ခေါင်းကြီးကောင်လေးသည် အဝေးကတည်းက သည်အစုတ်အပဲ့ဂြိုဟ်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ မဟာမိတ်ကြယ်အဖွဲ့အစည်းကို သူ နားလည်သလောက် သည်လိုဂြိုဟ်မျိုးသည် အဆင့်ခြောက်ကျင့်ကြံခြင်းဂြိုဟ် ဖြစ်ရပေမည်။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် အဆင့်ခြောက်နိုင်ငံတစ်ခုသည် သူ့အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။ သူ့နောက်ရှိ ကျင့်ကြံသူ ရာချီကို ထည့်တွက်ဖို့ပင် မလိုတော့ပေ။သူ သည်နေရာသို့ ရောက်ရှိလာသည့် တစ်ခုတည်းသော အကြောင်းမှာ လမ်းကြုံ ဖြတ်ကျော်လာခြင်းသာ ဖြစ်လေ၏။
သူ့အစစ်အမှန် တာဝန်မှာ တောင်ပိုင်းသို့ ဝင်ရောက်ကာ ပထမဆုံးကျင့်ကြံသူအသုတ်အနေဖြင့် ထိုနေရာ၏ အခြေအနေကို ကင်းထောက်ရန်အတွက်သာ ဖြစ်၏။
သူက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့်အခါ ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်ရှိ အဘွားအို၏အသွင်သည် သုန်မှုန်လာတော့၏။ သူမနှင့်အတူ သည်နေရာ၌ အခြားကျင့်ကြံသူများလည်း ရှိနေကြသည်။သူတို့အားလုံးက အမြန်ဆုံးနှုန်းဖြင့် ဟင်္သာပြဒါးဂြိုဟ်ထဲသို့ ပြန်ဝင်ရောက်ကြ၏။
ခေါင်းကြီးကောင်လေးက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ရယ်မောတော့၏။သူ့မျက်နှာပေါ်ရှိ ရူးကြောင်ကြောင်အပြုံးကလည်း ပိုပီပြင်လာတော့သည်။
သူသာမက သူ့နောက်ရှိ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများမှာလည်း ရယ်မောကြသည်။သူတို့၏အမြင်၌ သည်လိုမျိုး ကျင့်ကြံခြင်းဂြိုဟ်သည် အားနည်းလွန်းနေသည် မဟုတ်လား။
မည်သည့်ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူမဆို သည်ဂြိုဟ်တစ်ခုလုံးကို သတ်ဖြတ်ပစ်နိုင်၏။
“တမန်တော် ကောင်းကင်ဘုံသား…ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ပဲ ဒီဂြိုဟ်ရှိ သွားလိုက်ပါ့မယ်…” ခေါင်းကြီးကောင်လေးနောက်မှ သက်လတ်ပိုင်းလူတစ်ယောက်သည် ရှေ့ထွက်လာ၏။သူက ပုံရိပ်ယောင်ယင်အဆင်သို့ပင် မရောက်သေးဘဲ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်၌သာ ရှိသေး၏။ ခေါင်းကြီးကောင်လေး အပေါ် သူ့အကြည့်က လေးစားသမှုနှင့် ပြည့်နေသည်။
ထိုလူ့နောက်တွင် နောက်ထပ် သက်လတ်ပိုင်းလူတစ်ယောက် ကပ်ပါလာ၏။သူတို့နှစ်ယောက်သည် အတော်လေး ရုပ်ခြင်းဆင်၏။
ခေါင်းကြီးကောင်လေးက နတ်ဘုရားအာရုံဖြင့် ဟင်္သာပြဒါးဂြိုဟ်ကို ခြုံငုံကြည့်လိုက်သည်။ သူ့ထံကနေ အထင်သေးသည့်ဟန် ဖြစ်ပေါ်နေ၏။ သူသာ သည်ဂြိုဟ်ကို ဖျက်စီးလိုပါက လွယ်လွယ်လေးပင်။သူက ရိုးရှင်းစွာပင် ပြောလိုက်သည်။ “မင်းတိုကို အချိန်ဆယ့်ငါးမိနစ်ပေးမယ်။ အဲ့နေရာမှာ ရှိတဲ့ ကျင့်ကြံသူအားလုံးကို ငါ့အတွက် သတ်လာခဲ့…”
ညီအစ်ကိုနှစ်ယောက်က ရယ်မောလိုက်၏။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “တမန်တော်ကောင်းကင်ဘုံသား…စိတ်ချပါ။ ဒီလိုကျင့်ကြံခြင်းဂြိုဟ်မျိုးအတွက် အချိန် ဆယ့်ငါးမိနစ် မလိုပါဘူး…။ငါတို့ ခုနစ်မိနစ်ဆို လုံလောက်ပြီ….”
ထိုသို့ပြောပြီးသည့်နောက် သူက ဟင်္သာပြဒါးဂြိုဟ်ထံသို့ ကြယ်ပျံတစ်စင်းအလား ထိုးထွက်သွားတော့သည်။သူ့ညီကိုကလည်း သူ့နောက်ကနေ လိုက်ပါသွား၏။မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သည် လေထုကို ခွင်းကာ ဟင်္သာပြဒါးဂြိုဟ်အထက်သို့ ရောက်ရှိလာကြသည်။
ကျိုးဝုထိုင်က ဟင်္သာပြဒါးတောင်ထိပ်၌ မတ်တပ်ရပ်နေ၏။သူ့မျက်လုံးသည် တောက်ပနေကာ အားကောင်းသော အော်ရာတစ်ခု သူ့ထံကနေ ထွက်ပေါ်နေသည်။သူ့ရှေ့၌ ဓားပါးတစ်ခု ရှိနေကာ သူက တောင်ထိပ်၌ မားမားရပ်နေရင်း ပြတ်သားသည့်ဟန်ဖြင့် ရှိနေ၏။
ကျင့်ကြံသူများသည် သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ထိုကျင့်ကြံသူများထဲမှ အနည်းငယ်သည် ဝမ်လင်းနှင့် တွေ့ဖူးကြ၏။သူတို့အားလုံးသည် နှစ်ပေါင်းရာချီ ကုန်လွန်ပြီးသည့်နောက် တိုးတက်လာခဲ့ကြပေပြီ။ ပင်ရွှဲ့လို့ခေါ်သည့် အဘွားအိုသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။မသေမျိုးလမ်းကြောင်းကလန်၏ အကြီးအကဲတစ်ယောက်အနေဖြင့် ဟင်္သာပြဒါးဂြိုဟ်သည် သူမ၏ အိမ်ပင်။ ထို့ကြောင့် ဘာဖြစ်ဖြစ် သူမသည် ထိုဂြိုဟ်ကို ကာကွယ်ရပေမည်။
နောက်ထပ် ဖော်ပြရမည့် အဝါရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်လည်း ရှိသေး၏။ သူ့နောက်ကျောတွင်လည်း ဓားတစ်လက် လွယ်ထားသည်။သို့သော် သူက လူအုပ်နောက်တွင် ရှိနေသည့်အတွက် သူ့အဆင့်အတန်းမှာ သူတို့ကြား၌ မြင့်မားခြင်းမရှိသည်မှာ သိသာပေသည်။
ဝမ်လင်းသာ ထိုသူ့ကို တွေ့မြင်ပါက အံ့အားသင့်မိပေမည်။ သူက ဟုန်ယွီကလန်၏ ကလန်ခေါင်းဆောင်ပင်။
(ဘာသာပြန်သူမှတ်ချက်… ဟုန်ယွီကလန်သည် ဝမ်လင်း ဦးဆုံး ဝင်ရောက်ခဲ့သည့် ကလန် ဖြစ်သည်။)
သည်အချိန်၌ သူ့အသွင်က အလေးအနက် ဖြစ်နေ၏။
“ရောင်းရင်းကျင့်ကြံသူဝမ်လင်း ဟင်္သာပြဒါးခေါင်းစီးနေရာကို ငါ့အတွက် ထားခဲ့ကတည်းက ငါက သူ့ကို ဒီဂြိုဟ်နဲ့အတူ သေသေရှင်ရှင် ရှိပါ့မယ်လို့ ကတိပေးထားခဲ့တယ်။ဒီကနေ့ ရန်သူက ငါတို့ရှေ့မှာ ရောက်နေပြီ။ ငါ သေဆုံးရမယ်ဆိုရင်တောင့် ခြေတစ်ဝက်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး…”
ကျိုးဝုထိုင်၏နောက်၌ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေ၏။သူတို့နှစ်ယောက်လုံးမှာ အဘိုးအိုအရွယ် ရှိနေကြပေသည်။ ဝမ်လင်းသာ သည်နေရာတွင် ရှိပါက သူသည် သူတို့နှစ်ယောက်ကို မည်သူမည်ဝါမှန်း သိပေမည်။
သူတို့နှစ်ယောက်က သက်ပြင်းချမိ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။ သူတို့အကြည့်များက ခိုင်မာနေသည်။ လွတ်လမ်းဟူ၍ မရှိပေ။ သည်အရာက ရိုးစင်းသော စစ်ပွဲတစ်ခုမဟုတ်ဘဲ ကြယ်အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲ ဖြစ်နေသည် မဟုတ်လား။
သူတို့က ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကနေ သတင်းအချက်အလက် ရရှိပြီးနောက် သည်အကြောင်းကို သိခဲ့ကြပြီး ဖြစ်သည်။ကံကောင်းစွာဖြင့် သူတို့သည် သည်စစ်ပွဲအတွက် အချို့အရာများကို ကြိုပြင်ဆင်နိုင်ခဲ့သည်။မဟုတ်ပါက သူတို့သည် သံသယမရှိ သေဆုံးသွားရတော့ပေမည်။
ဟင်္သာပြဒါးဂြိုဟ်၏ အခြားတစ်ဖက်၌ ယွမ်ချွဲဇီသည် နှစ်ပေါင်းရာချီ တံခါးပိတ်ကျင့်ကြံရာကနေ မျက်လုံးဖွင့်လာသည်။ သူက ပို၍ အိုစာသွားသည့်ပုံပင်။ သူ့နှဖူးထက်ရှိ တက်တူးအမှတ်အသားများသည် တလက်လက် ဖြစ်နေသည်။သူက မတ်တပ်ထရပ်ကာ ရှေ့သို့ ခြေလှမ်း၏။ သည့်နောက် သူသည် လေထဲတွင် ပေါ်လာကာ ရှေ့တည့်တည့်သို့ ကြည့်သည်။
သူ့နောက်တွင် စွန့်ပစ်ခံမသေမျိုးကလန်ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် စုစည်းလာကြ၏။သူတို့အားလုံး၏အသွင်သည် အလေးအနက် ဖြစ်နေကြပေသည်။
တစ်ချိန်တည်းမှာပင် အပြင်လောကနှင့် သိပ်မသတ်သည့် ကျင့်ကြံသူအချို့သည်လည်း ထွက်ပေါ်လာကြ၏။သူတို့ကလည်း ကောင်းကင်ထက်သို့ ရန်လိုစွာ ကြည့်နေကြသည်။
တိမ်ကောင်းကင်ကလန်ထဲ၌ ထိုင်ယန်သည် အဘိုးအိုအသွင်သို့ ရောက်ရှိနေလေပြီ။သူ့မျက်လုံးတို့က ဖျော့တော့နေ၏။သူ့ခန္ဓာကိုယ်ပတ်လည်၌လည်း သေဆုံးခြင်းအော်ရာသည် ဝန်းရံထားသည်။ သူ့သက်တမ်းက အကန့်အသတ်သို့ ရောက်ရှိခါနီးနေလေပြီ။ သူက တိမ်ကောင်းကင်ကလန်၏ ကွင်းပြင်ထက်၌ ကြိုးစား၍ ရပ်ကာ ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်နေသည်။
(ဘာသာပြန်သူမှတ်ချက်… တိမ်ကောင်းကင်ကလန်သည် ဝမ်လင်း၏ချစ်သူ လီမူဝမ်နေထိုင်ခဲ့သော နေရာဖြစ်ကာ ထိုနေရာ၌ ဝမ်လင်းနှင့် သူမတို့ တွေ့ဆုံခဲ့ပေသည်။ ထိုင်ယွမ်မှာ ဝမ်လင်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် ကူညီပေးခဲ့သည့်သူ ဖြစ်သည်။)
သည်အခိုက်အတန့်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်နေကြ၏။အဆင့်ငါးကနေ အဆင့်သုံးထိ ကျင့်ကြံခြင်းကလန်များမှ များစွာသော ကျင့်ကြံသူအားလုံးသည် ကောင်းကင်ထက်သို့ အလေးအနက် ကြည့်နေကြ၏။ဟင်္သပြဒါးဂြိုဟ်အတွက် ကပ်ဘေးတစ်ခုကို ကိုယ်စားပြုသည့် အလင်းတန်းနှစ်ခုသည် ဆင်းသက်လာနေသည်။
ထိုအလင်းတန်းနှစ်ခုမှာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူညီအစ်ကိုနှစ်ယောက်ပင်။
ထိုညီကိုနှစ်ယောက် ရောက်ရှိလာသည့်အခိုက်တွင် သူတို့က အရူးအမူး ရယ်မောကြကုန်၏။ သူတို့၏ ရယ်သံသည် မောက်မာလှသည်။သူတို့နှစ်ယောက်သည် ထိုသို့ မောက်မာရန်လည်း အရည်အချင်း ရှိကြ၏။ ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ အာဏာတက်ခြင်းအထွတ်အထိပ် ကျင့်ကြံသူများသည် အားကောင်းလှသောအင်အားစုပင်။ သူတို့နှစ်ယောက်ပေါင်းဆိုလျှင် ပြောနေစရာ မလိုတော့ပေ။
“ဒီဂြိုဟ်အစုတ်အပဲ့မှာတောင် ကျင့်ကြံသူတွေအများကြီး ရှိနေတာပဲ။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ဆိုရင်တော့ ဒီလိုဂြိုဟ်မျိုးကို သိမ်းပိုက်နေထိုင်ဖို့ ဘယ်သူက စိတ်ဝင်စားပါ့မလဲ။ မဟာမိတ်ကြယ်အဖွဲ့အစည်းကတော့ကွာ…”
သူတို့က ရယ်မောနေရင်း ထိုနှစ်ယောက်ထဲမှတစ်ယောက်သည် သူ့နတ်ဘုရားအာရုံကို ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ ဖြန့်ကျက်လာသည်။
ချက်ခြင်းပင် ဟင်္သာပြဒါးဂြိုဟ်၏ စွမ်းအားထောက်တိုက်များ ဖြစ်ကြသည့် ယွမ်ချွဲဇီ၊ကျိုးဝုထိုင်နှင့် အခြားအာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများသည လေထဲသို့ အလျင်အမြန် ပျံသန်းလာကြ၏။
သူတို့က စစ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည် မဟုတ်လား။
သို့သော် ထိုအခိုက်အတန့်၌ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့် ကျင့်ကြံသူ၏ နတ်ဘုရားအာရုံသည် တိမ်ကောင်းကင်ကလန်သို့ ကျရောက်လာ၏။ သူက မိုးကြိုးထိမှန်သွားသကဲ့သို့ တောင့်တင်းသွားတော့သည်။ သူ့စိတ်သည် တုန်ခါ၏။မျက်လုံး ပြူးသွားသည်။ မယုံကြည်နိုင်ဟန် မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။ ကြောက်ရွှံ့မှုသည် သူ့ခန္ဓာကိုယ်အနှံ့တွင် ပျံ့နှံ့သည်။
ဒါ…ဒါက…”
တိမ်ကောင်းကင်ကလန်၏ ဂိတ်ဝတွင် ရုပ်တုကြီးတစ်ခု ရှိလေ၏။ထိုရုပ်တုမှာ ဝမ်လင်း၏ရုပ်တုပင်။ဝမ်လင်းနှင့်လည်း ချွတ်ဆွတ်တူနေပေသည်။
သူ့မျက်လုံးထဲရှိ အေးစက်မှုသည်လည်း လူတစ်ယောက်၏ အရိုးထဲထိ ထွင်းဖောက်သွားနိုင်သည့်ပုံပင်။
အခြားအလုံးစုံကောင်းကင်မှ ကျင့်ကြံသူသည်လည်း သူ့အစ်ကို၏အသွင်ဟန်ပန်ကို တွေ့မြင်သည့််အခါ တုန်လှုပ်သွားသည်။သူသညလည်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ထိုရုပ်တုပေါ်သို့ ကျရောက်သွားပြန်သည်။သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူသည် ကြောက်လန့်နေမိတော့သည်။
“နတ်ဆိုး…နတ်ဆိုးသခင် ရှုမူ…”
သူတို့၏ ဦးရေပြားပင် ချက်ခြင်း တောင့်တင်းသွားသည်။သူတို့၏ စိတ်နှလုံးသည် ခုန်ပေါက်နေ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မယုံကြည်နိုင်ဟန် ကြည့်မိကြသည်။ နတ်ဆိုးသခင်ရှုမူ သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ကျော်ကြားလွန်းသည်မှာ ရိုးစင်းသည် မဟုတ်လား။
ကောင်းကင်ဦးစီးပြိုင်ပွဲအတွင်း သူက မိုးကြိုးကောင်းကင်ဘုံသားနေရာကို ရရှိကာ ကျင့်ကြံသူ သုံးထောင်ကို အမိန့်ပေးနိုင်စွမ်း ရှိခဲ့သူ မဟုတ်လား။ သည်လို အဆင့်အတန်းမျိုးက သာမန်လူတစ်ယောက် ရနိုင်သည် မဟုတ်ပေ။သူတို့ကို ထာပါဦး။ သူတို့၏ ဘိုးဘေးများပင် နတ်ဆိုးသခင်ရှုမူနှင့် ဆုံတွေ့သည့်အခါ လေးစားစွာ ဆက်ဆံရပေမည်။
တမန်တော်ကောင်းကင်ဘုံသား ခေါင်းကြီးကောင်လေးပင် နတ်ဆိုးသခင်ရှုမူရှေ့၌ တုန်လှုပ်ရမည်သာ။
သူတို့၏ မောက်မာမှုနှင့် သတ်ဖြတ်လိုမှုတို့သည် ချက်ခြင်းပျောက်ကွယ်ကာ ကြောက်ရွှံ့မှုတို့ အစားထိုးလာတော့သည်။သူတို့နှစ်ယောက်သည် တုံ့ဆိုင်းခြင်းမရှိ ခပ်သွက်သွက်လစ်တော့သည်။
သူတို့က နတ်ဆိုးသခင်ရှုမူနှင့် ပတ်သတ်၍ သတိထားပေ၏။ သည်နာမည်က သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသည်မဟုတ်လား။ သည့်လူကို ဆန့်ကျင်ပါက သင်သည် သံသယမရှိ သေသွားနိုင်သည်။
ကောင်းကင်ဘုံအရှင်ချင်းရွှေ၏ ဂျူနီယာညီ၊မိုးကြိုးကောင်းကင်ဘုံကျောင်းသား၊ အလုံးစုံကောင်းကင်မှ ဂျူနီယာကျင့်ကြံသူများကြား နံပါတ်တစ်၊ ကျင့်ကြံခြင်းမိသားစုမြောက်များစွာ၏ အကျိုးတော်ဆောင်။ထိုဂုဏ်ပုဒ်များသည် ရှုမူ ကိုယ် ရည်ညွှန်းသည်။
သည်အခိုက်အတန့်၌ သူတို့နှစ်ယောက်သည် မည်သို့ဖြစ်နေသည်ကိုပင် မေးခွန်းမထုတ်လိုတော့ပေ။ သူတို့၏ အသိဉာဏ်ပင် ဆုံးရှုံးပြီးနောက် သူတို့သည် တက်နိုင်သမျှ မြန်မြန် ထွက်သွားလိုနေသည်။သူတို့၏မှတ်ဉာဏ်များအရ သည်ရုပ်တုမှာ ရှုမူသာ ဖြစ်သည်။
မည်မျှပင် သတ္တိရှိပါစေ သူတို့သည် ရှုမူကို မစော်ကားဝံ့ပေ။ရှုမူ ရုပ်တုသည် သည်နေရာတွင် ဘာကြောင့် အလေးအမြတ် ပြုထားကြမှန်း သူတို့သည် မသိလိုကြပေ။ သူတို့စိတ်ထဲ၌ နောင်တရမှုသာ ကြီးစိုးနေ၏။
ညီအစ်ကိုနှစ်ယောက်၏ တုန်လှုပ်စွာ အမြန် ပြန်ဆုတ်နေမှုသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်အံ့အားသင့်စေသည်။ ထိုတုန်လှုပ်မှုက ခက်ခဲလှသော တိုက်ပွဲအတွက် ကြိုပြင်ဆင်ထားသည့် ကျိုးဝုထိုင်အတွက် အထူးမှန်နေ၏။ ရုတ်တရက် ပြောင်းလဲသွားမှုက သူ့အား မင်သက်သွားစေသည်။
သူသာမက စွန့်ပစ်ခံမသေမျိုးကလန်သည်ပင် ကြီးစွာ အံ့အားသင့် တုန်လှုပ်မိကြ၏။ ယွမ်ချွဲဇီ၏မျက်လုံးသည် တိမ်ကောင်းကင်ကလန်သို့ ကြည့်နေရင်း ကျဉ်းမြောင်းသွားသည်။ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သူသည် စီနီယာအကျဆုံး ဖြစ်နေ၏။ သူ့ကျင့်ကြံမှုအဆင့်ကလည်း နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ပြီးနောက် အတော်လေး တိုးတက်လာခဲ့၏။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူနှစ်ယောက်သည် သူတို့၏နတ်ဘုရားအာရုံကို တိမ်ကောင်းကင်ကလန်ပေါ်သို့ ကျရောက်မိသည်နှင့် ချက်ခြင်း ပြန်ပြေးသွားကြသည် မဟုတ်လား။
“တိမ်ကောင်းကင်ကလန်…။ဒီလို အားကောင်းလှတဲ့ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို အတော်လေး ကြောက်လန့်သွားစေတဲ့ အရာက ဘာများ ဖြစ်မလဲ…” ယွမ်ချွဲဇီသည် ထိုအဖြစ်ကို သူ့မျက်လုံးဖြင့် ကိုယ်တိုင် တွေ့မြင်ရသည့််အတွက် အံ့အားသင့်သွားမိသည်။
သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ပြီး တိမ်ကောင်းကင်ကလန်ရှိ ဝမ်လင်း၏ရုပ်တုပေါ်၌ ရပ်တန့်သွားသည်။
“ဖြစ်နိုင်တာက…” ယွမ်ချွဲဇီ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူ့စိတ်ထဲ၌လည်း မယုံကြည်နိုင်ဟန်နှင့် ပြည့်နေသည်။
ကျိုးဝုထိုင်နှင့် အခြားလူအိုကြီးများသည်လည်း ထိုအချက်ကို တွေးမိကြ၏။သူတို့အားလုံးမှာ အမှန်ပင် အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။အနည်းငယ် စဉ်းစားပြီးနောက် သူတို့သည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တိမ်ကောင်းကင်ကလန်ပေါ်သို့ ကျရောက်စေလိုက်ကြသည်။
ထိုင်ယန်သည် ဝမ်လင်း၏ရုပ်တုကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်မိ၏။ “ကျေးဇူးရှင်…ဒါက ငါ့ရဲ့ ကျေးဇူးရှင်ပဲ ဖြစ်ရမယ်…”
အလုံးစုံကောင်းကင်မှ ညီအစ်ကိုနှစ်ယောက်သည် ဟင်္သာပြဒါးဂြိုဟ်ကနေ အကြောက်အလန့် ပြန်ပြေးလာသည်၏။သူတို့က ခေါင်းကြီးကောင်လေးနှင့် သူ့နောက်ရှိ ကျင့်ကြံသူများကို တွေ့မြင်သွားသည်။
ခေါင်းကြီးကောင်လေးသည် မျက်လုံးမှိတ်နေရာက ဖွင့်လာကာ မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာမေးသည်။ “ဘာမှားနေလို့လဲ…”
***