မြေကြီးသည် တုန်ခါသွား၏။ဝမ်လင်းက မြေအောက်မှ ထွက်ပေါ်လာသည့် လှိုင်းတစ်ခုကို ခံစားမိ၏။
ထိုလှိုင်းက အားကောင်းလွန်းလှပါသည်။၎င်းက မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာချိန်၌ ဂြိုဟ်တစ်ခုလုံးကိုပါ ပြင်းပြင်းထန်ထန် တုန်ခါစေသည်။
“ဘာအတွက်လဲ…” တည်ငြိမ်လှသောအသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် မည်ဟိန်းသည်။ထို့နောက် ရှေးဟောင်းအော်ရာတစ်ခုသည် သည်ဧရိယာသို့ ရုတ်တရက် ပြည့်လာသည်။ ထိုအသံသည် လေဟာနယ်ထဲကနေ ထွက်ခွာလာသည့်အလား။ ထိုအသံသည် လွန်ခဲ့သည့် မရေမတွက်နိုင်သည့် အချိန်များက ရှေးဟောင်းကျင့်ကြံခြင်းလောကကနေ ရောက်ရှိလာသကဲ့သို့ပင်။
ချင်းရွှေ၏ ညာမျက်လုံးထဲ၌ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ ပြေးသွား၏။သူက သူ့ရှေ့ရှိ မြေကြီးကို ငုံ့ကြည့်သည်။သို့သော် သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။
အဘိုးအိုရှောင်က လေးစားစာ ပြောလာ၏။ “အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းတို့ကြား တိုက်ပွဲ စတင်ပါပြီ။ဒီလူက ကောင်းကင်ဦးစီး ပြိုင်ပွဲမှာ အဆင့်တစ် ရခဲ့ပြီး ရှောင်မိသားစုရဲ့ ကတိတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့တောင်းဆိုမှုကို ဂျူနီယာ မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် စီနီယာက ချီရှီမန္တာန်ကို အသုံးပြုပေးဖို့ ငါ မျှော်လင့်မိပါတယ်…”
ရှောင်ယွမ်တန်က ထိုသို့ ပြောလိုက်ပြီးသည့်နောက် ဝမ်လင်းသည် သူ့အပေါ်သို့ တုန်လှုပ်ဖွယ်နတ်ဘုရားအာရုံတစ်ခု ရုတ်တရက် ကျရောက်လာသည်ဟု ခံစားမိသည်။သူက နောက်သို့ မဆုတ်မိစေရန် သူ့ကိုယ်သူ အားတင်းထားရ၏။တက်နိုင်သမျှ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်သည်။
ထိုနတ်ဘုရားအာရုံသည် အားကောင်းလွန်းလှသည်။သိုသော် ၎င်းနတ်ဘုရားအာရုံသည် သူ့ကို အလုံးစုံဖြတ်ကျော်နိုင်စွမ်း မရှိပေ။ သည်အခိုက်၌ သူ့တတိယမျက်လုံးမှ မူလစွမ်းအင်ရင်းမြစ် အမျှင်တန်းသည် သူ့ခန္ဓာကိုယ်ကို ဖြန့်ကျက်သွားသည်။
ထိုနတ်ဘုရားအာရုံသည် သူ့ကို တစ်ကြိမ် စမ်းစစ်ကြည့်ပြီးနောက် အလျင်အမြန် ပြန်နောက်ဆုတ်သွားသည်။
“သူ့ဘာသာသူ ဝင်လာခိုင်းလိုက်…” ရှေးဟောင်းအသံသည် ပဲ့တင်ထပ်သွားသည်။ထို့နောက် သူတို့ရှေ့ရှိ မြေကြီးထက်ကနေ သိပ်သည်းသော တုန်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။သည့်နောက် မြေပြင်ထက်၌ အဟတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာကာ နက်ရှိုင်းသောလျှိုတစ်ခု ဖန်တီးလေ၏။
ရှောင်ယွမ်တန်က မြန်ဆန်စွာ ခေါင်းညိမ့်၏။သူက ဝမ်လင်းကို လှည့်၍ ကြည့်သည်။သူက အစကတည်းက ငါးဆယ်ရာခိုင်နှုန်းလောက် ယုံကြည်မှု ရှိ၏။တကယ်တော့ ဘိုးဘေးသည် ထူးဆန်းသည့် စိတ်သဘော ရှိသူပင်။
အခု ဘိုးဘေး သဘောတူသွားသည့်အခါ ရှောင်ယွမ်တန်သည် ပြုံး၍ ဆိုသည်။ “ရှုမူ…အောက်ဆင်းသွားချေ။ ငါ မင်းကို စောင့်နေမယ်…”
ဝမ်လင်းသည် ခေါင်းညိမ့်ကာ ချင်းရွှေကို ကြည့်၏။
ချင်းရွှေ၏ ညာမျက်လုံးသည် အနီရောင်တောက်ပကာ သူက တည်ငြိမ်စွာ ပြောသည်။ “သူ့ကို တစ်ယောက်ယောက် ထိခိုက်နာကျင်အောင် လုပ်တာနဲ့ ရှောင်နာမည်ရှိတဲ့လူတွေရဲ့ သွေးဟာ တန်လင်းဂြိုဟ်ပေါ်မှာ မြစ်လို စီးဆင်းသွားစေရမယ်…”
သူ့အသံက ပေါ့ပါးသော်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတို့ ပါဝင်နေသည်။ရှောင်ယွမ်တန်က မျက်မှောင်ကြုတ်သွားသည်။သူက တိတ်ဆိတ်စွာ မချင့်ပြုံးပြုံးသည်။
ဝမ်လင်းသည် ကျေးဇူးတင်မိ၏။ သူ့ဘဝတွင် ကျေးဇူးတင်ရသည့်သူ သိပ်မများလှပေ။ အတိတ်တုန်းက သူသည် စစ်ထူ၊ကျိုးရီ၊သွန်းထျန်နှင့် အခု ချင်းရွှေတို့ကို ကျေးဇူးတရား ထားရှိပေသည်။
ဝမ်လင်းသည် အသက်ဝဝရှုသွင်း၏။ သူက ချင်းရွှေနှင့်ရှောင်ယွမ်တန်တို့ကို လက်နှစ်ဖက်ယှက်ကာ လေးစားသမှု ပြသည်။ထို့နောက် သူက နောက်လှည့်ကာ လျှိုကြားသို့ လှမ်းလျှောက်သွားသည်။
ထိုလျှိုသည် အင်မတန် ကြီးမားလှ၏။ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။သူက အောက်သို့ ဆက်၍ ဆင်းနေသည်။ နံရံများသည် ချောမွတ်နေ၏။သို့သော် အတွင်းဘက်၌ အသက်ဓာတ်အငွေ့အသက် လုံးဝ ကင်းမဲ့နေသည်။ထိုလျှိုသည် သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်နေတော့သည်။
သူ ဆင်းသက်လာနေရင်း သေဆုံးခြင်းအော်ရာသည် ပိုပို၍ ပြင်းထန်လာနေသည်။အဆုံးသပ်၌ ထိုအော်ရာက သည်ဧရိယာတွင် ဝန်းရံကာ အထည်ဒြပ်ပင် ရှိလုနီးနီး ဖြစ်လာသည်။၎င်းက ဝမ်လင်းကို လုံးဝ မသက်မသာဖြစ်စေ၏။
ဝမ်လင်းဆင်းသက်လာလေ သေဆုံးခြင်းအော်ရာသည် သူ့ခန္ဓာကိုယ်ထဲသို့ ပို၍ တိုးဝင်လာလေပင်။ အခြားတစ်ယောက်သာ ဆိုပါက သူတို့၏ခန္ဓာကိုယ်သည် တောင့်တင်းကာ သူတို့၏အသက်ပင် အန္တရာယ်ရှိနိုင်၏။
သို့ရာတွင် ဝမ်လင်းသည် ပထမအဆင့်၌ သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျင့်ကြံခဲ့သူပင်။ အစောပိုင်း သူ့ကျင့်ကြံမှု၌ သူကျင့်ကြံခဲ့သည် တစ္ဆေလောကနည်းလမ်းသည် အနှီသေဆုံးခြင်းအော်ရာနှင့် အင်မတန် ဆင်တူပေသည်။
ဤအခိုက်အတန့်၌ သူ့မူလစွမ်းအင်သည် လှည့်ပတ်ကာ ယင်ယန်ငါးတို့သည် သူ့ပတ်လည်၌ တဖျပ်ဖျပ် ဖြစ်နေ၏။သေဆုံးခြင်းအော်ရာသည် သူနှင့် အဝေးသို့ လွင့်စင်ကာ သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာ မရရှိစေတော့ပေ။
ဤလျှိုသည် နက်လှ၏။ ဝမ်လင်းက မြန်ဆန်စွာ ရွှေ့လျှားနေသည်။သို့သော် ခုနစ်မိနစ်ခန့် ကြာသည့်အထိ သူသည် အောက်ခြေကို မတွေ့မြင်ရသေးပေ။သူ့အသွင်က တည်ငြိမ်နေရင်း သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို လှည့်ပတ်ကာ ကံကြမ္မာနယ်ပယ်ကိုပါ အသက်သွင်းထား၏။
အချိန်အတန်ကြာမြင့်ပြီးနောက် သေဆုံးခြင်းအော်ရာသည် သိပ်သည်းလာပြီး ယင်ယန်ငါးများပါ သက်ရောက်ခြင်း ခံလာရ၏။သို့သော် ထိုအခိုက်အတန့်၌ သူသည် မြေကြီးနှင့် ထိတွေ့မိကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားရသည်။
သူ့ရှေ့၌ ပေါ်လာသည်က ဥမင်တစ်ခုပင်။ထိုဥမင်က နက်မှောင်ကာ မည်သည့်အလင်းဓာတ်မှ မရှပါ။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ထိုဥမင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ဘဲ အကြမ်းဖျဉ်းမျှသာ မြင်နိုင်၏။
“ဝင်လာခဲ့…” ရှေးဟောင်းအသံသည် သည်ဥမင်လမ်းကြောင်းအတွင်း၌ မည်ဟီးနေကာ ဆန်းကြယ်သောခံစားမှုကို ပေးသည်။ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။သည့်နောက် သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ပြည့်ကာ ဥမင်လမ်းအတိုင်း ဆင်းသွားသည်။
ထိုဥမင်မှာ ရှည်လျားလှခြင်း မရှိပေ။ မိနစ်အနည်းငယ်လောက် လျှောက်လှမ်းလာပြီးနောက် ဝမ်လင်းသည် အဆုံးသပ်သို့ ရောက်လာသည်။သူတွေ့မြင်လိုက်သည့်အရာကြောင့် သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။
“လူအရိုးခေါင်းတွေ…”
မရေမတွက်နိုင်သော အရိုးခေါင်းများသည် အစုလိုက်အပြုံလိုက် ရှိနေ၏။
ထိုဥမင်၏ အဆုံးသပ်၌ ကျယ်ပြယ်သောနေရာတစ်ခု ရှိ၏။ ထိုနေရာသည် များပြားလွန်းလှသည့် အရိုးခေါင်းများနှင့် ပြည့်နေကာ သိပ်သည်းသော အေးစိမ့်မှုကို ပေးသည်။
သူ့ရှေ့ရှိ အရာရာသည် လူဦးခေါင်း ပင်လယ်ကဲ့သို့ ဖြစ်နေ၏။
ဝမ်လင်း၏စိတ်ခွန်အားဖြင့်ပင် သူ့ဦးရေပြားပါ ကျိန်းစပ်သွားမိ၏။သူက နောက်သို့ ခြေနှစ်လှမ်း မဆုတ်မိဘဲ မနေနိုင် ဖြစ်ရသည်။သူ့မျက်နှာပေါ်၌ပင် ကြောက်ရွှံ့မှုတို့ ရှိလာ၏။
ရေတွက်ရန်ပင် ခက်ခဲမည့် လူဦးခေါင်းများကို မြင်တွေ့မိသူ့တိုင်း၏ စိတ်သည် တုန်ယင်မိကြပေမည်။ သေဆုံးခြင်းအော်ရာသည် ဦးခေါင်းပင်လယ်ကို ဖြတ်၍ မုန်တိုင်းတစ်ခုအလား ဖြစ်ပေါ်နေသည်။
ထိုသေဆုံးခြင်းအော်ရာအောက်၌ ဝမ်လင်း၏မျက်လုံးထဲရှိ ထိတ်လန့်မှုသည် အထွတ်အထိပ်သို့ ရောက်လာတော့၏။
ထိုလူသားဦးခေါင်းပင်လယ်၏ ဗဟိုရှိ မုန်တိုင်းအတွင်း၌ လူပြုလုပ်ထားသည် စင်္ကြန်နေရာတစ်ခုရှိကာ ၎င်းအပေါ်၌ အဝါရောင်ခေါင်းတလားတစ်ခု ရှိ၏။ထိုသစ်သားခေါင်းတလားထဲကနေ ရူးသွပ်လုနီးပါးအော်ရာတစ်ခု ထွက်ပေါ်နေ၏။
“မင်းနာမည် ဘယ်သူလဲ…” ခေါင်းတလားထဲမှ ရှေးဟောင်းအသံထွက်ပေါ်လာသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်၍ လေးစားစွာ ပြော၏။ “ဂျူနီယာ…ရှုမူက စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
“မင်းက ဒီအဘိုးအိုကို ချီရှိမန္တာန်အသုံးပြုစေချင်တာလား…”
ထိုအသံထဲ၌ ပျော်ရွှင်ခြင်း၊ဒေါသထွက်ခြင်းတို့ ကင်းမဲ့နေ၏။သို့သော် ဖိအားသည် ပြည့်နှက်နေလေ၏။
ဝမ်လင်းက သူ့စိတ်နှလုံးကို ငြိမ်သက်အောင်လုပ်ကာ တည်ငြိမ်စွာ ပြောသည်။ “ဟုတ်ပါတယ်…”
“ငါ မင်းကို ကူညီနိုင်တယ်။ ဒါပေမဲ့ ရှောင်မိသားစုရဲ့ ကတိတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ငါမင်းရဲ့ အသက်ဓာတ်အား တစ်ဝက်ကို လိုချင်တယ်…”
ရှေးဟောင်းအသံသည် နတ်ဘုရားအာရုံအဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက ပျံ့နှံ့လာသည့်အခါ ပတ်ဝန်းကျင်ရှိ သေဆုံးခြင်းအော်ရာသည် ပိုမို၍ပင် သိပ်သည်းလာသည်။
သည်ဦးခေါင်းပင်လယ်ထဲရှိ မရေမတွက်နိုင်သော လူဦးခေါင်းများသည် စတင်လှုပ်ရှားလာကြ၏။ ဦးခေါင်းများ၏ မျက်လုံးအတွင်းကနေ တစ္ဆေအလင်းတစ်ခု တောက်ပလာသည်။
ထိုမြင်ကွင်းမှာ ထူးဆန်းလှ၏။ဝမ်လင်း၏အမြင်၌ ဦးခေါင်းတစ်ခုချင်းစီသည် စိတ်ဝိညာဉ်တစ်ခုစီ ပိုင်ဆိုင်ထားသည့်အလားပင်။သူတို့၏အကြည့်အားလုံးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် လာရောက်စုစည်းလေ၏။
တိုင်းတာလို့ပင်မရသည့် အကြည့်များ ကျရောက်လာသည့်အခိုက်၌ ဝမ်လင်းခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်သည် လွင့်ပါးလာသည်။သူ့ဆံပင်များမှာလည်း အနက်ရောင်ကနေ အဖြူရောင်သို့ ပြောင်းသွားသည်။
ဝမ်လင်းအသွင်က ချက်ခြင်းပင် အိုစာသွား၏။လူငယ်တစ်ယောက်အသွင်ကနေ သက်လတ်ပိုင်းအရွယ်သို့ ချက်ခြင်း ပြောင်းလဲသွားသည်။
ဝမ်လင်း၏စိတ်နှလုံးထဲ၌ သူတစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် အားနည်းမှုအငွေ့အသက်မျိုး ပေါ်လာတော့၏။ သူ့ကျင့်ကြံမှုအဆင့်သည် ထိခိုက်ခြင်း မရှိသော်လည်း ထိုအားနည်းသည့် ခံစားချက်က ပျောက်ပျက်မသွားပေ။
ရှောင်မိသားစုဘိုးဘေး၏အသံသည် တဖြည်းဖြည်း ထွက်ပေါ်လာ၏။ “မင်း ကယ်ချင်တဲ့လူကို ထုတ်လိုက်ပါ…”
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ အတားအဆီးအလုံးကို ထုတ်ယူသည်။ထိုအလုံးထဲ၌ လီမူဝမ်၏စဦးစိတ်ဝိညာည် ရှိနေပေသည်။
သို့သော် ထိုအတားအဆီးအလုံးက သိုလှောင်အိတ်ထဲကနေ သူ့လက်ထဲသို့ မရောက်ခင်မှာပင် ကြောက်မက်ဖွယ်သေဆုံးခြင်းအော်ရာသည် ရိုက်ခတ်လာကာ ၎င်းအလုံးကို သေခြင်းမုန်တိုင်း၏ ဗဟိုသို့ ဆောင်ယူသွားတော့သည်။
သည်အခိုက်၌ ဝမ်လင်းသည် အရာအားလုံးကို မေ့သွား၏။သူက ထိုလူနှင့်သူ့ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟချက်ကိုပါ မေ့လျော့သွားပေသည်။သူ့မျက်လုံးသည် နီရဲလာကာ တတိယမျက်လုံးမှ အနီရောင်အလင်းတန်းထွက်ပေါ်လာ၏။
“ဒါ ဘာလုပ်တာလဲ…” ဝမ်လင်း၏ ဟိန်းသံက ထိုးထွက်လာ၏။သူက လီမူဝမ်ကို ခြုံလွှမ်းထားသည့် သေဆုံးခြင်းအော်ရာနောက်သို့ အတင်းတိုးဝင်လာသည်။
ခေါင်းတလားထဲမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။ နောက်ထပ် သေဆုံးခြင်းအမျှင်တန်းသည် ဝမ်လင်းရှိသို့ ထိုးထွက်လာ၏။ သည်အခိုက်၌ ဝမ်လင်းသည် ရူးသွပ်သွားသည့်အလား သူ့တတိယမျက်လုံးကို ချက်ခြင်း ဖွင့်လှစ်၏။ အနီရောင်အလင်းတန်းသည် ယပ်တောင်သဖွယ် ဖြာထွက်လာကာ သူ့ထံသို့ ဦးတည်လာသည့် သေခြင်းအမျှင်တန်းပေါ်သို့ ကျရောက်သွား၏။
သေဆုံးခြင်းအော်ရာသည် ချက်ခြင်းပင် ပျက်စီးသွားသည်။ဝမ်လင်းက လီမူဝမ်ရှိနေသော အတားအဆီးအလုံးထံသို့ အလင်းတန်းအလား ရှေ့လျားလာ၏။
“ဆူလိုက်တာ…။ငါက မင်းရဲ့ အသက်ဓာတ်အားတစ်ဝက်ကို ယူပြီးသွားတော့ အခု ချီရှီမန္တာန်ကို အသုံးပြုမလို့…”
ရှေးဟောင်းအသံက ထွက်ပေါ်လာ၏။ဝမ်လင်း၏ခန္ဓာကိုယ်က တုန့်ခနဲ ရပ်တန့်သွားသည်။သူက သူ့ရှေ့ရှိ ခေါင်းတလားကို စူးစိုက်ကြည့်နေသည်။သူ့အကြည့်က အေးစက်နေ၏။
သေဆုံးခြင်းအော်ရာအောက်၌ လီမူဝမ်ပတ်လည်ရှိအတားအဆီးလုံးသည် ပျက်စီးသွားသည်။ဝမ်လင်းသည် သူ့စိတ်ထဲကနေ နာကျင်မှုကို ခံစားမိသည်။လီမူဝမ်၏ စဦးစိတ်ဝိညာဉ်သည် ဒဏ်ရာရသွားခြင်းမရှိဘဲ လေထဲ၌ လွင့်မြောနေ၏။
“ဒီတော့ ဒါက အသက်ဓာတ်အားလုံး ဆုံးရှုံးသွားပြီး အတင်း တည်ရှိအောင် လုပ်ထားတဲ့ အပျက်အစီးစဦးစိတ်ဝိညာဉ် ပေါ့။မင်းက ချီရှိမန္တာန်အသုံးပြုဖို့အတွက် ဒီအဘိုးအိုရှိ လာတာ အံ့အားသင့်စရာ မရှိတော့ဘူး…”
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက သူ့ရှေ့ရှိ ခေါင်းတလားကို တိတ်ဆိတ်စွာသာ ကြည့်နေသည်။
“ဒါပေမဲ့လည်း ငါက ငါ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေရင် ငါ ချီရှီမန္တာန်ကို အသုံးပြုတာနဲ့ ငါက ဒီစဦးစိတ်ဝိညာဉ်ကို ပြန်နိုးထလာနိုင်အောင် လုပ်နိုင်တယ်။ဒါပေမဲ့လည်း ခုချိန်မှာ ဒီအဘိုးအိုက သုံးဆယ်ရာခိုင်နှုန်းပဲ ယုံကြည်ချက် ရှိတယ်…”
သူက ထိုသို့ပြောနေရင်း လူဦးခေါင်းပင်လယ်ထဲမှ အရိုးခေါင်းများ၏ မျက်လုံးတို့သည် လင်းလက်လာသည်။ရုတ်တရက် သေဆုံးခြင်းအော်ရာသည် ဝမ်လင်းပတ်လည်၌ ဝန်းရံလာ၏။
ဝမ်လင်းသည် မခုခံပေ။ သေဆုံးခြင်းအော်ရာသည် သူ့ပတ်လည်၌ ဝန်းရံလာနေရင်း သူ့ထံမှ ရှင်သန်ခြင်းဓာတ်အမျှင်တန်းများကို ဆွဲငယ် ထုတ်ယူ၏။ထိုရှင်သန်ခြင်းဓာတ် အမျှင်တန်းများသည် သူ့သက်တမ်းပင်။
သူ့ရှင်သန်ခြင်းဓာတ်တို့ ပျောက်ကွယ်နေရင်း သူ့ဆံပင်များသည် ဖြူရောကာ ကျွတ်ကျကုန်၏။သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ခြောက်သွေ့ကာ သူ့အရေပြားသည် အရေးအကြောင်းများ ဖြစ်ပေါ်လာသည်။
သူ့မျက်နှာမှာ သက်လတ်ပိုင်းအရွယ်ကနေ အဘိုးအိုရုပ်သွင်ထိ ဖြစ်လာ၏။
ဝမ်လင်း၏မျက်လုံးတို့သည် မှိန်ဖျော့သွား၏။သူ့အားနည်းမှုမှာ အဟုန်နှင့် တိုးနေ၏။သူက လေဟာနယ်ထဲကနေ တစ်စုံတစ်ခုက သူ့ကို ခေါ်နေသည်ဟုပါ ခံစားမိလာ၏။
ထိုအရာက သူ့အား ခေါ်ဆောင်သွားလိုနေသည့်အလား။
နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးသည့်နောက ဝမ်လင်းသည် ထိုအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သိပေ၏။ ထိုအရာမှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းပင်။သူ့တွင် သက်တမ်းများစွာ မကျန်ရစ်တော့သည့်အတွက် သဘာဝ၏ ပြန်လည်မွေးဖွားခြင်းစက်ဝန်းသည် သူ့ကို စတင် ခေါ်လာခြင်း ဖြစ်တော့၏။သူ့သက်တမ်းကုန်သည်နှင့် သူက သေဆုံးရပေလိမ့်မည်။
***