Switch Mode

အပိုင်း(၉၂၃)

ဘယ်သူက ဘယ်သူ့ကို ဝါးမြိုနိုင်မလဲ

မိုးကြိုးစိတ်ဝိညာဉ်သည် မာန်ဝင့်လာ၏။သို့သော် ၎င်းက ဝမ်လင်း၏အကြည့်ကို ရုတ်တရက် တွေ့မြင်သွားသည်။ထိုအကြည့်က သူ့ခန္ဓာကိုယ်ထဲထိ ထွင်းဖောက်လာကာ ၎င်း၏မိုးကြိုးစိတ်ဝိညာဉ်ထဲအထိပါ ဝင်ရောက်လာသည်။၎င်း၏စိတ်ဝိညာဉ်ထဲရှိ အမွေအနှစ်ထံမှ ပြင်းထန်သောတားတစ်ခုသည် ပျံ့နှံ့လာသည်။ထိုအခါ ၎င်းစိတ်ဝိညာဉ်သည် ဟစ်ကြွေးကာ ပြင်းပြင်းထန်ထန် တုန်ယင်သွားတော့သည်။

ဝမ်လင်းထံသို့ သိမ်းကြုံး ရောက်လာသည့် မိုးကြိုးစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် အမှန်အကန် ရပ်တန့်ကာ နောက်သို့ ဆုတ်သွားသည်။

ဝမ်လင်းက မျက်လုံး ပြန်မှိတ်ထား၏။သူက ထိုမိုးကြိုးစိတ်ဝိညာဉ်ကို ဆက်၍ အာရုံမစိုက်တော့ပေ။သူက ထိုမိုးကြိုးစိတ်ဝိညာဉ်မှာ မူလစိတ်ဝိညာဉ်၏ သွေးငယ်သောအစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ဟု ခပ်ရေးရေး ခံစားမိသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစစ်အမှန် မိုးကြိုးစိတ်ဝိညာဉ်ဆိုပါက အခုလိုပုံစံမျိုး ဖြစ်လိမ့်မည် မဟုတ်ပေ။

မိုးကြိုးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က နောက်ဆုတ်သွားပြီးနောက် ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိလာသည်။အချိန်ကြာမြင့်စွာပျောက်ကွယ်နေသော ၎င်း၏ မှတ်ဉာဏ်အသိစိတ်ပင် နိုးလာသကဲ့သို့ ရှိ၏။မူလတုန်းက ၎င်းသည် မည်သည့်ကျင့်ကြံသူကိုမှ ကြောက်လန့်စရာဟု မထင်ထားခဲ့ပေ။သို့သော် အခုချိန်၌ ၎င်းသည် ၎င်း၏ဘိုးဘေးကို တွေ့ရှိရသကဲ့သို့ ခံစားနေရသည်။

ထိုခံစားချက်သည် ၎င်း၏မိုးကြိုးစိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။

ရှေးဟောင်းအချိန်တုန်းက ကောင်းကင်နှင့်မြေကြီးသည် မိုးကြိုးနဂါးများကို မိုးကြိုး၏စွမ်းအား အား ပေးခဲ့၏။မိုးကြိုးနဂါးများက ထိုသို့ပုံစံဖြင့် မွေးဖွားလာကြခြင်းပင်။၎င်းတို့က မိုးကြိုးကနေ မွေးဖွားလပြီး မိုးကြိုးအားလုံး၏ စိတ်ဝိညာဉ်များဟု ယူဆနိုင်သည်။ လောကရှိ မိုးကြိုးအားလုံးကို မိုးကြိုးနဂါးများ ပိုင်ဆိုင်ပေသည်။

သို့သော်လည်း မိုးကြိုးနဂါးများက မသေမျိုးများ မဟုတ်ကြပေ။၎င်းတို့ သေဆုံးသွားသည့်အခါ၌ မိုးကြိုးစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲပြီး လေဟာနယ်ထဲသို့ ပြန်ရောက်ရှိသွားကြ၏။ထို့နောက် ၎င်းတို့သည် မိုးကြိုး၏အားတစ်ခု တစ်ဖန် ပြန်ရောက်ရှိသွားသည်။

သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ သည်လိုပုံစံဖြင့် မိုးကြိုးစိတ်ဝိညာဉ်တစ်ခု ရှိခဲ့၏။ ကောင်းကင်ဘုံသားများသည် အချို့အမည်မသိနည်းလမ်းတို့ကို ၎င်းစိတ်ဝိညာဉ်ပေါ်တွင် အသုံးပြုကာ မပျောက်ပျက်သွားအောင် ပြုလုပ်ခဲ့ပြီး မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစောင့်အကြပ်သားရဲ ဖြစ်လာစေခဲ့ပေသည်။

ယခု မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ မိုးကြိုးစိတ်ဝိညာဉ်သည် ထိုစိတ်ဝိညာဉ်မှ ခွဲထွက်လာသည့် စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်သည်။၎င်းက ဝမ်လင်းကို တွေ့မြင်သည်နှင့် အရင်တုန်းက လုံးဝ မခံစားခဲ့ဖူးသည် တုန်လှုပ်မှုကို ခံစားနေရတော့သည်။

၎င်းအတွက် ကံကောင်းသွားသည်က ဝမ်လင်းမျက်လုံးပြန်မှိတ်လိုက်သည့်အတွက် ရှေးဟောင်းမိုးကြိုးနဂါး၏ လွှမ်းမိုးသည် ဆက်၍ ထုတ်လွှတ်မှု မရှိတော့ခြင်း ဖြစ်၏။ဝမ်လင်းသည် မိုးကြိုးများကိုသာ ဆက်၍ အာရုံစိုက်ကာ စုပ်ယူနေသည်။မိုးကြိုးစိတ်ဝိညာဉ်က စိတ်သက်သာရာ ရသွား၏။ထို့နောက် ၎င်းက ဒေါသအပြည့်ဖြင့် တခြားကျင့်ကြံသူများထံသို့ ဦးတည်တိုးဝင်သွားတော့၏။

ထိုအရာများကို တွေ့မြင်သည့်အခါ အနက်ရောင်မြူထုထဲရှိ ရှုထင်၏မျက်လုံးသည် ပြူးကျယ်နေတော့သည်။ သူ့စိတ်သည် ပြင်းပြင်းထန်ထန် တုန်ယင်ရကာ သူတွေ့မြင်ခဲ့ရသည်ကို မယုံကြည်နိုင် ဖြစ်နေ၏။သည်ရှုမူက တကယ့်ကို သာမာန်မဟုတ်လှပေ။

“ဒါ…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…။သူက မိုးကြိုးစိတ်ဝိညာဉ်ကို ကြည့်လိုက်ရုံနဲ့ ဒီစိတ်ဝိညာဉ်ကို ကြောက်လန့်သွားရတယ်…”

ရှန်ကုန်းဟူကလည်း ထိုအဖြစ်ကို သတိပြုမိ၏။သူ့မျက်လုံးထဲ၌ ကျေနပ်မှုတို့ဖြစ်နေကာ ဝမ်လင်းနှင့် ပထမဆုံးတွေ့ဆုံမှုကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။သူက ဝမ်လင်းကို မိုးကြိုးကန်တစ်ခုအထဲ၌ ပထမဆုံး တွေ့ခဲ့ရသည် မဟုတ်လား။

ထိုစဉ်က အဖြစ်အပျက်ကို သူ လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

“ငါ့အရှင်…”

ကျန်ကုန်းလီကလည်း ဝမ်လင်းကို ကြည့်ကာ အံ့အားတကြီး ဖြစ်နေ၏။သူက အတိတ်တုန်းက မိုးကြိုးကန်ထဲ၌ ရှန်ကုန်းဟူနှင့် တိုက်ပွဲကို ပြန်မြင်ယောင်မိသွားသည်။ထိုစဉ်က ဝမ်လင်း၏လမ်းညွှန်မှုဖြင့် ရှန်ကုန်းဟူသည် မိုးကြိုး၏ ဥပဒေသကိုပါ ခပ်ရေးရေး ဖမ်းဆုပ်နိုင်ခဲ့သည် မဟုတ်လား။

သူတို့နှစ်ယောက်သာမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပါ ထိုအဖြစ်ကို သတိပြုမိကြသည်။သူတို့၏စိတ်သည် တုန်ယင်ရ၏။မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်ရသည်။

ဝမ်လင်းကမူ ထိုအရာများကို လစ်လျူရှုကာ ထိုင်နေရင်း မိုးကြိုး၏ဥပဒေကို စတင် ဖမ်းဆုပ်နေသည်။သူက တဖြည်းဖြည်းဖြင့် နစ်မြုပ်ကာ ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်။

မြက်ဖျာပေါ်ရှိ ချင်းရွှေ၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ခပ်ယောင်ယောင် ပြုံးလာသည်။

တခြားတစ်ဖက်တွင်မူ အရှင်မီးတောက်က ခဏတာ အံ့အားသင့်သွားပြီး ခါးသီးစွာ ပြုံးလာသည်။သည် မြေကြီးစမ်းသပ်မှုက ရှုမူအတွက် ဘာအခက်အခဲမှ မဖြစ်သည့်အပြင် သူ့ကိုယ်ပိုင်ခြံဝန်းထဲသို့ လျှောက်လှမ်းရသကဲ့သို့ပင် ဖြစ်နေစေသေး၏။

“ထားလိုက်ပါတော့လေ…။ငါက သူ့ရှိက မိုးကြိုးသားရဲတစ်ကောင်ကို ငှားယမ်းခဲ့မှတော့ ပြန်ပေးဆပ်တာပေါ့။ ဒါ့အပြင် အရင်က ချင်းရွှေနဲ့ ငါ့ကြားက ဆက်ဆံရေးကိုလည်း ပြန်ဖာတေးရာ ရောက်တာပေါ့…”

အရှင်မီးတောက်က မဖြစ်ညစ်ကျယ်ပြုံးမိ၏။သို့သော် သူက ဝမ်လင်းကို တားဆီးနိုင်စွမ်း မဲ့ရသည်။

မိုးကြိုးစိတ်ဝိညာဉ်ကမူ ဝမ်လင်းကို ကြောက်လန့်နေတော့၏။၎င်းက မာန်သွင်းရင်း အခြားကျင့်ကြံသူများအပေါ်သို့ ဒေါသပုန်ချတော့သည်။

၎င်း၏ပထမဆုံး ပစ်မှတ်ရ ရှီဇီဖန်၏ဝမ်းကွဲ အပြာရောင်ဝတ်စုံနှင့်လူငယ်ထံသို့ပင်။ထိုသူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့ရှေ့တွင် အစိမ်းရောင်ကျောက်စိမ်းပြားသုံးခု မြောလွင့်လာသည်။သူ့ထံသို့ ပစ်မှတ်ထားလာသည့် မိုးကြိုးအားလုံးကို ထိုကျောက်စိမ်းပြားသုံးခုက စုပ်ယူနေ၏။

မိုးကြိုးစိတ်ဝိညာဉ်က မာန်သွင်းကာ သူ့ထံသို့ တိုက်ရိုက် တိုးဝင်လာ၏။မိုးကြိုးစိတ်ဝိညာဉ်၏ မာန်သွင်းသံ၌ ပြင်းထန်သောဖိအားကို သယ်ဆောင်လာသည်။အပြာရောင်ဝတ်စုံနှင့်လူ၏အသွင်သည် ပြောင်းလဲသွားကာ သူက နောက်သို့ ဆုတ်ရန် ပြင်သည်။သို့သော် အဆုံးသပ်၌ သူက အံတင်းတင်းကြိတ်တော့သည်။

ချက်ခြင်းလိုလိုပင် မိုးကြိုးစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် ရုတ်တရက် ခွဲခြမ်းကာ အပြာရောင်ဝတ်စုံနှင့်လူထံသို့ ဝင်ရောက်၏။ထိုအခါ မိုးကြိုးကန်ထဲရှိ မိုးကြိုးအားလုံးသည် ပြန့်ကျဲကာ တဝုန်းဝုန်း ပဲ့တင်ထပ်တော့သည်။

ကျောက်စိမ်းပြားသုံးခုသည် ချက်ခြင်းပင် မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့၏။အပြာရောင်ဝတ်စုံနှင့်လူသည် သွေးအန်ထုတ်ကာ နောက်သို့ ချက်ခြင်း ဆုတ်ရသည်။သို့သော် မိုးကြိုးစိတ်ဝိညာဉ်သည် ဒေါသထွက်နေသည် ဖြစ်ရာ ပါးစပ်ဟ၍ သူ့နောက်သို့ ဆက်၍ လိုက်သည်။

အပြာရောင်ဝတ်စုံနှင့်လူက မြန်ဆန်စွာ နောက်ဆုတ်၍ မိုးကြိုးကန်ထဲကနေ အလျင်အမြန် ထွက်ခွာသည်။သူ့အသွင်က သုန်မှုန်နေ၏။သူက မိုးကြိုးစိတ်ဝိညာဉ်ကို စူးစိုက်ကြည့်နေရင်း သူ့ဘေးရှိ လူတစ်ယောက်ထံသို့ ဦးတည်သွားတော့သည်။

ဗုံသံသည် လေထဲ၌ ပဲ့တင်ထပ်နေတော့၏။ဆယ့်ခြောက်ကြိမ်မြောက်၊ခုနစ်ကြိမ်မြောက်… ဆယ့်ရှစ်ကြိမ်မြောက် ပဲ့တင်ထပ် မြည်ဟီးလာသည့်အခါ မိုးကြိုးစိတ်ဝိညာဉ်သည် ရူးသွပ်လာချေသည်။၎င်းက ပြိုင်ပွဲကွင်းပြင်အတွင်းရှိ ကျင့်ကြံသူအားလုံးကို နှင်ထုတ်တော့သည်။

မိုးကြိုးစိတ်ဝိညာဉ်က ဟိန်းသံပေးရင်း ရွှေ့လျားနေတော့သည်။သည်တစ်ကြိမ်၌ ၎င်း၏ ပစ်မှတ်က ရှန်ကုန်းဟူနှင့်ကျန်ကုန်းလီတို့ထံ ဖြစ်သည်။သူတို့နှစ်ယောက်သည် ခါးသီးစွာ ပြုံး၍ နောက်သို့ အမြန်ဆုတ်ရတော့သည်။

ခေါင်းကြီးကောင်လေးနှင့်လက်ခြောက်ချောင်းကျင့်ကြံသူတို့သည်လည်း ဆယ့်ကိုးကြိမ်မြောက်ဗုံသံ ထွက်ပေါ်လာသည့်အခါ မိုးကြိုးကန်ထဲမှ ထွက်ရန် ဆုံးဖြတ်လိုက်ကြတေ့၏။သူတို့က ဒေါသပုန်ထနေသော မိုးကြိုးစိတ်ဝိညာဉ်ကို ရန်စရန် ဆန္ဒမရှိကြပေ။

သည်အခိုက်အတန့်၌ မိုးကြိုးကန်ထဲတွင် နှစ်ယောက်သာ ကျန်တော့၏။

ရှုထင်ကို ဝန်းရံထားသည့် မြူနက်ထုသည် အလွန်သိပ်သည်းလှ၏။ထိုမြူနက်ထုက သူ့ပတ်လည် ပေသုံးဆယ်ကို ခြုံလွှမ်းထားကာ မိုးကြိုးများသည် အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း မရှိပေ။

ဝမ်လင်းက ရှုထင်နှင့် မျက်နှာခြင်းဆို ပေတစ်ထောင်အကွာတွင် ထိုင်နေ၏။သူက မျက်လုံးမှိတ်လျက်၊ သူ့ပတ်လည်၌ မိုးကြိုးများ ဝန်းရံထားရင်း တည်ငြိမ်စွာသာ ထိုင်နေသည်။ဝမ်လင်း၏ ဆံပင်ရှည်များက လေမတိုက်ပါပဲ လွင့်နေ၏။

ရှုထင်သည် စိတ်ထဲ၌ ကြိတ်၍ ညင်းဆန်နေ၏။ မိုးကြိုးများ ပို၍ စုဝေးလာလေလေ ပိုအားကောင်းလာလေလေ သူထိန်းချုပ်နိုင်သည့် နေရာသည် နည်းပါးလာတော့သည်။သူက ဝမ်လင်းကို တွေ့မြင်နေရခြင်းကလည်း အတော်လေးကို စိတ်ပျက်မှု ခံစားရစေသည်။

“သူက အခုလောက် အချိန်ကြာကြာ ဘယ်လိုများ တောင့်ခံနိုင်ရတာလဲ။ငါက ဒီလို တောင့်ခံနိုင်ဖို့ အများကြိး အားစိုက်ထုတ်ထားရတယ်။ သူ့ကြည့်ရတာက လုပ်ရိုးလုပ်စဉ်တစ်ခုလိုပဲ။ မသက်မသာ ဖြစ်တာ ဘာတစ်ခုမှ ဖြစ်ပေါ်မနေဘူး…။ငါ အညံ့ခံဖို့ ငြင်းဆန်တယ်…”

ရှုထင်၏အသွင်က ပို၍ ကြမ်းကြုတ်လာ၏။သူ့မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်အခိုးငွေ့များသည်လည်း ပို၍ ထွက်ပေါ်လာနေသည်။

မိုးကြိုးစိတ်ဝိညာဉ်သည် ရုတ်တရက် လှည့်လာ၏။သူက ဝမ်လင်းကို ရန်မစဝံ့ပေ။ထို့ကြောင့် ၎င်းက ရှုထင်ကို စူးစိုက်ကြည့်သည်။သည့်နောက် ၎င်းက မာန်သွင်းကာ ထိုးထွက်လာတော့သည်။ ၎င်းက လှုပ်ရှားသည်နှင့် မိုးကြိုးကန်တစ်ခုလုံးသည် တဝုန်းဝုန်း ဖြစ်လာကာ မိုးကြိုးစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။ထိုအခါ ၎င်းသည် ရှေးဟောင်းမိုးကြိုး၏ဖိအားနှင့် ပြည့်လာတော့၏။၎င်းက ပါးစပ်ဟကာ ရှုထင်ကို ဝါးမြိုရန် တာဆူလာသည်။

ရှုထင်ပတ်လည်ရှိ မြူနက်ထုသည် အရူးအမူး လွင့်ပါးသွားနေ၏။သူသည် ဖြူရောလာကာ နောက်သို့ ဆုတ်ရတော့သည်။

ရှုထင်က မိုးကြိုးကန်အပြင်ဘက်သို့ ခြေချပြီးသည့်နောက် ချက်ခြင်း မာန်သွင်း အော်ဟစ်၏။

“ငါက အညံ့ခံဖို့ ဆန္ဒမရှိဘူး။ ဒီရှုမူက လှည့်စားနေတာပဲ…”

မိုးကြိုးစိတ်ဝိညာဉ်သည် ရှုထင်ကို ကြည့်၏။ထို့နောက် ၎င်းက ဝမ်လင်းထံသို့ လှည့်သွားသည်။၎င်းက မာန်သွင်းဟစ်အော်နေ၏။သို့သော် အနားသို့ ကပ်မသွားဝံ့ပေ။၎င်းက ဝမ်လင်းထံမှ ထွက်ပေါ်နေသည့်အော်ရာသည် တုန်လှုပ်စေသည်ဟု ခံစားနေရ၏။

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်၌ မိုးကြိုးတန်းနှစ်ခုသည် ထိုးထွက်သွားသည်။သူက မတ်တပ်ရပ်ကာ ခဏတာ စဉ်းစားကြည့်၏။ထို့နောက် လူအားလုံး၏အကြည့်အောက်၌ မိုးကြိုးကန်၏ ဗဟိုချက်မသို့ စတင် လျှောက်လှမ်းသွားတော့သည်။

ထိုမတိုင်မီက သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး ဖမ်းဆုပ်မိသည်ဟု ခံစားမိ၏။သည့်နောက် သူက ဗဟိုချက်မသို့ ရောက်လာပြီး ကြာပွင့်သဏ္ဌာန်ထိုင်ချကာ စတင် ကျင့်ကြံပြန်သည်။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို ကြောင်ရီသွားစေ၏။

“ဒီ…ဒီရှုမူက ဒီမိုးကြိုးတွေရဲ့ သက်ရောက်မှုကို မခံရဘူးလား။ သူက ဘယ်လိုနည်းလမ်းကိုများ ကျင့်ကြံတာလဲ…”

“ဒီမိုးကြိုးစိတ်ဝိညာဉ်က ရှုမူကို ကြောက်လန့်နေတဲ့ပုံပဲ။ဒီကိစ္စက တော်တော် ထူးဆန်းနေပြီ။ ဒီရှုမူက မရိုးရှင်းဘူးပဲ…”

ရှုထင်ပင် ပင့်သက်ရှိုက် အံ့အားသင့်သွား၏။သူက အချိန်အတန်ကြာ ကြည့်ပြီးနောက် ပြန်လှည့်ထွက်သွားသည်။သူက မြေကြီးစမ်းသပ်မှုမှာ ရှုမူအတွက် ဘာမှ မဟုတ်ကြောင်း သိရှိသွားခဲ့ပေပြီ။

ဗုံသံက ရပ်တန့်မသွားပေ။ထိုဗုံသံ ဆက်တိုက်မြည်ဟီးလာနေရင်း ဝမ်လင်းက မလှုပ်မယှက် ရှိနေတော့၏။မိုးကြိုးစိတ်ဝိညာဉ်သည် ဝမ်လင်းပတ်လည်၌ လှုပ်ရှားနေသည်။၎င်း၏အကြည့်က ပိုပို၍ ကြမ်းကြုတ်လာသည်။၎င်း၏စိတ်ဝိညာဉ်ထဲရှိ တစ်စုံတစ်ရာသည် ဝမ်လင်းကို ဝါးမြိုချင်လာအောင် နှိုးဆွနေ၏။အဆုံးသပ်၌ ထိုစိတ်ဆန္ဒသည် ၎င်း၏ စိတ်ထဲ၌ ပြည့်နှက်လာတော့သည်။

“သူ့ကို ဝါးမြိုလိုက်။ ဒါဆို မင်းက မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်…” ထိုအသံသည် ၎င်း၏ စိတ်ဝိညာဉ်ထဲ၌ ပေါ်လာနေ၏။ထိုအသံထဲ၌ လောဘနှင့် ပြည့်နှက်နေသည်။ထိုလောဘသည် မိုးကြိုးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည့်အထိ လှုံ့ဆော်လာတော့၏။၎င်းက ကွင်းပြင်ထဲရှိ မိုးကြိုးအားလုံးကို ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ စုဝေးလာစေနေသည်။မိုးကြိုးများ ပိုပို စုဝေးလာမိနေရင်း နောက်ဆုံးတွင် ၎င်းက မာန်သွင်းကာ တဟုန်ထိုး တိုးဝင်လာတော့သည်။

၎င်းက ရွှေ့လျားလာသည့်အခိုက်၌ မိုးကြိုးအားလုံးသည် အဆုံးမဲ့ မြည်ဟီးသည်။မိုးကြိုးများအားလုံး မိုးကြိုးစိတ်ဝိညာဉ်အပေါ်၌ စုဝေးလာသည့်အခါ ပြိုင်ပွဲကွင်းပြင်၏မျက်နှာပြင်ပေါ်တွင်ပင် အက်ကြောင်းများ ပေါ်လာတော့သည်။

ဝေါင်း…။မြွေပုံစံမိုးကြိုးစိတ်ဝိညာဉ်က လောဘတကြီး တဟုန်ထိုး တိုးဝင်လာနေသည်။၎င်းက ဝမ်လင်းထံသို့ နဂါးတစ်ကောင် ဖြစ်လာရမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် တိုးဝင်လာနေသည်။

မိုးကြိုးကန်တစ်ခုလုံးပါ ၎င်းနောက်သို့ ကပ်ပါလာသည့်အလား။အံ့မခန်းအားတစ်ခုသည် ဝမ်လင်းပေါ်သို့ ရုတ်တရက် နီးကပ်လာ၏။ထိုအခိုက်၌ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် မိုးကြိုးတန်းတစ်ခုသည် လင်းလက်သွားရင်း သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ထိုးထွက်လာလေတော့သည်။

ကောင်းကင်နှင့်မြေကြီးအောက်၌ ရှေးဟောင်းမိုးကြိုးနဂါးများက မိုးကြိုးအားလုံး၏ တမန်တော်များ ဖြစ်ကြ၏။ ဝမ်လင်းသည် ၎င်းနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခဲ့ရခြင်း မရှိပေ။သို့သော် သူက အကျိုးများစွာ ရရှိခဲ့သည်သာ ဖြစ်သည်။သူက ရှေးဟောင်းမိုးကြိုးနဂါးနှင့် ပေါင်းစပ်ပြီးသည့်နှင့် လောကရှိ မိုးကြိုးအားလုံးသည် သူ့လက်ဖဝါးပေါ်သို့ ကျရောက်လာရပေမည်။

ရှေးဟောင်းမိုးကြိုးနဂါး ပေါ်လာသည့်အခိုက်တွင် မိုးကြိုးစိတ်ဝိညာဉ်၏ မြွေပုံစံခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသည်။ဝမ်လင်း၏မူလစိတ်ဝိညာဉ် ရှေးဟောင်းမိုးကြိုးနဂါးထံမှလာသည့်အော်ရာသည် ၎င်းကို ခုခံနိုင်ဖို့ မစွမ်းသာအောင် ခံစားစေ၏။ထိုခံစားချက်သည် ၎င်း၏စိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာခြင်းပင်။

သို့ရာတွင် ၎င်း၏စိတ်ဝိညာဉ်ထဲမှ အရူးအမူး အော်သံသည် ပိုပို ပြင်းထန်လာနေ၏။

“သူ့ကို ဝါးမြိုလိုက်…။ဒါဆို မင်းက မိုးကြိုးနဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset