Switch Mode

အပိုင်း(၉၄၃)

အိမ်အပြန်

ကောင်းကင်ဘုံအင်ပါယာချင်လင်းက သည်ချိပ်တံဆိပ်မန္တာန်များပြီးမှ ကောင်းကင်ဘုံသက်တော်စောင့်မန္တာန်ကို တီထွင်ခဲ့သည်မှာ သိသာပေ၏။ကောင်းကင်ဘုံသက်တော်စောင့်များသည် ရှေးဟောင်းနတ်ဘုရားများကို တုပထားခြင်း ဖြစ်သလို သည်ချိပ်တံဆိပ်များကမူ သူတို့၏အစေခံများကို ထိန်းချုပ်ရာ၌ အသုံးပြုခဲ့သည်။

သည်နှစ်ခုကြား ကွာခြားမှုတစ်ခု ရှိ၏။ ကောင်းကင်ဘုံသက်တော်စောင့်များသည် ၎င်းတို့၏ ရုပ်ပိုင်းခန္ဓာကိုယ်ကိုသာ အာရုံစိုက်၍ မန္တာန်များက ဒုတိယဦးစားပေး ဖြစ်သည်။ ထိုသက်တော်စောင့်က အောင်မြင်သည်နှင့် မန္တာန်ပြုလုပ်သူ သူတို့ကို မဖြေမလျော့ပေးချင်း သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

ချိပ်ပိတ်ခြင်းမန္တာန်ကမူ သစ္စာရှိလာစေမည် ဖြစ်သော်လည်း ပြီးပြည့်စုံသည်တော့ မဟုတ်ပေ။ မန္တာန်တစ်ခု ဖြစ်နေသ၍ ပြည့်စုံမှု လုံးဝ ရှိနေမည်တော့ မဟုတ်ပါ။ အချိန်တိုက်စားမှုအောက်၌ အမျိုးမျိုးသော အကြောင်းအချက်များက မန္တာန်၏ ပျက်စီးမှုကို မြင့်တက်လာစေနိုင်သည်။

ဝမ်လင်းသည် ထိုအဖြစ်နှင့် ပတ်သတ်၍ ရှင်းလင်းစွာ သိထား၏။ ခေါင်းကြီးကောင်လေး၏ မျက်ခုံးနှစ်ခုကြားသို့ ချိပ်တံဆိပ်ကျရောက်သွားသည့်အခါ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်အားလုံးသည် စတင်အသက်ဝင်လာကာ သူ့မူလစိတ်ဝိညာဉ်ပေါ်၌ ချိပ်ပိတ်မှုတံဆိပ်တစ်ခု ပေါ်လာတော့၏။ ခေါင်းကြီးကောင်လေးက မဖြစ်ညစ်ကျယ်ပြုံး၍ လေးစားစွာ ပြောသည်။ “သခင့်ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက ခေါင်းကြီးကောင်လေးကို ကြည့်ကာ ပြော၏။ “ဂြိုဟ်အပြင်ကို ထွက်သွားပြီး အလုံးစုံကောင်းကင်ရဲ့ ကျင့်ကြံသူတွေကို ထွက်သွားခိုင်းလိုက်တော့။မင်းကတော့ ဒီမှာပဲ နေခဲ့…”

ခေါင်းကြီးကောင်လေးက သက်ပြင်းချကာ အမိန့်ကို အသိအမှတ်ပြုသည်။သူက လေထဲသို့ ခုန်တက်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

ဝမ်လင်းသည် သူနှင့်ရင်းနှီးနေသည့် သူ့ပတ်လည်မှ လောကကို ကြည့်ကာ သူ့မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့မှုတို့ ဖြစ်ပေါ်လာသည်။ သူက သည်နေရာတွင် အမှတ်တရ မှတ်ဉာဏ်များစွာ ရှိခဲ့ဖူးသည် မဟုတ်လား။

“ငါ ထပ်တွေ့နိုင်သေးတဲ့ ငါ့မိတ်ဆွေတွေ၊အသိတေွ ဘယ်လောက်ရှိနေဦးမလဲ ငါ မသိတော့ဘူး…” ဝမ်လင်းထံ၌ ဝမ်းနည်းမှုဟန်ပန် ဖြစ်ပေါ်နေ၏။ သည့်နောက် သူ့အရိပ်သည် ဖျပ်ခနဲ ဖြစ်သွားကာ ထာရှန် လှမ်းထွက်လာ၏။ထာရှန်က တိတ်ဆိတ်စွာ ရပ်နေ၏။

ဝမ်လင်းသည် သူ့အိမ်လို ဖြစ်ခဲ့သည့် ဂြိုဟ်ကမ္ဘာကို စူးစိုက်ကြည့်နေရင်း သူ့စိတ်နှလုံးထဲရှိ အတိတ်ကို ပြန်အောက်မေ့မှုမှာ ပို ပြင်းထန်လာတော့သည်။

သိပ်မကြာခင်တွင် ခေါင်းကြီးကောင်လေးသည် ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ သူက ဝမ်လင်း၏ နောက်တွင် တည်ငြိမ်စွာ ရပ်နေသည်။

အလင်းတန်းများသည် အကွာအဝေးတစ်ခုကနေ လှမ်းလာနေ၏။ အလင်းတန်းနှစ်ခုက အခြားအလင်းများထက် ပိုမြန်နေ၏။ သူတို့နှစ်ယောက်မှာ ကျိုးဝုထိုင်နှင့်ယွမ်ချွဲဇီတို့ပင်။

ဝမ်လင်းက ရှေ့သို့ တစ်လှမ်းတိုး၏။သူ့ခန္ဓာကိုယ်သည် လုံးဝ ပျောက်ကွယ်သွားသည်။ သူက ကျိုးဝုထိုင်နှင့်ယွမ်ချွဲဇီတို့ထံ၌ နတ်ဘုရားအာရုံတစ်ခုကိုသာ ချန်ထားခဲ့လေ၏။

“ငါ တိတ်တိတ်ဆိတ်ဆိတ်‌ နေချင်သေးတယ်….”

ကျိုးဝုထိုင်သည် ထိုနတ်ဘုရားအာရုံကို ခံစားမိသည်နှင့် သူ့စိတ်နှင့်ခန္ဓာမှာ တုန်လှုပ်သွား၏။ သည်နတ်ဘုရားအာရုံက ညင်သာသော်လည်း သူ့ကို ကြောက်ရွှံ့စေကာ လေးစားမှုတို့ ဖြစ်ပေါ်စေသည်။တစ်ချိန်တည်းမှာပင် သူ့စိတ်သည်လည်း ရှုပ်ထွေးနေမိ၏။

သူက နှစ်ရာချီ ကြာမြင့်ပြီးတဲ့နောက် အခုလောက် စွမ်းအားကောင်းလာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”

တကယ်တော့ ကျိုးဝုထိုင်သည် ဟင်္သာပြဒါးခေါင်းစီး ဖြစ်၏။ထို့ကြောင့် သူသည် သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ပြန်ဖိနှိပ်ထားနိုင်လိုက်သည်။သည့်နောက် သူသည် ယွမ်ချွဲဇီကို နှုတ်ဆက်ပြီးနောက် သူ့လူများနှင့် ပြန်ထွက်သွားတော့သည်။

ယွမ်ချွဲဇီက ပို၍ပင် စိတ်ရှုပ်ထွေးနေမိသည်။ဝမ်လင်း၏ နတ်ဘုရားအာရုံသည် သူ့စိတ်ကို တုန်ယင်စေ၏။ အတိတ်တုန်းက ကောင်ငယ်လေးသည် အခု အံ့မခန်းကျင့်ကြံမှုအဆင့်သို့ ရောက်နေခဲ့ပြီ မဟုတ်လား။ သူက သက်ပြင်းချမိ၏။ သူက အတိတ်တုန်းက စားသောက်ဆိုင်တစ်ခု၌ သူ့အရက်ဖိုး ရှင်းပေးခဲ့သည့် လူငယ်လေးတစ်ယောက်၏ ပုံရိပ်ကို ပြန်မြင်ယောင်ကြည့်မိသည်။

သူက သူနှင့် ကျူးချွဲဇီတို့ကြားတိုက်ပွဲ၊ စွန့်ပစ်ခံမသေမျိုးကလန်နှင့် ဟင်္သာပြဒါးနိုင်ငံတို့ကြား တိုက်ပွဲအကြောင်း ပြန်တွေးမိ၏။ ခုချိန်၌ ထိုအရာများသည် မထင်မရှား မှုန်ဝါးသွားခဲ့လေပြီ။

ကျိုးဝုထိုင်နှင့်ယွမ်ချွဲဇီတို့က ဝမ်လင်းပြန်ရောက်လာမှုအကြောင်းကို ပိတ်ပင်ထားသည်။ အစောပိုင်း ပြန်နိုးထ သတိဝင်လာသည့် ကျင့်ကြံသူများကလွဲ၍ အခြားမည်သူကမျှ ဝမ်လင်း ပြန်ရောက်ရှိလာမှုကို မသိကြသေးပေ။

သူတို့နှစ်ယောက် ထိုသို့ ပြုလုပ်ရခြင်းမှာ ဝမ်လင်း၏ နတ်ဘုရားအာရုံထဲ၌ အတိတ်ကို ပြန်အောက်မေ့မှုတို့ ပါဝင်နေခြင်းကြောင့် ဖြစ်၏။သူက တစ်ယောက်တည်း အချိန်တစ်ခုလိုပေမည်။ အခြားလူများ သူ့ကို မနှောက်ယှက်ဖို့ လိုနေသေး၏။

ရက်အတော်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် သူ့ပတ်လည်ရှိ ရင်းနှီးသောမြင်ကွင်းကို ကြည့်ကာ လမ်းမအတိုင်း လမ်းလျှောက်လာနေ၏။ သူက အမြန် လျှောက်နေခြင်း မဟုတ်ဘဲ သူ့ထံမှ အထီးကျန်မှု အငွေ့အသက်တို့ ဖြာထွက်နေသည်။နေဝင်ချိန်က သူ့အရိပ်ကို ဆန့်ထွက်စေကာ နေဝင်ချိန်အောက်၌ ဝမ်လင်း၏ အထီးကျန်ပုံရိပ်သည် ပေါ်ထွက်နေတော့၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် လူငယ်တစ်ယောက်နှင့်မတူ၊အဘိုးအိုတစ်ယောက်နှင့် ပိုတူနေသည်။သူက အိမ်ကနေ နှစ်ပေါင်းများစွာ ထွက်ခွာလာခဲ့သည့် လေလွင့်သူတစ်ယောက်လို။

ထာရှန်နှင့်ခေါင်းကြီးကောင်လေးသည် သူ့နောက်ကနေ တိတ်ဆိတ်စွာ လိုက်လာနေ၏။ထာရှန်၏အသွင်က ပြောင်းလဲမသွားပေ။ဝမ်လင်းကို ကာကွယ်ပေးရမည့် သူ့တာဝန်အတိုင်း အဆင့်သင့် ဖြစ်နေသည့်ပုံပင်။ ဝမ်လင်းကို ရန်လိုလာသည့် မည်သူမဆို သူ့တိုက်ခိုက်မှုအား အရင်ဆုံး ခံရပေမည်။

ခေါင်းကြီးကောင်လေးသည်လည်း တိတ်ဆိတ်နေသည်။သူ့စိတ်က ရှုပ်ပွနေ၏။သူက ရှင်းရှင်းလင်းလင်း မတွေးနိုင် ဖြစ်နေသည်။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်နေ၏။ သူ့ပတ်လည်ရှိ အရာအားလုံးသည် ယခုအခါ သူနှင့် စိမ်းနေ၏။သို့သော် ထိုစိမ်းနေမှုထဲ၌ ရင်းနှီးခဲ့ဖူးသည့် အရိပ်အမြွက်တို့တော့ ပါဝင်နေပေသည်။ယခု သူလျှောက်နေသည့် လမ်းသည် နိုင်ငံလူသွားလမ်းငယ်တစ်ခုသာ ဖြစ်ခဲ့၏။သို့သော် အချိန်ကာလာတိုက်စားမှုအောက်၌ ၎င်းလမ်းက များစွာ ပြောင်းလဲလာခဲ့လေပြီ။

လမ်းလျှောက်နေရင်း ဝမ်လင်းစိတ်ထဲရှိ အတိတ်ကို အောက်မေ့မှုသည် ပို၍ ပြင်းထန်လာနေ၏။သူက လမ်းအဆုံးကို ခပ်ရေးရေး မြင်သည်။

ထိုနေရာ၌ မြို့ကြီးတစ်မြို့ ရှိ၏။ ဆူသံညံသံ များနှင့် လှုပ်ရှားသက်ဝင်နေပေလိမ့်မည်။ထိုမြို့၏ ဂိတ်ပေါက်ဝ အပေါ်၌ ကျောက်ပြားတစ်ခု ရေးထွင်း ထားသည်။ ထိုကျောက်ပြားပေါ်၌ စာလုံးသုံးလုံး ရှိ၏။

“ဝမ် ဘိုးဘေး မြို့…”

အကွာအဝေးတစ်ခုကနေ ထိုမြို့ကို ကြည့်နေရင်း ဝမ်လင်းသည် လမ်းလျှောက်နေရာကနေ ရပ်လိုက်သည်။သူ့‌ မွေးရပ်မြေမြို့နှင့် သူ့မိဘနှစ်ပါး၏ ပုံရိပ်သည် ဝမ်လင်း၏ စိတ်ကို ကြီးစိုးထားချေသည်။

“ပြောင်းလဲမှု…” ဝမ်လင်း၏အသွင်၌ ဝမ်းနည်းမှုတို့ ဖြစ်ပေါ်နေ၏။ သည်မြို့သည် သူ့မှတ်ဉာဏ်များထဲက မြို့နှင့် လုံးဝ ခြားနားသွားခဲ့လေပြီ။

သူ တွေဝေစဉ်းစားနေရင်း သူ့နောက်မှ မြင်းခွာသံများ ရထားလုံးသံများ မြည်ဟီးလာ၏။ သပ်မကြာခင်တွင် ရထားလုံးအုပ်စုတစ်စုသည် ဖြည်းဖြည်းချင်း ရောက်လာ၏။

ထိုရထားလုံးအုပ်စုသည် သာမန်ပင်။ရှေ့ဆုံးရှိ မြင်းများပေါ်၌ လူအနည်းငယ် စီးနင်းကာ လမ်းရှင်းနေသည်။ နောက်ရှိ မြင်းများကမူ ရထားလုံးများကို ဆွဲယူလာ၏။ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် ရထားလုံများထဲမှ ရှေ့ဘက်ရှိ ရထားလုံးတစ်ခုပေါ်တွင် ထိုင်လျက် လိုက်ပါလာသည်။သူ့မျက်လုံးက တောက်ပနေ၏။သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်မည်မှာ ရှင်းလင်းနေသည်။

အဘိုးအိုသည် ရံဖန်ရံခါ လက်ထဲရှိ ကျာပွတ်ကို မြှောက်ကာ ရထားလုံးအရှိန်ကို မြင့်စေသည်။

အဘိုးအိုက ဝမ်လင်းကို ဖြတ်ကျော်သွားသည့်အခါ သူသည် ဝမ်လင်းတို့အုပ်စုသို့ အလိုလို ကြည့်မိ၏။သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထွက်ခွာသွားတော့သည်။

ဝမ်လင်းကမူ ရထားလုံးလှည်းများနောက်ကနေသာ ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လျှောက်လာသည်။

မြို့ထဲသို့ ဝင်လာပြီးသည့်နောက် လမ်းမထက်၌ လမ်းသွားလမ်းလာများနှင့် ပြည့်လို့နေ၏။ လမ်းသွယ်များသည်လည်း နေရာအနှံ့၊ဆိုင်များသည်လည်း လမ်းသွယ်တိုင်း ရှိနေကာ စည်ကားသက်ဝင်လှသည်။

ဝမ်လင်းသည် အထီးကျန်စွာ လျှောက်လှမ်းလာသည်။သူ့ရှေ့ရှိ အရာရာသည် သူနှင့် မရင်းနှီးနေတော့ပေ။

“လူတွေ ပြောင်းလဲသွားခဲ့ကြပြီ…” ဝမ်လင်းသည် ဆိုင်တစ်ဆိုင် ရှေ့၌ မတ်တပ်ရပ်နေ၏။ သူက ထိုဆိုင်ကို ကြည့်နေရင်း သူ့အကြည့်သည် မှုန်ဝါးသွားသည်။

သူက သည်နေရာ၌ အိုမင်းသည့်မယ်ဇလီပင်ကြီးတစ်ပင်ရှိခဲ့ဖူး၏။ထိုအပင်ကြီး၏ အောက်ခြေ၌ အပြာရောင်ကျောက်တုံးတစ်တုံးလည်း ရှိခဲ့ဖူးသည်။ သူ့ကလေးဘဝက သည်နေရာတွင် မကြာမကြာ လာထိုင်ကာ စာလိပ်များ လေ့လာခဲ့ဖူးသည်။

ဝမ်လင်းသည် သူ့ ဦးလေးလေး သူ့ကို ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ အခွင့်ရေးတစ်ခု လာပေးခဲ့တုန်းက အချိန်ကို မှတ်မိသွား၏။ထိုနေ့က သူသည် သည်မယ်ဇလီပင်ကြီးအောက်တွင် ထိုင်ကာ ကောင်းကင်ထက်သို့ ငေးမောနေခဲ့သည် မဟုတ်လား။

ထိုဆိုင်ကို ကြည့်နေရင်း ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားကြည့်နေ၏။ နှစ်ရာချီသည် ဖျပ်ခနဲ့ တဖျပ်ဖျပ် ကုန်လွန်သွားခဲ့သလိုပင်။ ထိုအချိန်ကာလသည် ကျင့်ကြံသူများအဖို့ မကြာလှပေ။ သို့သော် သေမျိုးများအတွက်မူ မျိုးဆက်ပေါင်းများစွာ ဖြစ်ပေါ်လာဖို့အတွက် လုံလောက်နေပေ၏။

သူက သည်နေရာတွင် ရပ်နေသည်မှာ အချိန်ကြာလာသည့်အတွက် ဆိုင်အကူတစ်ယောက်သည် မျက်မှောင်ကြုတ် လှမ်းထွက်ကာ ဟိန်းဟောက်ရန် ပြင်၏။ သို့သော် သူက ထာရှန်ကို တွေ့မြင်သည့်အခါ ကြောက်လန့်သွား၏။ သည်လို လူကောင်ကြီးကြီးလူသည် သည်နားပတ်လည်၌ တွေ့ရခဲသည် မဟုတ်လား။ သူက နောက်ထပ် ထပ်ကြည့်ရာ ခေါင်းကြီးကောင်လေးကို တွေ့မြင်သွားသည်။

ခေါင်းကြီးကောင်လေးက ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသည့်ပုံ ဖြစ်နေ၏။ ဆိုင်အကူ၏ မျက်နှာပင် ဖြူရောသွား၏။ သူက ဝမ်လင်းကို ကြည့်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်၍ မေးလာ၏။ “အစ်ကိုလေး…ငါတို့ဆိုင်က ကျောက်စိမ်းပြားတွေ ရောင်းပါတယ်။သင် ဝယ်ချင်ရင် ဝင်လာခဲ့ပါ။ မဟုတ်ရင်တော့ ထွက်သွားပေးပါ။ သင် ဒီနေရာမှာ အကြာကြီး ရပ်နေတာက ဘာအဓိပ္ပာယ်များပါလဲ…”

ဝမ်လင်းသည် သက်ပြင်းချကာ ပြော၏။ “ဆိုင်အကူ…ဒီနေရာမှာ မယ်ဇလီပင်အိုကြီးတစ်ပင် ရှိခဲ့လား…”

ဆိုင်အကူသည် ဘာတစ်ခုမှ မပြောလိုပေ။ သို့သော် ဝမ်လင်း နောက်ရှိ ထာရှန်နှင့်ခေါင်းကြီးကောင်လေးကို တွေ့မြင်သည့်အခါ သူက ပြန်ဖြေလာ၏။ “မယ်ဇလီပင်အိုကြီး ဟုတ်လား။ငါက ဒီဝမ်ဘိုးဘေးမြို့မှာ ကြီးပြင်းလာခဲ့တဲ့သူ၊ တစ်ခါမှ ဒီလိုမယ်ဇလီပင်အိုကို မတွေ့မြင်ခဲ့ဖူးဘူး…”

ဝမ်လင်းမျက်လုံးထဲရှိ ဝမ်းနည်းမှုသည် ပို၍ ပြင်းထန်လာသည်။ သူ့စိတ်နှလုံးသည် ခါးသက်နေ၏။ သူက လမ်းသွယ်အတိုင်း ဆက်၍ လျှောက်လာကာ မြို့ထဲသို့ ပိုဝင်လာမိ၏။ထာရှန်နှင့်ခေါင်းကြီးကောင်လေးသည် သူ့နောက်ကနေ လိုက်ပါလာသည်။

ဆိုင်အကူသည် ဝမ်လင်းထွက်ခွာသွားချိန်၌ စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ထိုအခိုက်၌ အသက်ကြီးကြီးလူတစ်ယေက်သည် တောင်မွှေးတစ်ချောင်း ကိုင်ကာ အိမ်ထဲကနေ ထွက်လာ၏။အစေခံတစ်ယောက်က သူ့အား ဖေးကူထားသည်။ သူက ခပ်ဩဩအသံနှင့် မေးလာ၏။ “အပြင်မှာ ဘာဖြစ်နေတာလဲ…”

ဆိုင်အကူကောင်လေးက အမြန်လှမ်းလာကာ ပြုံး၍ ဆိုသည်။ “ဆိုင်ရှင်…ဘာမှ မဟုတ်ပါဘူး။ ဒီနေရာမှာ မယ်ဇလီပင်အိုကြီး ရှိလာဆိုပြီး ငါ့ကို လာမေးနေတဲ့ ထူးဆန်းတဲ့ လူသုံးယောက်ပါ။ကျနော် ဒီနေရာမှာ ကြီးပျင်းလာတာ သူတို့ပြောတဲ့ အပင်တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ကျနော့်အထင် သူတို့ နေရာမှားနေတာ ဖြစ်ရမယ်…”

အဘိုးအိုသည် မင်သက်သွားသည်။ သူ ဖျော့တော့တော့ မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့မှုတို့ ဖြစ်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ဆိုလာသည်။ “ငါ မှတ်မိသေးတယ်။ ငါ ကလေးဘဝတုန်းက လူကြီးတွေ ပြောတာတော့ ဒီနေရာမှာ မယ်ဇလီပင်ကြီး ရှိခဲ့ဖူးတယ်တဲ့။ဒါက အချိန်ကြာလွန်းခဲ့ပါပြီလေ…”

ဆိုင်အကူက အံ့အားသင့်သွားသည်။သို့သော် သူက ထိုအပင်ရှိခဲ့သည်ကို မယုံပေ။

ဝမ်လင်းသည် လမ်းဆက်လျှောက်နေရင်း သည်နေရာ၌ သူနှင့်ရင်းနှီးသည့် မြင်ကွင်းတို့ ရှိမနေသည်ကိုသာ တွေ့နေရ၏။ အရာရာသည် သူ့အတွက် စိမ်းနေသည်။

သူက ဆက်လျှောက်နေရင်း ရုတ်တရက် တုန်ယင်သွား၏။သူ့နှစ်ပေါင်းတစ်ထောင် ကျင့်ကြံမှုပင် ကြေမွလွယ်သလို ဖြစ်သွားသလား ထင်မှတ်ရ၏။

သူက နှစ်ပေါင်းများစွာ အိမ်ကနေ ထွက်လာခဲ့သည့်သူ တစ်ယောက်လို ဖြစ်နေသည်။သည့်နောက် တစိမ်းတရံများကိုသာ မြင်တွေ့နေရပြီး ရုတ်တရက် သူနှင့်ရင်းနှီးသည့် တစ်စုံတစ်ခုကို တွေ့မြင်သွားခဲ့ခြင်းပင်။

ဝမ်လင်းသည် သူ့ရှေ့ ပေတစ်ထောင်လောက်ကို လှမ်းကြည့်ရာ ကျောက်နံရံများ ကာဆီးနေသည့် နေရာတစ်ခု ရှိနေသည်ကို တွေ့ရသည်။ ထိုနေရာ၌ စစ်သားအုပ်စုတစ်စုက ကင်းလှည့်နေ၏။သည်နေရာသည် ကောင်းစွာ စောင့်ကြပ်ထားကာ မည်သူမျှ ဝင်ခွင့်မရှိသည်မှာ သိသာနေ၏။

ထို့အပြင် သည်နေရာပတ်ဝန်းကျင်တွင် ကျင့်ကြံသူများ၏ အော်ရာ ဒါဇင်ချီ ရှိနေသေးသည်။

သည်နေရာက သည်မြို့၏ အရေးကြီးဆုံးနေရာ ဖြစ်မှန်း လူတစ်ယောက်သည် စိတ်ကူးကြည့်နိုင်ပေသည်။

ထိုနေရာအတွင်းရှိ ကျောက်တုံးများသည် အပြင်ဘက်၌ ကွာခြားလှသည်။ သည်နေရာထဲရှိ အိမ်အတော်များများသည် ဝမ်လင်းကို ရင်းနှီးသောခံစားချက်အား ပေးစွမ်းသည်။

စစ်သားများက နံရံဘေးနား၌ ကင်းလှည့်နေရင်း တစ်ခါတစ်ရံ နံရံအတွင်းသို့ ကြည့်၏။ သူတို့၏မျက်နှာထက်၌ လေးစားမှုတို့ နက်ရှိုင်းစွာ ရှိနေကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset