့်အလား ခံစားလိုက်ကြရ၏။ သူတို့အတွက် ခုခံနိုင်စွမ်းမဲ့လှသည်။
ထိုအခါ ကျင့်ကြံသူအားလုံး၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားကြ၏။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာသည် ဖြူရောသွားသည်။သူက စိတ်ဝိညာည်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ကာ ကိုယ်ပိုင်နယ်ပယ်လည်း ပိုင်ဆိုင်ထားသည့်အတွက် သူ့ခံစားချက်မှာ ပိုပြင်းထန်နေသည်။သူ့ကိုယ်ပိုင်နယ်ပယ်ပင် ဝါးမြိုခံလိုက်ရသကဲ့သို့ ခံစားမိ၏။
သည့်အပြင် သူ့အား ဖြေဆိုရန် အားတစ်ခုပါ ထိုအသံထဲ၌ ပါဝင်နေ၏။ သူသာ မဖြေဆိုပါက ချက်ခြင်း ပျက်စီးသွားပေမည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိကာ ပြောလာ၏။ “ဒီ…ဒီအုတ်ဂူကို သေမျိုးဖြစ်တဲ့ တော်ဝင်မိသားစုဝင်က တည်ဆောက်ပေးခဲ့တာပါ။ဒါက ဝမ်မိသားစုဘိုးဘေးတွေရဲ့ အိမ်တော်ဖြစ်ပြီး ငါ့ဟင်္သာပြဒါးဂြိုဟ်ရဲ့ဘိုးဘေး ငယ်ဘဝက အိမ်လည်း ဖြစ်ခဲ့ပါတယ်…”
သူက ထိုသို့ ပြောနေရင်း ဝမ်လင်းကို ကြည့်ကာ မင်သက်နေသည်။သူ့တွင် ထိုလူသည် သူနှင့် ရင်းနှီးလွန်းသည်ဟု ခံစားမိနေ၏။ သို့သော် မည်သို့ပင် စဉ်းစားစဉ်းစား သူက မမှတ်မိဘဲ ဖြစ်နေသည်။
“ဝမ် မိသားစု…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေကာ သူ့မိဘအုတ်ဂူကို ကြည့်၏။ သူက နောက်လှည့်ကာ ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့နှင့်အတူ ထွက်ခွာရန် ပြင်သည်။
သို့သော် ထိုအခိုက်၌ အကွာအဝေးတစ်ခုကနေ မိုးခြိမ်းသံတစ်မျှ တုန်ဟီးသံတစ်ခု ထွက်ပေါ်လာရင်း အနက်ရောင်တိမ်တိုက်များ တဟုန်ထိုး ရောက်ရှိလာသည်။တစ်ချိန်တည်းမှာ ထိုတိမ်တိုက်အတွင်းမှ ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းတို့က ဝမ်ဘိုးဘေးအိမ်တော်ကို ကျူးကျော်လာဝံ့တယ်ပေါ့။ငါရွှမ်တောက်ကလန်ဟာ ဒီနေရာကို မျိုးဆက်ပေါင်းများစွာ စောင့်ကြပ်လာခဲ့တာ။မင်းတို့က ဒီနေရာကို ကျူးကျော်လာတယ်ဆိုတော့ ရွှမ်တောက်ကလန်က မတည်ရှိဘူးလို့များလား တွေးထင်နေတာလား…”
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ လူတစ်ယောက်သည် လှမ်းထွက်လာ၏။ ထိုလူသည် တခေါင်းလုံး ဖြူဖွေးနေကာ သူ့မျက်လုံးမှာ တောက်ပနေ၏။ သူက လှမ်းထွက်လာသည်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းကျင့်ကြံခြင်းအဆင့်၏ အော်ရာသည် ပေါ်ထွက်လာတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုအဘိုးအိုကို တွေ့မြင်သည်နှင့် လေးစားဟန် ဖြစ်ပေါ်လာကြ၏။
“ရွှမ်တောက်ကလန်…” အဘိုးအိုကို ကြည့်နေသော ဝမ်လင်း၏အကြည့်က ပို၍ ညင်သာသွားသည်။ သူက ခေါင်းညိတ်ာ ဖြည်းဖြည်းချင်း ပြောလာသည်။ “မင်းတောင်မှ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်သွားပြီပေါ့။ ကျိုးနိုင်ငံက အဆင့်ငါးနိုင်ငံ ဖြစ်လာခဲ့ပြီပေါ့လေ…”
အဘိုးအိုက ဒေါသထွက်နေ၏။သို့သော် သူက မင်သက်လို့သွားပြန်သည်။သူက မျက်မှောင်ကြုတ်ကာ ပြောလာ၏။ “ငါ့ကျိုးနိုင်ငံက လွန်ခဲ့တဲ့ နှစ်သုံးရာတည်းက အဆင့်ငါးကျင့်ကြံခြင်းနိုင်ငံ ဖြစ်လာခဲ့တာ။ဒါကို ဟင်္သာပြဒါးဂြိုဟ်က ကျင့်ကြံသူတိုင်း သိထားကြတယ်။ မင်း ဘယ်သူလဲ…”
သူက ဝမ်လင်းကို ကြည့်မိသည့်အခါ၌ ရင်းနှီးသလို ခံစားမိ၏။ သူက ဝမ်လင်းကို တနေရာရာမှာ မြင်တွေ့ခဲ့ဖူးသည်ဟု ထင်နေမိသည်။
“အဆင့်ငါး ကျင့်ကြံခြင်းနိုင်ငံ…” ဝမ်လင်းသည် မြေပြင်ထက်ကို ကြည့်ကာ ကျေနပ်မှုကို ခံစားမိ၏။ သူ ထွက်ခွာလာချိန်က ကျိုးနိုင်ငံသည် အဆင့်သုံးနိုင်ငံတစ်ခုသာ ဖြစ်သေးသည်။ သို့သော် ခုချိန်၌ နှစ်ပေါင်းရာချီကြာမြင့်ပြီးသည့်နောက် အဆင့်ငါးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပြီ မဟုတ်လား။
သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းသည် အဘိုးအိုကို ကြည်၏။သေချာကြည့်မိမှ သူသည် အချို့သဲလွန်စများကို တွေ့မြင်သွားကာ ပြုံးလာသည်။သူက ခပ်ဖျော့ဖျော့ အော်ရာတစ်ခုကို ခံစားမိ၏။ ထိုအော်ရာမှာ သူ ပိုင်ဆိုင်သည့် အော်ရာပင် မဟုတ်လား။
သူက ကျိုးနိုင်ငံတွင် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ချိန်၌ စိတ်ဝိညာဉ်မျိုးစေ့ ဆယ်စေ့ ချန်ထားပေးခဲ့သည်ကို ပြန်သတိရသွားသည်။ထိုအဘိုးအိုသည် သူချန်ထားပေးခဲ့သော မျိုးစေ့ဆယ်စေ့ကို ရရှိခဲ့သည့် လူဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေပေသည်။
ဝမ်လင်းက ပြုံး၍ မေးသည်။ “ဒီနှစ်တွေအတွင်း မင်းတို့ ရွှမ်တောက်ကလန်က ဒီနေရာကို စောင့်ကြပ်ခဲ့တာလား။ ဒီကျင့်ကြံသူတွေကလည်း ရွှမ်တောက်ကလန်က တပည့်တွေပဲလား…”
အဘိုးအိုသည် မျက်မှောင်ကြုတ်သွား၏။သူက ဝမ်လင်းတို့အုပ်စုကို ကြည့်သည်။အချို့ မသိရသည့်အကြောင်းရင်းများကြောင့် သူသည် သူ့ဒေါသကို ဖိနှိပ်ကာ တုံ့ဆိုင်းဆိုင်း ပြန်ဖြေလာသည်။ “ငါ့ရွှမ်တောက်ကလန်တစ်ခုတည်း မဟုတ်ပါဘူး။ဟင်္သာပြဒါးဂြိုဟ်ရဲ့ တခြားကလန်တစ်ခုလည်း ဒီနေရာကို အလှည့်ကျ လာစောင့်ရှောက်တယ်။ ဒိနေရာကို လာတဲ့လူတိုင်းက ကလန်ရဲ့ ပါရမီရှိတဲ့ ကျင့်ကြံသူတွေ ဖြစ်ကြတယ်…”
“ဝမ်ဘိုးဘေးအိမ်ကို စောင့်ရှောက်ခြင်းဟာ ဟင်္သာပြဒါးဂြိုဟ်ရဲ့ ကျင့်ကြံသူတွေအတွက် ဂုဏ်ယူစရာတစ်ခုပဲ ဖြစ်တယ်…”
အဘိုးအိုသည် ဘာကြောင့်မှန်းမသိ ဝမ်လင်းကို အသေးစိတ် ပြောပြနေမိသည်။
အဘိုးအို၏စကားကို ကြားသည့်အခါ ဝမ်လင်း၏အကြည့်သည် အခြားကျင့်ကြံသူများ အပေါ်သို့ ကျရောက်သွားသည်။သူတို့တစ်ယောက်ချင်းစီသည်လည်း ပါရမီ ရှိကြသူများပင်။ဝမ်လင်းက ထိုအဘိုးအို အမှန်ပြောနေမှန်း သိနေ၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သက်ပြင်းချသည်။ သည့်နောက် သူက ပြောလာ၏။ “အားလုံးကို ကျေးဇူးတင်တယ်…” ထိုသို့ပြောလိုက်ပြီးသည့်နောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ မူလစွမ်းအင် ပေါ်လာ၏။ ၎င်းစွမ်းအင်တို့က သလင်းကျောက်ငယ်များအဖြစ်သို့ ပြောင်းကာ ကျင့်ကြံသူတစ်ယောက်ခြင်းစီပေါ်သို့ ကျရောက်သွားသည်။
ကျင့်ကြံသူတိုင်းသည် မင်သက်ကုန်ကြ၏။ သူတို့၏ခန္ဓာကိုယ်ထဲသို့ အပူစီးကြောင်းတစ်ခု တိုးဝင်လာသည်ဟု ချက်ခြင်း ခံစားမိကြသည်။သူတို့၏ ပုံပန်းအသွင်သည် ထူဆန်းလာ၏။
“မင်း…” စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အဘိုးအိုသည် ပို၍ပင် အံ့အားသင့်မိသည်။ သူက ဝမ်လင်းကို ကြည့်မိလေလေ ပို၍ ရင်းနှီးသလို ခံစားမိလာလေပင်။
“မင်း တော်တယ်။ မင်း ဒီအဆင့်ထိ ရောက်လာတာဟာ အတိတ်တုန်းက ငါ ပေးခဲ့တဲ့ စိတ်ဝိညာဉ်မျိုးစေ့တစ်ခုတည်းကြောင့် မဟုတ်ဘူး…” ထိုသို့ပြောလိုက်ပြီးနောက် ဝမ်လင်းသည် နောက်လှည့်ကာ ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့နှင့်အတူ ထွက်ခွာသွားတော့သည်။ သူတို့သုံးယောက်သည် မိုးကုပ်စက်ဝိုင်းစွန်း၌ ပျောက်ကွယ်သွားကြတော့၏။
“စိတ်ဝိညာည်မျိုးစေ့…စိတ်ဝိညာဉ်…” အဘိုးအို၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူက ချက်ခြင်းပင် အခြားလူ၏ပုံရိပ်ကို သိရှိသွားသည်။သူ့မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ အထင်းသား ဖြစ်ပေါ်လာသည်။သက အံ့အားတသင့် ဆိုလာ၏။ “ဝမ်မိသားစုဘိုးဘေး…”
သူက ထိုသို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်ကာ စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်ကုန်၏။ သူတို့သည် သူတို့မျက်လုံးကိုပင် မယုံကြည်နိုင်ဟန် ဖြစ်နေကာ ဝမ်လင်းတို့ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်မိကုန်သည်။
“သူ…သူက ဝမ်မိသားစုဘိုးဘေးလား…”
“ဟင်္သာပြဒါးဂြိုဟ်ရဲ့ စောင့်ကြပ်သူ၊ မရေမတွက်နိုင်သောနှစ်ပေါင်းများစွာအထိ ဒီဂြိုဟ်ပေါ်မှာ နံပါတ်တစ်နေရာမှာ ရှိနေတဲ့ ဝမ်မိသားစုဘိုးဘေး…ဝမ်လင်း…”
***