Switch Mode

အပိုင်း(၉၃၆)

ချင်းရွှေ၏ လက်ဆောင်

ဝမ်လင်းပတ်လည်ရှိ သေဆုံးခြင်းအော်ရာသည် သူ့အသက်ဓာတ် အမြောက်အများကို စုပ်ယူပြီးနောက် လီမူဝမ်ထံသို့ မြောလွင့်သွားနေ၏။ဝမ်လင်းထံမှ အသက်ဓာတ်သည် အံ့ဖွယ်နည်းလမ်းဖြင့် လီမူဝမ်ထံသို့ ရောက်ရှိနေသည်။

ရှောင်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း ပြောလာ၏။ “ချီရှီမန္တာန်က အနည်းဆုံး ခုနစ်ရက်ကြာကြာ အသုံးပြုဖို့ လိုအပ်တယ်။ဒီစဦးစိတ်ဝိညာဉ်က ခုနစ်ရက်ကြာမြင့်ပြီးသွားရင် အလိုလို ပြန်ရှင်သန်လာနိုင်လိမ့်မယ်…”

ဝမ်လင်းက လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူ့စိတ်နှလုံးထဲ၌ နောင်တဟူ၍ မရှိပေ။

လီမူဝမ်သည် ထိုအသက်ဓာတ်တို့ကို လက်ခံနိုင်စွမ်းရှိသည်ဟု ထင်ရကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူမ၏ စဦးစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မရှိတော့ပေ။ခုချိန်၌ သူမ၏ စဦးစိတ်ဝိညာဉ်ထံမှနေ တိတ်ဆိတ်သော ဝမ်းနည်းမှုတစ်ခု ထွက်ပေါ်လို့နေသည်။

လီမူဝမ်ပတ်လည်ရှိ သေဆုံးခြင်းအော်ရာသည် တဖြည်းဖြည်းဖြင့် အသက်ဓာတ်တို့ဖြင့် အစားသွင်းလာ၏။သူမ၏ စဦးစိတ်ဝိညာဉ်သည်လည်း ဖြည်းဖြည်းချင်း သိပ်သည်းလာနေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်နေ၏။ပထမနေ့…။ဒုတိယနေ့…။

သို့သော် တတိယနေ့တွင် လီမူဝမ်၏ သိပ်သည်းလာနေသော စဦးစိတ်ဝိညာဉ်သည် ဝမ်လင်းထံမှ အသက်ဓာတ်များ ပေးနေခြင်း တန့်သွားသည့်အတွက် သိပ်သည်းနေရာကနေ ရပ်တန့်သွားသည်။

ရှောင်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း ပြောလာ၏။ “ကံမကောင်းစွာနဲ့ ရှေးဟောင်းအချိန်တွေထဲကနေ လာတဲ့ ဒီချီရှီမန္တာန်ဟာ ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်နေတယ်။ဒီမန္တာန်က အားကောင်းလွန်းလှတယ်။ဒါ့ကြောင့် သေဆုံးပြီးသားလူတစ်ယောက်ရဲ့ အသက်ကိုတောင် ပြန်ရှင်သန်စေနိုင်ဖို့အတွက် လုံလောက်တဲ့အသက်ဓာတ်အား ရှိဖို့ပဲ လိုအပ်ခဲ့တယ်…”

“ချီရှီမန္တာန်က အသွင်ကူးပြောင်းပေးတဲ့ အသက်ဓာတ်က မညီမျှဘူးဆိုရင် ဒီမန္တာန်ဟာ ညီမျှအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူ။ချီရှီက ခုနစ်ရက် ကိုယ်စားပြုတယ်။ တနေ့စီကုန်လွန်လာတာနဲ့ ကုန်ဆုံးတဲ့ အသက်ဓာတ်ကလည်း ပြီးခဲ့တဲ့ ရက်ထက် အဆတစ်ရာလောက် ပိုလိုအပ်လာတယ်….။မင်းရဲ့ အသက်ဓာတ်က နှစ်ရက်တာအထိပဲ လုံလောက်တယ်။သုံးရက်မြောက်နေ့ထိ ဆိုရင် မင်းရဲ့အသက်ဓာတ်က လုံလောက်နိုင်မှာ မဟုတ်တော့ဘူး…”

“ရှုမူ မင်းမှာ အသက်ဓာတ် တိုးတက်လာအောင် လုပ်တဲ့ တစ်ခုခုများ ရှိလား…”

အသက်ဓာတ် ထိုးသွင်းပေးခြင်း မရှိသည်နှင့် လီမူဝမ်၏စဦးစိတ်ဝိညာဉ်သည် စတင် လွင့်ပြယ်လာသည်။ထိုလွင့်ပြယ်မှုက မြန်ဆန်လွန်းလှ၏။ သည်တစ်ကြိမ်၌ လုံးဝ ပျောက်ကွယ်သွားတော့မည့်အလားပင်။

“ငါ့သက်တမ်းကိုပဲ ဆက်စုပ်ယူပါ…” ဝမ်လင်းက လီမူဝမ်ကို နူးညံ့စွာ ကြည့်နေ၏။ သည်အမျိုးသမီးက သူ့ကို နှစ်ပေါင်းရာချီကာ ကတိတစ်ခုအတွက် စောင့်ဆိုင်းနေခဲ့သူ မဟုတ်လား။

ဝမ်လင်းသည် လီမူဝမ်ကိုသာ စူးစိုက်ကြည့်နေပြီး သူ့ဘဝ၏ သေခြင်းရှင်ခြင်းအခြေအနေများကို ပြန်တွေးနေမိ၏။

သည့်နောက်တွင်မူ ဝမ်လင်း၏ အသက်ဓာတ်များသည် ဆက်၍ လျော့နည်းနေကာ လီမူဝမ်၏စဦးစိတ်ဝိညာဉ်ထဲသို့ ဆက်လက်၍ ကူးပြောင်းပေးနေသည်။သူ့ထံမှ နှစ်ပေါင်းထောင်ချီ အသက်ဓာတ်များကို လီမူဝမ် ပြန်ရှင်သန်ဖို့အတွက် မျှော်လင့်ချက် အသက်ဓာတ်အမျှင်တန်းတစ်ခုအတွက် ပေးအပ်ရလျှင်ပင် ဝမ်လင်းသည် နောင်တရလိမ့်မည် မဟုတ်ပေ။

သူက လီမူဝမ်ကိုသာ တိတ်ဆိတ်စွာ ကြည့်၍ နူးညံ့စွာ ပြုံးနေ၏။သူ့အသွင်က မြန်ဆန်စွာ အိုစာနေသည်။မျက်နှာပေါ်၌လည်း အရေးအကြောင်းများ ပြည့်နှက်နေသည်။အသက်ဓာတ်အားမြောက်များစွာ ဆုံးရှုံးသွားရခြင်းကြောင့် သူသည် ချက်ခြင်းပင် နှစ်ထောင်ချီ ဖြတ်သန်း ကုန်ဆုံးသွားရသကဲ့သို့ ခံစားနေရ၏။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ အသက်ဓာတ်အား အများကြီး မကျန်တော့ပေ။ စုပ်ယူမှုနှုန်းက ဝမ်လင်းကို ကောင်းကင်နှင့်မြေကြီးရှိ မရဏသေမင်းက ခေါ်သံအား ပို၍ ရှင်းလင်းစွာ ခံစားမှုကို ဖြစ်စေသည်။

သူက အသက်ဝဝရှုသွင်း၏။ သူ့ခန္ဓကိုယ်မှ သိပ်သည်းသောအားတစ်ခု ပေါက်ကွဲထွက်လာသည်။ထိုပေါက်ကွဲမှုအားက သည်ဧရိယာကို အသက်ဓာတ်အား မုန်တိုင်းတစ်ခုအလား ဖြစ်စေသည်။သည်နေရာရှိ မရေမတွက်နိုင်သောလူ့ဦးခေါင်းများ၏ မျက်လုံးတို့သည် လင်းလက်နေကြတော့၏။

“အယ်…” ခေါင်းတလားထဲမှ ဘိုးဘေးရှောင်သည် မှင်သက်သွား၏။ သည်အခိုက်၌ ခေါင်းတလားအဖုံးသည် ပွင့်လာကာ အလောင်းကောင်လို့ သွေ့ခြောက်နေသည့် ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာ၏။

ထိုလူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသော အေးစက်စက်၊ရက်စက်သည့် အကြည့်၊သေခြင်းနှင့်ပြည့်နေသည့် အကြည့်သည် ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်၌ ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် ကျင့်ကြံခြင်းကလန်တစ်ခု၌ ပုန်းကွယ်၍ အဆင့်နိမ့်တပည့်တစ်ယောက်လို ဟန်ဆောင်နေထိုင်နေ၏။ ခုချိန်၌ သူက ကြာပွင့်သဏ္ဌာန် ထိုင်နေရင်း သူ့ထံမှအသက်ဓာတ်အားတို့သည် လွင့်ပြယ်နေလေသည်။

သို့သော် သူ့မူလခန္ဓာကိုယ်သည် ၎င်းအဖြစ်ကို ရပ်တန့်ရန် မကြိုးစားပေ။သူက ကောင်းကင်ထက်သို့သာ ကြည့်၍ တိတ်ဆိတ်နေသည်။

သူ့မူလခန္ဓာကိုယ်၏ ထာဝရအေးစက်နေသည့် မျက်လုံးထဲ၌ နူးညံ့မှုတစ်ခု ဖြစ်ပေါ်နေသည်။

သူ့မူလခန္ဓာကိုယ်မှ အခုကိုယ်ပွားထဲသို့ ဝင်ရောက်နေသည့် အသက်ဓာတ်တို့သည် မြန်ဆန်စွာ စုပ်ယူခြင်း ခံနေရ၏။ရလဒ်အနေဖြင့် လီမူဝမ်၏စဦးစိတ်ဝိညာဉ်သည် နောက်တစ်ဖန် ပြန်ဖြစ်တည်လာတော့သည်။

အချိန်သည် ကုန်ဆုံးနေသည်။တတိယမြောက်နေ့၊လေးရက်မြောက်နေ့…။

ငါးရက်မြောက်နေ့၌ ဝမ်လင်း၏မူလခန္ဓာကိုယ်သည် လုံးဝ မှိန်ဖျော့သွားသည်။သူ့အနီရောင်ဆံပင်များပင် အင်မတန် မှိန်ဖျော့နေ၏။ သူ့အသက်ဓာတ်အတော်များများသည် စုပ်ယူခြင်း ခံလိုက်ရလေသည်။ သူ့မူလခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဘုရား၏ခန္ဓာကိုယ် ဖြစ်သော်လည်း သူက ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

ချီရှီမန္တာန်အသုံးပြုခြင်း လေးရက်မြောက် ပြီးသည့်နောက် လီမူဝမ်၏စဦးစိတ်ဝိညာဉ်သည် လုံးဝ ပြန်သိပ်သည်းသွားသည်။သူမစဦးစိတ်ဝိညာဉ်ထံမှ သေခြင်းအော်ရာမှာလည်း လုံးဝ ဖယ်ရှားသွားခဲ့လေပြီ။

သို့သော် ရှင်သန်ခြင်းအမျှင်တန်းတစ်ခုမျှက သူမကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်း မရှိပေ။ ဤအဖြစ်က သူမ နိုးထလာရန်အတွက် မလုံလောက်သေးပေ။

လေးရက်သည် အကန့်အသတ်ပင်။ဝမ်လင်းသည် ငါးရောက်မြောက်နေ့ကို ကျော်လွန်နိုင်စွမ်း မရှိတော့ပေ။

“ငါ အများကြီး လုပ်ပေးပြီးပြီး။ မင်းမှာ လုံလောက်တဲ့ အသက်ဓာတ်မရှိတဲ့အတွက် ဒီစဦးစိတ်ဝိညာဉ်ကို ပြန်ရှင်သန်နိုင်အောင် မလုပ်နိုင်တော့ဘူး…”

ရှောင်ဘိုးဘေးက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်၏။ သည့်နောက် သူက ခေါင်းတလားထဲသို့ ပြန်ဝင်ရောက်သွားသည်။ သေဆုံးခြင်းအော်ရာတစ်ခုသည် လီမူဝမ်နှင်ဝမ်လင်းတို့ကို ခြုံလွှမ်းထား၏။ သည့်နောက် လေပွေတစ်ခုသည် ဤလျိုထဲ၌ တိုက်ခတ်လာပြီး သူတို့ကို ခေါ်ဆောင်သွား၏။

သည်ဖြစ်စဉ်အတွင်း ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်စေရင်း လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို ဝန်းရံစေသည်။ထို့ကြောင့် လီမူဝမ်၏စဦးစိတ်ဝိညာဉ်ထဲရှိ ရှင်သန်ခြင်းအမျှင်တန်းသည် ပျက်စီးမှု နှောင့်နှေးသွား၏။

သူက လျှိုထဲကနေ ထွက်လာသည်နှင့် အကြည့်နှစ်ခုက သူ့ထံသို့ ချက်ခြင်း ရောက်ရှိလာ၏။

ချင်းရွှေက ဝမ်လင်း၏ခုလက်ရှိ အခြေအနေကို တွေ့မြင်သည့်အခါ သူသည် မှင်သက်သွား၏။ သို့သော် သူက ဆိတ်ဆိတ်သာနေသည်။

ရှောင်ယွမ်တန်အတွက်မူ သူက သည်လိုဖြစ်လာမည်ကို ကြိုသိနေသည့်ပုံပင်။သူက ဝမ်လင်းထံမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ဝမ်လင်းသည် လီမူဝမ်၏စဦးစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ၌ ပြန်သိမ်းဆည်းထားလိုက်၏။ထို့နောက် သူက ချင်းရွှေကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ “စီနီယာအစ်ကို…ငါတို့ သွားကြစို့…”

ချင်းရွှေက သက်ပြင်းချ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ခါသည်။သူက ဝမ်လင်းကို ခေါ်ဆောင်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။

ရှောင်ယွမ်တန်က ဝမ်လင်းတို့ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ သူကပြုံး၍ ခပ်တိုးတိုး ဆို၏။ “ရှုမူ…ဒီအဘိုးအိုက မင်းအပေါ်မှာ လှည့်စားခဲ့ပေမဲ့လည်း ငါက ဒီအရာကကို ဖုံးကွယ်မထားခဲ့ဘူး။ မင်းရဲ့ ဗဟုသုတနဲ့ဆိုရင် စဦးစိတ်ဝိညာဉ်တစ်ခု ပြန်ကောင်းမွန်ဖို့ ရှင်သန်ခြင်းဓာတ်အမြောက်အများ လိုအပ်မှာ သိနေမှာပဲ။ ဒါ့ကြောင့် မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး…”

ချင်းရွှေနှင့်ဝမ်လင်းတို့သည် ကြယ်ရောင်စုံကောင်းကင်ထက်၌ ပျံသန်းနေကြ၏။

“စီနီယာအစ်ကို…သင် ဒါကို သိပါသလား…” ပျံသန်းနေရင်း ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဖယ်ကျဉ်ခြင်း‌ ခေါင်းတလားကို ထုတ်ယူလိုက်၏။

ချင်းရွှေ၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။သူ့ညာမျက်စိသည် ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားကို ကြည့်ကာ အနီရောင်တောက်ပသွားသည်။အချိန်အတန်ကြာမြင့်ပြီးမှ သူက ပြောလာ၏။ “ငါက ဒါကို အရင်တုန်းက လုံးဝ မမြင်တွေ့ခဲ့ဘူးဖူး။ဒါပေမဲ့ ဒီခေါင်းတလားကနေ ထွက်ပေါ်နေတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကြောင့် ဒါဟာ ကောင်းကင်ဘုံနယ်မြေကနေ လာတဲ့ အရာ ဖြစ်ရမယ်။ဒါ့အပြင် ဒီခေါင်းတလားထဲမှ အထူးစွမ်းအားတစ်ခု ရှိနေသေးတယ်။ဒီစွမ်းအားက ဥပဒေသတစ်မျိုးပဲ။ ဒီခေါင်းတလားက ကုသနိုင်တဲ့ စွမ်းရည် ရှိရမယ်…မှန်တယ်မလား…”

ချင်းရွှေပင် ၎င်းခေါင်းတလားကို မသိဟု ကြားလိုက်ရသည့်နောက် ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူက ခေါင်းတလားကို ပြန်သိမ်းကာ သက်ပြင်းချ၍ ဆိုသည်။

“ဒါက ကုသဖို့အတွက် ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ငါက ဒါကို ဘယ်လိုအသုံးပြုရမှန်း မသိဘူး…”

ချင်းရွှေက မေးခွန်းထပ်မပေးတော့ပေ။ သူက အကွာအဝေးတစ်ခုရှိ ကြယ်များကို ကြည့်နေရင်း တိတ်ဆိတ်သွားသည်။သူက ရုတ်တရက် ဆိုလာ၏။ “ရှမူ…ငါက မင်း ကောင်းကင်ဘုံရေကန်ထဲကို မဝင်ရောက်ခဲ့ပေမဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့တယ်။ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဝင်ရောက်သွားပြီးရင်ဒါက အတော်လေး အန္တရာယ်များလိမ့်မယ်။ဒါ့ကြောင် ငါ မင်းနဲ့အတူ ရှိမနေနိုင်မှာ စိုးရိမ်မိတယ်။ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးရင် မင်းက မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်…”

ဝမ်လင်းက ခေါင်းညိတ်၏။သူ့နှလုံးသားသည် ခါးသီးမှုကို ခံစားနေမိသည်။ သူက ကောင်းကင်နှင့်မြေကြီး၏ မရဏခေါ်သံကို ခံစားမိနေသည်။ထိုအသံက ပို၍ နီးသထက် နီးကပ်လာနေ၏။

“လေဆင့်ခေါ်ခြင်း၊မိုးဆင့်ခေါ်ခြင်းနဲ့ အံ့ဖွယ်လက်နက် မန္တာန်တွေ။ ဒီမန္တာန်သုံးခုထဲမှာ မင်းက လေဆင့်ခေါ်ခြင်းမန္တာန်ကို သိပြီးသား ဖြစ်တယ်။အခြားမန္တာန်နှစ်ခုကိုပါ ငါ မင်းကို အခု ထပ်သင်ပေးမယ်…”

ချင်းရွှေက ထိုသို့ ပြောနေရင်း သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက်အသွင် ဖြစ်စေ၍ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ကောင်းကင်ဘုံမူလစွမ်းအင်တို့သည် ရုတ်တရက်ကြီး ဝင်ရောက်လာတော့၏။

တစ်ချိန်တည်းမှာပင် မိုးဆင့်ခေါ်ခြင်းနှင့်အံ့ဖွယ်လက်နက် မန္တာန်တို့နှင့် ပတ်သတ်သည့် အချက်အလက်များသည် ဝမ်လင်း၏ စိတ်ထဲသို့ ရောက်ရှိလာ၏။ချင်းရွှေ၏ လုပ်ဆောင်မှုသည် အမွေအနှစ်တစ်ခုကို လက်ဆင့်ကမ်းပေးခြင်းနှင့် အတူတူပင်။

အမွေအနှစ်နှင့် သင်ကြားပေးခြင်းသည် မတူပေ။တိုက်ရိုက်တပည့်များသာ အမွေအနှစ်ကို ရရှနိုင်၏။ သည်လိုမျိုး မန္တာန်များကို ကူးပြောင်းပေးခြင်းသည် မန္တာန်၏ မည်သည့်အစိတ်အပိုင်းကိုမျှ မဆုံးရှုံးစေဖို့ သေချာ၏။

ချင်းရွှေက ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချမိ၏။ အစပိုင်း၌ ဝမ်လင်းအပေါ် သူ လုပ်ဆောင်ပေးမှုများသည် သူ့ဆရာအတွက်သာ ဖြစ်၏။သူက ဝမ်လင်းအပေါ် အများကြီး အလေးအထားခဲ့ပေ။ သူက ဝမ်လင်းကို ကယ်တင်ပေးခဲ့သည့်အချိန်ကပင် သူ့ဆရာအတွက်ကြောင့်သာ ဖြစ်ခဲ့ပေ၏။

ဝမ်လင်းသည် ကောင်းကင်ဘုံရေကန်ထဲသို့ မဝင်ရောက်ခြင်းက ချင်းရွှေကို အတော်လေး စိတ်ပျက်သွားစေ၏။သူက သူနှင့်ဝမ်လင်းကြားရှိ ကမ္မရေစက်သည် ဤနေရာ၌ပင် အဆုံးသပ်ဖို့ ဆုံးဖြတ်ထားခဲ့ပေသည်။သည့်နောက် သူက ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့ရခြင်းနှင့်သူ ရူးသွပ်သွားခဲ့ရသည့်အကြောင်းရင်းကို ရှာဖွေရန်သာ ဆုံးဖြတ်ထားတော့၏။

သို့သော် ထိုအရာများအားလုံးသည် ဝမ်လင်း အမျိုးသမီးတစ်ယောက်အတွက် သူ့အသက်ဓာတ်အားလုံးနီးပါးကို ပေးဆပ်သည့်အခါ၌ ပြောင်းလဲသွားတော့၏။ ထိုအဖြစ်က ချင်းရွှေအား အတိတ်ကို ပြန်အောက်မေ့စေသည်။

သူက ဝမ်လင်းကို ကြည့်သည့်အခါ သူ့ကိုယ်သူ ပြန်ကြည့်မိသလို ခံစားမိ၏။ သူ့ဦးခေါင်းထဲ၌လည်း အံ့မခန်းနာကျင်မှုကို ခံစားမိ၏။အတိတ်တုန်းက သူ သတိပြန်လည်လာသည့်အခါ ကြမ်းပြင်ပေါ်ရှိ သွေးကန်တစ်ခုထဲ၌ သူ့ချစ်သူ၏ မှိတ်ထားသော မျက်လုံး၊လှပေသော မျက်နှာလေးကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်လော။

ဤအခိုက်၌ သူ့နှလုံးသားသည် ကြေကွဲပြိုလဲရ၏။

ထိုဝမ်းနည်းတောင့်တမှုနှင့်အတူ ချင်းရွှေ ဝမ်လင်းအပေါ်သို့ သူ့ဆရာအတွက် သီးသန့် ပြန်ပေးဆပ်မည်ဟူသော အကြည့်မျိုးသာ ရှိတော့သည် မဟုတ်ပေ။ သူ့အကြည့်ထဲ၌ နူးညံ့မှု အငွေ့အသက်ပင် ပါဝင်လာခဲ့တော့၏။

“မင်းက ကောင်းကင်ဘုံရေကန်ထဲကို မဝင်ရောက်ခဲ့ဘူး။ဒါ့ကြောင့် ဒီကောင်းကင်ဘုံမန္တာန်တွေရဲ့ အပြည့်အဝ စွမ်းအားကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ စီနီယာအစ်ကို မင်းအတွက် ဘာလက်ဆောင်မှ ပေးစရာ မရှိတော့ မင်းကို ဒီမန္တာန်တွေကို ထုတ်ဖော်နိုင်ဖို့အတွက် ကောင်းကင်ဘုံမူလစွမ်းအင်ကို ပေးအပ်ခဲ့တာပဲ…”

ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ချင်းရွှေထည့်သွင်းပေးသည့် ကောင်းကင်ဘုံမူလစွမ်းအင်တို့သည် သူ့ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်နေရင်း ရွှေရောင်ပဲစေ့တစ်ခုအသွင်ပြောင်းကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ ကျရောက်သွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset