ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးစိတ်ဝိညာဉ်သည် မာန်သွင်းကာ မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုရန် ကြိုးစားလာသည်။မိုးကြိုးစိတ်ဝိညာဉ်၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ယင်နေသည်။၎င်း၏ စိတ်ဝိညာဉ်ထဲမှလာသည့်အသံကလည်း သူ့ကို ရူးသွပ်သွားစေလုနီးပါး မောင်းနှင်နေသည့်အတွက်ကြောင့် ၎င်းက ကြောက်ရွှံ့သော်လည်း ဝမ်လင်းကို ဝါးမြိုနိုင်ရန် တာဆူလာသည်။
ရှေးဟောင်းမိုးကြိုးနဂါးနှင့်မိုးကြိုးစိတ်ဝိညာဉ်တို့ကြားရှိ ထိတိုက်မှုကြောင့် မိုးကြိုးကန်အတွင်း၌ လှိုင်းထန်စေတော့သည်။မိုးကြိုးများ တဝုန်းဝုန်း ဖြစ်ကြကုန်၏။
ဝမ်လင်း၏ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်နှင့် မိုးကြိုးစိတ်ဝိညာဉ်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဝါးမြိုရန် ကြိုးစားနေကြသည်။သည်လိုဝါးမြိုမှုမျိုးက မိုးကြိုးပေါင်းစပ်မှုပင်။မိုးကြိုးစိတ်ဝိညာဉ်သည် သန်မာလှသော်လည်း ပြည့်ပြည့်စုံစုံ မဟုတ်ပေ။ရှေးဟောင်းမိုးကြိုးနဂါးသည်လည်း သန်မာပင်မဲ့ ဝမ်လင်းနှင့် ပြည့်ပြည့်ဝဝပေါင်းစပ်ထားခဲ့ခြင်း မဟုတ်ပေ။ထို့ကြောင့် သည်အခိုက်အတန့်၌ သူတို့က ညီမျှနေကြ၏။
ဒေါသတကြီးဟိန်းသံနှင့်အတူ ဝမ်လင်း၏ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် မိုးကြိုးစိတ်ဝိညာဉ်၏ တစ်ဝက်ကို ဝါးမြိုလာ၏။မိုးကြိုးစိတ်ဝိညာဉ်ကလည်း ရုန်းကန်ကာ ရူးသွပ်သွားသည့်အလား တန်ပြန် စတင် ဝါးမြိုတော့သည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်သည့် ရှေးဟောင်းမိုးကြိုးနဂါးသည် အေးစက်စက်အကြည့်ကို ထုတ်ဖော်၏။ထိုအကြည့်က မိုးကြိုးစိတ်ဝိညာဉ်ကို ကျွတ်ကျဲသွားစေသည်။ဝမ်လင်း၏မူလစိတ်ဝိညာဉ်က နောက်တစ်ဖန် ဝါးမြိုရန် တာဆူလာ၏။
အတိတ်တုန်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်ဝါးမြိုမှု အလေ့အကျင့် ရှိခဲ့ပေ၏။ရှေးဟောင်းမိုးကြိုးနဂါးနှင့် ပေါင်းစပ်ပြီးသည့်နောက် ၎င်းက ပို၍ပင် အားကောင်းလာခဲ့သည်။
၎င်းက ဆက်လက် ဝါးမြိုနေရင်း မိုးကြိုးစိတ်ဝိညာဉ်၏ခန္ဓာကိုယ်တစ်ဝက်ကို ထိန်းချုပ်လာနိုင်ကာ ၎င်း၏ ပါးစပ်ထဲသို့ ဆွဲသွင်း၍ ချေဖျက်ပစ်သည်။မြွေပုံစံမိုးကြိုးစိတ်ဝိညာဉ်သည် အထိတ်တလန့် ညီးတွားကာ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်က နောက်သို့ အမြန်ဆုတ်သည်။၎င်း၏ မျက်လုံးထဲ၌လည်း ရူးသွပ်မှုတို့ ပြည့်လာသည်။၎င်းက ဒေါသတကြီး ဟိန်းသံပေးသည့်အခါ မြေပြင်ထက်ကနေ မိုးကြိုးများသည် ပို၍ ထွက်ပေါ်လာတော့သည်။
ထိုဟိန်းသံက ကောင်းကင်နှင့်မြေကြီးထံမှ မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွား၏။ရလဒ်အနေဖြင့် တုန်ဟီးသံများ ပြင်းထန်သော တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာသည်။ဆက်လက်တုန်ဟီးနေရင်း ပြင်းထန်သောမုန်တိုင်းတစ်ခုသည် ရုတ်တရက် ပေါ်လာကာ ပျံ့လွင့်လာသည်။ကျောက်တုံးအမြောက်အများသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ လွင့်စင်ကုန်၏။
တစစီဖြစ်သွားသည့် ကျောက်တုံးတိုင်း မိုးကြိုး၏ ဝန်းရံခြင်းကို ခံရကာ ချက်ခြင်းပင် ပျက်စီးသွားရသည်။
မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းထိုင်နေသော ကျောက်တုံးမှ လွဲ၍ ကွင်းပြင်ထဲရှိ အခြားကျောက်တုံးအားလုံးသည် ပျက်စီးသွားသည်။သို့သော်လည်း မုန်တိုင်းက ရပ်တန့်ခြင်း မရှိပါ။
ထိုဖြစ်စဉ်အတွင်း မြေကြီးအောက်၌ ဖုန်းကွယ်နေသော ပြင်းထန်သောမိုးကြိုးအားတစ်ခုသည် မိုးကြိုးစိတ်ဝိညာဉ်ထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အသွင်ပင် ပြောင်းလဲသွားကြ၏။သူတို့က နောက်သို့ အမြန်ဆုတ်ရသည်။ဘိုးဘေးအချို့၏မျက်လုံးပင် တလက်လက် ဖြစ်ကုန်၏။
ထိုမုန်တိုင်းနောက်တစ်ဖန် ပျံ့နှံ့လာနေသည့်အခါ မြက်ဖျာပေါ်ရှိ မွန်းစတားအိုကြီးများသည် မျက်လုံးကျဉ်းမြောင်းသွားကြ၏။အရှင်မီးတောက်သည် သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချ၏။သူက ခါးသီးစွာ ပြုံးမိသည်။တုန်ဟီးသံနှင့်အတူ ထိုတိုးဝင် ပျံ့နှံ့လာသည့် မုန်တိုင်းသည် ပျောက်ကွယ်သွားရသည်။
ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော မိုးကြိုးများသည် မိုးကြိုးစိတ်ဝိညာဉ်ထံသို့ တိုးဝင်နေကြ၏။မိုးကြိုးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်တစ်ဝက်ကို ဝါးမြိုပြီးသည့် ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်က ပြင်းပြသောဆန္ဒတစ်ခု ဖြစ်လာသည်။၎င်းက ထိုစိတ်ဆန္ဒကို ထုတ်ဖော်သည်နှင့် ဟိန်းသံ ပေးလာသည်။
ထိုအဖြစ်က ဝမ်လင်း ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ချိန်ကတည်းက ပထမဆုံးအကြိမ် မိုးကြိုးဟိန်းသံပင်။ထိုဟိန်းသံသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကိုပင် ထွင်းဖောက်သွားသည့်အလား။လောက၏ မူလတည်ရှိမှု ဖြစ်သည့် မိုးကြိုး၏အသံအလား။
ထိုမိုးကြိုးသံ ထွက်ပေါ်လာသည်နှင့် မိုးကြိုးအားလုံးသည် နာခံရပေတော့မည်။
ရှေးဟောင်းမိုးကြိုးနဂါးသည် မိုးကြိုးများကို ထိန်းချုပ်နိုင်ရခြင်းမှာ သူ့ အော်ဟိန်းသံကြောင့် ဖြစ်လေ၏။ အရင်တုန်းက ဝမ်လင်းသည် ရေးဟောင်းမိုးကြိုးနဂါးကို သည်ဟစ်ဟိန်းသံ ထုတ်ဖော်နိုင်သည့်အထိ ပေါင်းစပ်နိုင်စွမ်း မရှိခဲ့ပေ။ထို့ကြောင့် သူက မိုးကြိုးအပေါ်၌ အမှန်တကယ် မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် မိုးကြိုးစိတ်ဝိညာဉ်တစ်ဝက်ကို ဝါးမြိုပြီးသည့်နောက် နောက်ဆုံးတွင် သူသည် ယင်းဟိန်းသံကို ထုတ်ဖော်နိုင်စွမ်း ရှိလာတော့သည်။
“ဝေါင်း…”
ဟိန်းသံတစ်ချက်ဖြင့်ပင် လောကသည် အရောင်ပြောင်း၏။မိုးကြိုးစိတ်ဝိညာဉ်ထံသို့ စုစည်းနေသည့် မိုးကြိုးတန်းအားလုံးသည် တုန်ခါကာ ဦးတည်ရာ ပြောင်းသွား၏။၎င်းတို့က ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာကြခြင်းပင်။
မြက်ဖျာများပေါ်ရှိ မွန်းစတားအိုကြီးများပင် အံ့အားသင့်ကုန်၏။သွေးနတ်ဘုရား၏မျက်လုံးပင် တလက်လက် ဖြစ်လာရင်း အေးစက်နေသည်။
ပထမဆုံးအကြိမ်အဖြစ် ချင်းရွှေသည် ရယ်မောကာ ပြောလာသည်။ “သိပ်ကောင်းတယ်…”
“ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်…” အရှင်မီးတောက်၏မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်လာကာ သူ့မျက်နှာပေါ်၌ပင် အပြာရောင်သွေးကြောတစ်ခု ဖောင်းကြွလာ၏။သူက ထိုအဖြစ်ကို ရပ်တန့်လိုနေ၏။သို့သော် အနည်းငယ် ချီတုံ့ချတုံ့ ဖြစ်ပြီးနောက် သက်ပြင်းသာ ချနိုင်တော့သည်။ချင်းရွှေသည် နေရာတွင် ရှိိနေပါက သူ့တွင် ဝမ်လင်း မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုခြင်းအား တားဆီးရန် မည်သည့်အကြောင်းပြချက်မှ ရမည် မဟုတ်တော့ပေ။ထိုသို့ မဟုတ်ပါက တစ်သက်တစ်ခါသာ ရနိုင်သည့် အခွင့်အရေးကို သူက ကြားဝင်နှောက်ယှက်ပါက ချင်းရွှေသည် ကျိန်းသေပေါက် ဒေါသပုန်ထပေလိမ့်မည်။
မွန်းစတားအိုကြီးများပင် ထိုသို့ဖြစ်နေသည့်အတွက် အခြားလူများအဖို့ ပြောစရာပင် မလိုတော့ပါ။ရှုထင်က ထိုအဖြစ်ကို စောင့်ကြည့်နေရင်း သူ့ရင်ထဲ၌ လှိုင်းထန်နေ၏။သူက တိတ်တဆိတ် စဉ်းစားနေသည်။
“လုံးဝ မလိုအပ်ဘဲနဲ့ သူ့ကို သွားရန်မစတာ အကောင်းဆုံး ဖြစ်လိမ့်မယ်…”
ရှန်ကုန်းဟူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ဝမ်လင်းအပေါ် သူ့လေးစားမှုက ပို၍ပင် အားကောင်းလာခဲ့ပေပြီ။
ကျန်ကုန်းလီက ခဏတာ မှင်သက်သွားသည်။ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးထဲ၌ ဝမ်လင်းအပေါ်တွင် ကျန်ကုန်းလီကဲ့သို့ လေးစားမှုမျိုး ဖြစ်လာတော့သည်။
ခေါင်းကြီးကောင်လေးနှင့်လက်ခြောက်ချောင်းကျင့်ကြံသူတို့၏ စိတ်သည် တုန်ယင်နေ၏။သူတို့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ပင် ရှိနေသည်။သူတို့က သည်ရှုမူသည် လွယ်လင့်တကူ စော်ကားလို့မရဟု ဆုံးဖြတ်လိုက်ကြ၏။ထိုလူက မိုးကြိုးစိတ်ဝိညာဉ်ကိုပင် ဝါးမြိုဝံ့နေသည် မဟုတ်လား။
မိုးကြိုးကန်ရှိ မိုးကြိုးများသာ ဝမ်လင်းကို ဉီးညွတ်လာသည် မဟုတ် မိုးကြိုးစိတ်ဝိညာည်သည်လည်း ယင်းဟိန်းသံကြောင့် တုန်ယင်နေရသည်။ထိုအသံ၏ အင်အားထဲ၌ ၎င်းကို အညံ့ခံ၊ဦးညွတ်စေမည့် စွမ်းအားတစ်ခု ပါဝင်နေသည်။
ထိုအရာက ရှေးဟောင်းမိုးကြိုးနဂါး၏စွမ်းအားပင်။
အဆုံးမဲ့ မိုးကြိုးများက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲသို့ တိုးဝင်နေသည်။သူ့မူလစိတ်ဝိညာဉ်က ထိုးထွက်လာ၏။သည်တစ်ကြိမ်၌ ကျန်နေသေးသည့် မိုးကြိုးစိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ဝက်သည် မခုခံဝံ့တော့ဘဲ ဝမ်လင်း၏ ဝါးမြိုခြင်းကို ခွင့်ပြုလိုက်တော့သည်။
အစောပိုင်းက ဝမ်လင်းနှင့်ရှေးဟောင်းမိုးကြိုးတို့ကြား ပေါင်းစည်းမှုက ငါးပုံတစ်ပုံသာ ပြီးပြည့်စုံခဲ့သည်။ သို့သော် မိုးကြိုးစိတ်ဝိညာဉ်ကို ဝါးမြိုပြီး၊မိုးကြိုးကန်ကို စုပ်ယူပြီးသည့်နောက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်ရှေးဟောင်းမိုးကြိုးနဂါးတို့ကြား ပေါင်းစည်းမှုက ငါးဆယ်ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။
သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ပေတစ်ထောင်ကျော်ထိ ရှည်လျားကာ ပြင်းထန်သောဖိအားတစ်ခုကို ဖြစ်ပေါ်နေစေသည်။၎င်း၏အေးစက်စက်အကြည့်က သည်ဧရိယာတွင် သိမ်းကြုံးပျံ့နှံ့သွားပြီးနောက် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားတော့သည်။ထို့နောက် မိုးကြိုးကန်ထဲရှိ ကြွင်းကျန်သောမိုးကြိုးအားလုံးသည် ဝမ်လင်းထံသို့ မြန်ဆန်စွာ စုဝေးလာကြတော့သည်။ဝမ်လင်းက သူ့ခန္ဓာကိုယ်ပတ်လည်၌ မိုးကြိုးများ ဝန်းရံထားသည့်ကြား၌ မျက်လုံး ဖွင့်လာသည်။သူ့စိတ်ထဲ၌လည်း မိုးကြိုးကို အကြွင်းမဲ့ထိန်းချုပ်မှုသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေတော့၏။
မတ်တပ်ထရပ်လာပြီးနောက် ဝမ်လင်းပတ်ဝန်းကျင်ရှိ ဧရိယာသည် အပျက်အစီးပုံ ဖြစ်နေတော့သည်။မိုးကြိုးအရိပ်အယောင်ပင် မကျန်ရစ်ခဲ့တော့ပေ။
အရှင်မီးတောက်၏အသွင်က အတော်လေး ရုပ်စိုးနေသည်။သူ့နှလုံးသားက ကိုက်ခဲနေ၏။သူက ဝမ်လင်းကို ကြည့်ကာ အချိန်အတန်ကြာ စကားမဆိုနိုင် ဖြစ်နေ၏။နောက်ဆုံးတွင် သူက သက်ပြင်းချရုံသာ တက်နိုင်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝဉသုံ တိတ်ဆိတ်နေတော့၏။
***