Switch Mode

အခန်း (၅၁)

နေရာတိုင်းတွင် ပုန်းအောင်းနေသော အန္တရာယ်များ

အခန်း (၅၁) နေရာတိုင်းတွင် ပုန်းအောင်းနေသော အန္တရာယ်များ

ကျောက်ရှန်းက ကျောက်ဟိုကို မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်နေသည်။ သူ့ကို ကြည့်ရင်း ကျောက်ဟိုက ရယ်မောလျက် ခေါင်းယမ်းလိုက်သည်။

သာမာန်ဖြစ်ရိုးဖြစ်စဉ်အရ သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ကျောက်ရှန်းသည် ကျောက်ဟိုကဲ့သို့ သိုင်းစစ်သည်တစ်ယောက်ကို ဖုန်ခါလိုက်ရုံမျှဖြင့် အလွယ်တကူ အနိုင်ယူနိုင်လောက်သည်။

သို့ရာတွင် ကျောက်ဟို၏အကြည့်ထဲတွင် သတိထားမှု၊ ကြောက်ရွံ့မှု လုံးဝ မပါဝင်ပေ။ ဆန့်ကျင်စွာဖြင့် သူသည် အလွန်အမင်း တည်ငြိမ်နေပုံရသည်။

ထိုတည်ငြိမ်မှုထဲတွင် ကျောက်ရှန်းကို အထင်သေးမှု တစွန်းတစပါ ပါဝင်နေသည်။

ရန်ကျောက်ကဲက အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်သည်။ “သူ ကျောက်ရှန်းကို ကြည့်တဲ့အကြည့်နဲ့ ငါ့ကို ကြည့်တဲ့အကြည့်က ဘာမှ မကွာဘူးပဲဟ…”

သူ့မျက်လုံးထဲမှာ ကျောက်ရှန်းနဲ့ ငါက အဆင့်တူတွေလား”

ရန်ကျောက်ကဲ စိတ်ထဲမှာ ရယ်မောနေ၏။

ကျောက်ဟိုက ညင်သာစွာ မေးလိုက်သည်။ “ဘယ်လိုအရာမျိုးကိုများ တတိယအကိုတော်က တောင်းဆိုချင်တာလဲ”

ကျောက်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “အချိန်တိုအတွင်း ညီတော်ဆယ့်ခြောက်ရဲ့ကျင့်ကြံမှုက တဟုန်ထိုး တိုးတက်လာတယ်၊ ဒါပေမယ့် မင်းရဲ့ တိုက်ပွဲအတွေ့အကြုံက အတော်နည်းပါးနေသေးတယ်”

မင်းကို အကူအညီပေးဖို့ ငါ့အောက်မှာ မင်းနဲ့ လိုက်ဖက်တဲ့ လူတချို့ရှိတယ်၊ ညီတော်ဆယ့်ခြောက် ခဏလောက် လေ့ကျင့်လိုက်ဦး”

အတွေ့အကြုံတွေပိုရလာမှ မင်းက သေခါနီးလူတွေကိုပဲ အနိုင်မယူနိုင်မှန်း ငါတို့ လက်ခံနိုင်မယ်၊ မဟုတ်ရင် တကယ့် သေရေးရှင်ရေးအခြေအနေနဲ့ ကြုံတွေ့လာရင် ကံဆိုးမိုးမှောင်ကျတဲ့သူက မင်းဖြစ်သွားလိမ့်မယ်”

ကျောက်ဟို၏မျက်လုံးများထဲမှ အထင်သေးမှုက ပိုမို ကြီးမားလာသည်။ သူ ကျောက်ရှန်းကို ကြည့်သည့်ပုံစံမှာ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်က မရင့်ကျက်သေးသော ကလေးတစ်ယောက် ဉာဏ်များနေသည်ကို ကြည့်နေသည်နှင့် ဆင်တူနေသည်။

ဘာမှ ထပ်မပြောတော့ဘဲ သူဓားကို ထုတ်ကာ နေရာမှာတင် ရင်ကော့ပြီး ရပ်နေသည်။ “ဘယ်သူက ငါ့ကို သင်ပြချင်တာလဲ”

အခြားသူများက သတိမထားမိသော်လည်း ရန်ကျောက်ကဲမှာ ဤနေရာရှိ အခြားသူများထက် အမြင်စူးရှသည်။

ရန်ကျောက်ကဲ၏အမြင်အရ ကျောက်ဟို ဓားထုတ်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ လေထုသည် ရုတ်ချည်း ပြောင်းလဲသွား၏။

ကြမ်းတမ်းခက်ထန်၏။ အထိန်းအကွပ်မဲ့၏။ ထက်ရှသော ဓားသွားကို လျစ်ဟလိုက်သည့်အလားပင်ဖြစ်၏။

ထိုအချိန်တွင် ကျောက်ဟိုသည် မိုးကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ကို ထိုးခွင်းတော့မည့် ဓားအိမ်မှထွက်လာသော ဓားတစ်ချောင်းနှင့် ဆင်တူနေ၏။

၎င်းမှာ သူ့အရှိန်အဝါကြောင့်ဖြစ်လာသော ခွန်အားသက်သက်ဖြစ်ပြီး ဖော်ပြ၍ မရနိုင်သော်လည်း အမှန်တကယ် တည်ရှိနေသည်။

လက်ရှိ ကျောက်ဟိုသည် အမှန်စင်စစ် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကမ္ဘာပေါ်ရှိ လူအများစုကို အမိန့်ပေးနိုင်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။

သူ့ပုံစံမှာ သိုင်းဆရာသခင်ကြီးတစ်ယောက်က မလောက်လေးမလောက်စားကောင်၏ ရှေ့တွင် ရပ်နေသည့်အလားပင်။

ရန်ကျောက်ကဲ မျက်ခုံးပင့်သွားသည်။ “စိတ်ဝင်စားစရာပဲ၊ မဟုတ်မှလွဲရော…..”

ကျောက်ရှန်းက ကျောက်ဟိုကို မသေမရှင်ဖြစ်သည်အထိ ရိုက်နှက်ပစ်ချင်သော်လည်း သူက သိုင်းပညာရှင်အဆင့်သို့ ရောက်နေသူဖြစ်ပြီး ကျောက်ဟိုထက် ဆယ်နှစ်ခန့် ကြီးလေသည်။

ကျောက်ဟိုက မရိုမသေ၊ မလေးမစား ဆက်ဆံသော်လည်း အခြားသူများနှင့် အထူးသဖြင့် ရန်ကျောက်ကဲ၏ရှေ့တွင် ကျောက်ဟိုအား ကိုယ်တိုင်ဆုံးမချင်စိတ်ကို ကျောက်ရှန်း ချုပ်တီးထားရသည်။

သို့သော် သူသည် ကျောက်ဟိုကို အလျော့ပေးရန် မရည်ရွယ်ထားပေ။

ကျောက်ဟိုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ အဆင့်ရှစ်၊ ချီလှည့်ပတ်ခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးသည်။ သူ့အတွက် ကျောက်ရှန်း ရွေးချယ်ထားသော ပြိုင်ဘက်မှာ အဆင့်တူ ချီလှည့်ပတ်ခြင်းအလယ်အလတ်အဆင့်တွင်သာ ရှိနေသော်လည်း ရန်လိုခက်ထန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုသူမှာ သွေးထွက်သံယိုများကြားတွင် ရှင်သန်လာခဲ့သော အတွေ့အကြုံရင့် လူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလေသည်။

သူ့တစ်ကိုယ်လုံးမှ လူသတ်အငွေ့အသက်များမှာ ထူထဲလှသည့်အတွက် အတွေ့အကြုံနည်းပါးသော လူများဆိုလျှင် မတိုက်ခိုက်ရသေးခင်မှာတင် ပြိုလဲသွားနိုင်ကာ သူ စိတ်ကြိုက်သတ်ဖြတ်ရန် သိုးငယ်လေးများသဖွယ် လည်စင်းပေးရသလို ဖြစ်သွားနိုင်သည်။

သို့သော်လည်း ကျောက်ဟိုသည် အားထုတ်စရာပင်မလိုဘဲ တစ်ကွက်တည်းဖြင့် သူ့ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ကျောက်ဟို၏ဓားတစ်ချက်တည်းဖြင့် ထိုလူ၏လက်တစ်ဖက် လေထဲသို့ ပျံသန်းသွားခဲ့သည်။

သူ့ရက်စက်မှုကို မြင်ရသောအခါ အားလုံး ပင့်သက်ရှိုက်လိုက်မိသည်။

သတ္တိကောင်းလှချည်းလား” ဒေါသပေါက်ကွဲသွားသော ကျောက်ရှန်းသည် သူ့လက်ကို ယမ်းလိုက်ကာ ချီလှည့်ပတ်ခြင်းနှောင်းပိုင်းအဆင့်ဓားသမားတစ်ယောက် ထွက်လာသည်။

ဓားသမားသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုး၊ ချီလည်ပတ်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီး အဆင့်တစ်ဆယ်ရောက်ရန် သိပ်မလိုတော့ပေ။

ကျောက်ဟိုက ဂရုမစိုက်ပေ။ သူ့ဓားကို ပွတ်သပ်လျက် ရယ်မောလိုက်သည်။ “လာ….အကုန်လုံး အတူတူပဲ”

ထိုနှစ်ယောက် တိုက်ပွဲ၏ရလဒ်က အားလုံးကို အံ့အားသင့်သွားစေသည်။

သည်တစ်ကြိမ်မှာလည်း ကျောက်ဟိုပဲ အနိုင်ရသွားပြန်သည်။

ကျောက်ဟိုက ကျယ်လောင်စွာ ရယ်မောလျက်ရှိသည်။ “နောက်ထပ်စိန်ခေါ်မယ့်သူက ခန္ဓာကိုယ်သန့်စင်ခြင်းရဲ့ နောက်ဆုံးအဆင့်ကလား ဒါမှမဟုတ် တတိယအကိုတော် ကိုယ်တိုင်လား”

ထိုသို့ ပြောနေရင်း သူ့ခန္ဓာကိုယ်ထဲမှ တဖျစ်ဖျစ်မြည်လာပြီး မိုးချိန်းသံ ခပ်တိုးတိုးပါ ကြားရသည်။

မိုးချိန်းသံက ကောင်းကင်မှ မဟုတ်ပေ။ ကျောက်ဟို၏ခန္ဓာကိုယ်ထဲမှ ဖြစ်သည်။

လူတိုင်းပဲ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ “အတွင်းချီက အရိုးထဲဝင်၊ မိုးချိန်းသံက ရိုးတွင်းခြင်ဆီကို သန့်စင်တဲ့အသံလား၊ ဒါ…ချီလည်ပတ်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားလို့၊ ပထမအကြိမ် ရိုးတွင်းခြင်ဆီ သန့်စင်နေတာလား”

ဤသည်ကို မြင်လျှင် ရန်ကျောက်ကဲ၏ဘေးမှ ဖန်းယွမ်ရှန်းသည် ပြုံးမိသွားပြီး ရန်ကျောက်ကဲအား ကြည့်လိုက်သည်။

သူမ ထုတ်မပြောသော်လည်း အစောပိုင်းက ရှောင်ရှန်းနှင့် ရန်ကျောက်ကဲ ရင်ဆိုင်စဉ်က မြင်ကွင်းကို ပြန်သတိရသွားပုံရသည်။

သို့ရာတွင် ရန်ကျောက်ကဲက မပြုံးပေ။ ကျောက်ဟိုကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။

ဒီလူက အစွမ်းကုန် မသုံးသေးဘူး၊ သူ ကျွမ်းကျင်တဲ့ ဓားနည်းစနစ်တွေကို ထုတ်မသုံးသေးဘူး”

ရန်ကျောက်ကဲသည် သူ့အနားမှ လူများထက် အများကြီး ပိုမြင်နိုင်သည်။ “အဆက်မပြတ်တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် တစ်ပွဲပြီး တစ်ပွဲ လျင်လျင်မြန်မြန် အဆုံးသတ်သွားတယ်၊ ဒါကို ကြည့်ရင် သူ့အသိပညာနဲ့ အတွေ့အကြုံက သူ့ပြိုင်ဘက်ထက် အများကြီး သာလွန်တယ်၊ သူ့လက်ထဲက ဓားကို ထိန်းချုပ်တဲ့ နေရာမှာကောပဲ”

 “ငါ့လို ဝါးကိုင်းကို ဓားတစ်ချောင်းလို အသုံးပြုသလိုမျိုး၊ သူ့အတွင်းချီတောင် သုံးစရာမလိုဘဲ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အထွတ်အထိပ်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေကို သူတို့ခေါင်းတွေ ဘုသီးထတဲ့အထိ ရိုက်နှက်နိုင်တယ်”

ဒီလူ့ရဲ့ ဓားပညာက အတော် မြင့်မားနေပြီ၊ တကယ့်ဓားတစ်ချောင်းရဲ့နေရာမှာ သစ်သားဓား၊ ဝါးဓားကိုတောင် အလွယ်တကူ အသုံးပြုနိုင်နေပြီ၊ ဓားမဲ့အဆင့်ဆိုတာ သူ့အတွက် ဘာမှ မဟုတ်သေးဘူး၊ သူ ဓားကို မြတ်နိုးလွန်းတဲ့အတွက် ဓားနဲ့ မခွဲခွာနိုင်တော့တာ ထင်တယ်၊ ဓားတစ်ချောင်း သူ့လက်ထဲရှိရင် သူ့တာအိုက ပြည့်စုံပြီပဲ”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “အရင်နှစ်ဝက်လောက်က ရုတ်တရက် ဉာဏ်အလင်းရတယ်၊ ဟားဟား…”

ကျောက်ဟိုက လက်ရှိတွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူလျက် ရှိသည်။ ဓားကို သူ့ရှေ့တွင် ကန့်လန့်ဖြတ်ပုံစံဖြင့် ကိုင်လျက် မေးလိုက်သည်။ “တတိယအကိုတော်မှာ တခြားလူတွေ ရှိသေးလား၊ တတိယအကိုတော် ကိုယ်တိုင် လာမှာလား”

အကြီးဆုံးအကိုတော်ရော၊ ဘာလို့ လာမကစားတာလဲ၊ လာပါ ရပါတယ်”

ကျောက်ရှန်း၏မျက်နှာက မည်းမှောင်နေသည်။ ကျောက်ရှန်းသည် အံတင်းတင်းကြိတ်လျက် “ကောင်းတယ်၊ ညီတော်ဆယ့်ခြောက်၊ မင်းရဲ့စွမ်းရည်ကို ငါအရင်က သတိမထားမိခဲ့ဘူး၊ ဒါပေမယ့် မင်း မောက်မာနိုင်ဖို့ စောလွန်းပါသေးတယ်”

ထိုသို့ပြောပြီး ခြေလှမ်းကျဲကြီးများဖြင့် သူ ရှေ့ထွက်လာသည်။

ကျောက်ဟိုက သူ့ကို ဗျောင်ကျကျ ရန်စနေလေရာ သူကလည်း ချုပ်ထိန်းနေစရာ မလိုတော့။ သူ လုပ်တော့မည့် အရာအတွက် အကျိုးဆက်ကို သူ့ခမည်းတော် အပြစ်တင်မှာ စိုးရိမ်စရာ မလိုတော့ပေ။

ထိုအချိန်တွင် အသံတစ်ခု အဝေးမှ ပျံ့လွင့်လာသည်။ “သွေးရင်းညီအကိုတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေသင့်တယ်၊ ကျင့်ကြံမှုအဆင့်တူချင်း သိုင်းပညာ ဖလှယ်တာဆို တော်သေးတယ်၊ ဒါပေမယ့် သိုင်းပညာရှင်အဆင့်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို တိုက်တာကတော့ များလွန်းပါတယ်”

နောက်အခိုက်အတန့်တွင် ဩဇာတိက္ကမနှင့် ပြည့်စုံပုံရသည့် သက်လတ်ပိုင်းလူတစ်ဦး လူတိုင်း၏ ရှေ့မှောက်ကို ရောက်လာသည်။

ထိုသူသည် ရန်ကျောက်ကဲကို ဦးဆုံး ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြသည်။ “ကျောက်ကဲ၊ မတွေ့တာကြာပြီ”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “ဦးရီးတော်ကျင်က အရင်ကထက်တောင် ခန့်ညားလာတာပဲ”

ယခုရောက်လာသူမှာ အရှေ့တန်နိုင်ငံ လက်ရှိဘုရင်၏ ညီတော်၊ အရှေ့တန်တော်ဝင်မိသားစု၏ ဒုတိယအစွမ်းထက်ဆုံးကျင့်ကြံသူ ကျောက်ရှီလီဖြစ်သည်။ ရန်ကျောက်ကဲသည် သူနှင့် အရင်ကတည်းက သိကျွမ်းခဲ့သည်။

သို့သော် သည်လူက နေသူတော်စင်ဂိုဏ်းဘက်မှ ဖြစ်ကာ အရှေ့တန်နိုင်ငံအတွင်း နေသူတော်စင်ဂိုဏ်းအင်အားစုများ၏ အကြီးမားဆုံးခြေကုပ်ဖြစ်သည်။

အရှေ့တန်နိုင်ငံ၏အိမ်ရှေ့စံမင်းသားနေရာ မဆုံးဖြတ်ရသေးခြင်း၏ အဓိကအကြောင်းရင်းမှာ သည်လူကြောင့်ဖြစ်သည်။

သူ့လက်အောက်မှ လူများဖြစ်စေ နေသူတော်စင်ဂိုဏ်းမှဖြစ်စေ အကြီးဆုံးသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ချင်သော အရှေ့တန်နိုင်ငံ၏ဘုရင်အား ဖိအားပေးနေကြသည်။

သိုင်းပညာကသာ အုပ်စိုးသော ဤကမ္ဘာကြီးတွင် လူတစ်ယောက်၏စွမ်းအားက အရာအားလုံးကို ပြောင်းလဲနိုင်သည်။ လူ့လောကတွင်ရှိသော စည်းမျဉ်းများ၊ ဓလေ့ထုံးတမ်းများကို အသုံးပြု၍ မရနိုင်တော့။

ဥပမာအားဖြင့် အရှေ့တန်ဘုရင် လက်ရှိတွင် သေဆုံးသွားခဲ့လျှင် အရှေ့တန်နိုင်ငံသည် အုပ်ချုပ်သူတစ်ယောက်သာမဟုတ်ဘဲ သိုင်းဆရာသခင်တစ်ယောက်ကိုပါ ဆုံးရှုံးသွားလိမ့်ပေမည်။

ထိုသို့ဖြစ်လာလျှင် အရှေ့တန်၏အင်အားမှာ အကြီးအကျယ် လျော့ကျသွားနိုင်သည်။

ကျောက်ယွမ်ကော ကျောက်ရှန်းပါ သိုင်းပညာရှင်အဆင့်သာ ရှိသေးသည်။ သူတို့ထဲမှ တစ်ယောက်က နန်းတက်လာပါက ထိပ်တန်းကျင့်ကြံသူများစွာ ရှိသော ဤဒေသတွင် သူတို့သည် ရုပ်ပြ ဘုရင် သက်သက်သာ ဖြစ်လာပေမည်။

လက်ရှိဘုရင်ထက် အနည်းငယ်သာ အားနည်းသော ကျင်မင်းသားကဲ့သို့ သိုင်းဆရာသခင်တစ်ယောက်က ဘုရင်အသစ်ကို ဘေးမှ ကူညီလျှင် တော်သေးသည်။ သို့သော် ထိုကျင်မင်းသားထံတွင် အခြားရည်ရွယ်ချက်များရှိပါက အခြေအနေမှာ ပိုမို ရှုပ်ထွေးလာနိုင်သည်။

လူ့လောကမှ မင်းဆက်များတွင် ဘုရင်ဟောင်းက သူမသေခင် ဆက်ခံသူအတွက် စီစဉ်လေ့ရှိသော နည်းလမ်းမှာ များစွာ ရိုးရှင်းသည်။ သူ မယုံကြည်ရနိုင်သော လူအားလုံးကို ရှင်းထုတ်လိုက်ရုံသာဖြစ်သည်။

သို့သော် ကျင်မင်းသားနှင့် ပတ်သတ်သော အခြေအနေကား အရှေ့တန်ဘုရင်ကိုယ်တိုင်ပင် စဉ်းစားရကြပ်နေသော ပြဿနာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်ရှီလီသည် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ကာ အရှေ့တန်နိုင်ငံ၏အင်အားအတွက် အရေးပါသော လူတစ်ယောက်ဖြစ်သည်။ သူ့ကို သတ်လိုက်လျှင် အကျိုးယုတ်မည်မှာ အရှေ့တန်ပင်ဖြစ်သည်။

ထို့ပြင် ကျောက်ရှီလီ၏နောက်တွင် နေသူတော်စင်ဂိုဏ်းရှိသေးသည်။ အရှေ့တန်ဘုရင်၏နောက်တွင် ဝါဒတောင်ဂိုဏ်းရှိနေသော်လည်း ကျောက်ရှီလီအပေါ် လှုပ်ရှားဖို့ရာ အလွန်ခက်ခဲသည်။

အရှေ့တန်နိုင်ငံသည် လက်ရှိတွင် အလွန် အကဲဆတ်သော မျှခြေအခြအနေသို့ ရောက်နေသည်။ အရှေ့တန်ဘုရင်နှင့် ဝါဒတောင်ဂိုဏ်းက လက်ရှိတွင် အသာရနေသော်လည်း အန္တရာယ်များက နေရာတိုင်းတွင် ပုန်းအောင်းလျက်ရှိသည်။

ရန်ကျောက်ကဲကို နှုတ်ဆက်ပြီးသောအခါ ကျောက်ရှီလီက ဖော်ရွေစွာ ပြုံးလျက် ကျောက်ညီအကိုသုံးယောက်အား ကြည့်လိုက်သည်။ “မင်းတို့ တကယ်ပဲ ယှဉ်ပြိုင်ချင်ရင် တိုက်ခိုက်တဲ့နည်းလမ်းကို သုံးစရာမလိုဘူး”

ညီအစ်ကိုဆက်ဆံရေးကို မထိခိုက်ဘဲ ယှဉ်ပြိုင်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်”

Note : ကျောက်ရှီလီရဲ့ ဘွဲ့နာမည်က ကျင်မင်းသားပါ

Comment

Leave a Reply

Options

not work with dark mode
Reset