ကောင်းကင်ဘုံသားများသည် နယ်ပယ်များကို မကျင့်ကြံကြပေ။ အစစ်အမှန်ကောင်းကင်ဘုံသား၌ စိတ်ဇောဟူ၍ မရှိချေ။
ဝမ်လင်းက ထိုအရာကို သိထား၏။
ကောင်းကင်ဘုံရေကန်၏ အလယ်ကနေ လှိုင်းတွန့်များ ဖြစ်ပေါ်ကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် ပျံ့နှံ့လို့နေ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ကောင်းကျိုး၊ဆိုးကျိုးကို တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။ ထိုကန်ထဲသို့ ဝင်ဖို့၊မဝင်ဖို့သည် သူတို့အတွက် ခက်ခဲသော ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့၏။
အရှင်မီးတောက်ကလည်း သူတို့ကို တွန်းအားမပေးဘဲ သူ့ရှေ့ရှိ ဂျူနီယာများကို တည်ငြိမ်စွာသာ ကြည့်နေ၏။
သူသာမက ပတ်ဝန်းကျင်ရှိ အခြားကျင့်ကြံသူများနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည် သေချာ စောင့်ကြည့်နေကြ၏။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများသည်လည်း ထိုသို့ စောင့်ကြည့်နေကြသည်သာ ဖြစ်သည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။ ကျင့်ကြံသူအားလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေကြသည်။
ထိုအရာက ခက်ခဲလှသော ရွေးချယ်မှု တစ်ခု မဟုတ်လား။ မည်သူကမျှ မှန်သည်၊မှားသည် ကြို မပြောနိုင်ကြပေ။
ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ဖို့ ရွေးချယ်ခြင်း၊မရွေးချယ်ခြင်းသည် မတူညီသည့် လမ်းနှစ်ခုပင်။တစ်ခုက ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာမည့် လမ်းကြောင်း၊နောက်တစ်ခုက ကျင့်ကြံသူများ၏ လမ်းကြောင်း ဖြစ်တော့၏။
အဆုံးသပ်၌ မည်သည့်လမ်းကြောင်းက ပို၍ သန်မာလာမည်ကိုတော့ အဘယ်သူကမှ မပြောနိုင်ကြချေ။
ရှေးဟောင်းအချိန်တွေတုန်းက ရှေးဟောင်းကျင့်ကြံသူများသည် အင်မောတယ် ဖြစ်လာဖို့ ဆန္ဒ ရှိခဲ့ကြ၏။ သူတို့အတွက် ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်ခြင်းက အတော်လေး ကြီးကျယ်ခဲ့ပေသည်။သူတို့၏ မူလစွမ်းအင်ကို ကောင်းကင်ဘုံမူလ အဖြစ်သို့ ပြောင်းလဲမည်။ ထိုအရာက ရှေးဟောင်းအချိန်တုန်းက ကျင့်ကြံသူများ၏ နောက်ဆုံးပန်းတိုင်လည်း ဖြစ်ခဲ့ဖူး၏။
နယ်ပယ်ကင်းမဲ့သော ကျင့်ကြံခြင်းသည် နားလည်မှုဉာဏ်အလင်း မလိုတော့ပေ။ ထိုအခါ ကျင့်ကြံခြင်းအဆင့်၌ တိုးတက်မှုအားလုံးသည် ကောင်းကင်ဘုံရတနာများ၊ကောင်းကင်ဘုံကျင့်ကြံခြင်းနှင့် ကောင်းကင်ဘုံဆေးလုံးများအပေါ်တွင်သာ မှီတည်တော့၏။
ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားသည့်နောက်တွင်မူ ကျင့်ကြံသူများသည် ကောင်းကင်ဘုံသားများ ဖြစ်လာရန် ဆက်၍ မကြိုးစားကြတော့ချေ။အကြောင်းမူကား ကောင်းကင်ဘုံနယ်မြေသည် ဆက်၍ မတည်ရှိတော့သောကြောင့် ဖြစ်လေ၏။ထိုအစား သူတို့၏ လမ်းကြောင်းသည် တာအိုသာ ဖြစ်လာခဲ့၏။ တာအိုကို ကျင့်ကြံခြင်းကသာ သူတို့ကို ဉာဏ်အလင်း ရရှိစေမည် မဟုတ်လော။
တာအိုကို ကျင့်ကြံခြင်း၏ သော့ချက်ကမူ နားလည်မှုဉာဏ်အလင်းသာ ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးကို နားလည်မှု၊ ကောင်းကင်နှင့်မြေကြီးကို အာခံမလား၊ နာခံမလား။ နားလည်မှုဉာဏ်အလင်းမရှိပါဘဲနှင့် လူတစ်ယောက်၏ ကျင့်ကြံခြင်းသည် တိုးတက်လာနိုင်ရန် အင်မတန် ခက်ခဲလွန်းမည် ဖြစ်၏။
ယခုအခိုက်အတန့်၌ ဝမ်လင်းနှင့် အခြား ကျင့်ကြံသူများအဖို့ ရွေးချယ်ရန် လမ်းနှစ်လမ်း ရှိနေ၏။ တစ်လမ်းသည် ရှေးဟောင်းကျင့်ကြံသူများ ရွေးချယ်ခဲ့သည့် ရှေးလမ်းကြောင်း ဖြစ်ကာ နောက်တစ်လမ်းက ယခုလက်ရှိလမ်းကြောင်းပင်။
ချင်းရွှေက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေ၏။သူက ဝမ်လင်းသည် ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ကာ တာအိုကို လက်လွှတ်ရန် မျှော်လင့်ထားသည်။သူက ဝမ်လင်းကို အစစ်အမှန် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာကာ သူ့ဆရာ ပေဖန်၏ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာစေချင်၏။
ရှုထင်က စဉ်းစားနေရင်း ဝမ်လင်းကို ကြည့်၏။ သူက အံတင်းတင်း ကြိတ်သည်။သူက ကောင်းကင်ဘုံရေကန်ထဲသို့ လျှောက်လှမ်းလာတော့သည်။သူက သူ့တဘဝလုံးတွင် မောက်မာစွာနေခဲ့ကာ သူ့အမြင်၌ သူနှင့်အဆင့်တူသူများကြားတွင် ထိုက်တန်လှသူဟူ၍ မရှိခဲ့ချေ။သူက တန်လင်းဂြိုဟ်ကနေ ထွက်လာပြီးသည့်နောက်မှာလည်း မည်သူကမျှ သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။
သို့သော် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင်ဦးစီးပြိုင်ပွဲအတွင်း သူသည် ဝမ်လင်း၏ ရိုက်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရ၏။ထို့နောက် ကောင်းကင်လျှောက်လမ်းတွင်ပင် သူသည် အသတ်ခံခဲ့ရသေးသည်။ သူက ထိုအရာကို လက်မခံနိုင်ပေ။
ရှုထင်က ဝမ်လင်းအပေါ် လေးစားမှု အနည်းငယ်တော့ ရှိ၏။ သို့သော ထိုလေးစားမှုသည် သူ့အလိုမကျမှုနှင့် ယှဉ်ပါက မပြောပလောက်ပေ။ယခုအတိုင်းသာ ဆက်၍ ဖြစ်နေပါက သူသည် ဝမ်လင်းကို ဖိနှိပ်နိုင်ဖို့ ခက်ခဲမည်အား သိနေ၏။သူက နောက်ထပ်လမ်းတစ်ခုကို လျှောက်လမ်းတော့ပေမည်။
ထို့အတွက်ကြောင့် သူက သူ့နယ်ပယ်ကို စွန့်ပစ်ကာ ကောင်းကင်ဘုံသား ဖြစ်လာဖို့ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းပင်။
ကောင်းကင်ဘုံရေကန်ထဲသို့ ဝင်ရောက်လာပြီးနောက် ရှုထင်သည် သူ့ခန္ဓာကိုယ်မှ တောင့်မခံနိုင်လောက်အောင် နာကျင်မှုကို ခံစားလိုက်ရ၏။
သူ့နှဖူးထက်၌ ချွေးစေးများ ပြန်လာ၏။သူ့အသွေးအသားများကို ဓားဖြင့် မွှန်းနေသလား ခံစားနေရသည်။ သူနှစ်ထောင်ချီ ကျင့်ကြံခဲ့သော နယ်ပယ်သည် ရေကန်၏ စုပ်ယူခြင်းကို ခံရတော့၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မြောက်များစွာသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့မူလစွမ်းအင်နှင့် ပေါင်းစပ်နေ၏။ထိုပေါင်းစပ်မှုက သူ့ခန္ဓာကိုယ်အတွင်း၌ ဘယ်တုန်းကမှ မဖြစ်ပေါ်လာခဲ့ဖူးသော စွမ်းအင်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
နာရီအတော်အတန် ကြာမြင့်ပြီးသည့်နောက် ရှုထင်က မာန်သွင်းအော်ဟစ်၏။သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်နေသည်။ထို့အတူ သူ့ထံမှ အားကောင်းလွန်းသည့် ကောင်းကင်ဘုံအော်ရာတစ်ခု ပေးစွမ်းလာတော့သည်။
သူ့လက်ရှိခွန်အားက အရင်ထက် တစ်ဆင့် ပို၍ သန်မာလာခဲ့လေပြီ။
ရှုထင်၏ မျက်လုံးတို့က တောက်ပနေ၏။သူက အလွန်သက်တောင့်သက်သာ ခံစားမိနေ၏။သူသိရှိခဲ့သော ကောင်းကင်ဘုံမန္တာန်များသည် သူ့ခေါင်းထဲ၌ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။သူ့စိတ်ထဲ၌လည်း ၎င်းမန္တာန်တို့ကို အချိန်မရေွး အသုံးပြုနိုင်ကာ အပြည့်အဝထိန်းချုပ်နိုင်သည် ဟု ခံစားမိ၏။
“ရှုမူ…တနေ့ကြ ငါတို့ ထပ် တိုက်ကြတာပေါ့…” ရှုထင်က ကောင်းကင်ဘုံရေကန်ထဲကနေ လှမ်းထွက်လာ၏။သူက ဝမ်လင်းကို ကြည့်၏။သူ့အကြည့်က တောက်ပသည်။ သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ရှုထင်၏လုပ်ဆောင်မှုသည် ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေသော ကျင့်ကြံသူများကို သက်ရောက်သွားသည်။ရှုထင်ပြီးသည့်နောက် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရေကန်ထဲသို့ ဆင်းသက်သွားကြ၏။ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေကြသည်။ထိုသူတို့က ရေကန်ထဲက တဖြည်းဖြည်း ပြန်လျှောက်လှမ်းလာကြ၏။
ထိုသို့ ပြန်လျှောက်လှမ်းလာသည့် လူတိုင်းသည် ကျေနပ်နေကြ၏။ သူတို့၏ ကောင်းကင်ဘုံမန္တာန်များကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် စွမ်းအားမှ ပေးသော ခံစားချက်ကြောင့် သည်လမ်းကြောင်းကို ရွေးချယ်လိုက်မှုအပေါ် နောင်တမရအောင် ပြုလုပ်ပေးနေသည်။
ဝမ်လင်းက ကောင်းကင်ဘုံရေကန်ကို တည်ငြိမ်စွာသာ ကြည့်နေသည်။သူ့စိတ်ထဲ၌ ရှုပ်ထွေးနေ၏။ သူက တတိယအဆင့်ကိုလည်း မြင်တွေ့ခဲ့ဖူးသည်။ ကောင်းကင်ဘုံနယ်မြေ၌ ကောင်းကင်ဘုံအင်ပါယာပေဖန်သည် ကောင်းကင်ထက်ကို ကြည့်ကာ ရူးသွပ်သွားသလို ဖြစ်ခဲ့သည့် ပုံရိပ်ကိုလည်း တွေ့မြင်ခဲ့ဖူးသည်။
ထိုအဖြစ်အပျက်အားလုံးသည် ဆန်းကြယ်မှုနှင့် ပြည့်နေ၏။ ကောင်းကင်ဘုံသားတစ်ယောက်အဖြစ် ကျင့်ကြံခြင်းသည် ရိုးစင်းလှမည် မဟုတ်ပေ။သူက သူ့လမ်းကြောင်းကို မှန်၊မမှန် မဆုံးဖြတ်နိုင်သေးပေ။သို့သော် သူက ကောင်းကင်ဘုံသား ဖြစ်လာမည့် လမ်းကြောင်းကို ရွေးချယ်ဖို့ ဆန္ဒ ရှိမနေပေ။
ထို့အပြင် ပို၍ အရေးကြီးသည်က ကောင်းကင်ဘုံရေကန် ပေါ်လာသည့်အခိုက်၌ မည်သည့်မွန်းစတားအိုကြီးများကမှ ၎င်းကန်ကို မကြည့်ကြခြင်းပင်။ထိုအဖြစ်က ဝမ်လင်းကို မရွေးချယ်ရန် ပို၍ ခိုင်မာစေသည်။
မိုးကြိုးကောင်းကင်ဘုံသား၊ဒုမိုးကြိုးကောင်းကင်ဘုံသား၊ကောင်းကင်အဆင့် ကောင်းကင်ဘုံသား (၃၆)ယောက်၊မြေအဆင့် ကောင်းကင်ဘုံသား (၇၂)ယောက်တို့တွင် ရေကန်ထဲသို့ မဝင်ရောက်ရန် ဆုံးဖြတ်သည့်သူ စုစုပေါင်း (၁၇)ယောက်သာ ရှိလေ၏။ဝမ်လင်းအပြင် နန်ကုန်ဟန်၊ရှန်ကုန်းဟူ၊ကျန်ကုန်းလီ နှင့် အခြား ဆယ့်နှက်ယောက်ကျော်လောက်သည် မဝင်ရောက်ရန် ရွေးချယ်ခဲ့ကြပေ၏။
“ဒါက မင်းတို့ရဲ့ ရွေးချယ်မှုပဲ။ ဒီအတွက် အနာဂတ်မှာ နောင်တ မရပါစေနဲ့…”
အရှင်မီးတောက်က လူအုပ်ကို ခြုံငုံကြည့်၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။သည့်နောက် ကောင်းကင်ဘုံရေကန်သည် ကောင်းကင်ထက်သို့ တက်ကာ ပျောက်ကွယ်သွားတော့သည်။
“ကျေးဇူးပြုပြီး ကောင်းကင်ဘုံနှင်းအပ်ခြင်းကျောက်တုံး…” အရှင်မီးတောက်၏အသံ၌ အလွန်လေးစားနေမှု ပါဝင်နေသည်။သူက ထိုသို့ ပြောလိုက်သည့်အခါ တိမ်တိုက်များသည် စတင်ရွှေ့လျားလာသည်။၎င်းတိမ်တိုက်များက တိမ်နဂါးများအဖြစ်သို့ ပြောင်းလဲကာ သည်ဧရိယာတွင် စတင် လှည့်လည်သည်။
ကောင်းကင်ထက်မှ တုန်လှုပ်ဖွယ်ဖိအား လှိုင်းများ ဆင်းသက်ကာ သည်ဧရိယာတွင် ခြုံလွှမ်းလာသည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို စိတ်ပါဝင်စားစွာ ကြည့်နေကြသည်။
ခဏအကြာတွင် တိမ်နဂါးများထဲမှ တစ်ကောင်သည် ကောင်းကင်ထက်မှ ပျံသန်းလာရင်း ကျောက်တုံးတစ်တုံးကို ထွေးထုတ်သည်။ထိုကျောက်တုံးသည် ငါးပေခန့် ရှည်လျား၏။
အားကောင်းလှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် ဤဧရိယာကို ခြုံလွှမ်းလာကာ အရူးအမူး ပျံ့နှံ့နေတော့သည်။ “မိုးကြိုးကောင်းကင်ဘုံသား၊ဒုမိုးကြိုးကောင်းကင်ဘုံသား၊ ကောင်းကင်အဆင့် ကောင်းကင်ဘုံသား(၃၆)ယောက်..မင်းတို့ကို ငါက ဒီကျောက်တုံးအပေါ်မှာ နာမည်ရေးထွင်းဖို့ အခွင့်အရေး ပေးမယ်…”
ရှုထင်၏မျက်လုံးက လင်းလက်နေ၏။သူက ရှေ့သို့ ခုန်ထွက်လာသည်။သူက ကျောက်တုံးနားသို့ ရောက်လာ၏။၎င်းကျောက်တုံးကို ကြည့်မိသည့်အခါ သူသည် တုန်လှုပ်ရပေသည်။
ကောင်းကင်ဘုံနှင်းအပ်ခြင်းကျောက်တုံးအပေါ်၌ မရေမတွက်နိုင်သော နာမည်များ ရေးထွင်းထား၏။ထိုနာမည်တစ်ခုစီကနေ အားကောင်းသော အော်ရာတစ်ခုစီကို ပေးစွမ်းနေသည်။ထိုနာမည်များထဲ၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျော်ကြားသောပုဂ္ဂိုလ်များပင် ပါဝင်နေသည်။ထိုအဖြစ်က သူ့ကို ၎င်းကျောက်တုံးပေါ်၌ သူ့နာမည်ကို ပို၍ ရေးထွင်းလိုစိတ် ဖြစ်ပေါ်စေသည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ နေရာလွတ်တစ်ခုရှာ၍ သူ့နာမည်အား ရေးထွင်းသည်။သည်အခိုက်အတန့်၌ အစိမ်းရောင်အလင်းတစ်ခု လင်းလက်သွားသည်။ ပြင်းထန်သောအားတစ်ခုသည် ရှုထင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူ့ကို နောက်သို့ တွန်းကန်သည်။ရှုထင်က နှာခေါင်းရှုံ့သည်။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာ၏။သူ့မျက်ခုံးကြားမှ အနက်ရောင်မြူသည် သူ့လက်ချောင်းထံသို့ စီးဝင်သည်။သူက နှင်းအပ်ခြင်းကျောက်တုံးအပေါ်သို့ ကြမ်းတမ်းစွာ ရေးထွင်းလိုက်တော့သည်။သူက သူ့နာမည်ကို ရေးထွင်းနိုင်ရုံမျှသာ ရှိ၏။ သည့်နောက် သူ့ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါးပင် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရကာ သူ့မျက်နှာသည် ဖြူရောသွားသည်။
ဝမ်လင်းက ရှုထင်ကို ကြည့်နေသည်။ ရှုထင် ပင်ပန်းသွားရသည့် အကြောင်းရင်းမှာ ရှုထင်၏မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် ခွဲထွက်၍ ထိုကျောက်တုံး၏ စုပ်ယူခြင်းကို ခံရသောကြောင့်ပင်။ ဝမ်လင်းသည် ပို၍ပင် သတိထားလာသည်။
အရှင်မီးတောက်က ခေါင်းညိမ့်လိုက်၏။ ကျောက်တုံးပေါ်၌ ရေးထွင်းနိုင်သော မည်သူမဆို တုန်လှုပ်ဖွယ် ကျင့်ကြံခြင်း ရှိကြသည် မဟုတ်လား။ သူက ရှုထင်နှင့် ပတ်သတ်၍ အတော်လေး ကျေနပ်မိသည်။ထိုလူက မဟာမိတ်ကြယ်အဖွဲ့အစည်းကို တိုက်ခိုက်မည့် စစ်ပွဲ၌ ကျိန်းသေပေါက် တောက်ပလာပေမည်။
ရှုထင်ပြီးသည့်နောက် ကောင်းကင်အဆင့်ကောင်းကင်ဘုံသား (၃၆)ယောက်သည် ရှေ့သို့ ထွက်လာကြသည်။သို့သော် သူတို့ထဲ၌ နန်ကုန်ဟန်၊လက်ခြောက်ချောင်းကျင့်ကြံသူနှင့် ခေါင်းကြီးကောင်လေးတို့က လွဲ၍ မည်သူကမျှ သူတို့၏နာမည်ကို ရေးထွင်းနိုင်ကြခြင်း မရှိပါ။
ဝမ်လင်းသည် နောက်ဆုံးတစ်ယောက် ဖြစ်၏။သူ့ မျက်လုံးက တည်ငြိမ်နေသည်။သူက နှင်းအပ်ခြင်း ကျောက်တုံး ရှိရာသို့ လျှောက်လှမ်းလာသည်။သူက ကျောက်တုံးပေါ်ရှိ နာမည်ကို များကို ကြည့်ကာ တိတ်တဆိတ် စဉ်းစားနေသည်။သူက နဂိုအားဖြင့် သတိအမြဲ ထားတတ်သူ မဟုတ်လား။ သူက ကောင်းကင်ဘုံရေကန်ထဲသို့ မဝင်ရောက်ခဲ့သည့် အကြောင်းရင်းများစွာလည်း ရှိနေပေသည်။ခုချိန်၌ သည် ကောင်းကင်ဘုံအပ်နှင်းခြင်းကျောက်တုံးက သူ့ကို ပို၍ပင် စဉ်းစားစေ၏။သူ့စဉ်းစားနေမှုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်ကို သူ့ထံသို့ စုဝေးလာစေသည်။ဝမ်လင်းသည် ကောင်းကင်ဦးစီးပြိုင်ပွဲ၌ လူတိုင်း၏မျက်လုံးကို ဖမ်းစားနိုင်ခဲ့သူ မဟုတ်လား။သူက ကောင်းကင်ဘုံရေကန်ထဲသို့ မဝင်ရောက်ရန် ရွေးချယ်ခဲ့ချိန်၌ ဆွေးနွေးမှုများပင် ဖြစ်ကုန်ခဲ့သည်။ခုချိန်၌လည်း သူက ကျောက်တုံးရှေ့၌ စဉ်းစားနေပြန်၏။သူတို့သာမက ထိုကျောက်တုံးရှေ့က အဖြစ်အပျက်ကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ လူတိုင်းသည် တွေ့မြင်နေရကာ သေချာ ဂရုတစိုက် ကြည့်နေကြပေသည်။
သူတို့က ရှုမူသည် လက်လျော့မလား သိချင်နေကြ၏။သူက လက်မလျော့ပါက ၎င်းကျောက်တုံးအပေါ်၌ သူ့နာမည်ကို ရေးထွင်းနိုင်မည်လား။သူတို့ထဲက အကုန်လုံးနီးပါးသည် ထိုကောင်းကင်ဘုံနှင်းအပ်ခြင်းကျောက်တုံး၏ မူလဇစ်မြစ်ကို မသိကြပေ။
ဝမ်လင်းက စဉ်းစားနေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူ့ညာလက်ကို ပင့်မြှောက်ကာ လက်ညှိုးဖြင့် ဖိချ၏။ ကျောက်တုံးအတွင်းမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာကာ သူ့ညာလက်ကို ပြန်ကန်ထွက်စေသည်။
အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် လှည့်ပတ်လာကာ သူ့လက်ချောင်းသည် နောက်တစ်ဖန် ကျဆင်းသွားပြန်သည်။သည်တစ်ကြိမ်၌ ပြန်ကန်အားသည် ပို၍ပင် အားကောင်းလာခဲ့သည်။သို့သော် သူ့လက်ချောင်းထဲရှိ မူလစွမ်းအင်က ယင်းအားကို ခုခံနိုင်ပေသည်။
ထို့အတွက်ကြောင့် ဝမ်လင်း လက်ချောင်း လှုပ်ရှားနေရင်း တန်ပြန်အားသည် ပိုပြင်းထန်လာနေ၏။အဆုံးသပ်၌ တစီစီအသံများပင် ကျောက်တုံးထံမှ ထွက်ပေါ်လာသည်။
ကျောက်တုံးထံမှ စူးရှသောအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ဝမ်လင်းသည် နောက်ဆုံး ရေးဆွဲမှု ပြီးသည့်အခါ သူ့မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် ကွဲထွက်ကာ သူ့ညာလက်ထံသို့ ရွှေ့လျားသွားသည်ကို ခံစားမိသည်။
သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်က ထိုကျောက်တုံးနှင့် ပေါင်းစပ်ခါနီးချိန်၌ ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့လာ၏။ကျောက်တုံးထံမှ အားကို ငှားယမ်းကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ ထိုဖြစ်စဉ်ကို တားဆီးလိုက်နိုင်သည်။အရှင်မီးတောက်၏မျက်လုံးက ကျဉ်းမြောင်းသွား၏။သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သူက ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ ကျောက်တုံးနှင့် ပေါင်းစပ်သွားခြင်း မရှိသည်ကို သိနေပေ၏။သူ ကျောက်တုံးပေါ်၌ ရေးထွင်းလိုက်သော နာမည်ပင် ဝမ်လင်းလည်းမဟုတ်၊ရှုမူလည်း မဟုတ်ပေ။ ထိုရေးထွင်းခဲ့သော နာမည်မှာ နတ်ဆိုးသခင်ဟူ၍သာ ဖြစ်နေခဲ့သည်။
“ဒီရှုမူက မဟာမိတ်ကြယ်အဖွဲ့အစည်းက လူတစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်။သူက လောဘမကြီးဘဲ အမြဲ သတိထားနေခဲ့တာပဲ…”
အရှင်မီးတောက်က သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။
“ခု မိုးကြိုးကောင်းကင်ဘုံသား၊ဒုမိုးကြိုးကောင်းကင်ဘုံသားနဲ့ ကောင်းကင်အဆင့် ကောင်းကင်ဘုံသား (၃၆)ယောက်ကို နောက်ဆုံး ဆုလဒ်ချီးမြင့်မယ်။ မင်းတို့(၃၈)ယောက်လုံးက တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်တယ်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၊ရှောင်မိသားစုနဲ့ ကုန်းစွန်မိသားစုတို့က မင်းတို့ တောင်းဆိုတာကို အကောင်းဆုံး လုပ်ဆောင်ပေးမယ်။ဒါပေမဲ့လည်း ခက်ခဲလွန်းလှတဲ့ တောင်းဆိုမှု ဆိုရင်တော့ ပယ်ဖျက်ခံရမယ်…”
ဝမ်လင်း၏ စိတ်သည် တုန်ယင်နေသည်။သူက အသက်ဝဝရှုသွင်း၏။သူ့ မြန်ဆန်နေသော နှလုံးခုန်သံကို ဖိနှိပ်ထားသည်။သူ့မျက်လုံးသည် တောက်ပနေ၏။ သူ ကောင်းကင်ဘုံဦးစီးပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်းသည် သည်နောက်ဆုံး ဆုလဒ်အတွက်သာ ဖြစ်လေ၏။
“ဝမ်အာ…”
***