Switch Mode

အပိုင်း(၉၄၂)

အစေခံ

ခေါင်းကြီးကောင်လေး၏မျက်လုံးတို့သည် တောက်ပနေ၏။သူ့အကြည့်က ကြမ်းကြုတ်ရက်စက်သည့် သားရဲတစ်ကောင်လို ဖြစ်နေသည်။

ခေါင်းကြီးကောင်လေး၏ ဘဝသည် ကံဆိုးမှုတို့နှင့် ပြည့်ခဲ့၏။ သူ မွေးဖွားလာခဲ့ကတည်းက သူ့ခေါင်းကကြီး၊ခန္ဓာကိုယ်ကသေးကာ အချိုးမညီ ဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူ ကလေးဘဝ၌ ရွယ်တူများ၏ လှောင်ပြောင်သရောမှုကို ခံခဲ့ရလေ၏။

သူ့အမေကိုယ်တိုင်ကလည်း သူ့ကို မချစ်ခင်ဘဲ လုံးလုံး ပစ်ထားခဲ့သေး၏။သူက သူ့ကလေးဘဝကို အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ကလူပြုခြင်းခံရမှုတို့နှင့် ကုန်ဆုံးခဲ့ရ၏။ ထိုအခါ သူ့မျက်နှာပေါ်တွင် ရူးကြောင်ကြောင်အပြုံးသည် တဖြည်းဖြည်း နေရာယူလာခဲ့တော့သည်။

သူ့ပါရမီအရ သူသည် ကျင့်ကြံရန် မဖြစ်နိုင်ပေ။ အသက်ဆယ့်ငါးနှစ်၌ သူက မိသားစုကနေ ကန်ထုတ်ခံရကာ ကလန်အဖွဲ့ဝင်တစ်ယောက်အဖြစ်မှ ဖယ်ကြဉ်ခြင်းပါ ခံရတော့၏။

သို့သော်လည်း မည်သူကမျှ နောက်နှစ်ပေါင်းငါးရာ ကြာမြင့်ပြီးသည့်နောက် ကလန်အတွင်း၌ သူ ပြန်ပေါ်လာခဲ့လိမ့်မည်ဟု မတွေးထင်ထားမိကြပေ။ သူ့ပုံပန်းသွင်ပြင်က ပြန်ပေါ်လာသည့်အခါ၌ များစွာ ပြောင်းလဲသွားခြင်းမရှိ၊ရူးသွပ်သွပ်အပြုံးတစ်ခု မျက်နှာထက်၌ ရှိနေဆဲ။ သို့သော် သူက ထိုပြန်ပေါ်လာသည့်အခါ၌ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

ထိုအဖြစ်က မိသားစု၏အာရုံကို ချက်ခြင်း ဖမ်းစားသွားနိုင်၏။ထိုအချိန်မှစ၍ သူက မိသားစု၌ အထက်တန်းကနေ ဖြစ်လာခဲ့သည်။အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်ခဲ့၏။ နှစ်ပေါင်းထောင်ချီကြာပြီးသည့်နောက် သူသည် အထည်ဒြပ်ယန်အဆင့်၏ အထွတ်အထိပ်ထိပင် ရောက်လာခဲ့တော့သည်။

သူ့ကလေးဘဝသည် သူ့စိတ်နေစိတ်ထားကို တလွဲဖြစ်စေခဲ့၏။သည်နှစ်ပေါင်းထောင်ချီအတွင်း သူက လူများစွာကို အနိုင်ကျင့်၊သတ်ဖြတ်ခဲ့တော့သည်။

ထို့အပြင် သူက သတိအင်မတန်ရှိသည့်လူလည်း ဖြစ်သေး၏။ သူ တစ်ခုခု လုပ်ဆောင်လိုက်ပါက သူသည် အခြားလူတစ်ယောက် မည်သည့်သဲလွန်စမှ မရှာတွေ့မိအောင် သေချာလုပ်ဆောင်တတ်၏။ သို့သော် လွန်ခဲ့သော နှစ်သုံးဆယ်က သူ့မိသားစုဝင်တစ်ယောက်ကို သတ်ဖြတ်ခဲ့စဉ်အတွင်း ထိုအဖြစ်ကို မဖုံးကွယ်နိုင် ဖြစ်သွားခဲ့၏။ ထိုအခါ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ဘိုးဘေးကိုယ်တိုင် သူ့အား ကိုယ်တိုင်သတ်ပစ်ရန် ဖြစ်လာခဲ့တော့သည်။

မိသားစုတိုင်းက ထိုတိုက်ပွဲကို လွယ်ကူလိမ့်မည်ဟု တွေးထားခဲ့ကြ၏။ သို့သော် ခေါင်းကြီးကောင်လေး၏ ကျင့်ကြံမှုက ထိုတိုက်ပွဲအတွင်း နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သို့ ရုတ်တရက် ရောက်ရှိသွား၏။သူက ထိုအချိန်မတိုင်ခင် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်နှင့်ခဲ့ပြီး သူ့ကျင့်ကြံမှုကို ဖုန်းကွယ်ထားခဲ့ခြင်း ဖြစ်တော့၏။ သည့်နောက် သူသည် သူ့ဘိုးဘေးနှင့်အတူ တိုက်ပွဲစတင်ခဲ့လေသည်။

ထိုတိုက်ပွဲ၌ ဘိုးဘေးသည် သေဆုံးခဲ့ကာ ခေါင်းကြီးကောင်လေးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရ၍ နောက်ဆုတ်သွားခဲ့၏။ သည့်နောက် သူနှင် ပတ်သတ်သည့် သတင်းမှာ ကောင်းကင်ဦးစီး ပြိုင်ပွဲမတိုင်ခင်အထိ မကြားခဲ့ရတော့ပေ။ သူ ပြန်ပေါ်လာသည်နှင့် သူ့မိသားစုတွင် လှိုင်းထန်မည် ဖြစ်၏။

သူ့ဘဝအကြောင်း ပြန်တွေးမိနေရင်း ခေါင်းကြီးကောင်လေး၏မျက်လုံးထဲရှိ ရက်စက်လိုမှုသည် အားကောင်းလာ၏။ သူက မာန်သွင်းလိုက်သည့်အခါ သူ့ဦးခေါင်းပြောင်ထက်ရှိ အရွတ်များသည် ဖိနှိပ်မှုအော်ရာကို သယ်ဆောင်ရင်း ဝမ်လင်းရှိရာသို့ တိုးဝင်လာတော့၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့သည် သည်ဧရိယာတွင် ပြည့်၏။ နတ်ဆိုးစွမ်းအင်ပါ ရှိနေပြန်သည်။ အသားအရွတ်တိုင်လုံးသည် ဝမ်လင်းနှင့် ချက်ခြင်းနီးကပ်လာ၏။ ၎င်းက မရေမတွက်နိုင်သော အရွတ်များအဖြစ်သို့ ပြောင်းကာ ပိုက်ကွန်သဖွယ် ဖြစ်တည်သည်။ထိုပိုက်ကွန်မှာ ဧရိယာတော်တော်များများကို ခြုံလွှမ်းရင်း ဝမ်လင်းအပေါ်သို့ ကျရောက်လာ၏။

ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်နေလျက်ပင်။သူက ပစ္စည်းတစ်ခုကို ထွေးထုတ်၏။ထိုပစ္စည်းမှာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးပင်။၎င်း ထွက်ပေါ်လာသည်နှင့် ရွှေရောင်တောက်ပရင်း ရွှေရောင်စာလုံးများစွာ ပျံ့နှံ့လာကုန်၏။အနှီရွှေရောင်စာလုံးများက ဝဲကတော့တစ်ခုအသွင် ဖြစ်တည်သည်။

အရွတ်ပိုက်ကွန်သည် ချက်ခြင်းပင် ဝဲကတော့၏ ခြုံလွှမ်းခြင်းကို ခံရ၏။ သို့သော် ရွှေရောင်စာလုံးများက ၎င်းပိုက်ကွန်အပေါ်သို့ တိုက်ရိုက် ထိကျလာခြင်း မဟုတ်ပါ။ ရွှေရောင်စာလုံးတစ်လုံးချင်းစီသည် ချိပ်ပိတ်မှုတစ်ခု ဖြစ်နေသည် မဟုတ်လား။

ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကိုပါ ချိပ်ပိတ်ပစ်နိုင်သည့် ရွှေရောင်စာလုံးများသည် အင်မတန် ကြမ်းတမ်းလှသည်မှာ သဘာဝပင်။ ၎င်းတို့ သက်ဆင်းလာသည့်အခါ တုန်ဟီးသံများ ဖြစ်ပေါ်၍ ချိပ်တံဆိပ်များ၏ သန်မာမှုမှာ ပုံမှန်ထက် ဆယ်စ ပိုအားကောင်းလာသည်။ချက်ခြင်းလိုလိုပင် ရွှေရောင်ဝဲကတော့မှာ သည်ဧရိယာကို ခြုံလွှမ်းရင်း ခေါင်းကြီးကောင်လုံးကို ရွှေရောင်အလင်းတို့ လွှမ်းခြုံစီးမိုးသွားသည်။သူက ချိပ်ပိတ်ခြင်း ခံလိုက်ရလေပြီ။

ခေါင်းကြီးကောင်လေးက မာန်သွင်းရင်း သူ့မျက်လုံးသည် နီမြန်းလာ၏။ သူက စတင် ရုန်းကန်သည်။ စာလုံးများသည် စတင် ပျက်စီးလာ၏။ ထိုအခိုက်တွင် ဝမ်လင်းသည် လှုပ်ရှားလာသည်။

ဝမ်လင်းက သူ့ညာခြေဖြင့် တစ်လှမ်းလှမ်း၏။ လှိုင်းတွန့်များ ပေါ်လာသည်။ သူက ဒုတိယခြေလှမ်းကို လှမ်းသည့်အခါ ဟင်းလင်းပြင်သည် ကျုံ့လာသလား ထင်မှတ်ရကာ သူက ခြေတစ်လှမ်းဖြင့် နေရာတိုင်းသို့ ရောက်သွားနိုင်သည့်အသွင် ဆောင်လာ၏။

ဟင်းလင်းပြင် ကွေးညွတ်ခြင်း။

ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့်ပင် ခေါင်းကြီးကောင်လေးနားသို့ ရောက်ရှိသွား၏။ သူ့လက်နှစ်ချောင်းဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေသည်။သူ့လက်ချောင်းထဲ၌ သူ့နယ်ပယ်စွမ်အားပါ ထည့်သွင်းထား၏။ လက်ညွှန်ချက်တစ်ချက်ဖြင့်ပင် ယင်နှင့်ယန်ငါးများ ပေါ်လာတော့သည်။

သူ့လက်ချောင်းတို့မှာ အဖြူအနက်အခိုးငွေ့များ ခြုံလွှမ်းကာ အောက်သို့ ဖိချလာ၏။ သူ့လက်ညွှိုးတိုက်ခိုက်မှုသည် ရွှေရောင်စာလုံးတို့ကို ဖြတ်သန်း၍ ခေါင်းကြီးကောင်လေး၏ မျက်ခုံးနှစ်ခုကြားပေါ်သို့ တိုက်ရိုက် ကျရောက်လာတော့သည်။

ခေါင်းကြီးကောင်လေး၏မျက်လုံးတို့သည် ကြောက်ရွှံ့မှုနှင့် ပြည့်၏။ သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။ သို့သော် ဝမ်လင်းနှင့် ယှဉ်ပါက သူသည် နှေးလွန်းနေ၏။ သည်အခိုက်၌ သူ့ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုသည် ပူပြင်းပေါက်ကွဲလာတော့မလို ခံစားမိသည်။

အဖြူနှင့်အနက်အခိုးငွေ့များသည် ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်ကို ဝန်းရံထားကာ သူ့အလွန်အမင်းကြီးမားနေသည့် ဦးခေါင်းကို ချက်ခြင်း ကျုံ့စေသည်။သူ့ဦးခေါင်းထက်မှ ချဲ့ကားထွက်နေသည့် အရွတ်များမှာလည်း ကျုံ့လာခဲ့သည်သာ။

သူက သွေးအန်ထုတ်ရ၏။ သူ့သွေးများသည် ကြုံရာကျပန်း အန်ထုတ်ခြင်းမဟုတ်။သွေးစက်တိုင်းသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာ၏။

သွေးစက်တိုင်း၌ အားကောင်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပါဝင်နေ၏။ ထိုသွေးစက်များသည် ဝမ်လင်းပေါ်သို့ ကျရောက်ပါက သူ့ခန္ဓာကိုယ်ပါ ပျက်စီးသွားနိုင်သည။တကယ်တော့ ခေါင်းကြီးကောင်လေး၏ကျင့်ကြံမှုမှာ အားနည်းသည် မဟုတ်ပါ။ သူက ဒုတိယအဆင့်ကျင့်ကြံသူ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် မဟုတ်လား။

ဝမ်လင်း၏အသွင်က သာမန်ပင်။သူက ရှောင်ပင် မရှောင်ပေ။ သွေးများ သူ့ထံသို့ နီးကပ်လာသည့်အခါ၌ ဝမ်လင်းသည် ခပ်တိုးတိုး ပြော၏။ “ချည်နှောင်ခြင်း…”

(ဘာသာပြန်သူမှတ်ချက်… မူရင်း Chinese ကနေ English သို့ ပြန်ဆိုသူသည် ဝမ်လင်း၏ ရပ်တန့်ခြင်း မန္တာန်ကို အခုအခန်းမှစ၍ ချည်နှောင်ခြင်း မန္တာန်ဟု ပြောင်းလဲခေါ်ဆိုခဲ့ပေသည်။ )

သူ့နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကြောင့် ထိုချည်နှောင်ခြင်းမန္တာန်သည် အရင်ထက် ပို၍ အားကောင်းလာခဲ့၏။ ထိုထက်ပိုသည်က ဝမ်လင်း သည်မန္တာန်ကို အသုံးပြုသည့်အခါ၌ ချင်းရွှေ သူ့ထံ၌ ချန်ထားပေးခဲ့သော ပုတီးစေ့သည် မြန်ဆန်စွာ လှည်ပတ်၍ ကောင်းကင်ဘုံမူလစွမ်းအင်သည် လောကသို့ ရောက်ရှိလာသည့် အငွေ့အသက် ဖြစ်စေခြင်းပင်။

ထိုအဖြစ်က ချည်နှောင်ခြင်းမန္တာန်ကို ဝမ်လင်း သင်ယူခဲ့စဉ်မှစ၍ အခုအခိုက်၌ အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာစေခဲ့ပေသည်။

စကားတစ်ခွန်းဖြင့်ပင် ဝမ်လင်းထံသို့ တိုးဝင်လာသည့် သွေးများသည် လေထဲ၌ပင် အေးခဲသွားသည်။ သွေးများသာမက လွတ်မြောက်ရန် ရုန်းကန်နေသည့် ခေါင်းကြီးကောင်လေးပင် တောင့်တင်းသွားတော့သည်။

တိုက်ပွဲအစက‌နေ အဆုံးထိ ဝမ်လင်းသည် တည်ငြိမ်၏။ သူက သွေးများကို ရပ်တန့်စေပြီးနောက် သူ့လက်ဖြင့် ခေါင်းကြီးကောင်လေး၏ မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ချလာတော့သည်။

ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူက အဝေးသို့ လွင့်စင်သွားသည်။ ချည်နှောင်ခြင်းမန္တာန်သည် ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့် သူ့နောက်သို့ လိုက်လာသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဓားအလင်းတန်းများ ဆင်းသက်လာသည်နှင့် သူ့အသွင်မှာ ပြောင်းလဲသွား၏။ ထိုဓားအလင်းတန်းများမှာ တစ်ခုခုမှားနေသည်ဟု ခံစားမိသည့် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများပင် ဖြစ်ကြသည်။သူတို့၏ ကျင့်ကြံမှုအဆင့်က အားကောင်းလှသည့်အတွက် လေထုကို ထွင်းဖောက်ကာ ဆင်းသက်လာကြတော့သည်။

ထိုလူများ၏အသွင်အပြင်သည် ဟင်္သာပြဒါးဂြိုဟ်အတွက် ကြီးမားသည့်ဖိအားကို ဖြစ်စေ၏။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများသည် အံ့အားသင့် မင်သက်မိကုန်၏။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ဆင်းသက်လာသည့်အခါ၌ သူတို့သည် ဝမ်လင်းနှင့်ခေါင်းကြီးကောင်လေးကို ချက်ခြင်း တွေ့မြင်ကြ၏။ ဝမ်လင်းကို တွေ့မြင်သည့်အခါ၌ သူတို့၏အမူအရာသည် ကြီးစွာ ပြောင်းလဲကုန်သည်။

ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။ သူက နောက်ကနေ ဆက်လိုက်ရင်း သူ့သိုလှောင်အိတ်ထဲမှ မိုးကြိုးကောင်းကင်ဘုံသား အဆင့်အတန်းကို ကိုယ်စားပြုသည့် ကောင်းကင်ကျားအလံကို ပစ်လွှတ်၏။

ထိုအသံ ပေါ်လာသည်နှင့် ကြမ်းကြုတ်သော ကျားဟိန်းသံပါ တစ်ပါးတည်း လိုက်ပါလာ၏။ ထိုအလံပတ်လည်ရှိ ခရမ်းရောင်အခိုးငွေ့တို့သည် ကျားတစ်ကောင်အသွင်သို့ ပြောင်း၍ ကောင်းကင်ထက်ရှိ အလုံးစုံကောင်းကင်မှကျင့်ကြံသူများထံသို့ ဟိန်းသံ ပြု၏။

“ငါ တစ်စုံတစ်ယောက်နဲ့ အချိန်ပေးစရာရှိတယ်။ မင်းတို့အားလုံး အပြင်က စောင့်နေ။ မနာခံတဲ့လူမှန်သမျှ အသတ်ခံရမယ်…” ဝမ်လင်းသည် နောက်သို့ လှည့်ပင် မကြည့်ပေ။ သူ့လက်ချောင်းသည် ခေါင်းကြီးကောင်လေး၏ မျက်ခုံးနှစ်ခုကြားသို့ ထပ်မံ ရောက်ရှိလာ၏။တစီစီအသံများ ခေါင်းကြီးကောင်လေး၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာကာ သူသည် မြေပြင်ထက်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

မြေပြင်ထက်၌ ကျယ်လောင်စွာ မြည်ဟီးပြီး တွင်းနက်တစ်ခုပင် ဖြစ်ပေါ်သွားသည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် နောက်သို့ ချက်ခြင်း ပြန်ဆုတ်၏။သူတို့သည် စောစောကသာ သည်လိုအဖြစ်မှန်း သိပါက လာရောက်ကြည့်ရှုကြမည့်မဟုတ်ပေ။ ကောင်းကင်ဦးစီးရာထူးကို ဆုပ်ကိုင်ထားသည့် နှစ်ယောက်ကြားတိုက်ပွဲသည် သူတို့ ပါဝင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။

သူတို့က ဟင်္သာပြဒါးဂြိုဟ်ကနေ ပြန်ထွက်ခွာလာပြီးနောက် သည်တိုက်ပွဲ၌ မပါဝံ့တော့ပေ။

ထိုသို့ ရုတ်တရက်ပြောင်းလဲမှုကြောင့် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ဟင်္သာပြဒါးဂြိုဟ်၏ ဘိုးဘေး ဝမ်လင်းသည် အလုံးစုံကောင်းကင်ကြယ်မှ ကျင့်ကြံသူများကြား၌ မြင့်မားလှသည့်အဆင့်တစ်ခု ရှိမည်ဖြစ်ကြောင်းကို နားလည်သွားကြ၏။

ဝမ်လင်းသည် မြေပြင်ထက်သို့ ပြန်ဆင်းသက်လာ၏။ သူက တွင်းနက်ထဲရှိ ခေါင်းကြီးကောင်လေးကို ကြည့်သည်။ ချည်နှောင်ခြင်းမန္တာန်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ခေါင်းကြီးကောင်လေး၏မျက်နှာသည် ဖြူရောနေ၏။ သူက သွေးများနှင့် ဖုံးလွှမ်းနေကာ ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်နေသည်။

ဝမ်လင်းက ခေါင်းကြီးကောင်လေးကို အေးစက်စွာ ကြည့်၏။ သူက သူ့လက်ကို ပင့်မြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ဟင်္သာပြဒါးဂြိုဟ်၏ ကောင်းကင်ထက်၌ မိုးကြိုးတိမ်တိုက် လျှပ်စီးများ ရုတ်ချည်း ဖုံးအုပ်လာ၏။ထိုမိုးကြိုးများကို ဝမ်လင်းက ထိန်းချုပ်ထားသည့်အလား သူ့လက်ရှိရာသို့ ၎င်းမိုးကြိုးများသည် တရကြမ်း စီးဝင်လာနေသည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်း၏လက်ထဲ၌ မိုးကြိုးလုံးတစ်ခု စုစည်း သိပ်သည်းလာသည်။

ခေါင်းကြီးကောင်လေးသည် ထိုမိုးကြိုးလုံးကို တွေ့မြင်သည်နှင့် သူ့စိတ်သည် တုန်ယင်ရ၏။သူ့ကို ကောင်းကင်လျှောက်လမ်း စမ်းသပ်မှု၌ ကြောက်ရွှံ့စေသည် မြင်ကွင်းသည် အခုထပ်မံ ပေါ်လာခဲ့ပြန်ပြီ။ သည်တစ်ကြိမ်၌ သူက အင်မတန် ကြောက်ရွှံ့နေ၏။ သူ့နှလုံးသားတွင်းကကို ကြောက်လန့်နေမိခြင်းပင်။

“အစ်ကိုရှု…ငါ့ရဲ့နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှုအဆင့်ဟာ လွယ်လွယ်ရခဲ့တာ မဟုတ်ပါဘူး။ သင်တစ်ခုခုလိုအပ်တယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပါ။ သင် ငါ့ကို မသတ်သရွှေ့ ငါ သဘောတူတယ်…”

ခေါင်းကြီးကောင်လေး၏မျက်လုံး သူငယ်အိမ်ပင် ကျုံ့နေ၏။ သူသည် အရူးတစ်ယောက် ငတုံးတစ်ကောင် မဟုတ်ပေ။သူက ဝမ်လင်းနှင့် စတိုက်ခိုက်ကတည်းက ဝမ်လင်းသည် အားကောင်းသောမန္တာန်များကို အသုံးမပြုခဲ့သည်ကို သူ သိထား၏။ထို့ကြောင့် ဝမ်လင်းမှာ သူ့ကို သတ်ဖို့ မစီစဉ်ထားကြောင်း သိနေ၏။

ဝမ်လင်းက တည်ငြိမ်စွာ ဆိုသည်။ “ငါ အစေခံတစ်ယောက်လိုတယ်…”

ခေါင်းကြီးကောင်လေးသည် တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ပြောလာ၏။ “ငါ ကောင်းကင်ဘုံရေကန်ထဲကို ဝင်ခဲ့ပြီးကတည်းက ငါ့ နယ်ပယ်ကို ဆုံးရှုံးသွားခဲ့ပြီ။ငါ သင့်ကို တာအိုပုံရိပ် ပေးနိုင်စွမ်း မရှိတော့ဘူး…”

“ပြဿနာမရှိဘူး။ ငါ့မှာ မန္တာန်တစ်ခု ရှိတယ်။မင်းသာ ဆန္ဒရှိရင် ဘာအန္တရာယ်မှ ဖြစ်စေမှာ မဟုတ်ဘူး။ဒါပေမဲ့ မင်းခုခံရင်တော့ မင်း သေရလိမ့်မယ်…”

ထိုသို့ပြောလိုက်ရင်း ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်၏။ထိုအခါ ဆန်းကြယ်သောစာလုံးတစ်လုံး ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ ပုတီးစေ့မှ ကောင်းကင်ဘုံမူလစွမ်းအင်တို့ ထွက်ပေါ်လာကာ ဝမ်လင်းလက်ထဲရှိ စာလုံးပေါ်တွင် စုစည်းသည်။

ဝမ်လင်း၏ ညာလက်၌ ရွှေရောင်ရင့်ရင့်စာလုံးတစ်လုံး ပေါ်လာတော့၏။

သူက ကောင်းကင်ဘုံအင်ပါယာချင်လင်း၏ ကျောက်စိမ်းပြားကို လက်ခံခဲ့ရပြီးသည့်အချိန်က ကောင်းကင်ဘုံသက်တောင်စောင့်များကို သန့်စင်ခြင်း နည်းလမ်းအပြင် အခြားသူများကို ထိန်းချုပ်သည့် မန္တာန်များကိုလည်း သိရှိခဲ့၏။ သို့သော် ဝမ်လင်းသည် ၎င်းမန္တာန်များကို ကြိုးစားကြည့်သည့်အခါ၌ ကျောက်စိမ်းပြားထဲရှိ မှတ်တမ်းများက ပြောသလို အားကောင်းလှခြင်း မရှိခဲ့ပေ။

လီယွမ်၏ ကိုယ်ပေါ်၌ အသုံးပြုခံခဲ့ရသည့် ကျွန်အမှတ်အသားနည်းလမ်းပင် ကောင်းကင်ဘုံအင်ပါယာချင်လင်း၏ ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားခဲ့၏။ သို့သော် ဝမ်လင်းက ၎င်းမန္တာန်ကို သေချာလေ့လာကြည့်ပြီးနောက် သူက မည်သည့်သဲလွန်စကိုမျှ ရှာတွေ့နိုင်ခဲ့ခြင်း မရှိပေ။ ထိုအဖြစ်က ကောင်းကင်ဘုံမူလကို မသင်ယူခဲ့ချိန်ထိ ဖြစ်၏။ သူက ကောင်းကင်ဘုံမူလစွမ်းအင်ကို နားလည်လာသည့်အခါ အရာရာမှာ ရှင်းလင်းလာခဲ့သည်။

ထိုချိပ်ပိတ်ခြင်းမန္တာန်များမှာ ကောင်းကင်ဘုံသားများ အသုံးပြုခဲ့ခြင်း ဖြစ်နေ၏။ ကောင်းကင်မူလ မရှိပါဘဲ ထိုမန္တာန်များ၏အစစ်အမှန်စွမ်းအားကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းထံမှ ကောင်းကင်မူလစွမ်းအင်သည် စာလုံးတစ်လုံးအဖြစ် စုစည်း၏။ထို့နောက် ထိုစာလုံးသည် ခေါင်းကြီးကောင်လေး၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားတော့သည်။

ချက်ခြင်းပင် ဝမ်လင်းသည် ခေါင်းကြီးကောင်လေးကို သတ်ပစ်ဖို့ သူ့အတွေးတစ်ချက်သာ လိုကြောင်း ခံစားမိ၏။

သူက အနည်းငယ်စဉ်းစားပြီးနောက် ချိပ်တံဆိပ်နှင့် ကောင်းကင်ဘုံသက်တော်စောင့်ကြားရှိ ခြားနားမှုကိုပါ နားလည်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset