ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူ့စိတ်နှလုံးသည် လှုပ်ရှားနေ၏။သူက တိုက်ပွဲစာလိပ်ထဲတွင် တွေ့မြင်ခဲ့ရသည်မှာ စာလိပ်ခြောက်ခု ဖြစ်သည်မှာ ရှင်းလင်းနေသည် မဟုတ်လား။ဝမ်လင်းက တည်ငြိမ်စွာပင် လေးစားစွာ ဆို၏။ “ကျေးဇူးတင်ပါတယ်…စီနီယာ လီယွမ်ဇီ…”
လီယွမ်ဇီသည် ရယ်မောကာ ဝမ်လင်းကို သေချာကြည့်၏။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ တစ်စုံတစ်ယောက်ကို လှမ်းဆွဲ၍ ကောင်းကင်စမ်းသပ်မှုကို ဆက်လုပ်ဆောင်သည်။
ဝမ်လင်းသည် ပြန်လှည့်ကာ ကွင်းပြင်ထဲကနေ လျှောက်လှမ်းထွက်လာ၏။သူက နေရာလွတ်တစ်ခုကို ရှာကာ ထိုင်ချလိုက်၏။သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်ကို လစ်လျူရှုကာ သူသည် တိတ်ဆိတ်စွာ ကျင့်ကြံတော့သည်။
ကျင့်ကြံနေရင်း ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားကနေ နာကျင်မှုလှိုင်းများကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။သူက သူ့စိတ်ထဲ၌ ထိန်းချုပ်နိုင်မှု လွတ်သွားတော့မည့်အလား ခံစားမိနေသည်။ဝမ်လင်းသည် တတိယမျက်လုံးက မူလစွမ်းအင်ရင်းမြစ်အား စုပ်ယူသည်ဟု ခပ်ရေးရေး နားလည်မိသည်။ကြီးမားသောပြောင်းလဲမှုတစ်ခုက ဖြစ်ပွားသွားခဲ့၏။ ထိုပြောင်းလဲမှုက ဆိုးလား၊ကောင်းလား သူပင် မခန့်မှန်းနိုင်ပေ။
သို့သော် တစ်စုံတစ်ခုကတော့ သေချာ၏။သူသာ နာကျင်မှုကို ဆက်လက် ခွင့်ပြုထားပါက သူ့ထိန်းချုပ်မှုကို လွန်၍ ထိုးထွက်လာလျှင် သူသည် တန်ပြန်ဒဏ်ကို ကျိန်းသေ ခံစားရပေမည်။
သူက အသက်ဝဝရှုသွင်း၏။အတွေးတစ်ချက်ဖြင့်ပင် ပျက်သုဉ်းခြင်းနှလုံးသားအတားအဆီးများသည် သိပ်သည်းလာသည်။သူက ၎င်းတို့ကို ဆက်လက်အသက်သွင်းနေရင်း ချိပ်တံဆိပ်သုံးခုသည် တတိယမျက်လုံးကို ချိပ်ပိတ်လာ၏။
သို့ရာတွင် သူ့တတိယမျက်လုံး၏စွမ်းအားသည် သန်မာလွန်းလှ၏။သည်ချိပ်တံဆိပ်မှာ ဤပြဿနာကို ယာယီသာ ဟန့်တားပေးနိုင်မည်။
သည်လိုဖြစ်နေသော်လည်း ဝမ်လင်းက တတိယမျက်လုံးထဲရှိ စွမ်းအားကို ပြဿနာဟု မတွေးပေ။
“ဘယ်လိုပဲ ဖြစ်ဖြစ် တတိယမျက်လုံးထဲမှာ ရှိတဲ့ မန္တာန်က ငါ့အသက်ကယ် ဝှက်ဖဲတစ်ခု ဖြစ်လာလိမ့်မယ်…”
ဝမ်လင်းပြီးသည့်နောက် ကျန်နေသေးသည့် ကျင့်ကြံသူများသည် ဆက်လက် စမ်းသပ်နေကြ၏။မိနစ်သုံးဆယ်ခန့် ကြာမြင့်ပြီးနောက် ကျန်သည့်ကျင့်ကြံသူများအားလုံးပါ စမ်းသပ်မှု ပြီးသွားခဲ့လေပြီ။
လီယွမ်ဇီက သူ့ညာလက်ကို ဆန့်ထုတ်ကာ တိုက်ပွဲစာလိပ်အား သူ့လက်ထဲသို့ ပြန်ထည့်သိမ်းလိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်ကနေ လေပြင်းတစ်ခု ရိုက်ခတ်ကာ အရည်အသွေးမပြည့်မှီသော သူများကို ကောင်းကင်ထက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ ခေါ်ဆောင်သွားတော့သည်။
လူပေါင်း (၁၄၇)ယောက်တွင် ခုချိန်၌ (၁၁၂)ယောက်သာ ကျန်ရစ်တော့၏။
လီယွမ်ဇီက သူ့မြက်ဖျာပေါ်သို့ ပြန်ရောက်ရှိသွားသည့်အခါ အရှင်မီးတောက်သည် ကျန်သည့် (၁၁၂)ယောက်ကို ခြုံငုံကြည့်၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “စမ်းသပ်မှုသုံးခုကို ကျော်လွှားနိုင်ခဲ့တဲ့ လူတွေက ဒီမျိုးဆက်ရဲ့ ထိပ်တန်းကျင့်ကြံသူတွေပဲ။ပထမတုန်းကတော့ မင်းတို့ ဒီစမ်းသပ်မှုသုံးခုပြီးရင် မင်းတို့ရဲ့ တာအိုကို စမ်းသပ်ဖို့ ဆန်းကြယ်လျှောက်လမ်းခြောက်ခုကို ဖြတ်ကျော်ခိုင်းဖို့ပဲ။ဒါပေမဲ့ အခု မင်းတို့က (၁၁၂)ယောက်ပဲ ရှိတော့တဲ့အတွက် ဒီအဆင့်ကို ကျော်ပြီး နောက်ဆုံးစမ်းသပ်မှု ဖြစ်တဲ့ ကောင်းကင်လျှောက်လမ်းကို ယှဉ်ပြိုင်ရမယ်…”
“ကောင်းကင်လျှောက်လမ်းက ဒီကောင်းကင်ဦးစီးရဲ့ နောက်ဆုံးပြိုင်ပွဲပဲ။လူ(၁၀၈)ယောက်က ကောင်းကင်ဦးစီးနေရာကို ရရှိမယ်။ ထိပ်ဆုံးသုံးယောက်ကိုတော့ ကောင်းကင်အဆင့် ကောင်းကင်ဘုံသားတွေလို့ အမည်တွင်စေမယ်….”
“ကောင်းကင်လျှောက်လမ်းထဲမှာ မင်းတို့အားလုံးရဲ့ တည်ရှိမှုဟာ တစ္ဆေလိုသာ ဖြစ်မယ်။ အကယ်၍ မင်းတို့ သေဆုံးရမယ်ဆိုရင်တောင် မင်းတို့ရဲ့ ပြင်ပခန္ဓာကိုယ်ဟာ အနည်းငယ်လောက်ပဲ ထိခိုက်မှာ ဖြစ်ပြီး အများကြီး သက်ရောက်မှာ မဟုတ်ဘူး…”
အရှင်မီးတောက်က သူ့စကားဆုံးသည်နှင့် သူ့သိုလှောင်အိတ်ထဲမှ ရှစ်မြောင့်သစ်သားပုံစံ တစ်ခုကို ထုတ်ယူလိုက်၏။ သူသည် ၎င်းကို လေထဲသို့ ပစ်တင်လိုက်ရာ ၎င်းသစ်သားပုံစံသည် ကြီးမားလာသည်။ချက်မြင်းပင် ပေတစ်ရာလောက်အထိ ကြီးမားလာပြီး ထိုရှစ်မြှောင့်သစ်သားသည် လေထဲ၌ မြောလွင့်ကာ ရောင်စုံအလင်းများ ထုတ်လွှတ်နေ၏။
“ကွင်းပြင်ထဲ ဝင်ကြ…” အရှင်မီးတောက်က ထိုသို့ ပြောလိုက်သည့်နောက် ကျင့်ကြံသူ (၁၁၂)ယောက်သည် ကွင်းပြင်ထဲသို့ လျှောက်လှမ်းကာ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကြသည်။
သိပ်မကြာခင်တွင် အရှင်မီးတောက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ထို့နောက် အလင်းတန်းများသည် သစ်သားထံကနေ ထွက်ပေါ်လာတော့သည်။အလင်းတန်းတစ်ခုစီ ကွင်းပြင်ထဲရှိ ကျင့်ကြံသူ(၁၁၂)ယောက်အပေါ်သို့ ကျရောက်တောက်ပလာ၏။
ထိုအခါ ဝမ်လင်းအပါအဝင် ကျင့်ကြံသူအားလုံးသည် အသိစိတ်ဆုံးရှုံးသွားကြ၏။
ဤနေရာက သိပ်သည်းထူထပ်သော တောအုပ်ကြီးတစ်ခု ဖြစ်၏။ မိုးထိမြင့်မားသော သစ်ပင်များသည် နေရာအနှံ့တွင် ရှိသည်။ထိုအပင်များ၏ သစ်ရွက်များသည် ကောင်းကင်ကိုပါ ဖုံးအုပ်ထားသကဲ့သို့ပင်။ထိုသစ်ရွက်များကြားကနေ အလင်းတို့ ကျရောက်နေ၏။ ကောင်းကင်ထက်မှ ကျဆင်းနေသည့် အလင်းတန်းများသည် ဆန်းကြယ်မှုကို ဆောင်၏။
မြေပြင်သည် သစ်ရွက်ဆွေးများနှင့် ဖုံးလွှမ်းနေကာ အလင်းတန်းများကို ရှောင်ကြဉ်ကာ လှုပ်ရှားသွားလာနေသည့် အဆိပ်ရှိ ပိုးမွှားများလည်း ရှိနေသည်။
ထိုအခိုက်အတန့်၌ မိုးထိမြင့်မားသော သစ်ပင်ကြီးများထဲမှ တစ်ပင်ထံကနေ ငါးရောင်စုံအလင်းတစ်ခုကို ထုတ်လွှတ်လာပြီး ဝမ်လင်းသည် လှမ်းထွက်လာသည်။သူ ပေါ်ထွက်လာသည်နှင့် သူက ချက်ခြင်း ခုန်ချကာ သစ်ကိုင်းတစ်ခုအပေါ်သို့ ခြေချသည်။သူက အတားအဆီးနှလုံးသားကို အသုံးပြုကာ သူ့အော်ရာကို ဖုန်းကွယ်ထား၏။
ဝမ်လင်းသည် သေရေးရှင်ရေး အခြေအနေများနှင့် အသားကျခဲ့ပြီးသူ တစ်ယောက် ဖြစ်သည်။သည် ကောင်းကင်လျှောက်လှမ်းလို့ ခေါ်သည့် နေရာသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေလောက် အန္တရာယ်မများပေ။
(ဘာသာပြန်သူမှတ်ချက်… နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေဆိုသည်မှာ အတိတ်တုန်းက ရှေ့ဖြစ်ဟောသူ ဝမ်လင်းကို ပို့လွှတ်ခဲ့သည့် နေရာပင်)
သည်အခိုက်အတန့်၌ နတ်ဘုရားအာရုံတစ်ခုသည် လွှမ်းခြုံလာ၏။၎င်းက ဝမ်လင်းရှိရာ၌ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်၍ ပျံ့နှံ့သည်။သို့သော် ခဏအကြာတွင် ထိုနတ်ဘုရားအာရုံသည် ထိတ်လန့်ဟန်ဖြင့် အလျင်အမြန် ပျံ့နှံ့၏။သို့သော် ခဏတဖြုတ်အတွင်းမှာပင် ယင်းနတ်ဘုရားအာရုံက ပျက်စီးသွားကာ အကွာအဝေးတစ်ခုထံမှ အထိတ်တလန့်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့၏။
ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
“ငါက အားကောင်းတာ မသေချာဘဲနဲ့ ငါ့နတ်ဘုရားအာရုံကို ဒီနေရာမှာ ဖြန့်ကျက်လို့ မရဘူး။မဟုတ်ရင် ငါ့တည်နေရာကို သိသွားပြီး ပစ်မှတ်ထားခံရလိမ့်မယ်…”
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သည့်နောက် သူ့မူလစွမ်းအင်ကို လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်ကို လေ့လာကြည့်ရာ သူက အချို့သဲလွန်စများကို တွေ့မြင်သွားသည်။သည်နေရာက အရှင်မီးတောက် ပြောခဲ့သလိုပင်။သည်နေရာရှိ သူ့ခန္ဓာကိုယ်မှာ သူ့တကယ့်ခန္ဓာကိုယ်အတိုင်း ထပ်တူနီးပါး ရှိသည်။သို့သော် သူ သေဆုံးခဲ့လျှင်ပင် သူ့အစစ်အမှန်ခန္ဓာကိုယ်ကို များစွာ ထိခိုက်လိမ့်မည် မဟုတ်ပေ။
“ဒီကောင်းကင်လျှောက်လမ်းက ကျင့်ကြံသူတွေကို တကယ်မသေဆုံးစေဘဲ သေရေးရှင်ရေးအတွေ့အကြုံတွေကို ဖြတ်သန်းခိုင်းတာပဲ။ဒါက ကောင်းကင်မိုးကြိုးကျောင်းတော်ရဲ့ ရည်ရွယ်ချက် အစစ်အမှန် ဖြစ်လိမ့်မယ်။သူတို့က ဒီလိုနည်းလမ်း အသုံးပြုပြီး အစစ်အမှန် ကျင့်ကြံသူတွေကို မြင့်တင်ပေးတာပဲ။ဒါပေမဲ့လည်း ဒါက အစစ်အမှန်ကမ္ဘာမဟုတ်တဲ့အတွက် ထင်သလောက် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး…”
ခဏတာစဉ်းစားပြီးနောက် ဝမ်လင်းသည် ပျောက်ကွယ်သွားတော့သည်။
“လူသား၊မြေကြီးနဲ့ ကောင်းကင်စမ်းသပ်မှုတွေက စမ်းသပ်မှုသပ်သပ်ပဲ။ဒီကောင်းကင်လျှောက်လှမ်းကတော့ ကောင်းကင်ဦးစီးနေရာအတွက် အစစ်အမှန် တိုက်ပွဲနေရာ ဖြစ်နေတယ်။ငါက နံပါတ်တစ်ဖြစ်ချင်ရင် အများဆုံး သတ်ဖို့ လိုလိမ့်မယ်…”
ဝမ်လင်းသည် ရွှေ့လျားနေရင်း သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
ထိုအခိုက်အတန့်၌ နောက်ထပ်နတ်ဘုရားအာရုံတစ်ခုသည် ပြန့်နှံ့ကာ သည်ဧရိယာသို့ စစ်ဆေးလာသည်။ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။သူက မြန်ဆန်စွာ ရွှေ့လျားလိုက်သည်။ချက်ခြင်းပင် သူက နတ်ဘုရားအာရုံ ပျံ့နှံ့လာစေသည့် ကျင့်ကြံသူ ရှိရာကို တွေ့မြင်သွားသည်။
ထိုသူက စမ်းသပ်မှုသုံးခု၌ ဝမ်လင်း၏ နှစ်ကြိမ်တိတိ နှောက်ယှက်ခြင်း ခံခဲ့ရသော ကျိုးရီတောက်ပင်။ကျိုးရီတောက်က ပေါ်ထွက်လာသည်နှင့် သူ့အသွင်က ပတ်ဝန်းကျင်ကြောင့် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။သူ့မိသားစုက သင်ကြားမှုအတိုင်း သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို အလိုအလျောက် လေ့လာကြည့်မိ၏။သို့သော် သူ့နတ်ဘုရားအာရုံ ပြန့်သွားသည်နှင့် သေရေးရှင်ရေးအာရုံတစ်ခုကို သူက ချက်ခြင်း ခံစားမိသွားသည်။သူက ထိတ်လန့်သွားကာ အမှားကြီးတစ်ခု ပြုလုပ်လိုက်မိပြီဟု သိလိုက်၏။
သူက ချက်ခြင်းပင် ထွက်ခွာလို၏။သို့သော် ထိုအခိုက်မှာပင် သူ့နောက်ကနေ အနက်ရောင်မြူထုတစ်ခု ပျံသန်းလာ၏။ ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေါ်လာကာ ထွက်ပြေးရန် ပြင်သည့် ကျိုးရီတောက်အား ဝါးမြိုသွားတော့သည်။
ထိတ်လန့်တကြားအော်ဟစ်သံတစ်ခုက သစ်ပင်များကြား၌ မည်ဟိန်းသွား၏။ဝမ်လင်းက ထိုနေရာနှင့် ပေတစ်ထောင်အကွာတွင် မတ်တပ်ရပ်ကာ အနက်ရောင်မြူထုအား အေးစက်စွာ စူးစိုက်ကြည့်နေ၏။
ထိုမြူထုက ကျိုးကျင့်ကြံသူ၏ အသွေးအသားနှင့်အရိုးများကိုပါ ဝါးမြိုကာ လှုပ်ရှားနေသည့်အလား။ခဏအကြာတွင် ထိုအနက်ရောင်မြူထဲထဲကနေ လူတစ်ယောက်လှမ်းထွက်လာ၏။ထိုသူကတော့ ရှုထင်ပင်။
သူက လျှာသပ်ကာ ဝမ်လင်းကို စူးစိုက်ကြည့်၏။သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှုထင်က ဝမ်လင်းကို အတော်လေး ထိတ်လန့်နေမိခဲ့၏။ မဖြစ်မနေသာ မဟုတ်ပါက သူသည် ဝမ်လင်းကို ရန်မစလိုတော့ပေ။ထို့ကြောင့် သူက ညစ်ပြုံးပြုံးကာ ပြောလာသည်။ “ငါတို့တိုက်ပွဲကို အဆုံးသပ်ကျမှ တိုက်ကြရင် ဘယ်လိုလဲ…”
ဝမ်လင်းက ရှုထင်ကို အေးစက်စွာ ကြည့်ပြီးနောက် ဖျပ်ခနဲ ပျောက်ကွယ်သွား၏။ရှုထင်ကို သတ်ခြင်းထက် လူပိုများများ သတ်နိုင်ဖို့က ဝမ်လင်းအတွက် ပို၍ အရေးကြီးနေသည် မဟုတ်လား။
ရှုထင်က သက်ပြင်းချမိ၏။ထို့နောက် သူက မြူထဲထဲသို့ ပြန်ဝင်ကာ နောက်ထပ် ဦးတည်ရာတစ်ခုသို့ အမြန် ထွက်သွား၏။သူတို့နှစ်ယောက်က သည်နေရာကို နှစ်ပိုင်းခွဲကာ မင်းမူတော့မည့်အလားပင်။
ဝမ်လင်းက တစ်ယောက်ချင်း လိုက်ရှာခြင်းပြုကာ အချိန်ဖြုန်းမနေပေ။ထိုအစား သူက သစ်ပင်ကြီးတစ်ပင်ကို ရှာကာ ထိုင်နေ၏။ထို့နောက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို လွှမ်းခြုံကြည့်သည်။
သူ့နတ်ဘုရားအာရုံ ပြန့်နှံ့လာသည်နှင့် လူဆယ်ယောက်ကျော်၏ နတ်ဘုရားအာရုံများ ပေါက်ကွဲထွက်လာပြီး ဝမ်လင်းရှိရာသို့ ဦးတည်လာကြတော့၏။
သည်နေရာ၌ သင်သည် အခြားလူများကို သတ်ဖို့ မကြိုးစားပါက သူတို့သည် သင့်ကို သတ်ရန် ရောက်လာကြပေမည်။
ဝမ်လင်းက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထုတ်ယူ၏။ထိုသေးငယ်သော အရာသည် ဝမ်လင်းရှေ့တွင် မြောလွင့်ကာ ရွှေရောင်အလင်းတောက်တောက်ကို ပေးစွမ်းလာသည်။
ထိုတံဆိပ်တုံး၏ ချိပ်ပိတ်မှုသည် အခြားလူများပိုင်ဆိုသည့် ရတနာများထက် ခြားနား၏။ဝမ်လင်းသည် သည်ပုံရိပ်ယောင်မူလစိတ်ဝိညာဉ်များကို ချိပ်ပိတ်ပစ်နိုင်မည်မလား မသေချာလှပေ။သူက တည်ငြိမ်စွာသာ ပထမဆုံး သေမည့်လူ ရောက်လာမည့်အချိန်အား စောင့်နေလိုက်၏။
အသက်ရှုချိန်အတော်အတန် ကြာမြင့်ပြီးနောက် တောအုပ်ထဲမှ ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာသည်။သို့သော် ထိုပုံရိပ်သည် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာသို့ ရောက်သည့်အခါ မင်သက်သွားသည်။ပစ်မှတ်သည့် ဝမ်လင်းဖြစ်နေမှန်း သိသွားပြီးနောက် သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပေါ်လာသည်။သူက တုံ့ဆိုင်းခြင်းမရှိ ပြန်ထွက်ပြေးရန် ရွေးချယ်တော့သည်။
အစကနေ အဆုံးထိ ဝမ်လင်းသည် တည်ငြိမ်လျက်ပင်။ ထိုကျင့်ကြံသူပေါ်လာသည်နှင့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ထိုးထွက်သွားသည်။၎င်းက ထွက်ပြေးသော ကျင့်ကြံသူနောက်သို့ အလွန်လျင်မြန်စွာ လိုက်ပါသွားချေသည်။
ထိုကြောက်လန့်နေသည့် ကျင့်ကြံသူက ထွက်ပြေးနေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ မန္တာန်တစ်ခု ပေါ်ထွက်လာသည်။သို့ရာတွင် ထိုမန္တာန်များသည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအပေါ်သို့ သက်ရောက်မှု ရှိမနေပေ။ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် နီးကပ်လာသည်နှင့် ရုတ်တရက် ကြီးမားလာကာ ဖိချလာတော့သည်။၎င်းထံမှ ရွှေရောင်စာလုံးများစွာ ပေါ်လာရင်း ထိုကျင့်ကြံသူ ထွက်မပြေးနိုင်အောင် ချိပ်ပိတ်ပစ်တော့၏။
ထိုကျင့်ကြံသူ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်လာသည်။သူက သူ့သိုလှောင်အိတ်ထဲမှ ဓားပျံများစွာကို ထုတ်ယူ၏။သူက ခုခံလိုက်သော်လည်း ယင်းဓားများအားလုံးသည် ပျက်စီးသွားရသည်။ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးသည် ကျရောက်ထိမှန်သည့်အခါ ထိုသူက ကြောက်လန့်နာကျင်စွာ ငြီးတွားလိုက်ရသည်။ထိုကျင့်ကြံသူ ပျောက်ကွယ်သွားနေရင်း ရွှေရောင်စာလုံးတစ်လုံးသည် ပျံသန်းထွက်လာကာ တဖျပ်ဖျပ် တောက်ပသည်။ခဏအကြာတွင် ယင်းစာလုံးသည် အသိဉာဏ်ရှိသွားသလို ဖြစ်၏။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက တံဆိပ်တုံးကို ပြန်သိမ်းဆည်းသည်။၎င်း တံဆိပ်တုံးကို သေချာလေ့လာကြည့်ပြီးနောက် သူ့ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ တောအုပ်ထဲရှိ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းတို့အားလုံးက လာမတိုက်ဘဲ ဘယ်လောက်ကြာအောင် စောင့်နေမှာလဲ…”
သူ့ရှေ့ရှိ တောအုပ်မှာ တိတ်ဆိတ်နေသည်။ခဏအကြာတွင် လူလေးယောက်သည် ထိုတောအုပ်ထဲကနေ လှမ်းထွက်လာသည်။သူတို့လေးယောက်လုံးသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိနေကြသည်။သူတို့လေးယောက်ပေါင်း၏ အော်ရာက ဝမ်လင်း၏အော်ရာနှင့် ခပ်ရေးရေး ယှဉ်နိုင်နေသည်။
သူတို့လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ထိုသူများထဲမှ တစ်ယောက်၏ မျက်လုံးက ကြမ်းကြုတ်လာကာ သူက စကားတစ်ခွန်းမှ မဆိုဘဲ သူ့သိုလှောင်အိတ်ကို ပုတ်သည်။ဘူးသီးခြောက်ခွံတစ်ခုက ချက်ခြင်း ပျံသန်းလာသည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အနီရောင်မီးတောက်သည် ယင်းဘူးသီးခြောက်ထဲကနေ ထွက်ပေါ်လာကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
***