လောစု၏မျက်လုံးသည် အေးစက်လာသည်။သူက ထိုလူသည် တန်လင်းဂြိုဟ် ရှုမိသားစုမှ လာသည်ကို တွေးမိကာ သူ့ဒေါသကို ဖိနှိပ်၍ အေးစက်စက် ပြော၏။ “အရည်အချင်း ပြည့်မှီတယ်…”
ရွှေရောင်ဘီလူးကို ဝါးမြိုပြီးနောက် ရှုထင်က ကျယ်လောင်စွာ ရယ်မောပြီး လှံနက်နှင့်အတူ နောက်ပြန်ဆုတ်သည်။သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ ပြန်ရောက်သည့်အခါ သူက ဝမ်လင်းကို ရန်စသည့်အကြည့်ဖြင့် ကြည့်သည်။
လောစု၏အသွင်က သုန်မှုန်နေသည်။သူက နောက်ထက် လက်ညှိုးထပ်ထိုးလိုက်သည်။ သည်တစ်ကြိမ်၌ သူ့လက်ညှိုးညွှန်ချက်သည် ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။
“မင်း…ဆင်းလာခဲ့…” လောစု၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက ဝမ်လင်း၏မျက်နှာကို နဂိုထဲက သိရှိခဲ့ပြီး ဖြစ်သည်။သူ ပထမစမ်းသပ်မှုအတွက် ဒိုင်လာလုပ်ရသည့် နောက်ထပ်အကြောင်းပြချက်က ဝမ်လင်းပင် ဖြစ်၏။
ဝမ်လင်းက တည်ငြိမ်လျက်ပင်။သူက ကွင်းပြင်ထဲသို့ တည်တည်ငြိမ်ငြိမ် ဆင်းသက်လာ၏။လောစုက ဝမ်လင်းသည် နှေးကွေးလှသည်ဟု ခံစားမိကာ အေးစက်စက်နှာခေါင်းရှုံ့၍ သူ့လက်ကြီးတစ်ဖက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်သည်။
ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ထိုလက်ကြီးထွက်ပေါ်လာသည့်အခါ သူက မရှောင်ဘဲ၊မခုခံဘဲ နေပါက လူသားစမ်းသပ်မှုမတိုင်ခင် ဒဏ်ရာ ရသွားမည် ဖြစ်၏။
ဝမ်လင်းသည် အခြားလူများ သူ့အပေါ် အနိုင်ကျင့်သည်ကို လက်ခံတက်သည့် လူစားမျိုး မဟုတ်ပေ။သူ့မျက်လုံးက အေးစက်လာကာ သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးသည် ချက်ခြင်း ပွင့်လှစ်လာ၏။သူ့မျက်လုံးထံမှ အနီရောင်အလင်းတန်းသည် ယပ်တောင်အသွင်ဖြင့် ထွက်ပေါ်လာပြီး ထိုလက်ကြီးကို ချက်ခြင်း ဖုံးလွှမ်းသွားတော့၏။
သူက ရပ်တန့်ခြင်းမရှိဘဲ ဆက်၍ လျှောက်လှမ်းလာ၏။အနီရောင်အလင်းသည် လက်ကြီးကို ဖုံးအုပ်ထားရင်း ထိုလက်ထံကနေ တစီစီအသံများထွက်ပေါ်ကာ ပျောက်ကွယ်သွားတော့၏။ဝမ်လင်းက ကွင်းပြင်ထဲသို့ ရေက်ရှိလာကာ လောစုကို တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီး ငါ့ကို အကြံပေးပါ…”
အရှင်မီးတောက်က ထိုအဖြစ်ကို မြင်သည့်အခါ သူ့မျက်လုံးသည် တောက်ပသွား၏။သူက အနီရောင်အလင်းတန်းကို မြင်သည့်အခါ ဉာဏ်ပညာအရိပ်အမြွက်ကို တွေ့ရှိလိုက်ရသလို ဖြစ်နေသည်။ သူ ဝမ်လင်းကို ကြည့်နေသော အကြည့်ထဲ၌ လေးစားမှုအရိပ်အမြွက်ပင် ပါနေသည်။
“ဒီကောင်လေးက ဒီလိုမန္တာန်မျိုးကို သိနေတာပဲ။ ဒါက စွမ်းအား ကင်းမဲ့တယ်ဆိုပေမဲ့ မြင့်မြတ်တဲ့တာအို ပါဝင်နေတယ်…”
ချင်းရွှေက ဝမ်လင်းကို တစ်ချက်သာ တည်ငြိမ်စွာကြည့်၍ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။
သူတို့နှစ်ယောက်အပြင် အခြားမွန်းစတားအိုကြီးများ၏ မျက်လုံးသည်လည်း လက်ခနဲ ဖြစ်သွားကြသည်။သွေးနတ်ဘုရားတစ်ယောက်သာ သုန်မှုန်စွာ ရှိနေကာ စိတ်ထဲကနေ ရှုံ့ချနေ၏။
သူတို့အပြင် တတိယမျက်လုံးသည် သာမန်မဟုတ်မှန်း သိသည့် လူအနည်းငယ်လည်း ရှိနေသေး၏။ရှီဇီဖန်၏ဘိုးဘေးက သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်သည်။ “ဒီကောင်လေးက ငယ်ရွယ်ပေမဲ့ ဒီလိုကောင်းမွန်လှတဲ့ ကျင့်ကြံခြင်း ရှိနေတယ်။သူက တကယ့်ကို မရိုးရှင်းဘူးပဲ…”
လောစုက ပို၍ သုန်မှုန်လာ၏။ဝမ်လင်း၏ မန္တာန်သည် သူ့ကို အနည်းငယ် တုန်လှုပ်စေသည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လာ၏။ရွှေရောင်ဘီလူးကြီးသည် ချက်ခြင်း ပေါ်ထွက်လာပြန်သည်။၎င်းက ပေါ်လာသည်နှင့် မူလစိတ်ဝိညာဉ်ကို တုန်ယင်စေသည့် အား တစ်ခုကို သယ်ဆောင်ကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
ခြေသုံးလှမ်း လှမ်းပြီးနောက် ရွှေရောင်ဘီလူးသည် ၎င်း၏ လက်သီးချက်ကို ပစ်သွင်းလာသည်။၎င်း၏လက်သီးချက်၌ မူလစိတ်ဝိညာဉ်ကို သက်ရောက်သည့် စွမ်းအားတစ်ခု ပါဝင်သည်။ဝမ်လင်းသည် ထိုအရာကို အစောကတည်းက လေ့လာခဲ့ပြီး ဖြစ်သည်။ဤအခိုက်၌ ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အတားအဆီးများသည် သူ့ရှေ့၌ ချက်ခြင်း ပေါ်လာ၏။
သူ့ပတ်လည်တွင် အတားအဆီးများ ပေါ်ထွက်လာကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ချက်ခြင်းပင် ယင်းအတားအဆီးများက ခွဲထွက်ကာ ပတ်ဝန်းကျင်ကို ခြုံလွှမ်းသည်။
ရွှေရောင်ဘီလူးနီးကပ်လာသည့်အခိုက်၌ ထိုအတားအဆီးများသည် ဝမ်လင်း၏ လက်ညွှန်မှုနှင့်အတူ ပျံဝဲထွက်သွားကြသည်။ဝမ်လင်းက တည်ငြိမ်စွာ ဆိုသည်။ “ချိပ်ပိတ်ခြင်း…”
မရေမတွက်နိုင်သော အတာအးဆီးများသည် ရွှေရောင်ဘီလူးကို ဝန်းရံသွားသည်။ အတားအဆီးများ တစ်လွှာပြီးတစ်လွှာ ရွှေရောင်ဘီလူးပေါ်သို့ ကျရောက်၏။၎င်းက ဝမ်လင်းနှင့် နီးကပ်လာချိန်၌ ၎င်းသည် ဆက်၍ ရွှေ့လျားခြင်း မရှိတော့ဘဲ ဝမ်လင်း၏ ပိတ်လှောင်ခြင်းကို လုံးဝ ခံလိုက်ရသည်။
ဝမ်လင်းသည် ပြိုင်ပွဲကွင်းပြင်ထဲသို့ ခြေချလိုက်ချိန်ကတည်းက တစ်လက်မမျှ ရွှေ့လျားခြင်း မရှိသေးပေ။ခုချိန်၌ သူက လောစုကို အေးစက်စက် စိုက်ကြည့်နေရင်း ရွှေရောင်ဘီလူးကို လုံးဝ လစ်လျူရှုထားသည်။သူက နောက်သို့ လှည့်၍ လျှောက်လှမ်းသွားတော့သည်။
သူ့အနက်ရောင်ဆံပင်များက လွင့်ဝဲနေ၏။အဖြူရောင်ဝတ်စုံက သူ့ကို ပို၍ တင့်တယ်စေသည်။သူ့ပုံပန်းသွင်ပြင်က သာမန်သာ ဖြစ်သော်လည်း သူ့ပတ်လည်၌ မပြောသာသည့် လွှမ်းမိုးမှုတစ်ခု ရှိနေ၏။
ပထမဆုံးစမ်းသပ်မှုကို ဖြတ်ကျော်ခြင်း၌ သည်လောက် လွယ်ကူနေခြင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို အာရုံစိုက်လာစေ၏။ရှုထင်က ဝမ်လင်းကို ကြည့်၏။သူ့မျက်လုံးထဲ၌ အနီရောင် လင်းလက်နေသည်။
ရှီဇီဖန်၏နှလုံးသားက ခုန်ပေါက်နေသည်။ဝမ်လင်းကို ကြည့်နေချိန်၌ သူမ၏ မျက်နှာသည် အနည်းငယ်ပင် နီမြန်းနေသည်။
“ဒီလူရဲ့အတားအဆီးတွေက အားကောင်းလွန်းလှပေတယ်…” လက်ခြောက်ချောင်းကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ချိပ်ပိတ်ခြင်းခံထားရသည့် ရွှေရောင်ဘီလူးကို ကြည့်နေသည်။
ခေါင်းကြီးကောင်လေးကလည်း အရူတစ်ယောက်လို အပြုံးကို တပ်ဆင်၏။သူ့အပြုံးထဲ၌ အေးစက်မှုတစ်ခု ပါဝင်နေသည်။
လောစု၏မျက်နှာသည် ရှုံ့တွနေသည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။သူက သူတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည့် လွန်ခဲ့သောနှစ်ရက်က ကြားခဲ့ရသည့်အရာကို ပြန်မှတ်မိသွားကာ ဒေါသထွက်လာခဲ့သည်။ထိုသတင်းမှာ သူ့အစ်ကိုသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲ၌ ရှုမူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် ဟူ၍ပင်။
“ဒီရှုမူက ခုလက်ရှိမှာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ ရောက်နေပြီး ကောင်းကင်ဦးစီး ပြိုင်ပွဲမှာ ဝင်ပြိုင်နေတယ်…”
လောစု၏မျက်လုံးသည် အေးစက်လာသည်။သူက သည်လူ့ကို သည်နေရာတွင် မသတ်လိုပေ။သို့သော် သည်အတိုင်း ပထမဆုံးစစ်ဆေးမှုကိုလည်း ကျော်ဖြတ်ခွင့် မပေးနိုင်ချေ။ ရှုမူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကနေ ထွက်ခွာပြီးမှ သူက သတ်ပစ်ပေမည်။
လောစုက နှာခေါင်းရှုံ့၏။သူ့နတ်ဘုရားအာရုံသည် မြင့်တက်လာကာ ချိပ်ပိတ်ခံထားရသော ရွှေရောင်ဘီလူးသည် တောက်ပလာ၏။ထိုအခါအတားအဆီးများ တစ်ခုပြီးတစ်ခုသည် ပျက်စီးသွားတော့သည်။
ရွှေရောင်ဘီလူးက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။ထိုအခါ ၎င်း၏ လက်ထဲ၌ ရွှေရောင်ဓားတစ်လက် ပေါ်လာသည်။၎င်းက ယင်းဓားဖြင့် ဝမ်လင်းထံသို့ ဝှေ့ယမ်းလိုက်တော့သည်။
လောစု၏နတ်ဘုရားအာရုံ မြင့်တက်လာချိန်၌ ဓားတစ်လက် ရှိလာရုံသာမက ဓားအလင်းသည် ပေတစ်ထောင်ကျော်ထိ မြင့်တက်လာကာ ရင်ပြင်ထက်၌ ရွှေရောင်ဘီလူးနှစ်ကောင် ထပ်၍ ပေါ်လာသည်။၎င်းတို့က ဝမ်လင်းရှိရာသို့ ဦးတည် ဝင်ရောက်သွားကြသည်။
ရွှေရောင်ဘီလူးသုံးကောင်သည် မြန်ဆန်လွန်းလှသည်။၎င်းတို့က ဝမ်လင်းထံသို့ တရကြမ်းတိုးဝင်၏။ဝမ်လင်း၏မျက်လုံးသည် ကြမ်းကြုတ်လာသည်။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်စေပြီး ဘီလူးတစ်ကောင်ကို ပိတ်ဆို့ရန် အတားအဆီးများ ပေါ်ထွက်လာစေသည်။တစ်ချိန်တည်းမှာ သူ့လက်ကို ပင့်မြှောက်ကာ နောက်တစ်ကောင်ပေါ်သို့ ခုတ်ပိုင်းချ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် ဆယ့်နှစ်ချက်သည် ချက်ခြင်း ပေါ်ထွက်လာသည်။၎င်းတို့က အတားအဆီးများကို ဖြတ်ကျော်ကာ ဒုတိယမြောက်ဘီလူးထံသို့ တိုးဝင်သွားသည်။တတိယမြောက်ဘီလူးအတွက်မူ ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်၏။ခြောက်သွေ့တာအိုတစ်စုံသည် ရုတ်တရက် တောက်ပလာ၏။ မကောင်းဆိုးဝါးအော်ရာသည် ရုတ်တရက် ကောင်းကင်နှင့်မြေကြီးကြားတွင် ပြည့်နှက်လာတော့သည်။
တတိယရွှေရောင်ဘီလူးသည် ချက်ခြင်း မှိန်ဖျော့သွား၏။မီးခိုးရောင်အလင်းသည် တလက်လက် ဖြစ်လာ၏။ဝမ်လင်းက တုံ့ဆိုင်းမနေချေ။ သူ့လက်နှစ်ချောင်းကို ဓားအသွင် ဖြစ်စေကာ ထိုရွှေရောင်ဘီလူးကြီး၏ခန္ဓာကိုယ်ပေါ်သို့ ညွှန်သည်။
ရွှေရောင်ဘီလူးကြီးသည် ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသွားသည်။တစ်ချိန်တည်းမှာပင် အတားအဆီးများနှင့် ကောင်းကင်ခုတ်ပိုင်းခြင်း ဓားချက်တို့ ပေါင်းစည်းမှုက အခြားရွှေရောင်ဘီလူးများကို ပျက်စီးသွားစေသည်။
သို့သော်လည်း ရွှေရောင်ဘီလူးသုံးကောင် ပျက်စီးသွားသည့်အခိုက်၌ လောစုသည် လှုပ်ရှားလာ၏။ ပထမဆုံးအကြိမ်အဖြစ် သူက ကိုယ်တိုင်လှုပ်ရှားလာခြင်းပင်။သူက မြန်ဆန်လွန်းလှရာ ဝမ်လင်းထံသို့ နီးကပ်လာကာ လက်ညွှန်လိုက်၏။
ထိုလက်ချောင်း တိုက်ခိုက်မှု ထွက်ပေါ်လာချိန်၌ လောစုသည် သူ့ကျင့်ကြံမှုကို အပြည့်အဝ အသုံးပြုထားသည်။သူ့လက်ချောင်းကနေ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံမှုများ ပေါက်ကွဲထွက်လာတော့၏။ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။သူက နောက်ဆုတ်ရန် နောက်ကျသွားခဲ့ပြီ။ထို့ကြောင့် သူ့ပါးစပ်ကို ဟကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်လိုက်၏။
လောစု၏လက်ချောင်းသည် တံဆိပ်တုံးကို ညွှန်ကာ တုန်ခါစေသည်။ဝမ်လင်းသည် လက်ချောင်းထံမှ ထွက်ပေါ်လာနေသည့် ပြင်းထန်သောအားတစ်ခုကို ခံစားမိသည်။ထိုအားသည် သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်ခြင်း မရှိပေ။သို့သော် သူ့မူလစိတ်ဝိညာဉ်ပေါ်သို့ တိုက်ရိုက် သက်ရောက်လာသည်။၎င်းအားက သူ့မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲကနေ သုံးလက်မခန့် လွတ်ထွက်သွားစေသော်လည်း မ်လင်းက ပြန်ဆွဲယူလိုက်၏။ လောစုက ညစ်ကျယ်ကျယ်ပြုံးကာ သူ့လက်ချောင်းတိုက်ခိုက်မှုကို ရုတ်သိမ်းကာ နောက်သို့ ဆုတ်သည်။
“အရည်အသွေး မပြည့်မှီဘူး…” လောစုက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ကောင်းကင်ထက်ရှိ အခြားတစ်ယောက်ကို လက်ညွှိုးထိုးသည်။ “မင်း…ဆင်းလာခဲ့…”
လောစု၏လုပ်ဆောင်မှုများက စွန့်စားလိုက်သည်ဟု ယူဆ၍ ရ၏။တကယ်တော့ သည်တိုက်ပွဲသည် လူအများ စောင့်ကြည့်နေကြ၏။သို့သော်လည်း သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ အထူးပုံရိပ်တစ်ခု ရှိသည်ဟု သတ်မှတ်နိုင်သည်။ထို့အပြင် သူက ဘောင်ကျော်လိုက်သည်ဟုပင် မခံစားမိပေ။ထို့ကြောင့် သူ့လုပ်ဆောင်မှုအတွက် အများကြိီး တွေးမနေတော့ချေ။
လောစု လက်ညွှန်ခြင်းခံရသည့် ကျင့်ကြံသူက အောက်သို့ ဆင်းလာ၏။သို့ရာတွင် ထိုအခိုက်အတန့်၌ လောစုနှင့် ပေတစ်ရာကျော်အကွာသို့ ရောက်သွားသည့် ဝမ်လင်းထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာတော့၏။
“အရည်အသွေး မပြည့်မှီဘူးလား…” ဝမ်လင်းက သည်နေရာသို့ လာရောက်ယှဉ်ပြိုင်ခြင်းသည် သူ အနိုင်ရကာ ပထမနေရာကိုပါ ယူမည်ဟု ဆုံးဖြတ်ထားပြီးမှ ရောက်လာခြင်း ဖြစ်၏။သို့သော်လည်း လောစု၏စကားများက သူ့ကို လာ၍ ထိပါးတော့၏။
သူက အမှန်တကယ် အရည်အသွေး မပြည့်မှီလျှင်ပင် အဆင်ပြေသေးသည်။သို့သေ်ာ အခု လောစုက တမင်သူ့ကို ချနင်းသည်မှာ သိသာနေ၏။ဝမ်လင်း၏မျက်လုံးသည် အလွန်အမင်း အေးစက်လာသည်။သူက ဆင်းသက်လာသည့် ကျင့်ကြံသူကို ကြည့်ပင်မကြည့်ဘဲ ခြေတစ်လှမ်းဖြင့် ရှေ့သို့ ရောက်သွားသည်။
“သင်က ငါ့ကို အရည်အသွေး မပြည့်မှီဘူးလို့ ပြောတယ်ပေါ့…” ဝမ်လင်း နီးကပ်လာသည်နှင့် သူထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်။နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်က သူ့အတွက် လိုက်မှီရန် အလှမ်းဝေးလွန်းသည့် အရာတစ်ခု မဟုတ်ပေ။သူက စတင်ကျင့်ကြံခဲ့ကတည်းက သတ်ဖြတ်ခြင်းလမ်းကို လျှောက်လှမ်းခဲ့သူလည်း ဖြစ်၏။သူက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရမည်ဟု ယုံကြည်ချက် မရှိသော်လည်း အခုလိုပုံစုံမျိုးနှင့် ထွက်သွားရမည်ကို ကျေနပ်နေလိမ့်မည် မဟုတ်ပေ။ထို့အပြင် ချင်းရွှေသည် နေရာတွင် ရှိနေပါက သူက ဘာကိုမှ ကြောက်နေမည် မဟုတ်ချေ။
ဝမ်လင်းက တဟုန်ထိုး တိုးဝင်လာရင်း လေဆင့်ခေါ်ခြင်း မန္တာန်သည် ဤဧရိယာ၌ လွှမ်းခြုံလာ၏။အနက်ရောင်လေပြင်းသည် တဝေါဝေါ မြည်ဟီးကာ ကောင်းကင်ကို ဖုံးအုပ်၍ အနက်ရောင်နဂါးနှစ်ကောင် ပေါ်ထွက်လာသည်။ထိုနဂါးနှစ်ကောင်က ဟိန်းသံပေးကာ လောစုထံသို့ ဦးတည်ဝင်လာကြသည်။
လောစု၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက အေးစက်စွာ ပြုံးသည်။ “မင်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ဖိဆန်ဝံ့တာလား…”
သူက ရှေ့သို့ ရွှေ့လျားလာသည်။သူ့နတ်ဘုရားအာရုံကလည်း ပျံ့နှံ့လာ၏။ရွှေရောင်ဘီလူးကိုးကောင်သည် ချက်ခြင်း ပေါ်ထွက်လာသည်။
ထိုဘီလူးကိုးကောင်သည် ပေတစ်ထောင်ကျော်မြင့်မားကာ ဓားကြီးများ ကိုင်ဆွဲထား၏။၎င်းတို့က တပြိုင်နက်တည်း မာန်သွင်းကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာကြသည်။
ဝမ်လင်းက အားပါးတရ ရယ်မော၏။ထိုရယ်သံထဲ၌ အဆုံးမဲ့အေးစက်မှု ပါဝင်နေသည်။သူ့ညာလက်ကို လေထဲသို့ ပင့်မြှောက်လိုက်ရာ ကံကြမ္မာကျာပွတ် ထွက်ပေါ်လာတော့သည်။နဂါးနက်နှစ်ကောင်သည် ဟိန်းသံပေးရင် ကျာပွတ်ရိုက်ချက်သည် တရွှတ်ရွှတ် ထွက်ပေါ်လာတော့သည်။
ကံကြမ္မာကျာပွတ်သည် အရူးအမူး လှုပ်ရှားသွားရာ ချက်ခြင်းလိုလို ဘီလူးသုံးကောင်သည် ပျက်စီးသွား၏။ဝမ်လင်းသည် လောစုထံသို့ သတ်ဖြတ်ခြင်စိတ်အပြည့်ဖြင့် တိုးဝင်လာနေသည်။
ကံကြမ္မာကျာပွတ်ကို ကြည့်ကာ လောစု၏အသွင်က အနည်းငယ် ပြောင်းလဲသွား၏။
ချင်းရွှေ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားကာ သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒါက ငါ့ဆရာပေလောရဲ့ တပည့်တစ်ယောက်နဲ့ ပိုတူလာပြီ…”
***