လက်ခြောက်ချောင်းကျင့်ကြံသူသည် ထိပ်လန့်နေ၏။မိုးကြိုးများက သူ့နောက်သို့ လိုက်ပါနေသည်။ သူက နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ဝမ်လင်းက မတ်တပ်ထရပ်ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။
ဝမ်လင်းလှုပ်ရှားသည်နှင့် မိုးကြိုးသည် တဖျပ်ဖျပ် ဖြစ်လာကာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပေါ်သည်။ထိုပေါက်ကွဲမှုနှစ်ခုသည် ကျယ်လောင်လှ၏။မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်လင်းသည် လက်ခြောက်ချောင်းကျင့်ကြံသူကို မီလာသည်။
သူ့လက်နှစ်ချောင်းကို ဓားတစ်လက်အသွင် ပြောင်း၍ ရှေ့သို့ ညွှန်၏။ မိုးကြိုးတန်းတစ်ခုသည် လက်ခြောက်ချောင်းကျင့်ကြံသူထံသို့ တိုးဝင်သွားတော့သည်။မိုးကြိုးဆင်းသက်လာသည့်အခါ၌ လက်ခြောက်ချောင်းကျင့်ကြံသူ၏ မျက်နှာသည် ဖြူရောသွား၏။သူက ခုခံလိုသည်။သို့သော် ဝမ်လင်း၏လက်ချောင်းတိုက်ခိုက်မှုက မိုးကြိုးအားလုံးကို စုပ်ယူထားခြင်းပင်။ထိုမိုးကြိုးသည် ရှေးဟောင်းအချိန်များက ထွက်ပေါ်လာသည့် မိုးကြိုးအလား။
၎င်းက သူ့မန္တာန်များအားလုံးကို ချိုးဖျက်ကာ လက်ခြောက်ချောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ဒေါမာန်ကြီးနေသည့် မိုးကြိုးက သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲကာ သူ့မူလစိတ်ဝိညာဉ်ကိုပါ ပျက်စီးသွားစေသည်။မူလစွမ်းအင်များ စိမ့်ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးသွားတော့၏။
ရွှေရောင်စာလုံးများ တလက်လက် ဖြစ်ပေါ်လာကာ ၎င်းတို့အထဲမှ စာလုံးတစ်လုံးသည် လက်ခြောက်ချောင်းကျင့်ကြံသူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။သည့်နောက် ၎င်းစာလုံးက စိတ်ဝိညာဉ်တစ်ခု ရှိလာခဲ့ကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ရှိရာသို့ ပြန်သွားတော့သည်။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းသာ။လက်ခြောက်ချောင်း ကျင့်ကြံသူသည် ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။ ဝမ်လင်းက ထိုသူ အလစ်တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက်တည်း လိုလိုမှာပင် တန်ပြန် သတ်ပြစ်ခဲ့ခြင်းပင်။
ဝမ်လင်း၏မျက်နှာက အနည်းငယ် ဖြူရောနေ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးသည် တဖြည်းဖြည်း ပြန်မှိတ်သွားပြီးနောက် အနီရောင်လိုင်းသည် ပျောက်ကွယ်သွားသည်။ထို့နောက် သူက လှည့်၍ ပေတစ်ရာ အကွာရှိ နန်ကုန်ဟန်ကို ကြည့်သည်။
“မင်းက ကော ငါနဲ့ တိုက်ခိုက်ချင်သေးလား…”
နန်ကုန်ဟန်၏အသွင်က အလေးအနက် ဖြစ်သွားကာ သူက ဝမ်လင်းကို သေချာကြည့်၏။ခဏအကြာတွင် သူက ရယ်မော၍ ခေါင်းယမ်းကာ ပြောလာသည်။ “ငါက မင်းကို မနိုင်ဘူး။ငါ လာခဲ့တာ ဟိုလူ မင်းကို အလစ်တိုက်ခိုက်လာတာကို ကူညီပေးချင်လို့ပါ…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထိုင်ချ၍ ကျင့်ကြံတော့၏။သည်အခိုက်မှာပင် ကောင်းကင်ထက်၌ တိမ်များစတင် စုစည်းလာ၏။ ငါးရောင်စုံအလင်းသည် ထိုတိမ်များထံမှ ထွက်ပေါ်နေကာ ထိုအလင်းသည် သုံးပိုင်းကွဲသွားသည်။အလင်းတစ်ခုက ဝမ်လင်းပေါ်သို့ ကျရောက်သည်။နောက်အလင်းတစ်ခုက နန်ကုန်ဟန်၊ နောက်ဆုံးအလင်းက ရှန်ကုန်းဟူ ပေါ်သို့ ကျရောက်၏။ရှန်ကုန်းဟူ၏ ခန္ဓာကိုယ်မှာ တုန်ယင်ပြီး ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းနှင့်နန်ကုန်ဟန်တို့ကိုမူ ထိုငါးရောင်စုံအလင်းများက ကောင်းကင်ထက်သို့ ဆွဲခေါ်သွားသည်။
ဝမ်လင်းက ထိုအချိန်၌ အသိစိတ်လွတ်မသွားပါ။သူက ကောင်းကင်ထက်၌ အက်ကြောင်းတစ်ခု ရှိနေသည်ကို မြင်ရကာ သူ့ကို ၎င်းအထဲသို့ ဆွဲခေါ်သွားသည်အား သိလိုက်၏။
သူ့အမြင်က မှုန်ဝါးသွား၏။သူ့အမြင် ပြန်ကြည်လာသည့်အခါ သူသည် ကွင်းပြင်ထဲရှိ ကျင့်ကြံသူများကို တွေ့မြင်လိုက်ရသည်။
ဝမ်လင်းသည် မြေပြင်ထက်သို့ ဆင်းသက်လာ၏။နန်ကုန်ဟန်မှာလည်း သူ့လို ဆင်းသက်လာခဲ့သည်။
ကွင်းပြင်ထဲရှိ ကျင့်ကြံသူ (၁၀၈)ယောက်သည် ပြန်နိုးထနေပြီ ဖြစ်၏။ရှုထင်၏အသွင်က အတော့်ကို သုန်မှုန်ကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။
လက်ခြောက်ချောင်းကျင့်ကြံသူကလည်း ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၏။
အရှင်မီးတောက်က ပြုံး၍ မတ်တပ်ရပ်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ့မိုးကြိုးကောင်းကင်ဘုံနန်းတော်က ကောင်းကင်ဘုံသား (၁၀၈)ယောက်ကို နှင်းအပ်တယ်…” ထိုသို့ ပြောပြီးနောက် သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ ထိုအခါ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ သံစဉ်သည် စတင် မြည်လာခဲ့တော့သည်။
ထိုသံစဉ်က အလွန် သာယာလှ၏။၎င်းသံစဉ်မှာ ကောင်းကင်ဘုံ၏ တေးသွားအလား။
တိမ်တိုက်တိမ်စိုင်များစွာသည် ထိုသံစဉ် ထွက်ပေါ်နေစဉ်အတွင်း စုစည်းလာသည်။လေထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလာသည်။၎င်းအခြင်းအရာက သည်နေရာကို ကောင်းကင်ဘုံနယ်မြေတစ်ခုကဲ့သို ဖြစ်စေလေ၏။
ကြိုးကြာငှက်အချို့သည် ပျံသန်းလာကာ ဟစ်ကြွေးသံ ထုတ်ဖော်၏။ထိုအသံက ကြားရသူတိုင်းအဖို့ စိတ်လတ်ပေါ့ပါး စေလေ၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့၏ဘိုးဘေးများနှင့်အတူ မတ်တပ်ထရပ်လာကြ၏။သူတို့အားလုံး၏ ဟန်ပန်သည် လေးစားမှုပြသသည့်အသွင်ကို ဆောင်ကြဉ်းနေကာ သိပ်သည်းသော လူအုပ်ကြီးတစ်ခုလို ဖြစ်လာတော့သည်။
သူတို့သာမက မြက်ဖျာပေါ်တွင် ထိုင်နေသော မွန်းစတားအိုကြီးများကပါ မတ်တပ်ထရပ်လာ၏။သူတို့၏အသွင်က အလေးအနက် ဖြစ်နေ၏။လူအုပ်၏အစွန်းနားတွင်တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များသည် လေးစားသည့်ဟန်ပန်နှင့် မတ်တပ်ရပ်နေကြလေသည်။
သည်အခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သာ အခုလို ဖြစ်နေသည် မဟုတ်ပါ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် ထိုမြင်ကွင်းကို အထူးနည်းလမ်းတစ်ခုအသုံးပြု၍ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသို့ ပို့လွှတ်ပေးထားသည်။
ဂြိုဟ်တစ်ခုချင်းစီပေါ်ရှိ ကျင့်ကြံခြင်းမိသားစုတိုင်းမှ ကျင့်ကြံသူများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အသံလွှင့်ကျောက်တုံး ရှိထားကြ၏။
ထိုအသံလွှင့်ကျောက်တုံးသည် အသံသာ လွှင့်နိုင်သည် မဟုတ် ဖြစ်ပျက်နေသည့် ပုံရိပ်များကိုပါ လွှင့်ထုတ်ပေးနိုင်သည်။၎င်းကျောက်တုံးကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် အလကား ပေးထားခြင်းပင်။ ကောင်းကင်ဘုံသား အပ်နှင်းခြင်းအပြင် ၎င်းကျောက်တုံးကို မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် စစ်ပွဲအတွက် တစ်နေရာနှင့်တစ်နေရာ သိရှိ သွားလာနိုင်ရန်အတွက်ပါ အသုံးပြုမည် ဖြစ်သည်။
ဤအခိုက်အတန့်၌ ကျင့်ကြံသူအားလုံးနီးပါးသည် ကောင်းကင်ဘုံသားအပ်နှင်းခြင်း မြင်ကွင်းကို အသံလွှင့်ကျောက်တုံးများပေါ်ကနေ ပြသသည့် မြင်ကွင်းကနေ တွေ့မြင်နေရသည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ဗဟိုတွင် တည်ရှိ၏။ ဤအခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ပတ်လည်ရှိ နယ်မြေကြီးလေးခုကနေ သတ်ဖြတ်ခြင်းအော်ရာတစ်ခု ပေါ်ထွက်လို့လာသည်။
အရှေ့ဘက်ခြမ်း နယ်မြေတွင် ကျင့်ကြံသူများသည် စတင်စုစည်းကြသည်။သူတို့က အနည်းဆုံးတစ်သောင်းလောက် ရှိမည့် လူအုပ်ကြီးတစ်ခုလို ဖြစ်နေ၏။ ထိုကျင့်ကြံသူများသည် မတူကွဲပြားသေ ဝတ်စားဆင်ယင်မှု ရှိကြသည့်အတွက် မတူညီသော ကျင့်ကြံခြင်းမိသားစုများမှ ရောက်လာသည်မှာ သိသာထင်ရှားနေသည်။ဤအခိုက်၌ သူတို့အားလုံးသည် ရှေ့တည့်တည့်သို့သာ တိတ်တဆိတ် ကြည့်နေ၏။
သူတို့၏ ရှေ့၌ အနီရောင်ချပ်ဝတ်နှင့် လူတစ်ယောက် ရှိနေ၏။သူ့ဆံပင်ဖြူများက အနောက်သို့ လွင့်ဝဲနေသည်။သူ့မျက်နှာက အမူအရာကင်းမဲ့ကာ အသံလွှင့်ကျောက်တုံးကို ကိုင်ထားလျက် ရှိ၏။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် ဖြစ်ပျက်နေသော မြင်ကွင်းသည် အသံလွှင့်ကျောက်တုံးကနေ တစ်ဆင့် ပေါ်နေ၏။
တောင်ပိုင်းသည်လည်း ထို့အတူပင်။ အဘိုးအိုတစ်ယောက် ဦးဆောင်သော ကျင့်ကြံသူပေါင်း တစ်သောင်းကျော်သည် ဟင်းလင်းပြင်ထဲ၌ ရှိနေကြသည်။
အနောက်ပိုင်းနှင့်မြောက်ပိုင်းနှစ်ခုလုံးသည်လည်း ထိုကဲ့သို့သော ကျင့်ကြံသူများ စစ်တပ်တစ်ခုအသွင် ရှိနေကြ၏။
သည်အခိုက်အတန့်၌ အားလုံးသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကောင်းကင်ဘုံသားအပ်နှင်းခြင်းကို စောင့်ကြည့်နေကြလေ၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ ကြိုးကြာတစ်ကောင်သည် ပျံသန်းလာ၏။၎င်း၏ ပါးစပ်ထဲ၌ အဝါရောင်စာလိပ်အပိုင်းတစ်ခုကို ကိုက်ချီထားသည်။၎င်းက အရှင်မီးတောက်၏ နားတွင် လှည့်ပတ် ပျံသန်းပြီးနောက် ၎င်း၏ ပါးစပ်ထဲမှ ကိုက်ချီထားသော စာလိပ်ကို လွှတ်ချသည်။အရှင်မီးတောက်က ထိုစာလိပ်ကို ဖမ်းယူလိုက်၏။
သူက စာလိပ်ကို လှုပ်ခါလိုက်ရာ ၎င်းစာလိပ်သည် သူ့ရှေ့၌ ပွင့်ဟသွား၏။ စာလိပ်ထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မြောက်များစွာကို ပေးစွမ်းသည်။၎င်းက ကောင်းကင်ဘုံရတနာတစ်ခု ဖြစ်မည်မှာ ထင်ရှားပေ၏။
“အခု ကျင့်ကြံသူ စုစုပေါင်း (၁၁၀)ယောက် ကျန်ခဲ့တယ်။ မူလတုန်းကတော့ မင်းတို့နှစ်ယောက်ကို အရည်အသွေး မပြည့်မှီဘူးလို့ သတ်မှတ်ရမှာ။ ဒါပေမဲ့ ခက်ခဲလှတဲ့ စမ်းသပ်မှု ပြီးတဲ့နောက် ကောင်းကင်ဘုံက မင်းတို့ကို အခွင့်ရေးတစ်ခု ပေးလိုက်တယ်။ အသန်မာဆုံးနှစ်ယောက်ဟာ မိုးကြိုးကောင်းကင်ဘုံသားနဲ့ ဒုမိုးကြိုးကောင်းကင်ဘုံသား ဖြစ်လာလိမ့်မယ်။ ကျန်တဲ့ (၁၀၈)ယောက်ကတော့ ကောင်းကင်အဆင့် ကောင်းကင်ဘုံသား (၃၆)ယောက်နဲ့ မြေအဆင့် ကောင်းကင်ဘုံသား (၇၂) ယောက် ဖြစ်လာလိမ့်မယ်…”
အရှင်မီးတောက်သည် ထိုနေရာ၌ စကားခဏ ရပ်၏။သူ့အကြည့်က ကျင့်ကြံသူများကြားသို့ ရောက်သွားပြီး သူက အော်ခေါ်လိုက်သည်။ “ရှုမူ…ရှေ့ထွက်လာခဲ့…”
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ပျံသန်းထွက်လာပြီးနောက် လက်နှစ်ဖက်ယှက်ကာ ပြောသည်။ “ရောက်ပါပြီ…”
အရှင်မီးတောက်၏အသွင်က အလေးအနက် ဖြစ်လာ၏။ သူက ပြောလာသည်။ “မင်းက လူသား၊မြေကြီးနဲ့ ကောင်းကင်နဲ့ ကောင်းကင်လျှောက်လမ်း စမ်းသပ်မှုတွေမှာ နံပါတ်တစ် ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ရှုမူ…ငါက မင်းကို မိုးကြိုးကောင်းကင်ဘုံသား ရာထူးကို အပ်နှင်းတယ်။မင်းက သုံးထောင်ပါဝင်တဲ့ စစ်တပ်တစ်ခုကို ဦးစီးပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ စစ်ပွဲမှာ ဦးဆောင်တိုက်ခိုက်ရမယ်…”
အရှင်မီးတောက်က ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ရွှေရောင်ကောင်းကင်ဘုံစုတ်တံတစ်ခု ထွက်ပေါ်လာတော့၏။သူက ထိုစုတ်တံကို ဝှေ့ယမ်းကာ အဝါရောင်စာလိပ်အပေါ်၌ ပထမဆုံး စာကြောင်းကို ရေးသားလိုက်သည်။
“စစ်မှန်သော မိုးကြိုးကောင်းကင်ဘုံသား…ရှုမူ…”
သူက ထိုစကားလုံးများကို ရေးလိုက်သည်နှင့် ရွှေရောင်လင်းလက်သွားပြီး စာလိပ်အတွင်းကနေ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအဝါရောင်စာလိပ်ထဲမှ စကားလုံးများ ပျံသန်းထွက်လာရင်း မိုးကြိုးနှင့် ပြုလုပ်ထားသည့် ကျားတစ်ကောင်အသွင်သို့ ဖြစ်ပေါ်သွာသည်။
ထိုကျားသည် ပေတစ်ရာခန့် မြင့်၏။ ၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းသံပြုကာ ဝမ်လင်းထံသို့ ဦးတည်လာသည်။၎င်းက ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ရပ်တန့်ကာ တဖြည်းဖြည်း ကျုံ့သွားပြီးနောက် သုံးပေခန့်ရှိသည့် အလံတစ်ခု အဖြစ်သို့ ပြောင်းသွား၏။ထိုအလံပေါ်၌ ကျားပုံရိပ်သည် တလက်လက် ဖြစ်နေသည်။
“ငါက ကောင်းကင်ဘုံရတနာ ဖြစ်တဲ့ ကောင်းကင်ကျားအလံ မင်းကို ပေးအပ်တယ်။ “ဒါနဲ့ဆိုရင် မင်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူ (၃၀၀၀)ကို အမိန့်ပေးနိုင်ပြီး မင်းရဲ့ ကိုယ်ပိုင်အင်အား ဖြစ်လာမယ်…”
အရှင်မီးတောက်၏စကားလုံးများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လေ၏။
ဝမ်လင်းက ကောင်းကင်ကျားအလံကို ယူဆောင်လိုက်၏။သူက အသက်ဝဝရှုသွင်းကာ လက်နှစ်ဖက်ယှက်၍ ပြော၏။ “အမိန့်ကို လက်ခံပါတယ်…”
သည်အခိုက်အတန့်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများသည် ဝမ်လင်း၏ပုံပန်းအသွင်ကို တွေ့မြင်နေရပေသည်။
“သူက ရှုမူပဲ…”
“နတ်ဆိုးသခင် ရှုမူ…မိုးကြိုးကောင်းကင်ဘုံသား…”
“ဒီလူက ကောင်းကင်ဘုံသား(၁၀၈)ယောက်ရဲ့ အထက်မှာ ရှိနေတယ်။သူ့ကျင့်ကြံမှုက အံအားသင့်ဖွယ်ပဲ…”
ထိုအခိုက်အတန့်၌ ရန်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေကြ၏။ သူတို့၏ စိတ်ထဲ၌ ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ လှိုင်းထန်နေကြသည်။
ချင်လင်းဂြိုဟ်ပေါ်၌ ကျင့်ကြံသူများစွာသည် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ဤအခိုက်၌ ထိုဂြိုဟ်ပေါ်ရှိ မိသားစုအကြီးအကဲများသည် အံ့အားတသင့် ဆိုလာ၏။
“ဘိုးဘေး…”
ဟုန်ယွမ်တောင်ထိပ်ပေါ်တွင် ရွှယ်ချင်းက မိန်းမောနေရာကနေ နိုးထလာသည်။သူက ကောင်းကင်ထက်သို့ ကြည့်၏။သူမျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်လာသည်။သူက ခပ်တိုးတိုး ရေရွတ်မိသည်။ “အရှင်…”
လူသူကင်းမဲ့သည့် ဂြိုဟ်တစ်ခုအပေါ်၌ ယောင်ပင်ယွမ်သည် ရေခဲပြင်လွှာကြီးပေါ်တွင် ထိုင်နေသည်။သူမက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်သည်။ သူမ၏ မျက်လုံးထဲ၌ ရှုပ်ထွေးသော အကြည့်တို့ ဖြစ်ပေါ်နေသည်။
“သူက မိုးကြိုးကောင်းကင်ဘုံသား ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”
မြောက်ပိုင်းနယ်မြေ၏ တဝက်တပျက် ပျက်စီးနေသည့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအပေါ်တွင် အနံ့ဆိုးတစ်ခုသည် သိပ်မကြာသေးသော အချိန်တစ်ခုက ပေါ်ထွက်လာခဲ့ပေသည်။ ကျင့်ကြံသူများက ၎င်းအရာကို ရှာဖွေကြည့်သော်လည်း သူတို့သည် ဇာစ်မြစ်ကို မတွေ့နိုင်ခဲ့ကြပေ။သည်အခိုက်၌ ထိုဂြိုဟ်၏ တောင်ကြားတစ်ခုအတွင်း၌ လောဘကြီးသည် ကောင်းကင်ထက်သို့ မော့ကြည့်၏။သူ့အကြည့်ထဲ၌ ရက်စက်ကြမ်းကြုတ်လိုမှုတို့ ဖြစ်ပေါ်နေသည်။
“သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ဒီလိုမျိုး မြင့်မားလှတဲ့ ဂုဏ်အဆင့်အတန်းကို တကယ် ရရှိလာခဲ့တာပဲ…”
ဤအခိုက်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဝမ်လင်းမှန်း သိနေကြသည်။သူတို့၏ မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ရှိနေ၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ အရှင်မီးတောက်သည် စကား ဆိုလာ၏။ “ရှုထင်…ရှေ့ထွက်လာခဲ့…”
ရှုထင်က အသက်ဝဝရှုသွင်း၏။ထို့နောက် သူက မြန်ဆန်စွာ ရှေ့သို့ ထွက်၍ တလေးတစား ရပ်သည်။
“ငါက မင်းကို ဒုမိုးကြိုးကောင်းကင်ဘုံသား အဖြစ် အပ်နှင်းတယ်။မင်းမှာ ကျင့်ကြံသူနှစ်ထောင်ပါဝင်တဲ့ စစ်တပ်တစ်ခုကို ရရှိမယ်။မင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ဒုတိယဦးစီးတစ်ယောက် ဖြစ်လာလိမ့်မယ်…”
ရှုထင်က စိတ်ထဲ၌ သဘောမတူသော်လည်း သူက နာခံရပေသည်။သူက တလေးတစား ပြောလာ၏။ “အမိန့် နာခံလျက်ပါ…”
ထိုသို့ပြောပြီးသည့်နောက် အရှင်မီးနောက်သည် ဆက်လက်၍ ခေါ်ထုတ်နေ၏။ ကောင်းကင်ဦးစီးနေရာ (၁၀၈)ယောက်ကို အောင်မြင်စွာ အပ်နှင်းခြင်း ပြီးဆုံးသွားလေပြီ။ထိုကျင့်ကြံသူတစ်ယောက်ချင်းစီသည် အလံတစ်ခုစီ ရရှိကာ ကောင်းကင်ဘုံသား ဖြစ်လာပေမည်။
“မိုးကြိုးကောင်းကင်ဘုံသား၊ဒုမိုးကြိုးကောင်းကင်ဘုံသား၊ကောင်းကင်အဆင့် ကောင်းကင်ဘုံသား(၃၆)ယောက်၊မြေအဆင့် ကောင်းကင်ဘုံသား(၇၂)ယောက်…ကောင်းကင်ဘုံရေကန်ထဲ ဝင်ရောက်ပါ…”
အရှင်မီးတောက်က သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အဝါရောင်စာလိပ်သည် ပျောက်ကွယ်သွားတော့သည်။ထို့နောက် တိမ်တိုက်မားက ပြောင်းလဲလာပြီးနောက် ကောင်းကင်ထက်၌ ရေကန်တစ်ခုသည် ဖြည်းဖြည်းချင်း သက်ဆင်းလာတော့သည်။
ထိုရေကန်ထဲ၌ ရေများသည် အပြာရောင် ရှိနေ၏။ထိုရေများသည် လူတစ်ယေက်၏ စိတ်ကို တုန်လှုပ်စေသည့် အော်ရာကို ပေးစွမ်းသည်။
“ကောင်းကင်ဘုံရေကန်က မင်းတို့ရဲ့ နယ်ပယ်ကို ပျော်ဝင်စေပြီး မင်းတို့ရဲ့ ကိုယ်ပိုင် ကောင်းကင်ဘုံမူလ ဖြစ်ပေါ်လာဖို့ ခွင့်ပြုပေးလိမ့်မယ်….၊ အဲ့နောက်ကျရင် မင်းတို့က အစစ်အမှန် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာလိမ့်မယ်…”
အရှင်မီးတောက်၏အသံက ကောင်းကင်နှင့်မြေကြီးကြားတွင် မည်ဟိန်းသွားတော့၏။
***