မဟာမိတ်ကြယ်အဖွဲ့အစည်း၌ ဝမ်လင်းသည် တခေါင်းလုံးဖြူဖွေးနေကာ သူက ရှေ့တည့်တည့်သို့ မထူးခြားနားဟန်နှင့် ကြည့်နေသည်။သူက ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလိုက်၏။သူ့ သွားလာသည့်နှုန်းသည် မြန်ဆန်လှခြင်း မရှိပေ။ သို့သော် သူတစ်လှမ်းလှမ်းလိုက်တိုင်း လှိုင်းတွန့်များ ဖြစ်ပေါ်ကာ အကွာအဝေးများစွာသို့ ရောက်ရှိနေပြီး ဖြစ်သည်။
ရင်းနှီးသည့် အငွေ့အသက်ရှိသည့် ကြယ်အဖွဲ့အစည်းကို ကြည့်နေရင်း ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ သူက သည်ကြယ်အဖွဲ့အစည်းကနေ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လား။
သူ ထွက်ခွာသွားချိန်က သူသည် အာဏာတက်ခြင်းအဆင့်သို့ ရောက်ခါစသာ ရှိသေး၏။ သူ ပြန်ရောက်လာချိန်တွင်မူ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
“ရှေ့ဖြစ်ဟောသူ…၊လင်းထျန်ဟူ…ငါ..ဝမ်လင်း ပြန်လာခဲ့ပြီ…” ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။ သူ့သိုလှောင်အိတ်ထဲ၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ သော့တစ်ခု ရှိနေဆဲပင်။ သူက ၎င်းသော့ကို လုံခြုံရန် သေချာလုပ်ဆောင်ထားပေ၏။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ရှိစဉ်အခါက မြင့်မားလှခြင်း မရှိပေ။ သူသိခဲ့သည့် အမြင့်ဆုံးစွမ်းအားမှ အဆင့်ခုနစ်ကျင့်ကြံခြင်းနိုင်ငံများသာ ဖြစ်ခဲ့ပေသည်။ သို့သော် ခုချိန်၌ သူသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့လေပြီ။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ပင် သူက မွန်းစတားအိုကြီးများ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သေး၏။ ခု သူပြန်ရောက်လာသည့်အခါ သူသာ ဆန္ဒရှိပါက မုန်တိုင်းထန်အောင် ပြုလုပ်နိုင်စွမ်း ရှိနေခဲ့ပေပြီ။
သို့သော် ဝမ်လင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် မတူညီကြောင်း ရှင်းရှင်းလင်းလင်း သိနေ၏။ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ရေသည်နက်လွန်းလှသည် မဟုတ်လော။
“မဟာမိတ်နဲ့အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲမှာ ငါက သတိထားကို ထားရမယ်။ ငါက ပေါ့ပေါ့ဆဆ ဝင်ပါလို့ မဖြစ်ဘူး…”
ဝမ်လင်းက စောင့်ကြည့်မည်ဟု ဆုံးဖြတ်ထား၏။
မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်ရှိလာပြီးသည့်နောက် ဝမ်လင်း၏သတိတရားသည် ချက်ခြင်း အဆများစွာ တက်လာခဲ့၏။ သူက မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများ၊အထူးသဖြင့် အံတိုနေသောမွန်းစတားအိုကြီးများ၏ လှည့်ဖြားကောက်ကျစ်တတ်သည့် အကြောင်းကို နောကျေနေခဲ့ပြီ မဟုတ်လား။ သူ့ကျင့်ကြံမှုအဆင့်၌ ရှိနေသော သူများဆိုပါက ပြောနေစရာပင် မလိုတော့ပေ။
လူတစ်ယောက်က အနည်းငယ် သတိမမူမိသည်နှင့် သိပင်မသိပဲ ချက်ခြင်း အသက်ဆုံးရှုံးသွားနိုင်၏။
သည်နေရာသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကဲ့သို့ မိသားစုစံနှုန်းများလည်း ရှိမနေခဲ့ပေ။ ဤနေရာက တောတွင်းဥပဒေသ ကြီးစိုးသည့် ရက်စက်သည့် ကျင့်ကြံခြင်းလောကသာ ဖြစ်ချေ၏။
“ဒါပေမဲ့လည်း ငါ့မူလခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးတဲ့နောက် ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ငါက မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ယဉ်ကျေးပြနေစရာတော့ မလိုတော့ဘူး…”
ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။ မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်ရှိလာပြီးသည့်နောက် သူက ချက်ခြင်းပင် သူ့မူလခန္ဓာကိုယ်နှင့် ချိတ်ဆက်ကာ တည်နေရာကို အပြန်အလှန် သိရှိသွား၏။
သူက လျှောက်လှမ်းနေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။ ခဏအကြာတွင် သူ့အသွင်က ပြောင်းလဲသွားသည်။လမ်းတစ်လျှောက်တွင် သူက အပျက်အစီးဖြစ်ကာ လူသူကင်းမဲ့သည့် ဂြိုဟ်တစ်ခုကို ရှာနေခဲ့သည်။အခု သူက ထိုဂြိုဟ်ကို တွေ့ရှိသွားပြီ။
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ပြီးနောက် ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာသည့်အခါ၌ လူသူကင်းမဲ့သည့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ရောက်နေသည်။ ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များစွာ ရှိမနေပေ။ သို့သော် မြေကြီးထုသည် ရှင်သန်ခြင်းဓာတ်နှင့် ပြည့်နေ၏။ ပတ်ပတ်လည်သို့ ကြည့်ရှုပြီးနောက် ထိုလူသူကင်းမဲ့သည့်ဂြိုဟ်သည် သိပ်သည်းသောသစ်ပင်များနှင့် ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။
လီမူဝမ်ကို ကယ်တင်ရန် သူ့အသက်ဓာတ်လိုအပ်သည်ကို သိရှိခဲ့သည့် အချိန်၌ ဝမ်လင်းသည် တုံ့ဆိုင်းမနေဘဲ ချက်ခြင်းပင် ချီရှီမန္တာန်နှင့် သူ့အသက်ဓာတ်ကို လဲလှယ်ခဲ့၏။ထိုအရာများအားလုံးသည် သူ နှစ်ရာချီစောင့်ဆိုင်းနေခဲ့သည့် အခွင့်အရေးပင်။ သူက ထိုအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။ သည်တစ်ကြိမ်၌ သူသည် အောင်မြင်မှုနှင့်ဆုံးရှုံးမှုကို တစ်ပြိုင်နက်တည်း ရရှိလိုက်သည်ဟု ယူဆ၍ ရသည်။
အောင်မြင်မှုမှာ လီမူဝမ်သည် အသက်ပြန်ရှင်လာခဲ့ခြင်း မရှိသေးသော်လည်း သူမ၏ခန္ဓာကိုယ်ကို ရရှိလာခဲ့၏။ထို့ကြောင့် မျှော်လင့်ချက်တစ်ခု ရှိလာသည်။
ဝမ်လင်းသည် သူ့အသက်ဓာတ်အတော်များများကို သုံးစွဲခဲ့သော်လည်း သူ့တွင် အခြားအစီအစဉ်များ ရှိနေသေး၏။ ချင်းရွှေပင် ဝမ်လင်း၏ အရံအစီအစဉ်ကို မသိခဲ့ပေ။သူက ဝမ်လင်းကိုပင် ခုလက်ရှိ သူ့အသက်ဓာတ်အားကို ဖုံးကွယ်ရန်အတွက် စာလုံးတစ်ခု အသုံးပြုကာ ကူညီခဲ့သေးသည် မဟုတ်လား။
ဝမ်လင်းသည် သူ့ဆံပင်အဖြူများကလွဲ၍ အသက်ကြီးရင့်သည့် မပေါ်တော့သော်လည်း စာလုံးသာ ပျက်စီးသွားသည်နှင့် သူသည် နှစ်ပေါင်းတစ်ထောင်လောက်ရှိသည့် အဘိုးအိုတစ်ယောက်အသွင်သို့ ချက်ခြင်း အိုမင်းရင့်ရောသွားမည် ဖြစ်၏။
ကောင်းကင်နှင့်မြေကြီး၏ မရဏခေါ်သံကလည်း သူ့အပေါ်၌ ပိုမို၍ အားကောင်းလာခဲ့သည်။သို့သော် ဝမ်လင်း၏အသွင်က ထိုအရာများအတွက် ပြောင်းလဲသွားခြင်း မရှိပေ။ဝမ်လင်းက ဖျပ်ခနဲ ရှင်သန်ခြင်းဓာတ်နှင့် ပြည့်နေသည့် မြေကြီးပေါ်သို့ ခြေချလာ၏။ထာရှန်က သူ့အရိပ်ထဲကနေ လှမ်းထွက်လာကာ ပေအနည်းငယ် အကွာတွင် ထိုင်၏။ထာရှန်၏ မျက်လုံးတို့က အေးစက်နေ၏။ ဝမ်လင်းကို အန္တရာယ်ဖြစ်စေမည့် လှုပ်ရှားမှုတစ်ခုခု ရှိလာပါက သူသည် ချက်ခြင်း တိုက်ခိုက်ပစ်ဖို့ အဆင်သင့် ဖြစ်နေသည်။
အသက်ဝဝရှိုက်သွင်းပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ အနက်ရောင်အလင်းသည် သူ့လက်ညှိုးထိပ်၌ စုဝေးသည်။ပထမ၌ ထိုအလင်းက အားဖျော့၏။ သို့သော် သိပ်မကြာခင်တွင် ယင်းအလင်းသည် ပြင်းထန်လာတော့သည်။
“မရဏလက်ချောင်း…” ဝမ်လင်းက သူ့လက်ညှိုးထိပ်ရှီ အနက်ရောင်အလင်းကို ကြည့်၏။ သူက တတိယအဆင့်ကို တွေ့မြင်ခဲ့သည့်အချိန်၌ သူသည် ၎င်းမရဏလက်ချောင်း ပညာရပ်ကို ပြုပြင်ရန် အချိန်ပေးရမည်ကို သိခဲ့၏။ထို့ကြောင့် သူက ၎င်းပညာရပ်ကို လက်လွှတ်ထားခဲ့ပေသည်။
သို့သော် ရှောင်ယွမ်တန် သူ့ကို ပြောခဲ့သည့်စကားကို ကြားခဲ့သည့်နောက် သူ့တွင် လီမူဝမ်ကို ကယ်တင်နိုင်ရန် ရှင်သန်ခြင်းဓာတ် တစ်နည်း အသက်ဓာတ်များစွာ လိုလာခဲ့သည်ကို သိခဲ့သည်။ထိုအခါ ဝမ်လင်းသည် ချက်ခြင်းပင် မရဏလက်ချောင်း အကြောင်း အတွေးရသွားခဲ့သည်။
ထိုမန္တာန်သည် အသက်ဓာတ်အားလုံးကို ဝါးမြိုရာ၌ ကြောက်မက်ဖွယ်ကောင်းလှသည့် နည်းလမ်းတစ်ခုပင်။၎င်း လက်ချောင်း ကျရောက်လာသည်နှင့် အသက်ဓာတ်အားလုံးသည် ပျက်စီးရပေမည်။
ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။သူက သူ့ညာလက်ညှိုးကို အောက်သို့ နှိမ့်ကာ မြေကြီးထက်သို့ ဖိချ၏။ ချက်ခြင်းပင် အနက်ရောင်အလင်းတန်းသည် ဝမ်လင်းကို ဗဟိုပြု၍ စက်ဝန်းတစ်ခုလို ပျံ့နှံ့သွားသည်။
ထိုအခါ ယင်းအလင်းသည် ချက်ခြင်းလိုလို ကီလိုမီတာငါးရာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့သည်။ သည်ဧရိယာအတွင်းရှိ မိုးထိမြင့်မားသော သစ်ပင်ကြီးများမှာ တဖြည်းဖြည်းသွေ့ခြောက်ကာ သစ်ရွက်များ ကြွေကျလာ၏။ အကိုင်းအခတ်များမှာ ချက်ခြင်း အက်ကွဲကာ သည့်နောက် သစ်ပင်များသည် တစစီ ဖြစ်ကုန်တော့သည်။ ကြွေကျသွားသည့် သစ်ရွက်များပင် လွင့်ပါးပျောက်ကွယ်သွား၏။
ထို ပြိုကျနေသည့် သစ်ပင်များထံကနေ အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်နေသည်။၎င်းအဖြူရောင်အခိုးငွေ့များသည် ဝမ်လင်းရှိရာသို့ အမြန် စုဝေးနေ၏။
ထိုမြင့်မားသည့်သစ်ပင်ကြီးများသာမက မြက်ပင်များပါ အနက်ရောင်အလင်း ပျံ့နှံ့လာသည့်အခါ သွေ့ခြောက်ကုန်ကြ၏။ ၎င်းတို့၏အသက်ဓာတ်အားများသည်လည်း အဖြူရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ စုဝေးကုန်သည်။
ချက်ခြင်းလိုလိုပင် ကီလိုမီတာငါးရာအတွင်းရှိ အသက်ဓာတ်အားလုံးသည် ပျောက်ကွယ်သွားကာ ၎င်းတို့၏ အသက်ဓာတ်များသည် ထိုးထွက်လာကြတော့သည်။
လူတစ်ယောက်သည် အပေါ်စီးမှ ကြည့်ပါက သည်ထူးဆန်းသောမြင်ကွင်းကို ချက်ခြင်း တွေ့မြင်ပေလိမ့်မည်။ ကီလိုမီတာ ငါးရာအတွင်းရှိ ဧရိယာသည် သွေ့ခြောက်သွားခဲ့ပြီး အဖြူရောင်အခိုးငွေ့များက အသက်ရှိသည့်အလား ဝမ်လင်းထံသို့ စုဝေးနေကြသည်။
ဝမ်လင်း၏ ပုံရိပ်က ထိုသိပ်သည်းသော အဖြူရောင်အခိုးငွေ့များနှင့် ဝန်းရံထား၏။ထို့ကြောင့် သူ့ပုံရိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ သူက အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းနေရင်း သူ့မျက်လုံးထဲရှိ မိုးကြိုးမှာ တလက်လက် ဖြစ်နေပေသည်။
အဖြူရောင်အခိုးငွေ့များသည် ကွေးညွတ်လာသည်ဟုပင် ထင်ရကာ ချက်ခြင်း ဝဲကတော့တစ်ခု ဖြစ်လာ၏။ ထိုဝဲကတော့သည် ဝမ်လင်း၏ ပါးစပ်ဝတွင် အဆုံးသပ်သည်။
အဆုံးမဲ့အဖြူရောင်အခိုးငွေ့များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စုစည်းနေ၏။၎င်းက အသက်ဓာတ်အဖြစ်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အားဖြစ်စေနေ၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်း ကုန်ဆုံးခဲ့သည့် အသက်ဓာတ်အားတို့သည် ပြန်ကောင်းမွန်လာတော့သည်။
သူက စုပ်ယူနေရင်း သွေးရောင်စာလုံးသည် တဖျပ်ဖျပ် ဖြစ်လာကာ သူ့ခန္ဓာကိုယ်နှင့် သုံးလက်မအကွာတွင် မြောလွင့်လာသည်။သို့သော ၎င်းစာလုံးထံမှ ထွက်ပေါ်လာသည့် အလင်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားကာ သူ့အား အသက်ဓာတ်ကုန်းခမ်းနေမှု အခြေအနေကနေ ဖုံးကွယ်ပေးထားဆဲပင်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် နောက်ဆုံးလက်ကျန် အဖြူရောင်အခိုးငွေ့က ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။အဖြူရောင်အခိုးငွေ့များသည် လုံးဝ ပျောက်ကွယ်သွားတော့၏။ ဝမ်လင်းပတ်လည်ရှိ ကီလိုမီတာငါးရာအတွင်းရှိ ဧရိယာသည် အဝါရောင်ဖြစ်သွားကာ မြေပြင်သည် ခြောက်သွေးပြီး ရှင်သန်ခြင်းဓာတ်အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
ထူးဆန်းသည်က ကီလိုမီတာငါးရာအပြင်တွင်မူ အရာအားလုံးသည် ပုံမှန်အတိုင်းပင်။
“ရှောင်မိသားစုဘိုးဘေး အသုံးပြုခဲ့တဲ့ မန္တာန်က မရဏလက်ချောင်းနဲ့ ဆင်တူတယ်။ ဒီမန္တာန်က အသက်ဓာတ်တွေကို စုပ်ယူပြီး ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်အောင် လုပ်ပေးနိုင်တယ်။သူက ပေါ့ဆလွန်းခဲ့တယ်။ ငါ ဒါကို ဖြတ်မြင်နိုင်ခဲ့တဲ့ ဆိုတာ သူ တွေးမိမှာ မဟုတ်ဘူး…”
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။
“ငါ့အသက်ဓာတ်အား တစ်ဝက်ကို လွယ်လွယ် ဝါးမြိုချင်တာလား။ ငါ အားလုံးကို ပြန်ယူနိုင်တဲ့ နေ့ ပြန်ရောက်လာဦးမှာပါ။ ငါလည်း အသက်ဓာတ်အားကို ဝါးမြိုနိုင်စွမ်း ရှိတယ်…”
ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေ၏။သည့်နောက် သူက မျက်လုံးပြန်မှိတ်သည်။ အနက်ရောင်အလင်းသည် အရူးအမူး ချဲ့ကားထွက်နေဆဲပင်။
ကီလိုမီတာတစ်ထောင်၊ ထောင့်ငါးရာ…ချက်ခြင်းလိုလိုပင် အနက်ရောင်အလင်းသည် ကီလိုမီတာ နှစ်ထောင့်ငါးရာကို လွှမ်းခြုံသွားတော့သည်။
ကီလိုမီတာ(၂၅၀၀)အတွင်းရှိ မြက်ပင်များအားလုံးသည် သွေ့ခြောက်ကာ အပင်များအားလုံးသည် ပြိုလဲကုန်၏အချို့နတ်ဆိုးသားရဲများပင် လွတ်မြောက်နိုင်စွမ်း မရှိပေ။ ပေတစ်ရာကျော်ရှိသည့် စပါးကြီးမြွေကြီးသည် ထိုအနက်ရောင်အလင်း၏ စုပ်ယူခြင်းကို ချက်ခြင်း ခံလိုက်ရ၏။ ၎င်း၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ထိုအလင်း ဖြတ်ကျော်သွားသည့်အခါ၌ ၎င်း၏ခန္ဓာကိုယ်သည် တွန့်လိမ့်သွားသည်။၎င်းခန္ဓာကိုယ်ထံမှ အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး ဝမ်လင်းရှိရာသို့ စုစည်းလာတော့သည်။
အနက်ရောင်အလင်း၏ ဖြန့်ကျက်မှုက ရပ်တန့်မသွားပေ။ ၎င်းအလင်းက ကီလိုမိတာ သုံးထောင်၊လေးထောင်ကနေ ငါးထောင်အထိ ဖြန့်ကျက်သွားသည်။
ကီလိုမီတာငါးထောင်အတွင်းရှိ အသက်ဓာတ်အားလုံးသည် ပျက်စီးသွား၏။ အဆုံးမဲ့အသက်ဓာတ်အားလုံးသည် မုန်တိုင်းတစ်ခုအလား ဖြစ်လာသည်ဟု ထင်ရကာ ထိုမုန်တိုင်းက ဝမ်လင်းကို ဗဟိုပြုထားပေ၏။
အဖြူရောင်အခိုးငွေ့များစွာသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။သူ့ရင်ဘက်ရှေ့ရှိ ချင်းရွှေ၏ သွေးရောင်စာလုံးသည် ဆက်လက်၍ မြင့်တက်လာရင်း သူ့ရင်ဘက်နှင့် ဆယ်လက်မအကွာထိ ရောက်လာ၏။ဝမ်လင်းက မျက်လုံးဖွင့်ကာ ထိုစာလုံးကို ဘယ်လက်ဖြင့် ဖမ်းဆွဲယူသည်။
သူက ချက်ခြင်းပင် သူ့ရင်ဘက်ရှေ့ရှိ စာလုံးကို ဖယ်ရှားပစ်၏။ ထိုစာလုံး ဖယ်ရှားခံလိုက်ရသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် အလင်းနှင့် ဖျပ်ခနဲ လွမ်းခြုံသွားသည်။သူက ချက်ခြင်းပင် အဘိုးအိုတစ်ယောက် ဖြစ်လာခဲ့ကာ သေဆုံးခြင်းအော်ရာသည် သူ့ပတ်လည်၌ ဝန်းရံသွားတော့သည်။
သို့သော် ထိုအရာများအားလုံးက ချက်ခြင်းလိုလို ပြောင်းပြန် ပြန်ဖြစ်သွား၏။ ပတ်ဝန်းကျင်ရှိ အသက်ဓာတ်များသည် ဝမ်လင်း၏ စုပ်ယူခြင်းကို ချက်ခြင်း ခံရသည်။ဝမ်လင်း၏ သွေ့ခြောက်သော ခန္ဓာကိုယ်သည် ရုတ်တရက် တောက်ပလာကာ မြန်ဆန်စွာ ပြောင်းလဲလာတော့၏။
ထိုအခိုက်အတန့်တွင် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ခြမ်း၌ ဝမ်လင်းရှိနေသော လူသူကင်းမဲ့သည့် ဂြိုဟ်နှင့် အလှမ်းဝေးသည့်နေရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်သည် အနောက်ပိုင်းနယ်မြေ၏ အတွင်းဘက်တွင် တည်ရှိကာ တောင်ပိုင်းနယ်မြေနှင့် နီးကပ်စွာ ဆက်နွှယ်နေ၏။
အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုဂြိုဟ်တွင် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ ရှိမနေသည်ကို တွေ့ရပေမည်။
ဓားအလင်းတန်းအချို့သည် ၎င်းဂြိုဟ်ကို လှည့်ပတ်နေ၏။ ထိုဓားစွမ်းအင်များပေါ်၌ ကျင့်ကြံသူများ ရှိနေကာ သူတို့သည် သုန်မှုန်သည့် အသွင်ဟန်ပန် ရှိနေကြသည်။သူတို့၏ မျက်လုံးများက ဂြိုဟ်ကို လှည့်ပတ်နေရင်း အေးစက်နေကြ၏။သူတို့က ပတ်ဝန်းကျင်ကို လေ့လာနေကြသည်။
ဖိနှိပ်ရန်လိုသည့် အော်ရာတစ်ခုသည် ဆက်တိုက် ပျံ့နှံ့လာ၏။
ဓားစွမ်းအင်များပေါ်ရှိ ကျင့်ကြံသူများ၏ အဆင့်သည် မြင့်မားခြင်း မရှိဘဲ သူတို့က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အင်မတန် အားကောင်း၏။သူတို့က နတ်ဘုရားအာရုံများကို ဖြန့်ကျက်ထားသော်လည်း သူတို့မျက်လုံးထဲ၌ ပူပန်မှုအရိပ်အယောင်တို့ ရှိနေပေသည်။
ထိုကျင့်ကြံခြင်းဂြိုဟ်ထံမှ ဓားအလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်မှာ သိပ်မကြာလိုက်ပေ။ ထိုအလင်းတန်းထဲ၌ အဘွားအိုတစ်ယောက် ရှိနေ၏။သူမ၏မျက်နှာသည် အရေးအကြောင်းများ ရှိနေသောလည်း ငယ်ရွယ်စဉ်က အတော်လေး လှပခဲ့မည်မှာ မလွဲလှပါ။ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက သူမကို သိရှိပေလိမ့်မည်။
ထိုအဘွားအို၏မျက်လုံးထဲ၌ ပူပန်မှုတို့ ပြည့်နေ၏။ သူမက နီးကပ်လာသည့်အခါ ကျင့်ကြံသူတစ်ယေက်သည် အနားရောက်လာပြီး လေးစားစွာ ဆို၏။ “ဆရာအဒေါ် ပင်းရွှဲ့ကို နှုတ်ဆက်ပါတယ်…”
အဘွားအိုက ခေါင်းညိတ်ပြ၏။ သူမက အကွာအဝေးတစ်ခုထံသို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းတို့ သတိမပြတ်နေကြ။ တစ်ခုခု ပုံမှန်မဟုတ်တာ ရှိရင် ချက်ခြင်း သတင်းပို့ပါ။ ခုချိန်က စစ်ဖြစ်နေတာ ဖြစ်တဲ့အတွက် ငါ့ဟင်္သာပြဒါးဂြိုဟ်ကလည်း အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေနဲ့ နီးကပ်နေတယ်။ ဒီအချိန်က သေရေးရှင်ရေး အခိုက်အတန့်ပဲ ဖြစ်တယ်…”
ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်က တုန်ခါသွား၏။သူက ခေါင်းငုံ့ကာ နာခံကြောင်း ပြသသည်။
ထိုအဘွားအိုသည် သက်ပြင်းချမိ၏။ သူမသည် စကားဆက်ပြောရန် ပြင်လိုက်စဉ် သူမ၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူမ၏ မျက်လုံးတို့က အကွာအဝေးတစ်ခုသို့ ကြည့်နေရင်း တောက်ပလာသည်။ထိုအဖြစ်က အခြားကျင့်ကြံသူများကိုပါ အာရုံစိုက်လာစေ၏။ သူတို့က လှမ်းကြည့်လိုက်သည့်အခါ သူတို့၏မျက်နှာများသည် ဖြူရောသွားကြ၏။သို့သော် သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများမှာ အလျင်အမြန် စုဝေးလာတော့သည်။
ကြယ်များကြားကနေ ဓားအလင်းများသည် အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာနေ၏။ ကျင့်ကြံသူ ရာချီသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ဦးတည်လာနေသည်။သူတို့ကို ဦးဆောင်လာသည့်သူက ခေါင်းကြီးကောင်လေးပင်။သူက ကြယ်များကြား၌ ပျံသန်းလာနေ၏။သူ့မျက်နှာထက်၌လည်း ရူးကြောင်ကြောင် အပြုံးတစ်ခု ရှိနေသေးသည်။
***