အရှင်မီးတောက်က လေထဲ၌ ရှိနေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူ့နှဖူးထက်ကနေ အနက်ရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။ထိုအလင်းများ ပေါ်လာသည့်နောက် ၎င်းတို့သည် ကုန်းမြေတစ်ခု၏ အစိတ်အပိုင်းများထဲသို့ မြန်ဆန်စွာ ကြီးထွားလာသည်။
ကောင်းကင်ဘုံအစိတ်အပိုင်း ဒါဇင်သည် ကောင်းကင်ကို ချက်ခြင်း ဖုံးအပ်ကာ အံ့မခန်းဖိအားကို ဖန်တီး၏။ထိုဖိအားကို ခုခံရန် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရှိ ကျင့်ကြံသူတိုင်းသည် သူတို့၏ ကျင့်ကြံမှုကို အသက်သွင်းထားကြရသည်။
အကြည့်တစ်ချက်ဖြင့်ပင် ကောင်းကင်သည် ပိုင်းခြားပစ်ခြင်း ခံလိုက်ရသည့်အလား။ထိုအစိတ်အပိုင်းများ၏ ထွေးယှက်နေသည့် အဟကနေ အလင်းတန်းများ ထွက်ပေါ်လာသည်။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူအားလုံးသည် ထိုအလင်းကို တွေ့မြင်သည့်အခါ သူတို့၏ စိတ်သည် တုန်ယင်ကာ သွေးများ ဆူပွက်လာကြသည်။
အရှင်မီးတောက်၏မျက်လုံးထဲ၌ နှစ်ပေါင်းသောင်းချီ ဖုံးကွွယ်ထားသည့် အမုန်းတရား တစ်ခု ပေါ်ထွက်နေ၏။သူက အသက်ဝဝရှုသွင်းကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။အစိတ်အပိုင်းများ လှည့်လည်နေရင်း ကောင်းကင်ထက်ကနေ တုန်ဟီးသံများ ထွက်ပေါ်လာသည်။ထိုအသံကြောင့် လောကပင် အရောင်များ ပြောင်းကုန်သည်။
မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ကောင်းကင်ထက်၌ လွှမ်းခြုံအုပ်နေ၏။ သည်အခိုက်၌ အရှင်မီးတောက်၏ လက်နှစ်ဖက်သည် လှုပ်ရှားနေရင်းနှင့်အတူ ၎င်းအစိတ်အပိုင်းများသည် ဖြည်းဖြည်းချင်း စတင်လှည့်ပတ်လာသည်။အစပိုင်း၌ ထိုလှည့်လည်မှုက နှေး၏။နောက်ပိုင်းတွင်မူ တဖြည်းဖြည်း မြန်သထက် မြန်လာသည်။တဝီဝီအသံများသည် ရုတ်တရက် ပျံ့နှံ့ကာ ဝေးသထက် ဝေးကွာစွာ ပျံ့လွင့်သည်။ ၎င်းအသံက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကိုပါ ကျော်လွန်၍ နယ်မြေလေးခုထိကပါ ကြားလာရသည်။
ထိုအစိတ်အပိုင်းများ လှည့်လည်နေရင်း ဝဲကတော့တစ်ခုသည် ကောင်းကင်ထက်၌ ပေါ်လာ၏။ထိုဝဲကတော့သည် အလွန်အားကောင်းကာ မုန်တိုင်းတစ်ခုကို ဖြစ်စေသည်။ တုန်ဟီးသံ၊တဝီဝီမြည်သံတို့သည် ဆက်လက် ပဲ့တင့်ထပ်နေရင်း မြေကမ္ဘာပင် တုန်လှုပ်စေမည့် မြင်ကွင်းကို ဖန်တီးသည်။
ကောင်းကင်ထက်ရှိ တိမ်တိုက်များသည် အရူးအမူး ပျောက်ကွယ်ကုန်သည်။ ကြယ်ရောင်စုံကောင်းသည် ဧရာမလက်ကြီးများဖြင့် ဆွဲဖွင့်ခြင်း ခံလိုက်ရသည့်အလား ပေါ်ထွက်လာသည်။ ထိုလက်ကြီးများကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့များသည် ကြယ်ရောင်စုံကောင်းကင်ထက်၌ အဆုံးစွန်တောက်ပမှုကို ပေးနေ၏။ထိုဝဲကတော့သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အထက်ရှိ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလာသည့်အထိ ချဲ့ကားလာသည်။
ထိုဝဲကတော့ထဲ၌ အံ့ခန်းစွမ်းအားတစ်ခု ပါဝင်နေသည်။ထိုစွမ်းအားသည် နိဗ္ဗာနကြိုမြင်ခြင်းကျင့်ကြံသူတစ်ယောက်ကိုပါ ချက်ခြင်းသတ်ပစ်နိုင်သည်။နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင် ထိုနေရာ၌ အချိန်ကြာကြာ နေနိုင်လိမ့်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအားသည် အားကောင်းသထက် အားကောင်းလာသည်။ တစီစီအက်ကွဲသံများသည် ဝဲကတော့အတွင်း၌ မြည်ဟီးနေသည်။
ထိုအသံသည် ကျင့်ကြံသူများ၏ နှလုံးကို ခုန်ပေါက်စေသည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူတိုင်းနီးပါး၏ ထိုအသံကို ခပ်ရေးရေး ကြားနေရပေသည်။
ထိုအသံ မြည်ဟိန်းတိုင်း မရေမတွက်နိုင်သော လှိုင်းတွန့်များသည် ကောင်းကင်ထက်၌ ပေါ်လာကာ အဆုံးမဲ့သည့်အလား ပျံ့နှံ့သည်။ထိုဝဲကတော့သည် ကြီးသထက် ကြီးမားလာကာ ဝဲကတော့ထဲမှ ထွက်ပေါ်လာသည့်အသံသည်လည်း မခန့်မှန်းလောက်အောင် ကျယ်လောင်လာသည်။
ထိုအားကောင်းလှသည့် အသံသည် အဆုံးစွန်သောစွမ်းအားနှင့် လေဟာနယ်အရံအတားကို စောင့်နေတော့၏။
အရှင်မီးတောက်၏ အဖြူရောင်ဆံပင်များသည် လေထဲ၌ မြောလွင့်နေကာ သူက အော်ဟစ်၏။ “ရောင်းရင်းကျင့်ကြံသူတို့…ငါ့ကို ကူညီပေးကြ…”
မြက်ဖျာပေါ်ရှိ မွန်းစတားအိုကြီးများ၏ မျက်လုံးသည် တောက်ပလွန်းနေ၏။သွေးနတ်ဘုရားသည်လည်း ထိုသူတို့ထဲတွင် ပါဝင်သည်။သူတို့အားလုံးသည် လေထဲသို့ ပျံတက်ကာ သူတို့၏အမျိုးမျိုးသော မန္တာန်များကို ခင်းကျင်း ထုတ်ဖော်ကြသည်။ထိုမန္တာန်များသည် ဝဲကတော့ထဲသို့ တိုးဝင်သွားသည့်အခါ ၎င်း၏စွမ်းအားကို အဆများစွာ တိုးမြင့်လာစေသည်။
ထိုအားသည် ထပ်ရှရှတူးဆွကာ ဟင်းလင်းပြင်ကို ဆက်တိုက် ထိုးစိုက်ရင်း ချိုးဖျက်ရန် ကြိုးစားနေသည်။
အရှင်မီးတောက်သည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြော၏။ “မိုးကြိုးနယ်မြေရဲ့ စွမ်းအား…” အစိတ်အပိုင်းဒါဇင်အပေါ်ကနေ မိုးကြိုးသားရဲများ ပေါ်လာ၏။၎င်းတို့က ဟိန်းဟောက်ကာ မိုးကြိုးတန်းများအဖြစ်သို့ ပြောင်း၍ ဝဲကတော့၏ ဗဟိုချက်သို့ ဝင်ရောက်သည်။
ဘုန်း…။
ကောင်းကင်သည် တုန်ခါ၏။ဝဲကတော့သည် ဆက်၍ လှည့်ပတ်ရင်း ချဲ့ထွက်လာသည်။ယင်းဝဲကတော့ထဲမှ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်သည်။
ပတ်ဝန်းကျင်ရှိ မွန်းစတားအိုကြီးများသည် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေသည်။လီယွမ်ဇီ၏ မျက်လုံးသည် တောက်ပနေ၏။သူက ရှေ့သို့ တရကြမ်း တိုးထွက်သည်။သူ့ညာလက်ကနေ အဖြူရောင်အလင်းတစ်ခုကို ပေးစွမ်းနေရင်း သူက ဝဲကတော့ထံသို့ တိုက်ရိုက် တိုးဝင်သည်။ ဘန်းခနဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပွားသွားသည်။
လီယွမ်ဇီ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူ့မျက်နှာက ဖြူရောသည်။သူက နောက်သို့ ပြန်ဆုတ်သည်။ရှန်ကုန်းမိသားစုဘိုဘေးက လှမ်းထွက်လာသည်။သူက သူ့နှဖူးထက်ကို ထိရိုက်လိုက်ရာ အလံတစ်ခု ထွက်ပေါ်လာသည်။ဖျပ်ခနဲလင်းလက်ကာ ထိုအလံသည် ဝဲကတော့ထံသို့ ပျံသန်းဝင်သွားသည်။
ကြေးမုံတစ်ချပ် ကွဲအက်သလို အသံသည် နောက်တစ်ဖန် ထွက်ပေါ်လာ၏။သွေးနတ်ဘုရားသည် သွေးအလင်းကို လွှမ်းခြုံကာ ဝဲကတော့ထံသို့ တိုးဝင်ကာ သူ့လက်သီးဖြင့် ထိုးချသည်။ထိုလက်သီးချက်သည် သွေးနီရောင်တောက်ပကာ ဝဲကတော့ထဲသို့ ထွင်းဖောက်ဝင်သွားသည်။
ရှောင်မိသားစုဘိုးဘေးနှင့် ကုန်စွန်းတို့သည် ရှေ့သို့ လှမ်းထွက်လာသည်။ သည့်နောက် မွန်းစတားအိုကြီးအားလုံးသည် တိုက်ခိုက်လာကြသည်။ ခဏအကြာတွင် ဝဲကတော့သည် ပို၍ ချဲ့ကားလာပြန်သည်။ အသံပေါက်ကွဲမှုများက အတောမသပ်တော့သည့်အလား။
အဆုံးသပ်၌ အရှင်မီးတောက်သည် သူ့လျှာဖျားကို ကိုက်ကာ သွေးအဆီအနှစ်ကို ထွေးထုတ်သည်။ထိုသွေးသည် သွေးမြူအဖြစ်သို့ ပြောင်းကာ လောကနှင့် ပေါင်းစပ်သည်။
အရှင်မီးတောက်၏မျက်လုံးသည် နီရဲနေ၏။သူက မာန်သွင်းကာ ပြောသည်။ “ကောင်းကင်ဘုံနယ်မြေရဲ့ ကုန်းမြေ….ကောင်းကင်ကို ဖွင့်လှစ်၊မြေကြီးကို ပိုင်းခြားချေ…”
ကောင်းကင်ဘုံအစိတ်အပိုင်းများ၏ အပေါ်၌ အမျိုးမျိုးသော ပုံရိပ်ယောင်ပုံရိပ်များ ပေါ်လာကာ ဧရာမဝဲကတော့ကြီးကို ဖန်တီး၏။ထိုပုံရိပ်ယောင်ပုံရိပ်များသည် အရှင်မီးတောက် အစိတ်အပိုင်းများထဲ၌ ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်များပင်။
သူတို့ ပေါ်လာသည်နှင် သူတို့သည် ချက်ခြင်း ဝဲကတော့ထဲသို့ ဝင်ရောက်ကာ ပေါင်းစပ်သည်။သည်အခိုက်၌ အံ့မခန်းစွမ်းအားတစ်ခု ပေါ်လာသည်။ ထိုစွမ်းအားနှင့် ပတ်သတ်သည့် ကြောက်လန့်ဖွယ် အကောင်းဆုံးက ယင်းစွမ်းအားထဲ၌ ဂျိနယ်ပယ်အငွေ့အသက်ပါ ပါဝင်နေခြင်းပင်။
ထိုဂျိနယ်ပယ်မှာ ကောင်းကင်ဘုံအရှင်ချင်းရွှေထံမှ ဖြစ်သည်။
ဂျိနယ်ပယ် ပါဝင်သည့် အနီရောင်အလင်းတန်းသည် ဝဲကတော့အတွင်းပိုင်းသို့ ထိုးစိုက်ကာ အံ့မခန်းစွမ်းအားကို ထောက်ပံ့ပေးသည်။
ဘုန်း။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တစ်ခုလုံးသည် တုန်ခါနေသည်။ကောင်းကင်က အရောင်များ ပြောင်းလဲနေ၏။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို အသံလွှင့်ကျောက်တုံးမှ တစ်ဆင့် တွေ့မြင်နေရသည်။သူတို့၏ ဘဝတစ်လျှောက်တွင် ထိုမြင်ကွင်းကို မေ့နိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်ထက်ရှိ ဝဲကတော့သည် ရုတ်တရက် တုန်ခါလာကာ အားတစ်ခုကြောင့် အက်ကြောင်းငယ်တစ်ခု ဖြစ်ပေါ်လာသည်။ထိုအက်ကြောင်း ပေါ်လာသည်နှင့် ၎င်းက မြန်ဆန်စွာ ပျံ့နှံ့ကာ ချက်ခြင်း ပေတစ်ရာလောက် ကျယ်ပြောသွားသည်။ထိုအက်ကြောင်းက လူတိုင်း၏နှလုံးသားကို တုန်ယင်စေသည်။
အနက်ရောင်လေပွေများသည် အက်ကြောင်း၏ အစွန်းနားပတ်လည်၌ ရွှေ့လျားနေသည်။
ထိုအက်ကြောင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် ကာဆီးထားသည့် ဟင်းလင်းပြင်အရံအတားကို ဖွင့်လှစ်လာခြင်းသာ။ ထို့ကြောင့် အရှင်မီးတောက်သည် ၎င်းအက်ကြောင်းကို မည်သို့ ပြန်လည် ပိတ်ဆို့သွားတာကို လက်ခံပါမည်နည်း။သူက သည်နေ့အတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည် မဟုတ်လား။ သူ့မျက်လုံးက နီရဲနေ၏။သူ့အသွင်က ကြမ်းကြုတ်နေသည်။သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ လက်ညွှန်၍ အော်ဟစ်သည်။ “ကောင်းကင်နဲ့မြေကြီးကို ဆုပ်ကိုင်ခြင်း…”
ဝဲကတော့အတွင်း၌ အစိတ်အပိုင်းများထဲမှ တစ်ခုသည် ရုတ်တရက် ကျုံ့လာကာ အက်ကြောင်းနှင့် နီးကပ်လာသည်။ထို့နောက် အစိတ်အပိုင်းမြေသည် ချက်ခြင်းပင် ကြီးထွားလာသည်။ထိုအစိတ်အပိုင်းက အက်ကြောင်းကို ပြန်မပိတ်သွားအောင် တားဆီးချိန်၌ ကျယ်လောင်သော တုန်ဟီးသံ ဖြစ်ပေါ်သည်။
သို့သော် လေဟာနယ်အရံအတား အက်ကြောင်းသည် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် စွမ်းအား မဟုတ်ပါ။ထိုအစိတ်အပိုင်းသည် ချက်ခြင်းပင် ကွဲကြေကာ ပျက်စီးသွားသည်။
သို့သော် ၎င်း၏ပျက်စီးမှုက အက်ကြောင်းပိတ်ဆို့မှုကို အချိန်ဆွဲရန်အတွက် လုံလောက်နေပေ၏။ များစွာသော အစိတ်အပိုင်းများသည် အက်ကြောင်းပိတ်ဆို့ခြင်းကို တားဆီးရန် အက်ကြောင်းထဲသို့ ဝင်ရောက်ကုန်၏။အဆုံးသပ်၌ ထိုအက်ကြောင်းသည် တဖြည်းဖြည်းဖြင့် ၎င်း၏ ပြန်ပြုပြင်နိုင်သည့် စွမ်းရည်ကို ဆုံးရှုံးလာသည်။
အစိတ်အပိုင်းများ တရကြမ်း တိုးဝင်နေရင်း အက်ကြောင်းသည် ဆုတ်ပြဲကာ အတော်လေး ကျယ်ပြောလာ၏။၎င်းက ပေတစ်ထောင်လောက်ထိ ကျယ်ပြောကာ ဟလာသည်။
သည်အခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံရှိ ကျင့်ကြံသူများသည် စိတ်နေအမြင့်ဆုံးတွင် ရှိနေ၏။သူတို့သာမက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ ကျင့်ကြံသူအားလုံးလည်း ထို့အတူသာပင်။ဤကြယ်အဖွဲ့အစည်းကြီး၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်လျှမ်းနေချေသည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အပြင်ဘက်တွင် နယ်မြေလေးခု၏ စစ်တပ်များသည် သူတို့အထက်ရှိ အက်ကြောင်းကို မော့ကြည့်နေကြသည်။
ထိုအက်ကြောင်းထဲကနေ အလုံးစုံကြယ်အဖွဲ့အစည်းမှ မပိုင်ဆိုင်သော ဝမ်လင်းအတွက် ရင်းနှီးသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။ထိုအော်ရာသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အော်ရာတစ်ခု ဖြစ်လေသည်။
ထိုအက်ကြောင်းထဲကနေ ထွက်ပေါ်နေသည့် တောက်ပသောကြယ်များသည် ဝမ်လင်းနှင့် အတော်လေး ရင်းနှီးလှသည်။
သို့သော် ထိုအခိုက်အတန့်၌ အက်ကြောင်းထဲကနေ ဟိန်းသံ တစ်ခု ထွက်ပေါ်လာ၏။ထိုဟိန်းသံမှာ အားကောင်းကာ တုန်ခါမှုလှိုင်းကို ဖြစ်ပေါ်သည်။ယင်းအသံက ရှေးဟောင်းအချိန်များကနေ ပေါ်ထွက်လာသည့်အလား။
ဧရာမလက်ကြီးတစ်ဖက်က အက်ကြောင်းထဲကနေ ထွက်ပေါ်လာရင်း အစိတ်အပိုင်းများ၏ တစ်ခုကို ဖမ်းဆုပ်သည်။၎င်းလက်ကြီးက ကြမ်းကြုတ်စွာ ညှစ်ချေလိုက်ရာ ထိုအစိတ်အပိုင်းမြေသည် တစစီပျက်စီးသွားသည်။
“ဒါက ရှေးဟောင်းနတ်ဘုရား တစ်ပါး မဟုတ်ဘူး…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက ထိုဧရာမလက်ကြီးကနေ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာကို မခံစားမိပေ။
ထိုလက်ကြီးက ရပ်တန့်ခြင်း မရှိပါ။၎င်းက ဆန့်ထွက်လာရင်း မြန်ဆန်စွာ လှုပ်ရှား၍ ပေတစ်ထောင်အက်ကြောင်းနှင့် နီးကပ်လာသည်။သို့သော် ထိုအခိုက်၌ မှုန်ဝါးဝါးပုံရိပ်တစ်ခုသည် အက်ကြောင်း၏ အပြင်ဘက်၌ မှုန်ဝါးဝါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်သည် အင်မတန် ထူးဆန်းလှ၏။၎င်း ပေါ်လာသည်နှင့် လူတိုင်း၏မျက်လုံးထဲ၌ တည်ရှိမှုတစ်ခုလို ဖြစ်ပေါ်လာရသည်။ဝမ်လင်းသည် ထိုပုံရိပ်ကို မြင်သည်နှင့် သူ့စိတ်မှာ တုန်ယင်ရ၏။
ချင်းရွှေ၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
ထိုမှုန်ဝါးဝါးပုံရိပ်သည် ချင်းရွှေနှင့်သွေးနတ်ဘုရားတို့ကြား တိုက်ပွဲကြားတွင် ပေါ်လာခဲ့သူပင် ဖြစ်နေသည် မဟုတ်လား။
သူက ပေါ်လာသည်နှင့် ဆန်းကြယ်သောကိုယ်ဟန်နှင့် ဧရာမလက်ကြီးကို လက်ညွှန်၏။အားကောင်းလှသော မူလစွမ်းအင်ရင်းမြစ်သည် ၎င်းလက်ညွှန်မှုကနေ ထွက်ပေါ်လာသည်။ထိုအဖြစ်ကို မြင့်သည့်အခါ ဝမ်လင်း၏ စိတ်သည် ကြောက်ရွှံ့မှုကို ခံစားမိသည်။
လောကတစ်ခွင်ပင် အေးခဲသွားသည့်အလား။
ထိုလက်ချောင်းက အက်ကွဲကြောင်းကနေ ထွက်ပေါ်လာနေသည့် လက်ကြီးအပေါ်သို့ ကျရောက်သွား၏။ထိုလက်ကြီးသည် ချက်ခြင်း ပျက်စီးကာ မူလစွမ်းအင်ရင်းမြစ်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
“သင်က လေဟာနယ်အရံအတားကို ဖွင့်လှစ်တာ ဖြစ်တယ်။ဒါက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ဥပဒေသတွေကို ဗြောင်းဆန်စေလိမ့်မယ်…”
အက်ကြောင်းထဲကနေ ခွန်အားအသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံက တဖြည်းဖြည်း လွင့်ပါးပြီးနောက် အဆုံးသပ်တွင် ပျောက်ကွယ်သွားသည်။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက တကယ် တည်ရှိလား၊မတည်ရှိဘူးလား ဒီအဘိုးအို ကြည့်မြင်ချင်တယ်…”
တစ္ဆေဆန်ဆန်အသံတစ်ခု ထွက်ပေါ်သည်။၎င်းအသံက တည်ငြိမ်၏။သို့သော် အံ့မခန်းအုပ်ချုပ်သူခွန်အား ပါဝင်နေသည်။
“မဟာမိတ်ကြယ်အဖွဲ့အစည်း…” ဝမ်လင်းသည် အက်ကြောင်း၏အခြားဘက်ရှိ ရင်းနှီးသော ကြယ်ရောင်စုံကောင်းကင်ကို ကြည့်နေသည်။သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။သူက ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်လာခဲ့သည်မှာ အလွန့်အလွန် ကြာမြင့်ခဲ့ပြီ မဟုတ်လား…။
***