လူသူကင်းမဲ့သည့်ဂြိုဟ်ပေါ်၌ ဝမ်လင်းပတ်လည် ကီလိုမီတာ ငါးထောင် ဧရိယာသည် အလုံးစုံ သွေ့ခြောက်သွားသည်။ မြေပြင်သည် အက်ကွဲကာ ရှင်သန်ခြင်းဓာတ်အားလုံးကို ဝမ်လင်းက စုပ်ယူခဲ့ပြီး ဖြစ်သည်။
သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြောင်းလဲနေ၏။ သူက အသက်ဓာတ်အားတို့ကို ဆက်တိုက် စုပ်ယူနေရင်း သူ့ပုံပန်းသွင်ပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားတို့ ပြန်ပြည့်ဝလာ၏။
သူက မျက်လုံးဖွင့်လာ၏။အသက်ခပ်ဝဝရှိုက်သွင်းကာ ခပ်တိုးတိုး ရေရွတ်သည်။ “မရဏလက်ချောင်းပေါ်မူတည်ပြီး အသက်ဓာတ်အားကို ပြန်စုဆောင်းတာဟာ ချိုယွင်းချက်တွေတော့ ရှိတယ်…”
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် မတ်တပ်ထရပ်ကာ သည်ဂြိုဟ်ကနေ ခြေတစ်လမ်းဖြင့် ထွက်ခွာလာ၏။ထာရှန်သည် သူ့အရိပ်ထဲသို့ ဖျပ်ခနဲ ပြန်ပေါင်းစပ်သွားသည်။
“ဟင်္သာပြဒါးဂြိုဟ်…” ဝမ်လင်း၏ ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာပြီး သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားတော့သည်။
ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်တွင် ခေါင်းကြီးကောင်လေး၏ မေးခွန်းသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူညီအစ်ကိုနှစ်ယောက်၏ နားထဲ၌ ပဲ့တင်ထပ်နေသည်။
ထိုနှစ်ယောက်သည် စိတ်ထဲရှိ အလွန်အမင်းကြောက်ရွှံ့မှုကို ဖိနှိပ်ကာ တစ်ယောက်က ခပ်သွက်သွက် ပြောလာ၏။ “တမန်တော်ကောင်းကင်ဘုံသား….ငါတို့က ဒီဂြိုဟ်ပေါ်မှာ ရုပ်တုတစ်ခုကို တွေ့မြင်ခဲ့ပါတယ်….”
“ငါ မင်းတို့နှစ်ယောက်ကို ဒီဂြိုဟ်ပေါ်မှာ သတ်ဖြတ်ဖို့ ပြောခဲ့တာ။ရုတ်တုသွားကြည့်ဖို့ မဟုတ်ဘူး” ခေါင်းကြီးကောင်လေးက သူတို့နှစ်ယောက်စကားကို ဖြတ်ပြောကာ သူ့မျက်လုံးသည် အေးစက်လာ၏။ သူ့ထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလည်း ဖြစ်ပေါ်လာတော့သည်။
ထိုအခါ ညီအစ်ကိုထဲမှ တစ်ယောက်သည် ခေါင်းကြီးကောင်လေးကို ကြည့်ကာ လေးစားစွာ ပြောလာပြန်၏။ “အရှင် တမန်တော်ကောင်းကင်ဘုံသား…သင် ဒီရုပ်တုကို ကိုယ်တိုင် ကြည့်သင့်တယ်။အဲ့ကျရင် သင်က ငါတို့နှစ်ယောက် ဘာကြောင့် ပြန်ဆုတ်လာရတာလဲကို နားလည်သွားပါလိမ့်မယ်…”
ထိုသို့ပြောပြီးနောက် သူက ခေါင်းကြီးကောင်လေးကို ဆက်၍မကြည့်တော့ဘဲ သူ့ညီကို ဆွဲခေါ်ကာ ကျင့်ကြံသူအုပ်စုထဲသို့ ဝင်ရောက်လိုက်၏။
ခေါင်းကြီးကောင်လေးက သူတို့နှစ်ယောက်ကို သုန်မှုန်စွာ ကြည့်သည်။ သူက ခြေတစ်လှမ်းလှမ်းကာ ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။ သူက သည်လိုဂြိုဟ်မျိုး၌ ဘယ်တုန်းကမျှ ခြေချခဲ့ဖူးခြင်း မရှိပေ။ သူက သည်လိုဂြိုဟ်မျိုးကို တွေ့သည်နှင့် သူ့နောက်လိုက်များကိုသာ ထိုဂြိုဟ်ထဲသို့ စေလွှတ် သတ်ဖြတ်စေပြီး ထွက်ခွာလာခဲ့သည်သာ ဖြစ်သည်။
သူ့အမြင်၌ သူ့မန္တာန်များသည် အဆင့်ခုနစ်ဂြိုဟ်များအပေါ်၌သာ သုံးသင့်သည်ဟု ထင်နေ၏။
“ကံမကောင်းစွာနဲ့…။ငါက အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကိုမှ မတွေ့သေးတာပဲ။ငါက ဒီလို အစုတ်အပဲ့ဂြိုဟ်ပေါ်မှာ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်နှစ်ယောက်ကို ကြောက်ပြေးပြေးလာစေတဲ့ ဘယ်လိုလူများ ရှိနေမလဲ သိချင်မိတယ်။ခေါင်းကြီးကောင်လေးက အေးစက်စက်နှာခေါင်းရှုံ့၏။သူ့ခန္ဓာကိုယ်သည် ဂြိုဟ်အနားသို့ မသွားဘဲ သူ့နတ်ဘုရားအာရုံကိုသာ ဖြန့်ကျက်လိုက်၏။သူက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင်ရှိသူ ဖြစ်ကာ ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခဲ့၏။ထို့အတွက် သူ့တွင် နယ်ပယ် မရှိတော့ပေ။သို့သော် သူ့ထံ၌ ကောင်းကင်ဘုံမူလစွမ်းအင်တို့ ရှိလာခဲ့၏။
သူသည် အရင်က အသုံးပြုခဲ့သည့် ကောင်းကင်ဘုံမန္တာန်များကို ပိုမိုအားကောင်းစွာ သုံးစွဲလာနိုင်သည်။ထိုစွမ်းအားက သူ့အား အံ့အားသ့င်စေခဲ့ပေ၏။
သည်အခိုက်၌ သူ့နတ်ဘုရားအာရုံသည် ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ လွှမ်းခြုံလာ၏။ ထိုနတ်ဘုရားအာရုံသည် အားကောင်းလွန်းလှသည့်အတွက် ဟင်္သာပြဒါးဂြိုဟ်ပေါ၌ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
အချို့တောင်ထိပ်များသည် ချက်ခြင်း ပြိုကျ၊ မြစ်များသည် ဆူပွက်လာသလား ထင်ရသည်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းသည် သူတို့အပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသလို ခံစားနေရ၏။
ရုန့်ရင်းကြမ်းတမ်းလှသော နတ်ဘုရားအာရုံသည် အနက်ရောင်တိမ်များအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ကို ဖုံးအုပ်ကာ အောက်သို့ ကြမ်းတမ်းစွာ ဖိကျလာသည်။
အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများသည် ချက်ခြင်း တုန်ယင်သွားကြ၏။ သူတို့၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးတော့မည့်အလား ထင်ရသည်။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများအဖို့တော့ သွေးများစွာ အန်ထုတ်ရ၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ချက်ခြင်း တုန်ယင်ကာ သူတို့၏အမြုတေများပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။သူတို့၏မျက်နှာများသည် ဖြူရောကုန်ကာ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်နေသည်။
အခြေခံတည်ဆောက်ခြင်းနှင့်ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများထံကမူ သွေးမြူများပါ ပန်းထွက်လာသည်။သူတို့အားလုံးသည် မြေပေါ်သို့ လဲကျကာ အလွန်အမင်း အားနည်းသွားကြ၏။
ကျင့်ကြံသူများပင် ထိုသို့ ခံစားလိုက်ရသည့်အခါ သေမျိုးများဆိုပါက ပြောနေစရာပင် မလိုတော့ပေ။
ချက်ခြင်းလိုလိုပင် ဟင်္သာပြဒါးဂြိုဟ်မှာ တိတ်ဆိတ်သွား၏။
ထိုမျှသာ ဖြစ်ရခြင်းသည် ခေါင်းကြီးကောင်လေးမှာ မည်သူ့ကိုမျှ မသတ်လိုသေးသောကြောင့် ဖြစ်၏။မဟုတ်ပါက သူ့နတ်ဘုရားအာရုံ ခြုံလွှမ်းမှုဖြင့်ပင် အရာအားလုံး သေဆုံးသွာရပေလိမ့်မည်။
သူ့နတ်ဘုရားအာရုံ ကျရောက်လာမှု ဖိအားအောက်၌ အချို့လက်ရွေးစင်အချို့သာ ရုန်းကန်နိုင်ကြ၏။ ကျိုးဝုထိုင်မှာ နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ကာ သလင်းကျင့်ကြံခြင်းဂြိုဟ်၏ အမွေအနှစ်ကို ဆက်ခံထားသည့်သူပင်။ သည်အခိုက်၌ သူက မာန်သွင်းလိုက်ရာ အစိမ်းရောင်အလင်းသည် သူ့ခန္ဓာကိုယ်အား ဖုံးအုပ်၏။ ထိုအစိမ်းရောင်အလင်းသည် အစိမ်းရောင်ကြေးခွံများအဖြစ်သို့ ပြောင်း၍ သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ကောင်းကင်ထက်၌ ပေတစ်ထောင်ရှည်သည့် အစိမ်းရောင်နဂါးတစ်ကောင်ပေါ်လာကာ ၎င်းက ဟိန်းသံပြု၏။
ယွမ်ချွဲဇီက ရွှေရောင်တက်တူးများဖြင့် ဖုံးအုပ်နေ၏။သူ့အသွင်က ဖြူရောနေသည်။သူ့မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွနေသည်။သည်အခိုက်၌ သူက ကောင်းကင်နှင့်မြေကြီးကို ရင်ဆိုင်နေသည့် ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေ၏။
ယွမ်ချွဲဇီက အိုမင်းပြီ ဖြစ်သော်လည်း မာန်သွင်းလာ၏။ ကောင်းကင်ထက်၌ မိုးထိမြင့်မားသော သစ်ပင်ကြီး၏ ပုံရိပ်ယောင်အရိပ်တစ်ခု ပေါ်လာလေသည်။ထိုသစ်ပင်က အားကောင်းသောအော်ရာကို ပေးစွမ်းအကာ ကောင်းကင်ထက်သို့ ဆက်၍ မြင့်တက်နေသည်။
ကောင်းကင်ထက်မှ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ထိုနှာခေါင်းရှုံ့သံ ပေါ်လာသည့်အခါတွင် ၎င်းက အသံပေါက်ကွဲမှုများကို ဖြစ်စေ၏။ မြေကြီးထုသည် တုန်ခါကာ ကောင်းသည် မြင့်တက်လာသလား ထင်မှတ်ရသည်။
ယွမ်ချွဲဇီ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးများစွာ အန်ထုတ်ရ၏။ သူ့ပတ်လည်ရှိ တက်တူးများသည်လည်း ပျက်စီးသွားသည်။သူက ကြောက်မက်ဖွယ်ပြုံး၏။ အခြားတစ်ဖက်၏ စွမ်းအားကြောင့် ထိုသို့ ဖြစ်သွားခြင်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်အတွင်းရှိ အလိုလိုတုံ့ပြန်မှုက သူ့အား မနာခံ၊ဖိဆန်စေသည့်အတွက် အခုလို သွေးအန်လိုက်ရခြင်းပင်။
ခေါင်းကြီးကောင်လေး၏အသွင်က တည်ငြိမ်နေသည်။သူက လက်နှစ်ဖက်နောက်ပစ်ကာ ဆင်းသက်လာ၏။
ခေါင်းကြီးကောင်လေး ဆင်းသက်လာသည့်အခါ၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများအပေါ်သို့ တောင့်ခံနိုင်စွမ်း မရှိသည့် စွမ်းအင်သည် တဖြည်းဖြည်း ကျရောက်လာတော့သည်။
“အစုတ်အပဲ့ဂြိုဟ်တစ်ခု၊ ဒီနေရာမှာ ရှိတဲ့လူတိုင်းက အမှိုက်သာသာပဲ…”
ခေါင်းကြီးကောင်လေးက သူ့လက်ကို ပင့်မြှောက်ကာ ညွှန်၏။
သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် သူ့လက်ထိပ် လာရောက်စုဝေးကာ ရွှေရောင်တောက်ပလာသည်။ ထိုရွှေရောင်အလင်းထဲ၌ ကြောက်မက်ဖွယ်ကောင်းကင်ဘုံမန္တာန်တစ်ခု ပါဝင်၏။
အကွာအဝေးတစ်ခု၌ ကျိုးဝုထိုင်ကနေ ဖြစ်ပေါ်လာသည့် အစိမ်းရောင်နဂါးသည် ရွှေရောင်အလင်းတန်း၏ ထွင်းဖောက်ခြင်း ခံရ၏။ ၎င်းက နာကျင်စွာ ငြီးတွားလိုက်ရကာ ဟင်္သာပြဒါးဂြိုဟ်ကို စောင့်ကြပ်သည့်နဂါးသည် အလိုမတူစွာ ဟိန်းဟောက်ပြီးနောက် ပျက်စီးသွားရသည်။
ကျိုးဝုထိုင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက သွေးအန်ထုတ်ရသည်။သို့သော် သူ့မျက်လုံးထဲတွင် တိုက်ပွဲဆာလောင်စိတ်တို့ ပြည့်နေသည်။
ထိုအခိုက်၌ ခေါင်းကြီးကောင်လေး၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူက သူ့နတ်ဘုရားအာရုံမှ တစ်ဆင့် ရုပ်တုတစ်ခုကို ရှာတွေ့သွား၏။ခုချိန်၌ သူက ကလန်တစ်ခုရှိ ဧရာမရုပ်တုတစ်ခုကို တွေ့မြင်နေရပေပြီ။
သူက ထိုရုပ်တုကို တွေ့မြင်သည့်အခါ သူ့စိတ်ခွန်အားဖြင့်ပင် ပင့်သက်ရှိုက်မိသွားသည်။ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။
“ဒါ…ဒါက…”
သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွား၏။သူ့နှလုံးသည် ခုန်ပေါက်၏။ သူ့အသွင်ဟန်ပန်က အမြန် ပြောင်းလဲသွားသည်။သူက သည်နေရာတွင် ရှုမူ၏ရုပ်တု ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပါ။
ရှုမူက သူ့အတွက် အိပ်မက်ဆိုးပင်။ကောင်းကင်လျှောက်လမ်းအတွင်း၌ သူသည် ရှုမူကြောင့်ပင် သေဆုံးခဲ့ရဖူးသည် မဟုတ်လား။သူက ဝမ်လင်း၏ မိုးကြိုးမန္တာန်ကို ဦးရေပြား တင်းကြပ်သွားစေသည့်အထိ ထိတ်လန့်နေခဲ့၏။
သူက ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် ရှုမူကို ရန်မစဝံ့သေးပေ။
သည်အခိုက်အတန့်၌ သူက အသက်ဝဝရှုသွင်းရင်း ပျောက်ကွယ်သွားသည်။သူ ပြန်ပေါ်လာသည့်အခါ၌ တိမ်ကောင်းကင်ကလန်၏ ကောင်းကင်ထက်သို့ ရောက်နေသည်။သူက ဝမ်လင်း၏ရုပ်တုကို စူးစိုက်ကြည့်နေသည်။
သူက ပို၍ ကြည့်လေလေ တုန်လှုပ်မှု ပိုခံစားမိလေပင်။ သူ့စိတ်သည် ပို၍ တုန်ယင်မိလေပင်။
“နတ်ဆိုးသခင်ရှုမူ…” ခေါင်းကြီးကောင်လေးသည် သည်ရုပ်တုမှာ ရှုမူ ဖြစ်ကြောင်း လုံးဝ သေချာသိနေ၏။
တကယ်တော့ သူသည် ရှုမူလက်ချက်ဖြင့်ပင် သေဆုံးခဲ့ရသည် မဟုတ်လား။ ထို့ကြောင့် ရှုမူ၏ပုံပန်းသွင်ပြင်သည် သူ့စိတ်နှလုံးထဲ၌ ရေးထွင်းထားတော့သည်။
သူက ရုတ်တုကို ကြောင်ရီစွာ စူးစိုက်ကြည့်နေမိ၏။ ခေါင်းကြီးကောင်လေးသည် ဟိုကျင့်ကြံသူနှစ်ယောက် ဘာကြောင့် ပြန်ပြေးလာခဲ့သည်ကို နားလည်သွားတော့သည်။ရှုမူက ကျော်ကြားလွန်းလှသည် မဟုတ်လား။
ထိုင်ယန်သည် ရုပ်တုဘေးရှိ ကွင်းပြင်ထဲ၌ ထိုင်နေ၏။သူက ရုတ်တုကို ကြည့်ကာ နှာခေါင်းရှုံ့သည်။
ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် ယွမ်ချွဲဇီ၏မျက်လုံးသည် တောက်ပလာသည်။သူက ခေါင်းကြီးကောင်လေး၏ဟန်ပန်ကို တွေ့မြင်နေရသည်။ သူက ခေါင်းကြီးကောင်လေး ကောင်လေး ဝမ်လင်း၏ရုပ်တုကို ကြည့်ကာ မင်သက်နေသည်ကို တွေ့သည့်အခါ တုန်လှုပ်မိနေ၏။
“ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတွေက ကောင်လေးဝမ်လင်းကို သိနေတာများလား။ မဟုတ်မှလွဲရော…”
ယွမ်ချွဲဇီ သူ့ဟာသူ တွေးမိသည့်အတွေးကြောင့် သူ့စိတ်ထဲ၌ အံ့အားတကြီး ပင့်သက်ရှိုက်မိသွားသည်။
ကျိုးဝုထိုင်မှာလည်း ထို့အတူပင်။သူလည်း ပြင်းထန်စွာ ဒဏ်ရာရထား၏။သို့သော် ဝမ်လင်းကို ပေးခဲ့သည့် ကတိကို ဖြည့်ဆည်းပေးရန်အတွက် သူသည် အရာအားလုံးကို လက်လွှတ်ထားနိုင်၏။ ဟင်္သာပြဒါး တည်ရှိနေသ၍ လူများသည် ရှင်သန်ပေမည်။ ဟင်္သပြဒါးမရှိိတော့မှသာ သူတို့အားလုံး သေဆုံးသွားရပေမည်။
ခေါင်းကြီးကောင်လေးအတွက်မူ ဝမ်လင်း၏ရုပ်တုကိုသာ တုန်လှုပ်စွာ ကြည့်နေမိ၏။ သူ့ဆံပင်မွှေးများပင် မတ်ထောင်ကုန်သည်။သူ့အသွင်က သုန်မှုန်လို့နေ၏။
“ဒီလို ဂြိုဟ်အစုတ်အပဲ့အတွက် ငါ ရှုမူကို ရန်မစသင့်ဘူး။ ဒါပေမဲ့လည်း ဒီရှုမူရဲ့ ရုပ်တုက နှစ်ရာချီကတည်းက တည်ရှိခဲ့တဲ့ပုံပဲ…”
“ဒီရှုမူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ လာခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး။သူက မဟာမိတ်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူ ဖြစ်ရမယ်။ ဒီလိုပဲ ဖြစ်ရမယ်…” ခေါင်းကြီးကောင်လေး၏ စိတ်သည် ခုန်ပေါက်နေ၏။သူက လျှို့ဝှက်ချက်ကြီးတစ်ခုကို ဆုပ်ကိုင်မိသလို ခံစားမိနေ၏။ ထိုလျှို့ဝှက်ချက်ဖြင့်ဆိုလျှင် သူသည် ရှုမူကို ဖျက်စီးနိုင်ကာ ရှုမူ၏အသက်ကိုပင် ဆုံးရှုံးသွားအောင် လုပ်ကိုင်းလုပ်နိုင်ပေလိမ့်မည်။
ခေါင်းကြီးကောင်လေးက ရူးသွပ်စွာ ရယ်မောသည်။သူ့မျက်လုံးသည် တောက်ပလာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။သူက ရုပ်တုနားသို့ ရောက်ရှိသွားပြီးနောက် သူ့လက်ကို ပင့်မြှောက်၏။ သည့်နောက် သူက ကြမ်းတမ်းစွာ ရိုက်ချဟန် ပြင်ကာ အော်ဟစ်၏။ “ငါ့အတွက် ပျက်စီးလိုက်စမ်း…” သူက တကယ့်ရှုမူကို ရန်မစဝံ့သည့်အတွက် သူ့ ဒေါသများကို ရုပ်တုပေါ်သို့ ပုံချပေတော့မည်။
သူ လက်မြှောက်လိုက်သည့်အခိုက်၌ ရုပ်တုအောက်တွင် ထိုင်နေသည့် ထိုင်ယန်သည် ပါးစပ်ထောင့်မှ သွေးများစီးကျနေရင်း ခေါင်းကြီးကောင်လေးကို မော့ကြည့်သည်။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုလုံးဝ မရှိပေ။ သူက အေးစက်စွာ ပြောလာ၏။ “မင်း ကျေးဇူးရှင်ရဲ့ ရုပ်တုကို ဖျက်စီးရင် သံသယမရှိ သေဆုံးရလိမ့်မယ်…”
ခေါင်းကြီးကောင်လေး၏ ညာလက်က တုန့်ခနဲ ဖြစ်သွား၏။သူ့အကြည့်က ထိုင်ယန်ပေါ်သို့ ကျရောက်လာသည်။သူက ထိုင်ယန်၏သက်တမ်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူက နှာခေါင်းရှုံ့၏။ “ရုပ်တုတစ်ခုကို ဖျက်စီးတာလောက် မပြောနဲ့ ရှုမူ ကိုယ်တိုင် ဒီနေရာကို ရောက်လာရင်တောင် ငါက ဂရုမစိုက်သေးဘူး…”
သူ့ညာလက်ကို ပင့်မြှောက်ကာ ရိုက်ချရန် ပြင်သည်။သို့သော် ထိုအခိုက်အတန့်၌ ရေခဲထက်အေးစက်သည့် အသံတစ်ခုသည် ဟင်္သာပြဒါးဂြိုဟ်အနှံ့တွင် ပျံ့နှံ့လာသည်။
“ထပ်ပြောကြည့်စမ်း…” ထိုအသံသည် လောကကိုပါ အေးခဲသွားဖို့ လုံလောက်သည်ဟု ထင်မှားရသည်။
“ရှုမူ…” တစ်ယောက်ယောက်က ခေါင်းကြီးကောင်လေး၏ ဦးခေါင်းကို ရိုက်ချလိုက်သကဲ့သို့ပင်။ သူ့အသွင်က ဖြူရောကာ နောက်သို့ ချက်ခြင်း ဆုတ်၏။သူ့စိတ်နှလုံးသည် ပြင်းပြင်းထန်ထန် တုန်ယင်ကာ စဉ်းစားဉာဏ်ပါ ဆုံးရှုံးသွားသည့်အလား ထင်ရ၏။
“ငါ မတိုက်နိုင်ဘူး။ နောက်ဆုတ်မှ ဖြစ်မယ်…” သူက နောက်ဆုတ်နေရင်း သွေးအန်ထုတ်၏။ ချက်ခြင်းပင် သူက သူ့ကျင့်ကြံမှုကို အထိခိုက်ခံကာ သွေးလွတ်မြောက်ခြင်းကို အသုံးပြုသည်။ကောင်းကင်လျှောက်လမ်း စမ်းသပ်မှုမှကတည်းက သူသည် ဝမ်လင်းကို စိတ်ထဲကနေ အလွန်ကြောက်လန့်နေခဲ့မိပြီ မဟုတ်လား။
“ကျေးဇူးရှင်…” ထိုင်ယန်၏မျက်လုံးသည် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။ ရုပ်တုဘေးနားသို့ လျှောက်လာသည့် ပုံရိပ်ကို ကြည့်ကာ သူ့မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခုပင် ကျဆင်းလာခဲ့၏။
ယွမ်ချွဲဇီက ပင့်သက်ရှိုက်ကာ အံအားတကြီးဆိုသည်။ “ဝမ်လင်း…”
“ဝမ်လင်း…” ကျိုးဝုထိုင်၏မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ကျေနပ်မှုတို့ ဖြစ်ပေါ်နေ၏။
“ဝမ်လင်း…” ဤအခိုက်အတန့်၌ ကျင့်ကြံသူအားလုံးသည် သတိဝင်လာကြ၏။ သူတို့အားလုံးသည် တုန်လှုပ်မိနေကြသည်။
ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်၏ အစစ်အမှန်ဘိုးဘေးပင် မဟုတ်လော။
“မင်း မလွတ်မြောက်နိုင်ပါဘူး…” ဝမ်လင်း၏ မျက်လုံးထဲကနေ သတ်ဖြတ်ခြင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
***