Switch Mode

အပိုင်း(၉၂၆)

တတိယမျက်လုံး ဆင့်ကဲတိုးတက်လာမှု

ဖျပ်ခနဲ ကြည့်ပါက တိုက်ပွဲ စာလုံးသည် သာမန်ဆန်လှ၏။သို့သော် သေချာကြည့်ပါက စစ်ပွဲတစ်ခုမှ ထွက်ပေါ်လာဟန် ရသည့် အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရုတ်တရက် ထိုးထွက်လာပေမည်။

သည်အခိုက်အတန့်၌ ဝမ်လင်းရှေ့တွင် ပုံရိပ်ယောင်များ ပေါ်လာသည်။ထိုပုံရိပ်များက ကောင်းကင်နှင့်မြေကြီးသည် ပျက်စီးသွားသည့်အလား။ကွင်းပြင်ထဲရှိ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် မိုးကြိုးကျောင်းတော်တို့ အပါအဝင် အရာအားလုံးသည် ပျောက်ကွယ်သွားသည်။ကျန်နေခဲ့သည့် တစ်ခုတည်းသောအရာက တိုက်ပွဲ စာလုံးတစ်ခုသာ။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မိန်းမြောမှု အခြေအနေသို့ ဝင်ရောက်သွားသည်။ထိုအခါ တိုက်ပွဲ စာလုံးမှ ဆန်းကြယ်သောစွမ်းအားသည် ပေါက်ကွဲထွက်လာ၏။သည်စွမ်းအားက ဆင်းသက်လာသည်နှင့် သူ့စိတ်ကို လွှမ်းမိုးလာသည်။သူ့အသွေးအသားက‌နေ သူ့မူလစိတ်ဝိညာဉ်သည် ခွဲထွက်သွားသကဲ့သို့ ဖြစ်ကာ သည်နှစ်ခုကြား မည်သည့်ဆက်သွယ်မှုမှ မရှိတော့သလို ဖြစ်နေသည်။

သူ့ပတ်လည်၌ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းတို့သာ လွှမ်းခြုံနေ၏။ဝမ်လင်းက သေမျိုးတစ်ယောက်ကဲ့သို့ပင် သူ့ကိုယ်သူ ခံစားမိ၏။အေးစိမ့်မှုတစ်ခုသာ သူ့အား ကြီးစိုးထားသည်။

ထိုအခြေအနေအောက်၌ ဝမ်လင်းသည် အတိတ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြီးပြည့်သွားခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့် အခြေအနေသို့ ပြန်ရောက်ရှိသလို ခံစားမိနေသည်။

တတိယမျက်လုံးသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ပေါ်ထွက်လာကာ ဖြည်းဖြည်းချင်း ပွင့်လာ၏။သို့သော် မည်သည့်အနီရောင်အလင်းမှ ထွက်ပေါ်လာခြင်း မရှိပါ။သည်အခိုက်အတန့်၌ ဝမ်လင်းသည် မလှုပ်မယှက် ဖြစ်နေ၏။သို့သော် သူ့စိတ်က အပြင်းအထန် တုန်ခါနေ၏။ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြီးပြည့်စုံချိန် ပွင့်ဟလာသည့် တံခါးကနေ ပေးစွမ်းသည့် ခံစားမှုမျိုးသည် ယခုတစ်ဖန် သူ့ထံ၌ ဖြစ်ပေါ်နေသည်။

သို့သော် အတိတ်တုန်းကနှင့် ယှဉ်ပါက ယခုခံစားချက်သည် မနှိုင်းသာလောက်အောင် အားနည်းလှ၏။အတိတ်တုန်းက ဝမ်လင်းသည် အကြည့်တစ်ချက်ဖြင့်ပင် ပြိုလဲသွားမတက် ဖြစ်ခဲ့ရသည် မဟုတ်လား။ခုချိန်တွင် တိုက်ပွဲစာလုံးကို ကြည့်ကာ သူက တုန်လှုပ်မိသော်လည်း တောင့်ခံနိုင်သေး၏။

တိုက်ပွဲ စာလုံးထဲရှိ မူလစွမ်းအင်ရင်းမြစ်သည် ကောင်းကင်ဘုံပုတီးစေ့နှင့် မယှဉ်နိုင်သည်မှာ ထင်ရှားလှသည်။ဝမ်လင်းအဖို့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ဆန်းကြယ်လွန်းလှသည်။သို့သော် တိုက်ပွဲ စာလုံးကမူ သူဖမ်းဆုပ်နိုင်သည့် တစ်စုံတစ်ခု ဖြစ်နေသေး၏။

ထိုအဖြစ်အပျက်များသည် အချိန်အတန်ကြာမည်ဟု ထင်ရ၏။သို့သော် ဝမ်လင်းခေါင်းမော့ကြည့်လိုက်သည်နှင့် ၎င်းက တစ်စက္ကန့်အတွင်း ဖြစ်ပျက်သွားခြင်းသာ။

လီယွမ်ဇီသည် မူလတုန်းက ဝမ်လင်းအပေါ်၌ အထင်အမြင်ကောင်း မရှိပေ။သည်ရှုမူက လောစုနှင့် တိုက်ခိုက်ကာ၊အံ့အားသင့်ဖွယ် မန္တာန်များ ပိုင်ဆိုင်ထားသော်လည်း ချင်းရွှေ၏ ဝင်ရောက်မှုသာ မရှိပါက ရှုံးနိမ့်သူက သူ ဖြစ်သွားမည်ဟု လီယွမ်ဇီသည် တွေးထင်ထား၏။ဒုတိယစမ်းသပ်မှုတွင်မူ ရှုမူသည် မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုနိုင်ခြင်းသည် ကံကောင်းမှုကြောင့် ဖြစ်လေ၏။လီယွမ်ဇီက သူ့လက်ရှိကျင့်ကြံမှုအဆင့်သို့ ရောက်ရှိရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သူပင်။သူ့အမြင်၌ ကံအပေါ်မှီခိုသည့် ကျင့်ကြံသူများသည် ထိုက်တန်လှခြင်း ရှိမနေပေ။ရှုမူသည်လည်း သူ့အမြင်၌ ထိုသို့ ဖြစ်နေခဲ့၏။

သို့သော် သည်အခိုက်အတန့်၌ သူ့မျက်လုံးသည် လုံးဝ တောက်ပနေ၏။သူက ရှေ့သို့ပင် ခြေလှမ်းသုံးလှမ်းတိုးကာ ဝမ်လင်းကို စူးစိုက်ကြည့်သည်။

“တစ်စက္ကန့်…ဒီရှုမူက တစ်စက္ကန့်ထဲနဲ့ ထူးဆန်းတဲ့အခြေအနေကို ဝင်ရောင်နိုင်စွမ်း ရှိခဲ့တယ်…”

လီယွမ်ဇီ၏ စိတ်ခွန်အားဖြင့်ပင် သူက စိတ်လှုပ်ရှားရသည်။သူ့ကျန်မိသားစုမျိုးဆက်များ၏ သမိုင်းတွင်ပင် မည်သူကမျှ ခုလိုအခြေအနေသို့ တစ်စက္ကန့်ထဲ၌ ဝင်ရောက်နိုင်ခဲ့သည်ဟူ၍ မဖော်ပြထားခဲ့ပေ။ကောင်းကင်ကိုဖိဆန်နိုင်သည့် ပါရမီနှင့် သူ့ဘိုးဘေးပင် နှစ်စက္ကန့်မျှ ကြာမြင့်ခဲ့ရသည် မဟုတ်လား။

ထိုအခိုက်၌ လီယွမ်ဇီသည် ရှုထင်ကို မေ့နေလေပြီ။သူသည် ဝမ်လင်းထံသို့သာ အတွေးရောက်နေတော့၏။

သူသာမက မြက်ဖျာပေါ်တွင် ထိုင်နေသည့် မွန်းစတားအိုကြီးများပင် တုန်လှုပ်ကုန်ကြ၏။လီယွမ်ဇီကဲ့သို့ပင် သူတို့က ပြီးခဲ့သောစမ်းသပ်မှုနှစ်ခု၌ ဝမ်လင်း၏ လုပ်ဆောင်ခဲ့မှုအပေါ် အများကြီး တွေးမနေခဲ့ကြပေ။သူတို့အတွက် စိတ်ရွှင်လန်းစေရုံမျှသာ ရှိခဲ့၏။သို့သော် ခုချိန်တွင်မူ သူတို့က အလေးအနက် ဖြစ်လာကြတော့၏။

သွေးနတ်ဘုရားက ဝမ်လင်းကို ကြည့်ကာ မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိ၏။သူက တုန်လှုပ်မိနေရင်း သူ့စိတ်ထဲရှိ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် တစ်ဖန်ပေါ်ထွက်လာ၏။

“ဒီကလေးက ဒီလိုအခြေအနေကို တစ်စက္ကန့်နဲ့ ဝင်ရောက်နိုင်တယ်။သူ့ကို အသက်ရှင်ခွင့် ပေးလို့ မရတော့ဘူး…” သူက ထိုသို့တွေးနေမိရင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် သူ့အပေါ်သို့ ရောက်ရှိလာသည်ဟု ခံစားမိလိုက်၏။သူက လှည့်ကြည့်လိုက်ရာ သူ့ကို အေးစက်စွာ ကြည့်နေသည့် ချင်းရွှေကို တွေ့မြင်သွားသည်။

သွေးနတ်ဘုရားက အေးစက်စက်နှာခေါင်းရှုံ့၏။သူက သူ့သတ်ဖြတ်ချင်စိတ်ကို ပြန်ဖိနှိပ်ကာ စိတ်ထဲ၌ သိမ်းဆည်းထားလိုက်၏။

ကောင်းကင်ဘုံနယ်မြေမှ အမွေအနှစ် ရရှိခဲ့သည့် ကျင့်ကြံခြင်းမိသားစုများမှ ဘိုးဘေးများသည်လည်း စိတ်ပါလက်ပါ စောင့်ကြည့်နေကြသည်။

ရှောင်မိသားစုဘိုးဘေး၏ အထင်ကြီးမှုက ပို၍ အားကောင်းလာ၏။သူက ဝမ်လင်းကို ပို၍ ကြည့်မိလေလေ ပို၍ ကျေနပ်မိလေ ဖြစ်နေသည်။သူက တွေးနေ၏။ “ဒီကလေးက ရေကန်ထဲက ငါး တစ်ကောင် မဟုတ်တော့ဘူး…”

အရှင်မီးတောက်က ပြုံးနေ၏။သူက တုန်လှုပ်နေသော လီယွမ်ဇီကို ကြည့်မိချိန်၌ သူ့အပြုံးသည် ပို၍ပင် ပီပြင်လာတော့သည်။

ဝမ်လင်း၏နတ်ဘုရားအာရုံက နှစ်ပိုင်းခွဲကာ တိုက်ပွဲစာလုံးနှင့် ပေါင်းစပ်သွားသည်။ ထိုစာလုံးထံမှ မူလစွမ်းအင်ရင်းမြစ်အရိပ်အမြွက်သည် သူ့ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်း လှည့်လည်နေ၏။၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ထွက်ခွာမည် ပြင်လိုက်စဉ် တုန်ယင်သွားကာ ယင်းမူလစွမ်းအင်ရင်းမြစ်သည် တတိယမျက်လုံးထံသို့ အရူးအမူး ဦးတည်ဝင်ရောက်သွားတော့သည်။

တတိယမျက်လုံးထဲသို့ ဝင်ရောက်သည့် မူလစွမ်းအင်ရင်းမြစ်သည် သူ့မျက်ခုံးနှစ်ခုကြား၌ ပေါ်လာ၏။အနီရောင်အလင်းသည် သူ့တတိယမျက်လုံးကနေ ရုတ်တရက် တောက်ပစွာ ထွက်ပေါ်လာတော့သည်။

မူလစွမ်းအင်ရင်းမြစ် အမျှင်တန်းများသည် တိုးဝင်လာနေရင်း သူ့တတိယမျက်လုံးမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းသည် ပို၍ သိပ်သည်းလာတော့၏။ဆယ်စက္ကန့်ပြီးနောက် ဝမ်လင်းသည် နိုးထလာကာ ထိုအနီရောင်အလင်းက သူ့တတိယမျက်လုံးထဲတွင် စုစည်းကာ ယပ်တောင်အသွင်သဏ္ဌာန် ဖြစ်ပေါ်နေ၏။

ထိုအနီရောင်အလင်းတန်း တလက်လက် ဖြစ်သွားသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့အားတသင့် ဖြစ်ကုန်ကြ၏။ယပ်တောင်ပုံစံအနီရောင်အလင်းသည် တိုက်ပွဲစာလိပ်ပတ်လည်တွင် လုံးဝ ဝန်းရံသွားတော့သည်။

မိန်းမောနေချိန်၌ ဝမ်လင်းသည် စာလိပ်ထဲ၌ ဆန်းကြယ်သောမြင်ကွင်းတစ်ခုကို ခပ်ရေးရေး တွေ့မြင်ခဲ့ရသေး၏။ထိုမြင်ကွင်းမှာ အလွန်ကွာဝေးလှသော ကြယ်အဖွဲ့အစည်းတစ်ခုတွင် အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် သူ့လက်ချောင်းဖြင့် ဟင်းလင်းပြင်ထဲသို့ ဝှေ့ခါရင်း တိုက်ပွဲ စာလုံးကို ရေးဆွဲခဲ့ခြင်းပင်။ ယင်းစာလုံးက တလက်လက် ဖြစ်သွားပြီးနောက် မတူကွဲပြားသည့် စာလိပ်ခြောက်ခု အဖြစ်သို့ ကွဲထွက်သွားသည်။

ထိုအဘိုးအိုထံကနေ အားကောင်းသောမူလစွမ်းအင်ရင်းမြစ်တစ်ခု ထွက်ပေါ်နေ၏။သူ့ပုံစံသည် လွမ်းဆွတ်မှု၊နောင်တနှင့် ကြွေကွဲမှုတို့ အပြည့်ဖြင့် တိုက်ပွဲ စာလုံးကို ကြည့်နေသည်။ သူက ခေါင်းမော့ကာ ကြယ်များထံသို့ ကြည့်၏။သူ့မျက်လုံးထဲ၌လည်း ရုတ်တရက် မယုံကြည်နိုင်မှုတို့ ဖြစ်ပေါ်လာသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူ့တတိယမျက်လုံးမှ အနီရောင်အလင်းသည်လည်း ပျောက်ကွယ်သွားသည်။သူက ပြန်နိုးထာလာခဲ့လေပြီ။ စောနက သူတွေ့မြင်ခဲ့ရသည့် မြင်ကွင်းမှာ သူ့တတိယမျက်လုံးနှင့် တိုက်ပွဲစာလိပ်တို့ကြား ဆက်စပ်မှုတစ်ခု ရှိသွားခြင်းကြောင့်သာ ဖြစ်သည်။သူက ထိုအရာကို ပုံရိပ်ယောင်တစ်ခုဟု ထင်မြင်မိ၏။သို့သော် ၎င်းမြင်ကွင်းသည် အစစ်အမှန်ဟုလည်း ခံစားမိနေပေ၏။

အနီရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်း၏တတိယမျက်လုံးသည် တဖြည်းဖြည်း ပြန်ပိတ်သွား၏။သို့သော် ၎င်းက ပျောက်ကွယ်သွားခြင်းတော့ မရှိပါ။ ၎င်းက အနီရောင်လိုင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ကျန်ရှိနေ၏။သည်အခိုက်၌ ဝမ်လင်းထံကနေ ထူးဆန်းသော ခံစားမှုတစ်ခုကို ပေးစွမ်းသလို ဖြစ်နေ၏။

“မင်း ဒါကို တွေ့မြင်ခဲ့လား…” လီယွမ်ဇီက ရှေ့သို့ ခြေတစ်လှမ်းလှမ်းရင်း ဝမ်လင်းရှေ့သို့ ရောက်လာ၏။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူ့အသံထဲ၌ပင် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေ၏။

ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။သူက သူ့မျက်ခုံးနှစ်ခုကြားရှိ အနီရောင်လိုင်းအတွင်း၌ သူ့ကိုပင် ကြောက်ရွှံ့စေသည့် စွမ်းအားတစ်ခု ပါဝင်နေကြောင်း ရှင်းလင်းစွာ ခံစားမိနေသည်။သည့်အပြင် နာကျင်မှုအရိပ်အယောင်လည်း ရှိနေ၏။ထိုစွမ်းအားက အငြိမ်မနေဘဲ ပေါက်ကွဲထွက်ချင်နေသည့်အလား ဖြစ်နေခြင်းကြောင့်ပင်။

လီယွမ်ဇီက ဝမ်လင်းကို စူးစိုက်ကြည့်နေဆဲပင်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ရယ်မောကာ ပြောလာသည်။ “ကောင်းတယ်…ရှုမူ…။ ဒီကောင်းကင်ဦးစီးပြိုင်ပွဲပြီးရင် ငါ့ကိုလာရှာပါ။ ဒီအဘိုးအိုက မင်းကို ကျန်တဲ့ တိုက်ပွဲစာလိပ်နှစ်ခုကို ကြည့်ခွင့်ပြုမယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset