အခန်း (၅၂) ငါကလည်း စိတ်ဆတ်တဲ့ကောင်
ကျောက်ရှီလီ၏စကားကို ကြားသော် ရန်ကျောက်ကဲ၏စိတ်ထဲတွင် သရော်လိုက်သည်။
အရှေ့တန်ထီးနန်းကို တပ်မက်နေသော ဤကျင်မင်းသားသည် ကောင်းသော ရည်ရွယ်ချက်ဖြင့် ထိုစကားကို ပြောခြင်း မဟုတ်ပေ။
သူက သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော်လည်း ဗဟုသုတနှင့် အတွေ့အကြုံပိုင်းအရ ရန်ကျောက်ကဲကို မယှဉ်နိုင်ပေ။
ကျောက်ဟို၏စွမ်းရည်က သာမာန်ထက် ထူးခြားနေသည်ကိုသာ ကျောက်ရှီလီ မြင်နိုင်သည်။ သို့သော် ထို့ထက်ပို၍ သူ မသိပေ။
ကျောက်ဟိုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို အပြတ်အသတ်အနိုင်ယူနိုင်ခဲ့သော်လည်း သိုင်းပညာရှင်အဆင့်သို့ ရောက်နေသော ကျောက်ယွမ်၊ ကျောက်ရှန်းတို့နှစ်ယောက်နှင့် ရင်ဆိုင်ရလျှင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားနိုင်သည်ဟု ကျောက်ရှီလီ တွက်ဆထားပုံရသည်။
တကယ်တော့ ကျောက်ရှီလီသာ မဟုတ်ဘဲ ဤနေရာတွင် ရှိသော လူအားလုံး ထိုသို့တွေးကြသည်။
သူတို့အမြင်၌ ကျောက်ဟိုက ကျောက်ရှန်းအား အရင် ရန်စ၍ စိန်ခေါ်သည်မှာ မိုက်မဲသော လုပ်ရပ်ဖြစ်သည်။
ရန်ကျောက်ကဲက ထိုသို့ မတွေးပေ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် သိုင်းပညာရှင်အဆင့်အကြား ကွာခြားမှုကို ကျော်ဖြတ်၍ ကျောက်ယွမ်၊ ကျောက်ရှန်းတို့နှင့် တိုက်ခိုက်ရန် ကျောက်ဟိုအတွက် အလွန် ခက်ခဲသည်။ သို့သော် တစ်ဖက်သတ် နှိပ်ကွပ်ခံရပြီး ပြန်လည် မတိုက်ခိုက်နိုင်သည်တော့ မဟုတ်ပေ။
သူတို့နှစ်ဖက်ကြား ဗဟုသုတနှင့် အတွေ့အကြုံကွာခြားမှုက ပို၍တောင် ကြီးမားသည်။ ကောင်းကင်နှင့် မြေကြီးကြား ကွာခြားမှုဟု တင်စားလျှင် လွန်ကျူးမည် မထင်။
ကျောက်ဟိုသည် ကျောက်ရှန်းအား နည်းနည်းလေးမျှပင် အလေးထားဟန် မတူပေ။ သို့သော် သူက သိုင်းဆရာသခင်ကိုတော့ အနည်းငယ် အာရုံစိုက်နေပုံရသည်။
ကျောက်ရှီလီသည် ကျောက်ဟိုကို မူလက ဂရုမထားမိသော်လည်း ယခု ကျောက်ဟို၏စွမ်းရည်ကို သူ မြင်လိုက်ရလေပြီ။ ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့အား ဖိနှိပ်ရန် ကျောက်ဟိုကို သူ အသုံးချနိုင်၏။
သူ့တူတော်များအကြား အိမ်ရှေ့စံနေရာအတွက် ပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်လာပြီး သူတို့အင်အား ညီလာလေလေ ကျောက်ရှီလီအတွက် ကောင်းလေဖြစ်သည်။
မူလက သာမာန်မျှ ဖြစ်သော ကျောက်ဟိုသည် ရုတ်တရက် သူ့ရှေ့ ရောက်လာကာ ကျောက်ရှီလီအတွက် မျက်စိကျစရာ ကျားစေ့ဖြစ်လာခဲ့သည်။
ကျောက်ဟို၏ တမူထူးခြားသော အလားအလာကြောင့် အနာဂတ်တွင် သူ၊ ကျောက်ရှီလီ၏နေရာကိုပါ ခြိမ်းခြောက်လာမည်လောဆိုသည်ကတော့ ဝေးကွာလှသော အရာဖြစ်သည်။
တကယ်တော့ ကျောက်ဟိုသည် လက်ရှိတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာ ရှိသေးသည်။
“အရှေ့ကောင်းကင်ဒေသမှာ ငါတို့အရှေ့တန်က ဘာနဲ့ ကျော်ကြားတာလဲ၊ ဆေးဝါးပညာရပ်မှာ မဟုတ်ဘူးလား၊ အဲ့နယ်ပယ်မှာ ယှဉ်ပြိုင်ရင် မင်းတို့ရဲ့ ဆက်ဆံရေးလည်း ပျက်စီးစရာမလိုတော့ဘူးမလား”
ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့ကလည်း ညံ့ဖျင်းသော မင်းသားများ မဟုတ်ပေ။ အရှေ့တန်တော်ဝင်မိသားစုတစ်ခုလုံးသည် ဆေးဝါးဖော်စပ်ရာ၌ ကျွမ်းကျင်ကြသည်။ သိုင်းပညာနှင့် အုပ်ချုပ်ရေးပညာကဲ့သို့ပင် ရိုးရာအရ ထိုပညာရပ်ကို သင်ကြားကြရသည်။
အရှေ့တန်နိုင်ငံ၏ အကြီးဆုံး ဆေးပညာဆိုင်ရာ အင်အားစုကြီးဖြစ်သော ဆေးလုံးစံအိမ်၏ နောက်ကွယ်၌ အရှေ့တန်တော်ဝင်မိသားစုရှိလေသည်။
“ကျောက်ရှီလီ ဒီလို စတင်အဆိုပြုတော့ သူက ကျောက်ဟိုအကြောင်းကို အတော် နားလည်ထားပုံရတယ်၊ ကြည့်ရတာ စိတ်ဝင်စားစရာပဲ” ရန်ကျောက်ကဲက မည်သည့်စကားမျှ ဝင်မပြောပေ။ ကျောက်ရှီလီ မည်သို့ ဆက်လုပ်မည်ကို ဘေးမှ ကြည့်နေသည်။
ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့လည်း ဤသည်ကို တွေးမိပြီး တုံ့ဆိုင်းမိကြသည်။ သို့သော် သူတို့မျက်နှာပေါ်တွင် မည်သည့် အားနည်းချက်မျှ မပြသပေ။
သူတို့နှစ်ယောက်အနက် တစ်ယောက်မှာ မိဖုရားကြီး၏ သားတော်ဖြစ်ကာ အခြားတစ်ယောက်သည် မိဖုရားငယ်တစ်ပါး၏ သားတော်ဖြစ်သည်။ ထိုစဉ် ကျောက်ဟို၏အမေမှာ မောင်းမငယ်တစ်ယောက်သာဖြစ်၏။
သူတို့နှစ်ယောက် ကြီးပြင်းလာရသော ပတ်ဝန်းကျင်နှင့် ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသော ပညာရေးက ကျောက်ဟိုထက် အများကြီး သာလွန်သည်။
သူတို့ သိုင်းပညာချင်း ယှဉ်ပြိုင်ရလျှင် သိုင်းပညာရှင်အဆင့်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို အနိုင်ရခဲ့လျှင်တောင်မှ မည်သို့မှ ဂုဏ်ယူစရာမရှိချေ။
သူတို့နှစ်ယောက်သည် ကျောက်ဟိုကို ကြည့်၍ သဘောတူကြောင်း ခေါင်းငြိမ့်လိုက်ကြသည်။
ကျောက်ဟို၏ကျင့်ကြံမှုမှာ တဟုန်တိုး မြင့်တက်လာသော်လည်း သူတို့ကို ဆေးဝါးတာအိုတွင် အနိုင်ယူနိုင်လိမ့်မည်ဟု ကျောက်ညီအကိုနှစ်ယောက် မယုံကြည်ပေ။
ကျောက်ရှီလီက တောက်ပစွာ ပြုံးလိုက်သည်။ “ဖြစ်ချင်တော့ ဆေးလုံးစံအိမ်ရဲ့ အကြီးအကဲချုပ်ကလည်း ဒီကို ရောက်နေတယ်၊ သခင်လေးရန်ရဲ့ နောက်ခံနဲ့ဆို သူက ဒီနယ်ပယ်မှာလည်း အတော် နှံ့စပ်မှာပဲ၊ ဒီမင်းသားကလည်း ဆေးဝါးတာအိုမှာ တီးမိ ခေါက်မိ ရှိတယ်၊ အဲ့တော့ လူကြီးမင်းဝမ်နဲ့အတူ ငါတို့နှစ်ယောက်ပေါင်းပြီး မင်းတို့ ဖော်စပ်တာတွေကို အကဲဖြတ်ပေးမယ်၊ ဒါ မင်းတို့အတွက် ရှားပါးတဲ့ အခွင့်အရေးကြီးပဲ”
ရန်ကျောက်ကဲက ရယ်မောလျက် ကျောက်ရှီလီ၏စကားကို မငြင်းဆန်သလို သဘောတူကြောင်းလည်း မပြပေ။ အဝေးမှ သိုင်းကျင့်ကြံသူတချို့နှင့်အတူ အဘိုးအိုတစ်ဦးသည် တရွေ့ရွေ့ ချည်းကပ်လာ၏။
ထိုအဘိုးအိုအား မြင်သောအခါ ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့ အပြေးအလွှား နှုတ်ဆက်လိုက်ကြသည်။ “မင်္ဂလာပါ၊ အကြီးအကဲဝမ်”
ကျောက်ဟိုသည်သာ သူ ရပ်မြဲနေရာ၌သာ ရပ်လျက် အဘိုးအိုကို အနည်းငယ် ခေါင်းငြိမ့်ပြသည်။
သို့သော်လည်း အဘိုးအိုက စိတ်မဆိုးသည့်အပြင် ကျောက်ဟိုအား ပြန်လည်ခေါင်းငြိမ့်ပြလိုက်သည်။
ဤသည်ကို မြင်လျှင် ကျောက်ယွမ်နှင့် ကျောက်ရှန်း နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။
ထို့နောက်တွင် ဝမ်အဘိုးအိုက အခြေအနေအလုံးစုံကို ကြားသိရသောအခါ သူ့ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်သည်။ “ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ၊ မင်းသားဆယ့်ခြောက်ရဲ့ ဆေးဝါးတာအိုမှာ ကျွမ်းကျင်နှံ့စပ်မှုက ဒီအဘိုးကြီးထက်တောင် မြင့်မားတယ်”
“သူ့အသက်အရွယ်နဲ့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ သူ့လောက် ကျွမ်းကျင်တဲ့လူကို ဒီအဘိုးကြီး သက်တမ်းတစ်လျှောက် တစ်ခါမှ မတွေ့ဖူးဘူး”
ထိုအဘိုးကြီးသည် ဒဲ့ဒိုးသမားဖြစ်သည်။ သူ့အဆင့်အတန်းက ထူးခြားကာ သူ ပြောချင်သောစကားကို အနှောင်အဖွဲ့မရှိဘဲ ပြောခွင့်ရသူဖြစ်သည်။
ထိုအဘိုးအို ပြောသော စကားများကို ကြားသောအခါ ကျောက်ယွမ်နှင့် ကျောက်ရှန်း နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
အရှေ့တန်မြေပေါ်တွင် ဆေးဝါးတာအို၌ ထိုအဘိုးအိုနှင့် ယှဉ်နိုင်သော လူတစ်ယောက်သာ ရှိပြီး ထိုလူမှာ လက်ရှိ အရှေ့တန်ဘုရင်ဖြစ်သည်။
သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ကျင်မင်းသားပင် ဤနယ်ပယ်၌ သိုင်းပညာရှင်အဆင့်သာရှိသေးသော လူကြီးမင်းဝမ်ထက် နိမ့်ပါး၏။
တည်ငြိမ်သော မျက်နှာဖြင့် ကျောက်ဟိုက သာမာန်မျှ ပြောကြားလိုက်သည်။ “သိုင်းပညာရှင်အဆင့်တွေထဲမှာတော့ မင်းရဲ့ ဆေးဝါးပညာမှာ ကျွမ်းကျင်မှုက မဆိုးဘူးလို့ ပြောလို့ရတယ်”
ကျောက်ရှီလီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ “ဒါ….၊ ဒါပေမယ့် ဒီမင်းသား နားမလည်နိုင်တာ တစ်ခု ရှိသေးတယ်၊ လီတစ်ထောင်မြင်းက ငါတို့အရှေ့တန်ရဲ့ ဆေးဝါးနယ်ပယ်မှာ ပေါ်လာရတယ်လို့”
“ခင်ဗျား မသိဘူး၊ ဟုတ်လား” ရန်ကျောက်ကဲက မျက်လုံးလှန်၍ ကြည့်လိုက်သည်။ “ခင်ဗျား မသိဘူးဆို ဘာလို့ ဒီလိုပြိုင်သင့်တယ်လို့ အဆိုပြုလဲ”
ရန်ကျောက်ကဲ၏အကြည့်က ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့ကိုကျော်ကာ ဆေးလုံးစံအိမ်၏အကြီးအကဲချုပ် ဝမ်အဘိုးအိုထံသို့ ကျရောက်သွားသည်။
ကျောက်ယွမ်နှင့် ကျောက်ရှန်းတို့၏မျက်နှာများသည် အနည်းငယ် ရှုံ့မဲ့နေကာ ကျောက်ဟိုက မောက်မာစွာ ရယ်မောလျက်ရှိသည်။ “အကိုတော်တွေက ဆေးဝါးပညာမှာ အနိုင်ရနိုင်ချေ မရှိမှတော့၊ ကဲ… ကျွန်တော်တို့ သိုင်းပြန်ပြိုင်ရအောင်လား”
ထိုအခါ တစ်ချိန်လုံး စကားမပြောဘဲ တိတ်ဆိတ်နေသော ရန်ကျောက်ကဲက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ “ကျင်မင်းသား ပြောသလိုပါပဲ၊ ဒီလို ဘာမဟုတ်တာလေးလောက်နဲ့ မင်းသားတွေကြားဆက်ဆံရေးကို မထိခိုက်သင့်ဘူး”
“ဆေးပညာမှာပဲ ပြန်ပြိုင်စမ်းပါ”
ကျောက်ယွမ်သည် ရန်ကျောက်ကဲအား စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ကျောက်ရှီလီပင် အနည်းငယ် အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက ဆက်ပြောသည်။ “ဒါပေမယ့် ကျွန်တော်လည်း ရှိနေမှတော့ ဒီအခါသမယလေးမှာ ပိုပျော်စရာကောင်းသွားအောင် လောင်းကြေးလေး ဘာလေး ထည့်လိုက်ကြရင် မကောင်းဘူးလား”
ကျောက်ရှီလီက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ “အိုး…ကျောက်ကဲက ဘယ်ဘက်ကနေ လောင်းကြေးထပ်ချင်လို့လဲ”
အကယ်၍ ကျောက်ဟိုဘက်ကသာ ရန်ကျောက်ကဲ လောင်းကြေးထပ်မည်ဆိုလျှင် ရှုပ်ထွေးစရာတွေ ဖြစ်ကုန်လိမ့်မည်။ သူ့အမြင်အရ ဤအရာသည် သာမာန်လောင်းကစားသက်သက် မဟုတ်ပါ။
ကျောက်ဟိုအပေါ်သာ ရန်ကျောက်ကဲ လောင်းကြေးထပ်လိုက်ပါက ထိုအဓိပ္ပာယ်မှာ ရန်ကျောက်ကဲ၏နောက်တွင် ရန်တိရှိနေကာ ရန်တိတို့အုပ်စုသည် အရှေ့တန်နိုင်ငံ၏ မင်းသားများအနက် ကျောက်ယွမ်အား လက်လွှတ်၍ ကျောက်ဟိုကို ပြောင်းလဲထောက်ခံကြမည်ဖြစ်သည်။
ကျောက်ယွမ်၏မျက်နှာက မပြောင်းလဲပေ။ သို့သော် သူ့မျက်လုံးများက ရန်ကျောက်ကဲအား စိတ်လှုပ်ရှားစွာ ငေးကြည့်နေသည်ကို အထင်းသား မြင်နိုင်သည်။
“ကျွန်တော်က ညီအကိုယွမ်ဘက်က နေမယ်” ရန်ကျောက်ကဲက သူ့ရပ်တည်မှုကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျောက်ယွမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အခြားသူများက ရန်ကျောက်ကဲအပေါ် နားမလည်နိုင်ဖြစ်မိသည်။
ကျောက်ရှီလီက “လူကြီးမင်းဝမ်ရဲ့စကားက မိုးကောင်းကင်ရဲ့ဆန္ဒလို ယုံကြည်ရတော့ ဒီမင်းသားက တူတော်ကျောက်ဟိုဘက်ကပဲ နေမယ်ကွာ”
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပြီ”
“ကျောက်ကဲက ဘာများ လောင်းချင်တာလဲ”
“ဆေးလုံးစံအိမ်က ကျင်မင်းသားရဲ့ ရှယ်ယာကို လောင်းချင်တယ်”
ထိုစကားကိုကြားသောအခါ ကျောက်ရှီလီ၏အကြည့် လှုပ်ခတ်သွားပြီး ရန်ကျောက်ကဲကို အသေအချာ ကြည့်နေသည်။
ဆေးဝါးစံအိမ်သည် အလွန် ကြွယ်ဝသော အဖွဲ့အစည်းဖြစ်သည်။ အရှေ့တန်နိုင်ငံ၏ နံပါတ်တစ် ဆေးဝါးအဖွဲ့အစည်းဖြစ်ရုံသာမက အရှေ့တန်နိုင်ငံ၏အဓိကပို့ကုန်များထွက်ရှိရာ နေရာလည်း ဖြစ်သည်။
ဆေးဝါးစံအိမ်တွင် အစုရှယ်ယာအများဆုံးပိုင်ဆိုင်သူများမှာ အရှေ့တန်နိုင်ငံ၏တော်ဝင်မိသားစုပင်ဖြစ်ပြီး အကြီးမားဆုံးရှယ်ယာပိုင်ရှင်မှာလည်း အရှေ့တန်၏ဘုရင်ကိုယ်တိုင်ဖြစ်သည်။ သို့သော်လည်း ကျောက်ရှီလီသည်လည်း အတော် ကြီးမားသော ရှယ်ယာကို ပိုင်ဆိုင်ထားသည်။
ကမ္ဘာပေါ်ရှိ တန်ဖိုးကြီးဆေးဝါးများ မွေးဖွားရာနေရာ ဆေးလုံးစံအိမ်သည် အလွန် အကျိုးအမြတ်များသော စီးပွားရေးတစ်ခုဖြစ်ပြီး အရှေ့ကောင်းကင်ဒေသ၏ အခြားဈေးကွက်များထဲသို့ပါ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။
အခြားသူများမှာ အလန့်တကြား ထခုန်မိကြသည်။ ဤကဲ့သို့ ပြိုင်ပွဲသေးသေးလေးမှာ လောင်းကြေးအကြီးကြီးနှင့်။ မိုက်ရူးရဲဆန်လွန်းသည် မဟုတ်ပါလော။
သို့သော် သေချာစဉ်းစားကြည့်လျှင် ရန်ကျောက်ကဲကဲ့သို့ နောက်ခံရှိသူတစ်ယောက်အတွက် ကျောက်ရှီလီ၏အခြားအရာများကို မျက်စိကျလိမ့်မည်မဟုတ်ပါ။
သည်ရှု့ထောင့်မှ တွေးမိသောအခါ သူတို့စိတ်ထဲတွင် လက်ခံသွားကြသည်။ သို့သော် ရန်ကျောက်ကဲအပေါ် အားကျသော ခံစားချက်များ သူတို့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
အင်အားကြီးတဲ့အဖေရှိတာ အတော် ကောင်းပါလား။
“ကျွန်တော့်ရဲ့ လောင်းကြေးကတော့၊ ကျင်မင်းသား အရမ်း စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ယုံတယ်” ထိုသို့ပြောရင်း သူ့လက်ကို ရမ်းလိုက်ရာ အဆင့်နိမ့် စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက် မဟာနေမင်းဘီးက သူ့ရှေ့တွင် ပေါ်လာသည်။
ကျောက်ရှီလီက အံ့အားတသင့်ဖြင့် အော်ပြောလိုက်သည်။ “ရှောင်ရှန်းရဲ့မဟာနေမင်းဘီးလား”
ထိုနေရာရှိ လူတိုင်းလည်း မျက်လုံးအပြူးသားဖြင့် အလွန် အံ့အားသင့်နေကြသည်။ “နေသူတော်စင်ဂိုဏ်းက ရှောင်ရှန်းရဲ့ အကာအကွယ်ရတနာ…. စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်၊ ဘယ်လိုလုပ်….”
ဘယ်လိုလုပ် ရန်ကျောက်ကဲ လက်ထဲ ရောက်နေတာလဲ။
မဟုတ်မှလွဲရော…..။
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ရှောင်ရှန်းက ကျွန်တော့ကို ရှုံးသွားလို့ ဒါက ကျွန်တော့ရဲ့ တိုက်ပွဲက ဆုလဒ်ဖြစ်လာတာပဲ၊ ဒါကို သုံးပြီး ကျင်မင်းသားနဲ့ လောင်းရင် မျှတတယ်မလား”
ကျောက်ရှီလီ အသက်ရှုနှုန်း မြန်ဆန်လာသည်။ သူက သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော်လည်း စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်ဟူသည် ရရန် အလွန် ခက်ခဲလှသော ရတနာဖြစ်သည်။
အရှေ့တန်၏ စီးပွားရေးအရ အသက်သွေးကြောဖြစ်သော ဆေးလုံးစံအိမ်မှ သူ့ရှယ်ယာမှာ စီးပွားရေးအရသာ တန်ဖိုးရှိသည်မဟုတ်ဘဲ အနာဂတ်ဘုရင်ကိုလည်း ရေရှည်ဒုက္ခပေးနိုင်သော ဖဲတစ်ချပ်ဖြစ်သည်။
ထိုနှစ်ခုအနက် မည်သည့်အရာက ပိုတန်ဖိုးရှိသလောဆိုသည်ကို ပြောရန် ခက်ခဲသည်။
သို့သော် ရန်ကျောက်ကဲ၏လက်ထဲသို့ ရှောင်ရှန်း၏ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက် ရောက်သွားခြင်းသည် ရှောင်ရှန်းအတွက် သေချာပေါက် အရှက်အရဆုံးကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
အကယ်၍ ကျောက်ရှီလီသာ ရှောင်ရှန်းအတွက် ၎င်းကို အောင်မြင်စွာ ပြန်လည်ရယူပေးနိုင်လျှင် ရှောင်ရှန်းအပေါ် ကျေးဇူးကြွေးအကြီးကြီးတင်သည်နှင့် ညီမျှသည်။ ရှောင်ရှန်း၏နောက်၌ နေသူတော်စင်ဂိုဏ်း၏မဟာအကြီးအကဲ ရှိလေသည်။
သို့သော် ကျောက်ဟိုက ဆေးဝါးဖော်စပ်ခြင်းပညာ၌ မည်သို့ ကျွမ်းကျင်သည်ဆိုတာ သိနေတာတောင် ရန်ကျောက်ကဲက ထိုလောင်းကြေးကို အဆိုပြုရဲသေးသည်။ ကျောက်ရှီလီ၏ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံ ညံလာသည်ကို ခံစားရသည်။
ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ရန် ယုံကြည်မှု မည်မျှ လိုအပ်သနည်း။
ကျောက်ရှီလီ၏မသိစိတ်က ရန်ကျောက်ကဲနှင့် ဤလောင်းကစား မလုပ်ရန် အကောင်းဆုံးဟု အချက်ပေးနေသည်။
အခြားသူများကမူ ရန်ကျောက်ကဲကို တန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်သို့ ရောက်နေသော ရှောင်ရှန်းက ရန်ကျောက်ကဲအား ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
ချွင်းချက်ထားရမည့် တစ်ယောက်ထဲသော လူမှာ ကျောက်ဟိုဖြစ်သည်။ သူသည် ရန်ကျောက်ကဲက ရှောင်ရှန်း၏မဟာနေမင်းဘီးကို လောင်းကြေးထပ်သည့်အဓိပ္ပာယ်ကို သဘောမပေါက်သည့်အလား သူ့မျက်နှာသည် အရာအားလုံးကို လျစ်လျူရှုထားပုံရသည်။
ထိုအဓိပ္ပာယ်ကို သူ နားလည်လျက်နှင့် သူ့မျက်လုံးထဲ မထည့်တာလည်း ဖြစ်ချင်ဖြစ်မည်။
ကျောက်ရှီလီက သူ့အား ရည်ရွယ်ချက်ရှိရှိ အသုံးချနေသည်ကို သူ နားလည်လျက်နှင့် ဂရုမစိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ အနာဂတ်တွင် ကျောက်ရှီလီကို သူ ပြန်ပေးဆပ်ခိုင်းမည့် အချိန်ဆိုတာ ရောက်လာမည်ဖြစ်သည်။
ကျောက်ဟိုက ရန်ကျောက်ကဲအား ကြည့်လျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်၊ ဝါဒတောင်ဂိုဏ်း၊ ဝါဒတောင်ဂိုဏ်းက ဆင်းသက်လာတဲ့ တစ်စုံတစ်ယောက်…ဟီးဟီး”
“ဦးရီးတော်၊ သူက လောင်းချင်နေမှတော့ လောင်းလိုက်တာပေါ့” ကျောက်ဟိုက တည်ငြိမ်စွာ ပြော၍ သူ့ဝတ်ရုံကို ရမ်းလိုက်ရာ လက်ရာမြောက်သော မီးပြင်းဖိုငယ်တစ်လုံး သူ့ရှေ့ မြေပေါ်သို့ ရောက်လာသည်။
မီးပြင်းဖိုထဲတွင် မီးတောက်များ ရုတ်တရက် ထတောက်လာရာ အစိမ်းရောင်မီးခိုးငွေ့လေးများ လေထဲသို့ တက်လာပြီး တဖြည်းဖြည်းနှင့် တောင်တန်းနှင့်ပင်လယ်များ၏ပုံရိပ်ဖြစ်ပေါ်လာသည်။
ဤမြင်ကွင်းကို မြင်သောအခါ သူတို့စိတ်တွေ ဗလာကျင်းဖြစ်သွားကြသည်။
လူကြီးမင်းဝမ်ပင် မျက်လုံးအပြူးသား ဖြစ်သွားသည်။
ကျောက်ရှီလီ၏မျက်လုံးများ ရုတ်ချည်း တောက်ပလာသည်။
“အရည်အချင်းရှိတယ်၊ စိတ်ဓာတ်မာကြောတယ်၊ မောက်မာတယ်၊ ဒါပေမယ့်…..” ရန်ကျောက်ကဲက အနည်းငယ် ရယ်မောလိုက်သည်။ “ဒါပေမယ့် သူက မိုက်မဲလွန်းတယ်”
“မင်းအတွက် ကံဆိုးတာပဲ ကောင်လေး၊ ငါကလည်း ငါစိတ်မကြည်တဲ့အချိန်ဆို စိတ်တိုလွယ်တယ်”
Note : ဒီအခန်းမှာ စကားပြောတွေနဲ့ အတွေးတွေ ရှုပ်နေမှာစိုးလို့ အတွေးတွေကို ကျွန်တော် စာလုံးစောင်းပေးထားပါတယ်