ဝမ်လင်း၏ခန္ဓာကိုယ်သည် မိုးကြိုးများနှင့် ပြည့်နေ၏။ ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ရှေ့သို့ ဆက်လျှောက်လာသည်။
သူက ပြိုင်ကွဲကွင်းပြင် အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် အခြားကျင့်ကြံသူများသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။သူတို့အားလုံး၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေကြသည်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောလာကြ၏။ယခုအဖြစ်အပျက်က လူတိုင်းမျှော်လင့်ထားသည့်ထက် ပိုလွန်နေသည်။ရှုမူသည် ကျင့်ကြံသူများကြား၌ မမေ့နိုင်သော ပုံရိပ်တစ်ခုကို ချန်ထားခဲ့ပြီ မဟုတ်လော။
“လူသားစမ်းသပ်မှုမှာ…သူက လောစုနဲ့တိုက်ခိုက်ခဲ့တယ်။မြေကြီးစမ်းသပ်မှုမှာ သူက မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုခဲ့တယ်။ဒါက သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒီရှုမူက ကောင်းကင်စမ်းသပ်မှုမှာကော ဘာတေွ လုပ်ပြဦးမလဲ ငါ မသိတော့ဘူး…”
“နတ်ဆိုးသခင်ရှုမူ…။သူက တကယ့်ကို စွမ်းအားကောင်းတာပဲ…”
“ဒီလူက လျှော့တွက်လို့ မရတဲ့လူဆိုတာ သေချာတယ်။သူ့ကို ရန်မစမိတာ အကောင်းဆုံးပဲ။သူက ဒီပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးနေရာကို ကျိန်းသေ ဝင်ရောက်လိမ့်မယ်…”
အချို့မွန်းစတားအိုကြီးများ၏ မျက်လုံးပင် တလက်လက် ဖြစ်နေကြသည်။ဝမ်လင်းကို ကြည့်နေသော သူတို့၏အကြည့်ထဲ၌ လေးစားမှုအရိပ်အယောင် ပါရှိနေသည်။သူတို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ယခုလို ဂျူနီယာကျင့်ကြံသူများ လိုအပ်နေသည် မဟုတ်လား။
အထူးသဖြင့် ရှောင်မိသားစုဘိုးဘေးပင်။သူက ခေါင်းတဆတ်ဆတ် ညိမ့်နေ၏။ သူက ဝမ်လင်းကို ပိုကြည့်မိလေလေ ပိုသဘောကျမိလေ ဖြစ်နေသည်။သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဆုံးရှုံးမှုကို ဂရုမစိုက်ပေ။သူက သည်ရှုမူသည် သူ့ကိုယ်ပိုင်ကလန်ဝင်များနှင့် အတော်လေး ဆင်တူသည်ဟု တွေးနေမိ၏။သည်ရှုမူ၏ ပတ်လည်၌ နတ်ဆိုးအော်ရာတစ်ခုပင် ရှိနေသည် မဟုတ်လား။
ကောင်းကင်ထက်ရှိ တမန်တော်များသည် ပြောစရာစကားမဲ့နေ၏။သူတို့က ဗုံကို ဆက်လက်၍ မတီးကြတော့ပေ။သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြ၏။ဝမ်လင်းထံသို့ ကြည့်နေသော သူတို့၏အကြည့်ထဲ၌ မနာလိုမှုနှင့် လေးစားမှုအငွေ့အသက်တို့ပင် ပါဝင်နေ၏။
ဝမ်လင်းသည် ထိုအရာများအားလုံးကို မတွေ့မြင်သကဲ့သို့ပင်။သူက ကွင်းပြင်ထဲကနေ ထွက်လာပြီးသည့်နောက် အရှင်မီးတောက်ထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလာ၏။ “ဂျူနီယာက အမှားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စီနီယာ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်…”
သူ့စကားလုံးများက ချင်းရွှေ၏ပြောပုံဆိုပုံနှင့် အတော်လေး ဆင်တူနေ၏။ ထိုစကားလုံးများကို ကြားသည့်အခါ ကောင်းကင်ဘုံအရှင်ချင်းရွှေသည် ပြုံးလာ၏။
အရှင်မီးတောက်က ပြုံး၍ ဆို၏။ “ကိစ္စမရှိဘူး။ မိုးကြိုးရေကန်တစ်ခုနဲ့ စိတ်ဝိညာဉ်ကိုယ်ပွားတစ်ခုကို ဆုံးရှုံးရတာက မင်းလို ဂျူနီယာတစ်ယောက် ပိုသန်မာလာတယ်ဆိုမှတော့ ဒါက ထိုက်တန်ပါတယ်။မိုးကြိုးကန် ပျက်စီးသွားတဲ့အတွက်တော့ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ စစ်ပွဲမှာ အကျိုးအများအပြား ဆောင်ပေးတာနဲ့ လုံလောက်ပြီ…”
ထိုသို့ပြောပြီးနောက် အရှင်မီးတောက်သည် သူ့ညာလက်ချောင်းကို ညွှန်၏။ထိုအခါ မူလစွမ်းအင်တို့သည် သိပ်သည်းစုစည်းလာပြီးနောက် စာလုံးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ထိုစာလုံးသည် အသက်ဓာတ်တို့နှင် ပြည့်နေ၏။ဝမ်လင်း၏မျက်လုံးသူငယ်အိမ်သည် ကျုံ့သွားသည်။သူက ထိုစာလုံးထဲကနေ မူလစွမ်းအင်ရင်းမြစ်ကို ကောင်းစွာ ခံစားမိနေသည် မဟုတ်လား။
အရှင်မီးတောက်က သူ့လက်ချောင်းကို ဆက်ခနဲ တောက်ထုတ်လိုက်ရာ စာလုံးသည် ကွင်းပြင်ထဲသို့ ပျံသန်းသွား၏။ထိုစာလုံး ကျဆင်းသွားသည့်အခါ မူလစွမ်းအင်တို့ ပြန့်ကျဲလာ၏။ မူလစွမ်းအင်ရင်းမြစ် အမျှင်တန်းသည် ကွင်းပြင်ထဲသို့ ရောက်ရှိသွား၏။ထိုအခါ ကွင်းပြင်ထဲရှိ ပျက်စီးမှုများသည် ပြန်လည် ကောင်းမွန်လာ၏။ကျင့်ကြံသူများသည် အံ့အားတသင့် ဖြစ်ရလေ၏။
ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးသည် နဂိုအတိုင်း ပြန်ဖြစ်လာလေ၏။ခြားနားသည်ဟူ၍ ယခုအချိန်၌ မိုးကြိုးများ မရှိတော့ခြင်း တစ်ခုသာ ရှိသည်။
ဝမ်လင်းသည် ထိုအဖြစ်ကို စောင့်ကြည့်နေရင်း သူက ဉာဏ်အလင်းရလာသည့်အလား။
“စမ်းသပ်မှုသုံးခုရဲ့ နောက်ဆုံးစမ်းသပ်မှု ဖြစ်တဲ့ ကောင်းကင်စမ်းသပ်မှု…” အရှင်မီးတောက်က လီယွမ်ဇီဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ…လီယွမ်…ကျေးဇူးပြုပြီး…”
လီယွမ်ဇီသည် သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်သည်။အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ အေးစက်စက်လေများ ယင်းအက်ကြောင်းထဲကနေ ထွက်ပေါ်လာသည်။ထို့နောက် လီယွမ်ဇီက ယင်းအက်ကြောင်းထဲကနေ စာလိပ်တစ်ခုကို ဆွဲယူလိုက်သည်။
ထိုစာလိပ်သည် ရှေးကျသောအော်ရာကို ပေးစွမ်းနေ၏။
၎င်းစာလိပ်ကို ထုတ်ယူပြီးသည့်နောက် လီယွမ်ဇီသည် ၎င်းကို လေထဲသို့ ပစ်လွှတ်၏။လေထဲ၌ စာလိပ်ထံမှ အနက်ရောင်တောက်ပမှုကို ပေးစွမ်းရင်း ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။
ထိုစာလိပ်အပေါ်၌ စကားလုံးတစ်လုံးသာ ရှိသည်။
“တိုက်ပွဲ…”
၎င်းက စာလုံးတစ်လုံးသာ ဖြစ်သော်လည်း သိပ်သည်းသောသတ်ဖြတ်ခြင်းအော်ရာကို ပေးစွမ်းနေသည်။လူတစ်ယောက်က ထိုစကားလုံးကို ကြည့်ပါက ထိုသူသည် အဇူရာတိုက်ပွဲကွင်းပြင်အတွင်းသို့ ရောက်သွားသလို ခံစားမိပေမည်။
“ကျန်မိသားစု၏ရတနာ။ တိုက်ပွဲစာလိပ်…”
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ထိပ်တန်းရတနာဆယ်ခုထဲမှာ ဒီစာလိပ် ပါတယ်။ကျန်မိသားစုဝင်တွေသာ ဒီစာလိပ်ကို ကြည့်ဖို့ အခွင့်ရှိတယ်။ဒါပေမဲ့ ခုချိန်မှာတော့ လူတိုင်းအမြင်ကျယ်အောင် ငါက ဒါကို ဖွင့်လှစ်ပြတာ ဖြစ်တယ်…”
“ပြောကြတာကတော့ ကျန်မိသားစုရဲ့ မူလမျိုးရိုးနာမည်က ကျန် မဟုတ်ဘူးတဲ့။ ဒါပေမဲ့ သူတို့ရဲ့ဘိုးဘေးက ဒီရတနာကို မတော်တဆ ရှာတွေ့ပြီး သေချာကျင့်ကြံပြီးတဲ့နောက် သူတို့ရဲ့ နာမည်ကို ကျန် လို့ပြောပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ တိုက်ပွဲကလန် တစ်ခု ဖြစ်လာခဲ့တာပဲ…”
တီးတိုးသံများ ထွက်ပေါ်နေ၏။လီယွမ်ဇီက တည်ငြိမ်စွာ ပြောသည်။ ဒီအဘိုးအိုက “ကောင်းကင်စမ်းသပ်မှုကို စစ်ဆေးပေးမှာ ဖြစ်တယ်…”
သည့်နောက် သူက သူ့ညာလက်ကို အသာ ဝှေ့ယမ်းလိုက်သည်။
လေပြေညင်းတစ်ခု တိုက်ခတ်သွား၏။ လူဆယ့်နှစ်ယောက်လောက်သည် ခုခံနိုင်မှုကင်းမဲ့စွာဖြင့် လေပြေ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ထိုသူတို့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ ပျံသန်းသွားကာ ပျောက်ကွယ်သွားရတော့သည်။
ထိုလူများအားလုံးသည် ဒုတိယစမ်းသပ်မှုဖြစ်သည့် မြေကြီးစမ်းသပ်မှုကို မဖြတ်ကျော်နိုင်ခဲ့သည့်သူများပင်။ ခုချိန်၌ ယှဉ်ပြိုင်သူ (၁၄၇)ယောက်သာ ကျန်ရှိတော့၏။
“ကောင်းကင်စမ်းသပ်မှုဟာ ဒိအဘိုးအိုရဲ့ တိုက်ပွဲစာလိပ်ကို ဆယ်စက္ကန့်အတွင်း နားလည်နိုင်အောင် လုပ်ရမှာ ဖြစ်တယ်။ဆယ်စက္ကန့်ပြီးရင်လည်း မင်းတို့ရဲ့ မျက်လုံးကို ပြန်ဖွင့်ဖို့ မလိုဘူး။ ဒီအဘိုးအိုက မင်းတို့ အရည်အသွေးပြည့်မှီမှန်း သိတယ်…”
လီယွမ်ဇီ၏ စကားများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စိတ်ရှုပ်ထွေးသွားစေသည်။
လီယွမ်ဇီက ကျန်ကုန်းလီကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကျန်ကုန်းလီ…မင်း အရင်ဆုံး လာခဲ့…”
“ဘိုးဘေး အမိန့်အတိုင်းပါ…” ကျန်ကုန်လီးက အသက်ဝဝရှုသွင်း၏သူက ရှေ့သို့ ခြေလှမ်းကာ အသစ်ပြန်ဖြစ်ပေါ်လာသည့် ကွင်းပြင်ရှိရာသို့ သွားသည်။သူက တိုက်ပွဲစာလိပ်ကို မမှိတ်မသုန် ကြည့်နေရင်း ထူးဆန်းသော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားသည်။
ဝမ်လင်းက ကျန်ကုန်းလီကို စူးစိုက်ကြည့်နေ၏။ခဏအကြာတွင် သူ့အသွင်က အလေးအနက် ဖြစ်လာသည်။ရှစ်စက္ကန့်လောက်ကြာမြင့်ပြီးသည့်နောက် ကျန်ကုန်းလီ၏နတ်ဘုရားအာရုံသည် နှစ်ပိုင်းကွဲသွားကာ တိုက်ပွဲစာလိပ်နှင့် ပေါင်းစပ်သွားသည်။
ချက်ခြင်းပင် မူလစွမ်းအင်ရင်းမြစ်အမျှင်တန်းတစ်ခုသည် ထွက်ပေါ်လာ၏။သို့သော် ဆယ်စက္ကန့်ကြာပြီးနောက် ကျန်ကုန်းလီသည် ယင်းအမျှင်တန်းကို ဆက်လက် မပေါင်းစပ်နိုင်သည့်အလား ဖြစ်ကာ ပျက်စီးသွားတော့သည်။
သာမန်ကျင့်ကြံသူများအဖို့ ထိုအဖြစ်ကို သတိပြုမိရန် ခက်ခဲလှပေမည်။ဝမ်လင်းသာ ကောင်းကင်ဘုံဖိဆန်ခြင်းပုတီးစေ့အတွင်းရှိ တတိယအဆင့်ကို မတွေ့မြင်ခဲ့ဖူးပါက သူလည်း ထိုလျှို့ဝှက်ချက်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။သို့သော် ခုချိန်တွင်မူ သူ့စိတ်ထဲ၌ ထိုမူလစွမ်းအင်ရင်းမြစ်အမျှင်တန်းကို တွေ့မြင်သည့်အခါ လှိုင်းထန်မိနေ၏။
ဝမ်လင်းက ပင့်သက်ရှိုက်မိသည်။ “ဒီတိုက်ပွဲစာလိပ်ထဲမှာ မူလစွမ်းအင်ရင်းမြစ် ပါဝင်နေတာပဲ…”
လီယွမ်ဇီ၏ တည်ငြိမ်သော အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ “ကျန်ကုန်းလီ…အရည်အသွေးပြည့်မှီတယ်…”
သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် ကျန်ကုန်းလီသည် ထူးဆန်းသောအခြေအနေကနေ ပြန်နိုးထလာတော့၏။သူ နိုးထာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်မှာ ချွေးများစိုရွှဲကာ သူ့မျက်နှာသည် ဖျော့တော့နေလေ၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။သူက အတော်လေး အားနည်းနေခဲ့ချေပြီ။ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် သူက လီယွမ်ဇီကို လေးစားသမှုပေးကာ ကွင်းပြင်ထဲကနေ ပြန်ထွက်ခွာသွားသည်။
ပြိုင်ပွဲယှဉ်ပြိုင်သူအများစုသည် အစစ်အမှန်လျှို့ဝှက်ချက်ကို တွေ့မြင်လိုက်ရခြင်း မရှိပေ။ကျန်ကုန်းလီက သည်စမ်းသပ်မှုကို မည်သို့ လွယ်လင့်တကူ ကျော်ဖြတ်ခဲ့သည်အား သူတို့သည် အမျိုးမျိုး တွေးကြည့်နေကြ၏။
သည့်နောက် နောက်ထပ်ကျင့်ကြံသူတစ်ယောက်သည် ကွင်းပြင်ထဲသို့ ခြေချလာကာ တိုက်ပွဲစာလိပ်ကို ကြည့်၏။သူနှင့်အတူ နောက်ထပ် ဆယ့်နှစ်ယောက်လောက်ကပါ လိုက်ပါလာ၏။သို့သော် သူတို့ထဲမှ ရှစ်ယောက်လောက်ကို လီယွမ်ဇီက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ ပြန်ပို့လွှတ်ပစ်သည်။
ထို့အတွက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပို၍ စိတ်ရှုပ်ထွေး၊စိတ်ပူပန်မိလာကြ၏။သူတို့က သည်တတိယစမ်းသပ်မှုကို လီယွမ်ဇီ မည်သို့မည်ပုံ အကဲဖြတ်သည်အား မသိမြင်နိုင် ဖြစ်နေကြသည် မဟုတ်လား။
ဝမ်လင်းက ပို၍ တွေ့မြင်လေလေ ပို၍ အလေးအနက် ဖြစ်လာလေပင်။အောင်မြင်သွားသည့် ကျင့်ကြံသူများသည် သူတို့၏နတ်ဘုရားအာရုံကို တိုက်ပွဲစာလိပ်ထဲသို့ ထည့်သွင်းနိုင်စွမ်း ရှိနေကြခြင်းပင်။ တိုက်ပွဲစာလိပ်က လူတစ်ယောက်၏ နတ်ဘုရားအာရုံကို လက်ခံသင့်၊မလက်ခံသင့်ကို အသိဉာဏ်ရှိသကဲ့သို့ ဆုံးဖြတ်ပေးနေခြင်း ဖြစ်၏။
လီယွမ်ဇီက ထိုအဖြစ်ကို အသုံးပြုကာ စမ်းသပ်မှု အောင်မြင်ခြင်း၊ကျရှုံးခြင်းကို ဆုံးဖြတ်ပေးသည်။အောင်မြင်ခဲ့သည့်သူများက ကျန်ကုန်းလီ ပြုလုပ်ခဲ့သလိုမျိုးပင်။ သူတို့က သူတို့၏ နတ်ဘုရားအာရုံအစိတ်အပိုင်းတစ်ခုကို တိုက်ပွဲစာလိပ်ထဲသို့ ဝင်ရောက်စေကာ မူလစွမ်းအင်ရင်းမြစ်ကို ထွက်ပေါ်လာစေခြင်း ဖြစ်၏။သို့သော် မည်သူကမျှ ထိုမူလစွမ်းအင်ရင်းမြစ်ကို သူတို့၏ ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားနိုင်စွမ်း မရှိကြပေ။
ဝမ်လင်းက နောက်ထပ်တစ်ချက်ကိုလည်း သတိပြုမိသေး၏။ အရည်အသွေးပြည့်မှီသည့် ကျင့်ကြံသူများသည် တိုက်ပွဲစာလိပ်နှင့် ကိုးစက္ကန့်၊ဆယ်စက္ကန့်လောက်သာ နစ်မြုပ်ပေါင်းစပ်နိုင်ခြင်း ဖြစ်၏။
အချို့လူများသာ ကျန်ကုန်းလီကဲ့သို့ ရှစ်စက္ကန်လောက်နှင့် ပေါင်းစပ်နိုင်စွမ်း ရှိနေခြင်း ဖြစ်၏။
ရှုထင်၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက အချို့သဲလွန်စများကို တွေ့မြင်သည့်ပုံပင်။သည့်နောက် သူက ကွင်းပြင်ထဲသို့ ခြေချလာကာ တိုက်ပွဲစာလိပ်ကို ကြည့်၏။
လီယွမ်ဇီက ရှုထင်ကို ကြည့်နေ၏။သူက သည်ဂျူနီယာနှင့် ပတ်သတ်၍ အထင်ကြီးမှုအချို့ ရှိသည်။သည်အခိုက်၌ သူက ခေါင်းညိတ်ကာ ဘာစကားမှ မဆိုပေ။
တိုက်ပွဲစာလိပ်ကို ကြည့်နေသော ရှုထင်၏အသွင်က အလေးအနက် ဖြစ်နေ၏။သူ့မျက်ခုံးနှစ်ခုကြားကနေ အနက်ရောင်အခိုးငွေ့ ထွက်ပေါ်လာရင်း စတင်လှည့်ပတ်လာသည်။
ငါးစက္ကန့်အကြာ၌ သူ့နတ်ဘုရားအာရုံအပိုင်းအစသည် တိုက်ပွဲစာလိပ်ထဲသို့ ရောက်ရှိသွားတော့၏။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကျုံ့သွားမိ၏။သူက စိတ်ထဲကနေ တွေးမိသည်။ “ငါးစက္ကန့်…။ဒီလူက ငါ ကြုံခဲ့ရသလိုမျိုး ကံကောင်းမှု အခွင့်ရေး မရခဲ့ပဲနဲ့ ဒီလို ထူးဆန်းတဲ့ အခြေအနေကို ငါးစက္ကန့်နဲ့ ဝင်ရောက်နိုင်တယ်။သူ့ပါရမီက အထင်ကြီးဖွယ်ပဲ…”
လီယွမ်ဇီ၏မျက်လုံးက တောက်ပနေ၏။သည်အခိုက်၌ သူက ရှုထင်ကို အလေးအနက် ကြည့်လာသည်။ကျန်မိသားစု၌ပင် ငါးစက္ကန့်နှင့် သည်လိုအခြေအနေသို့ ဝင်ရောက်နိုင်သည့်သူ ဆယ်ယောက်မကျော်ပေ။အများစုကလည်း တိုက်ပွဲစာလိပ်အောက်၌ အချိန်အတန်ကြာ ကျင့်ကြံခဲ့ပြီးမှ ငါးစက္ကန့်နှင့် ထူးဆန်းသောအခြေအနေသို့ ဝင်ရောက်နိုင်ခဲ့ကြခြင်းပင်။
ပထမဆုံးကြိုးစားမှုဖြင့်ပင် ငါးစက္ကန့်ဖြင့် ထူးဆန်းအခြေအနေသို့ ဝင်ရောက်နိုင်သူသည် သုံးယောက်သာ ရှိခဲ့ပေ၏။
“ဒီကလေးက သာမန်မဟုတ်ဘူးပဲ…” လီယွမ်ဇီ၏မျက်လုံးထဲ၌ ရှားရှားပါးပါး လေးစားမှုအရိပ်အယောင် ပေါ်လာခဲ့၏။
လီယွမ်ဇီသာမက ကျန်သည့် မွန်းစတားအိုကြီးများကလည်း ကျန်မိသားစုရတနာ၏ လျှို့ဝှက်ချက်ကို တွေ့မြင်ကြပေ၏။၎င်းစာလိပ်အထဲ၌ ထူးဆန်းသောအားတစ်ခု ရှိနေကာ လူတစ်ယောက်က ထူးဆန်းသောအခြေအနေသို့ ပို၍ မြန်မြန် ဝင်ရောက်နိုင်လေလေ အမွေအနှစ်ကို ပို၍ လက်ခံရရှိလေ ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့ကြားတွင်ပင် အလွန့်အလွန်နည်းပါးသော သူများသာ ထိုစွမ်းအားသည် သူတို့အပူတပြင်း လိုက်လံ ရှာဖွေနေသည့် တတိယအဆင့်၏ သော့ချက်တစ်ခု ဖြစ်နေခြင်းကို သိကြပေသည်။
အရှင်မီးတောက်၏ မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။သူက တိုက်ပွဲစာလိပ်ကို ကြည့်ပင်မကြည့်ဘဲ ရှုထင်ထံသို့သာ စူးစိုက်ကြည့်နေသည်။သူက တွေးမိ၏။ “ဒီကောင်လေးက ဒီလို ပါရမီမျိုး ရှိနေတာပဲ…”
ဆယ်စက္ကန့်လောက် ကြာမြင့်ပြီးနောက် ရှုထင်သည် ရုတ်တရက် ပြန်နိုးထလာ၏။သည်အခိုက်၌ ဝမ်လင်း၏မျက်လုံးသည် အလွန်တောက်ပနေ၏။သူက တိုက်ပွဲစာလိပ်မှ မူလစွမ်းအင်ရင်းမြစ် အမျှင်တန်းသည် ရှုထင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်ခဲ့သည်။ ထို့နောက် ၎င်းအမျှင်တန်း၏ သေးငယ်သောအစိတ်အပိုင်းငယ်တစ်ခုသည် ရှုထင်၏ခန္ဓာကိုယ်ထဲ၌ ကျန်ရစ်ခဲ့လေ၏။
ထိုတွေ့ရှိမှုက ဝမ်လင်း၏စိတ်ကို တုန်ယင်စေ၏။သူက မူလစွမ်းအင်ရင်းမြစ်၏ အဆင့်အတန်းသည် အဘယ်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိသူ မဟုတ်လား။ရှုထင်က ခုချိန်၌ ထိုအရာကို သတိပြုမိသေးမည် မဟုတ်ပေ။သို့သော် သူက ဒုတိယအဆင့်၏ အထွတ်အထိပ်ကို ရောက်လာပါက ၎င်းအမျှင်တန်းက သူ့အတွက် အံ့မခန်း အကျိုး ရှိစေပေမည်။
“တန်လင်းဂြိုဟ်ကလာတဲ့ ဒီရှုထင်က ငါ့ကို အစောပိုင်းတုန်းက ရန်လိုတဲ့ ပုံစံ ပြသခဲ့တယ်။ဒါကြောင့် ငါက သူ့ကို အသက်ရှင်ခွင့် ပေးလို့မရတော့ဘူး…”
ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သို့သော် သူ့စိတ်ထဲတွင်မူ သတ်ဖြတ်ချင်စိတ်တစ်ခု ဖြစ်ပေါ်နေလေသည်။
ရှုထင်က ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်ရှိကြောင်း တစ်ကြိမ်မက ဖော်ပြခဲ့ပြီး မဟုတ်လား။ဝမ်လင်း၏ စိတ်နေစိတ်ထားအရ သည်လိုမျိုး ရှုထင် မူလစွမ်းအင်ရင်းမြစ် အမျှင်တန်းကို ရရှိသွားဖို့ ခွင့်ပြုပေးစရာ အကြောင်းမရှိပေ။
“ရှုထင်…အရည်အသွေးပြည့်မှီတယ်…” လီယွမ်ဇီက ရှုထင်၏နာမည်ကို ခေါ်ကာ ခေါင်းညိတ်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလာသည်။ “တိုက်ပွဲစာလိပ်ဟာ စုစုပေါင်း သုံးခုရှိတယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဝင်ဖို့ လမ်းကြောင်း ဖွင့်ပြီးရင် မင်းက ငါ့ကိုလာရှာပြီး ဒုတိယစာလိပ်ကို လာကြည့်ခွင့် ရမယ်…”
သူက ထိုသို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများစုသည် မနာလို ဖြစ်ကုန်ကြ၏။သို့သော် သူတို့က ထိုစိတ်ကို မပြသဝံ့ပေ။ရှုထင်က လီယွမ်ကို ကြည့်နေ၏။သူ့မောက်မာမှုဖြင့်ပင် သူက တလေးတစား ပြောလာ၏။ “ကျေးဇူးပါ…စီနီယာလီယွမ်ဇီ…”
ကျန်ကုန်လီး၏ နှလုံးသားပင် ခါးသက်စွာ ခံစားမိနေ၏။သူက ကျန်မိသားစုက ဖြစ်သည့်အတွက် ကျန်မိသားစုတွင်ပင် ဒုတိယစာလိပ်ကို ကြည့်ရသူ ဆယ်ယောက်လောက်သာ ရှိသည်ကို သိနေ၏။ တတိယစာလိပ်ကိုမူ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲနှစ်ယောက်တို့သာ တွေ့မြင်ဖူးပြီး လေးယောက်မြောက် တွေ့မြင်ဖူးသူဟူ၍ မရှိသေးပေ။
ရှုထင်က ခေါင်းငြိမ့်ပြီးနောက် တလေးတစားဟန်ပန်နှင့် နောက်သို့ ဆုတ်၏။သူက ဝမ်လင်းထံသို့ သုန်မှုန်သောအကြည့်နှင့် ကြည့်လိုက်ပြန်သည်။
ဝမ်လင်းက ရှုထင်ကို အေးစက်စက်ပြန်ကြည့်၏။သည့်နောက် သူ့ဘယ်ခြေကို မြှောက်ကာ ကွင်းပြင်ထဲသို့ ဝင်ရောက်လိုက်သည်။မူလတုန်းကကျိုးရီတောက်က လာမည့်စမ်းသပ်မှုအတွက် ဝင်ရောက်ရန် ဖြစ်သည်။သို့သော် သူက ကွင်းပြင်ထဲသို့ ဝင်ခါနီး၌ ဝမ်လင်းလှုပ်ရှားလာသည်ကို တွေ့သွားသည်။ထို့ကြောင့် သူက နောက်သို့ အမြန်ပြန်ဆုတ်ပေးမိသည်။သူ့အသွင်က ရှက်ရွှံ့ဟန်ပင် ဖြစ်ပေါ်သွားသည်။
ဝမ်လင်းက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။တကယ်တော့ သည်ကောင်းကင်ဦးစီး ပြိုင်ပွဲအတွင်း ဝမ်လင်း၏နာမည်သည် လူတိုင်းကို လှုပ်ခတ်တုန်လှုပ်စေခဲ့သည် မဟုတ်လား။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ယခုတတိယမြောက် ကောင်းကင်စမ်းသပ်မှု၌ ဝမ်လင်းမည်သို့ လုပ်ပြမည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
အချို့ကျင့်ကြံခြင်းမိသားစုများ၏ ဘိုးဘေးများပင် သေချာစောင့်ကြည့်နေကြသည်။ သူတို့က ရှုမူ ဟုသည့် နာမည်ကိုသာမက သူ့ပုံပန်းသွင်ပြင်ကိုလည်း မှတ်မိနေလေပြီ။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ ထိပ်ဆုံးအလွှာရှိ မြက်ဖျာပေါ်တွင် ထိုင်ကြေသော မွန်းစတားအိုကြီးများပင် လူတိုင်းကို ပြုံး၍ ကြည့်မိသည်။
သွေးနတ်ဘုရားတစ်ယောက်သာ အေးစက်စက်နှာခေါင်းရှုံ့၏။အနည်းငယ် စဉ်းစားပြီးနောက် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာတော့သည်။
အရှင်မီးတောက်က စိတ်ထဲကနေ ပြုံးနေမိသည်။သူက ဝမ်လင်းနှင့်ပတ်သတ်၍ အစောပိုင်းစမ်းသပ်မှုမှာ ခေါင်းကိုက်ခဲ့ရသည် မဟုတ်လား။မည်သို့ပင်ဖြစ်စေ သည်ဂျူနီယာက သူနှင့် ရေစက်ပါ၏။ဝမ်လင်းနှင့် ချင်းရွှေတို့ကြား ပတ်သတ်မှုကိုပါ ထည့်တွက်ပါက သည်ဂျူနီယာအပေါ်ဖိနှိပ်ခြင်းသည် သူ့အတွက် မကောင်းလှတော့ပေ။ဝမ်လင်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို လူသားနှင့်မြေကြီးစမ်းသပ်မှုနှစ်ခုတွင် များစွာ ဆုံးရှုံးစေခဲ့သည် မဟုတ်လား။သို့သော် ကောင်းကင်စမ်းသပ်မှုတွင်ပင် လီယွမ်ဇီက ဦးဆောင်သည့်အတွက် မတော်တဆတစ်ခုခု ဖြစ်လာခဲ့လျှင်ပင် သူ့အပေါ်တွင် သက်ရောက်မှု ရှိတော့မည် မဟုတ်ဘဲ လီယွမ်ဇီအပေါ်သို့သာ ကျရောက်ပေမည်။
သည်အခိုက်အတန့်၌ သူက ဝမ်လင်းကို တစ်ခုခုမျှော်လင့်သလို အကြည့်နှင့် ကြည့်သည်။
ဝမ်လင်းသည် ကွင်းပြင်ကို ခြေချ၏။သူက လီယွမ်ဇီကို လက်နှစ်ဖက်လျှပ်ကာ လေးစားသမှု ပြ၏။ထို့နောက် ဝမ်လင်းသည် လေထဲရှိိ တိုက်ပွဲစာလိပ်ကို မော့ကြည့်လိုက်တော့သည်။
***
Heaven test