ဝမ်လင်းသည် မိုးကြိုးရေကန်ကို သေချာကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
အဘိုးအို၏လမ်းပြမှုနှင့် သူတို့သည် ကျောင်းတော်၏အရှေ့ဘက်ပိုင်းသို့ ဦးတည်လာနေ၏။ အတော်ဝေးဝေးနေရာတွင် အခြားနန်းတော်များထက် ပိုမိုကြီးမားသည့် နန်းတော်တစ်ခု ရှိနေသည်ကို ဝမ်လင်းက လှမ်းတွေ့သည်။၎င်းနန်းတော်က ဧရာမသားရဲကြီးတစ်ကောင် လှဲလျောင်းနေသည်နှင့် ဆင်တူနေကာ သူက အနီးသို့ မရောက်ခင်မှာပင် ဖိအားကို ခံစားရသည်။
ထိုခန်းမနန်းတော်နှင့် ကီလိုမီတာအတော်အတန် ကွာဝေးသည့်နေရာတွင် အဘိုးအိုက ရပ်တန့်ကာ ပြုံး၏။ “ရောင်းရင်းကျင့်ကြံသူရှု….။ကျောင်းတော်ရဲ့အရှင်က သင့်ကိုပဲ ဆင့်ခေါ်ခဲ့တာဆိုတော ငါက သင်နဲ့အတူ မလိုက်ပါနိုင်တော့ဘူး။ သင့်ဘာသာသင် ဝင်သွားတာ ပိုအဆင်ပြေမှာပါ…”
ဝမ်လင်း၏အကြည့်က ကီလိုမီတာအတော်အတန်လှမ်းသည့်နေရာရှိ ခန်းမကြီးအပေါ်သို့ ရောက်သွားသည်။သူက အဘိုးအိုဘက်သို့ လှည့်ကာ ပြောသည်။ “စီနီယာ…လမ်းပြတဲ့အတွက် ကျေးဇူးပါ…”
“ငါက စီနီယာတစ်ယောက် မဟုတ်ပါဘူး။ ရောင်းရင်းရှုက ကျောင်းတော်အရှင်ရဲ့ ဆင့်ခေါ်မှုကို ခံရမှတော့ သင်ဟာ ရေကန်ထဲက ငါးတစ်ကောင်မျှသာ မဟုတ်တော့မှာ ကျိန်းသေလှပါတယ်။အချိန်ရောက်လာရင် ငါတို့တစ်ယောက်နဲ့တစ်ယောက်သိထားခဲ့တာ ပိုကောင်းပါတယ်လေ…”
သည့်နောက် အဘိုးအိုက ထွက်ခွာသွားတော့၏။
ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရှေ့သို့ ပျံသန်းသွား၏။သူက တဖြည်းဖြည်းဖြင့် ပင်မခန်းမဆောင်နှင့် နီးကပ်လာသည်။သူအနီးသို့ ရောက်လာသည့်အခါ လူတစ်ယောက်သည် အပြင်ဘက်တွင် ရပ်နေ၏။ထိုလူက ဝမ်လင်းကို ကျောပေးထားသော်လည်း တောင်ကြီးတစ်တောင်အလား တည်ရှိမှုနှင့် အလားတူနေ၏။
“အရှင်မီးတောက်…” ဝမ်လင်းက အံ့အားသင့်ခြင်း မရှိပါ။သူက အနားသို့ ရောက်လာသည့်အခါ သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။ “စီနီယာအရှင်မိုးကြိုးမီးတောက်ကို နှုတ်ဆက်ပါတယ်…”
“ငါက မင်းကို နတ်ဆိုးသခင်လို့ ခေါ်သင့်လား၊ မဟာမိတ်ကြယ်အဖွဲ့အစည်းက ဝမ်လင်းလို့ ခေါ်သင့်လား…” အရှင်မီးတောက်က လှည့်လာ၏။သူက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်သည်။သူ့အကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်သွားချိန်၌ သူက အနည်းငယ် အံ့အားသင့်သွားသည်။
“နိဗ္ဗာနကြိုမြင်ခြင်း…။ကောင်းတယ်…သိပ်ကောင်းတယ်…”
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။သူက သူ့အဆင့်အတန်းကို ထောက်ပြသည့်အတွက် ထိတ်လန့်မသွားဘဲ တည်ငြိမ်စွာသာ ဆို၏။ “ရှုမူ ဖြစ်ဖြစ်၊ဝမ်လင်ဖြစ်ဖြစ် အဆင်ပြေပါတယ်။ စီနီယာ ငါ့ကို ခေါ်လိုက်တာ ဒီနာမည်ကိစ္စမေးဖို့ မဟုတ်ဘူးဆိုတာတော့ ငါ ယုံပါတယ်…”
အရှင်မီးတောက်က ဝမ်လင်းကို ကြည့်ကာ ပြုံး၏။ သူ့အပြုံးထဲ၌ အသိအမှတ်ပြုမှု တစ်ခု ဖျပ်ခနဲ ပေါ်သွား၏။ “ကောင်းတယ်….မင်းက ဒီအဘိုးအိုနဲ့ ကံစပ်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပဲ။မင်း ဝမ်လင်း ဖြစ်ဖြစ်၊ရှုမူ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ငါက မင်းကို မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ စစ်ပွဲမှာ ပါဝင်စေချင်တယ်…”
ဝမ်လင်းက ခဏတာ စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဂျူနီယာရဲ့ခွန်အားက မစို့မပို့ပါ။ ဂျူနီယာက ပါဝင်မယ်ဆိုရင်တောင် ဘာမှ အများကြီး သက်ရောက်မှာ မဟုတ်ပါဘူး…”
“မင်းလိုမျိုး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် မင်းကိုယ်မင်း အားနည်းတယ်လို့ ပြောဝံ့တာလား…” အရှင်မီးတောက်က ရယ်မော၏။သို့သော် သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။ “စီနီယာအရှင်မီးတောက် ငါ့ကို တန်ဖိုးထားမှတော့ ငါလည်း ဒီစစ်ပွဲမှာ ပါဝင်ရမှာပေါ့…”
ဝမ်လင်းက သည်လိုလုပ်ရန် သူ့စိတ်ထဲ၌ အချိန်ကြာကတည်းက ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။သူက ကောင်းကင်ဦးစီး(၁၀၈)နေရာအတွက် ပြိုင်ပွဲကို ပါဝင်လာကတည်းက မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် တိုက်ပွဲတွင် မဖြစ်မနေ ပါဝင်ပတ်သတ်ရတော့မည်သာ ဖြစ်သည်။
“ကောင်းတယ်….။ငါ မင်းကို လုံခြုံစေမဲ့ တုန်ကင်တစ်ခုပေးမယ်။ ဒါက အနာဂတ်မှာ မင်းအတွက် အကျိုးအများကြီး ရလိမ့်မယ်….”
အရှင်မီးတောက်က သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ခု ဝမ်လင်းရှေ့၌ ရုတ်တရက် ပေါ်လာ၏။သည့်နောက် ဖျပ်ခနဲ လင်းလက်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ပေါ်လာသည်။
“ဒီအစီအရင်နဲ့ထွက်သွားပါ။ သုံးရက်ကြာရင် ဒီအဘိုးအိုက မိတ်ဆွေအချို့နဲ့အတူ ပြိုင်ပွဲကို ကိုယ်တိုင်လာကြည့်မယ်။မင်းရဲ့စီနီယာအစ်ကို ချင်းရွှေလည်း လာလိမ့်မယ်…”
ထိုသို့ပြောပြီးနောက် အရှင်မီးတောက်သည် နောက်လှည့်ကာ ခန်းမဆောင်ထဲသို့ လှမ်းလျှောက်သွားတော့သည်။
ဝမ်လင်းက အရှင်မီးတောက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာအရှင်မီးတောက်…။သင်က ဂျူနီယာရဲ့ မိုးကြိုးသားရဲကို ပြန်ပေးနိုင်မလား…”
“လမ်းကြောင်းဖွင့်ပြီးတာနဲ့ ငါ မင်းကို ဒီသားရဲ ပြန်ပေးမယ်…” အရှင်မီးတောက်၏ပုံရိပ်က ခန်းမဆောင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
သည့်နောက် ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေချလိုက်တော့သည်။သူက ပြန်ပေါ်လာသည့်အခါ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လေးခု အနားရှိ အပြင်ဘက်ခန်းမဆောင်တွင် ရောက်နေ၏။
မည်သူကမျှ သည်နေရာတွင် မကျန်တော့ပေ။ကြည့်ရသည်မှာ သူတို့က တုန်ကင်များ ယူဆောင်ပြီး သူတို့နေရမည့်နေရာသို့ ထွက်သွားကြတာ သိသာနေ၏။
ဝမ်လင်း ပေါ်လာသည်နှင့် သူက ချက်ခြင်း နောက်လှည့်ကြည့်လိုက်၏။ သူ့နောက်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက် ရှိနေသည်။သူမက အလွန်အမင်း လှပ၏။ကျောက်စိမ်းသားနှင့် ထွင်းထုထားသည့်အလား။သူမသည် အပြာရောင် ရေကွက်ဝတ်စုံကို ဝတ်ဆင်လို့ထားသည်။
“စီနီယာ ရှုမူလား…” သူမအသံက နားထောင်ရသည်မှာ သာယာလှပေသည်။
ဝမ်လင်းက ခေါင်းညိတ်၏။
“ဂျူနီယာ ချန်ရှန်က တမန်တော်အရှင်ရဲ့ အမိန့်အရ စီနီယာ့ကို စောင့်နေတာပါ။ဒါက ပြိုင်ပွဲအတွက် စီနီယာရဲ့ တုန်ကင် ဖြစ်ပါတယ်။စီနီယာနေရမဲ့ နေရာကလည်း ဒီအထဲမှာ ပါရှိပါတယ်…”
သည့်နောက် သူမ၏ မျက်နှာက အနည်းငယ် နီးမြန်းလာကာ ညင်သာစွာ ဆိုလာ၏။ “စီနီယာက ကျင့်ကြံနေစဉ်အတွင်းမှာ ကျင့်ကြံခြင်းကိုယ်လုပ်တော် လိုအပ်ရင် ဒီတုန်ကင်နဲ့ ဂျူနီယာ့ကို လှမ်းခေါ်နိုင်ပါတယ်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ယှဉ်ပြိုင်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့ ကမ်းလှမ်းပေးထားတာပါ….”
သူမစကားဆုံးသွားသည့်နောက် သူမ၏ မျက်နှာသည် ပို၍ပင် နီမြန်းလား၏။သူမက ဦးညွတ်ကာ နောက်သို့ ဆုတ်သွားသည်။သူမ၏ပုံရိပ်က အင်မတန် စွဲဆောင်မှု ရှိလှသည်။သူမ ထွက်ခွာသွားသည့်နောက် သူမသည် သူမ၏ ဝတ်စုံအောက်မှ အလှတရားကိုလည်း မသိမသာ ဟစ်လှစ်ပြသသွားသေး၏။
ဝမ်လင်းသည် တုန်ကင်ကို ကိုင်ဆောင်ထားကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်၏။သည်အရာက ကျောက်စိမ်းပြားတစ်ခုလိုမျိုးပင်။၎င်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ရိုးစင်းသော မြေပုံတစ်ချပ် ဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုလည်း အသက်ဝင်စေနိုင်သည်။သူနေရမည့်နေရာကို ရှာပြီးနောက် ဝမ်လင်းသည် ထိုနေရာသို့ တန်းတန်းမတ်မတ်သွားတော့၏။
မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပြီ။သည်သုံးရက်အတွင်း ဝမ်လင်းက မျက်လုံးမှိတ် ကျင့်ကြံနေကာ သူ့အကောင်းဆုံးအခြေအနေကို ရရှိအောင် လုပ်ထား၏။
သုံးရက်မြောက် နေ့လယ်ခင်းတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တစ်ခုလုံးသည် အသက်ဝင်နေ၏။ ကောင်းကင်ဦးစီးပြိုင်ပွဲကို ကြည့်ရှု့မည်သူများလည်း များစွာ ရှိနေသည်။နယ်မြေတစ်ခုစီ၏ ပင်မဂြိုဟ်များမှ ကျင့်ကြံခြင်းဂြိုဟ်များသည် ဦးဆုံးဖြစ်၏။သူတို့က ပြိုင်ပွဲကို အစွန်းအနားကသာ ကြည့်နိုင်သည့် အရည်အချင်းပြည့်မှီ ရှိကြသည်။
ထို့နောက် ပင်မဂြိုဟ်များထက် အဆင့်မြင့်သော ကျင့်ကြံခြင်မိသားစုများဖြစ်၏။သို့သော် ၎င်းဂြိုဟ်များသည် ယောင်မိသားစုလိုမျိုး မိသားစု၏ အောက်တွင် ရှိသည်။ထိုသို့သော မိသားစုများက ရှန်ကုန်းမိသားစုနှင့်ကျန်မိသားစုလိုမျိုး မိသားစုများ ဖြစ်ကြသည်။သူတို့ပြီးသည့်နောက် ကောင်းကင်ဘုံနယ်မြေမှ အမွေအနှစ်ဆက်ခံခဲ့ရသည့် မိသားစုကြီးလေးခု ဖြစ်သည်။
နောက်ဆုံးကတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့်အတူ ပြိုင်ပွဲကို ပူးတွဲကျင်းပပေးသည့် ရှေးဟောင်းအချိန်က မိသားစုကြီးနှစ်ခု ဖြစ်လေ၏။ပြိုင်ပွဲကို ကြည့်မည့် ကျင့်ကြံသူများသည် အရေအတွက်အားဖြင့် နှိုင်းယှဉ်ပါက နည်းပါးသည် ဆိုသော်လည်း သောင်းချီရှိနေဆဲသာ ဖြစ်၏။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က မြောက်များစွာသော လွင့်မြောစင်္ကြန့်ပလက်ဖောင်းများကို စီစဉ်ထား၏။ထို့ကြောင့် ကျင့်ကြံသူများက ထိုနေရာတွင် ထိုင်နေကြသည်။
ကောင်းကင်ဦးစီးအတွက် တိုက်ပွဲကွင်းပြင်ကိုမူ ပေတစ်ထောင်ခန့် ကျယ်ပြောသည့် လေးထောင့်မိုးကြိုးကန်ထဲ၌ သတ်မှတ်ထားသည်။
ထိုကွင်းပြင်၏ အပြင်ဘက်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းနေသည့် အဖြူရောင်တိုင်လုံး ဆယ်ခုကျော်ရှိနေ၏။အရှင်မီးတောက်သည် အဖြူရောင်တိုင်လုံးတစ်ခု၏ အပေါ်ရှိ မြက်ဖျာပေါ်တွင် ထိုင်နေသည်။သူ့ဘေး၌ ကောင်းကင်ဘုံအရှင်ချင်းရွှေ ရှိ၏။သူက မျက်လုံးမှိတ်ထားလျက် ဘာကိုမှ စိတ်မဝင်စားသကဲ့သို့ ရှိနေသည်။
ပိုပိုများပြားသော ကျင့်ကြသူများ ပေါ်လာနေရင်း ရှောင်မိသားစုဘိုးဘေးပါ ထွက်ပေါ်လာသည်။သူက အရှင်မီးတောက်ကို လက်နှစ်ဖက်ယှက် နှုတ်ဆက်ပြီးနောက် သူ့ဘေးရှိ မြက်ဖျာပေါ်တွင် ထိုင်လိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကုန်းစွန်ရောက်လာ၏။
သိပ်မကြာခင်တွင် ယောင်မိသားစုနှင့် ကောင်းကင်ဘုံနယ်မြေမှ အမွေအနှစ်ဆက်ခံထားသည့် အခြားမိသားစုသုံးစု ရောက်လာကြသည်။ယောင်မိသားစုမှ လူသည် သွေးနတ်ဘုရားပင်.သူက အခြားမိသားစုများမှ မွန်းစတားအိုကြီးများနှင့် အတူ ရော်ကလာပြီး မြက်ဖျာပေါ်တွင် ထိုင်သည်။သူက ချင်းရွှေကို ကြည့်ပင် မကြည့်ပေ။
ရှန်ကုန်းမိသားစုနှင့်ကျန်မိသားစုတို့လည်း ရောက်ရှိလာချိန်၌ ရှန်ကုန်းမိသားစုဘိုးဘေးနှင့် ကျန်မိသားစုမှ လီယွမ်ဇီတို့သည်လည်း မြက်ဖျာပေါ်တွင် ထိုင်လိုက်ကြ၏။ သိပ်မကြာခင်တွင် အမျိုးမျိုးသော ကျင့်ကြံခြင်းမိသားစုများမှ ဘိုးဘေးများလည်း ရောက်လာပြီး ထိုင်ချလိုက်ကြသည်။
နေ့လည်သို့ ရောက်လာသည့်အခါ အရှင်မီးတောက်၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။သူက တည်ငြိမ်စွာ ဆိုသည်။ “အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကောင်းကင်ဦးစီး(၁၀၈) နေရာအတွက် တိုက်ပွဲ…စတင်ပြီ…” သူ့အသံက ကျောင်းတော်အနှံ့သို့ မိုးခြိမ်းသံအလား ပျံ့လွင့်သွားသည်။သည့်နောက် ကောင်းကင်ထက်၌ မရေမတွက်နိုင်သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ ပေါ်လာခဲ့သည်။၎င်းတို့က တူညီသော အရွယ်အစား ရှိပြီး ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြတော့၏။
ဝမ်လင်းသည်လည်း ထိုအထဲတွင် ပါဝင်သည်။
သွေးနတ်ဘုရားက ခေါင်းမော့ကာ ဝမ်လင်းကို မလိုလားသည့်အကြည့်နှင့် ကြည့်သည်။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။သူ့အသွင်က သုန်မှုန်နေ၏။
သွေးနတ်ဘုရားအပြင် လူအုပ်ထဲကနေ ဝမ်လင်းကို ကြည့်နေသော တစ်ယောက်လည်း ရှိသေး၏။သူမကတော့ ရှီဇီဖန်ပင်။သူမသည် အောက်နှုတ်ခမ်းကို ကိုက်ထားရင်း ကောင်းကင်ထက်ရှိ ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။သူမက သက်ပြင်းသဲ့သဲ့ချ၏။သူမ မျက်လုံးထဲ၌လည်း ရှုပ်ထွေးမှုတို့ ရှိနေသည်။
သူမက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ပြန်ရောက်လာပြီးကတည်းက ဝမ်လင်း၏ပုံရိပ်မှာ သူမ၏နှလုံးသားထဲ၌ ကျန်ရှိနေ၏။သူမက ထိုပုံရိပ်ကို မဖယ်ရှားနိုင် ဖြစ်နေရ၏။ဝမ်လင်း ယောင်မိသားစု၏ လိုက်လံခြင်းကို ခံရသည်ဟု ကြားရချိန်၌ သူမ၏နှလုံးသားသည် တုန်ယင်ရသည်။သို့သော် သူမအတွက် ကူညီနိုင်ဖို့ နည်းလမ်းမရှိ ဖြစ်ရသည်။နေ့စဉ်နေ့တိုင်း သူမက ကျင့်ကြံရာ၌ စိတ်မပါနိုင် ဖြစ်ရ၏။သို့သော် သူမက ဝမ်လင်း လွတ်မြောက်သွားသည့်အကြောင်း ကြားသိရသည့်အခါ အတော်လေး ပျော်ရွှင်မိ၏။သို့သော်လည်း ထိုပျော်ရွှင်မှုအတွင်း၌ ခါးသီးမှုတို့ နက်နက်နဲနဲ ပါဝင်နေပြန်တော့၏။
“သူက ငါ့နာမည်ကိုတောင် မမှတ်မိတော့မှာ စိုးရိမ်မိတယ်….”
ဇီရှင်ဖန်က အတော်လှပသူတစ်ယောက်ဖြစ်၏။သူမကိုယ်သူမလည်း လှပမှန်း သိပေ၏။ကျင့်ကြံခြင်းမိသားစုများမှ ထိပ်တန်းကျင့်ကြံသူများသည် သူမအပေါ် သူတို့၏ ချစ်ခြင်းကို ဖော်ပြကြ၏။သူမ၏ မိသားစုအတွင်းမှာပင် သူမကို မျှော်လင့်နေသည့် ရှီဇီမူသည်လည်း ထိုသို့ အရိပ်အယောင် ပြ၏။သို့သော်လည်း သူမက လုံးဝ စိတ်မဝင်စားခဲ့ချေ။ကျင့်ကြံခြင်းလက်တွဲဖော်ဟူ၍ စိတ်ပင်မကူးထားမိခဲ့ချေ။သူမ၏ အိပ်မက်က မိသားစုဘိုးဘေးလိုမျိုး ဖြစ်ကာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်အဖြစ် ကောင်းကင်နှင့်မြေကြီးတွင် ထွင်းဖောက်နိုင်ရန် ဖြစ်လေ၏။
သို့ရာတွင် ထိုအရာများအားလုံးသည် သူမ ဝမ်လင်းနှင့် ဆုံတွေ့ရချိန်၌ ပြောင်းလဲသွားခဲ့ရလေပြီ။ သူမကိုယ်သူမပင် ထိုအတွက် စိတ်ရှုပ်ထွေးမိ၏။
ပထမ၌ ရှီဇီဖန်က အရာအားလုံးကို မေ့ပစ်ရန် ကြိုးစားသေးသည်။သို့သော်လည်း သူမက သူ့ကို အခုထပ်တွေ့ရချိန်၌ သူမသည် အောက်နှုတ်ခမ်းကို သွေးထွက်သည့်အထိသာ ကိုက်ထားမိနေသည်။ထိုအဖြစ်ကို သူမကိုယ်သူမပင် သတိမထားမိနိုင် ဖြစ်ရသည်။သူမက ရင်းနှီးလိုသည့် အခုထိ မရင်းနှီးနေသည့် ဝမ်လင်း၏ပုံရိပ်ကို ငေးမောကြည့်လို့နေသည်။
ရှီဇီဖန်နှင့် သိပ်မဝေးသော နေရာတွင် အဘွားအိုတစ်ယောက် ထိုင်နေသည်။သူမက မြက်ဖျာများပေါ်တွင် ထိုင်ခွင့်မရှိသူဖြစ်သော်လည်း ရှီမိသားစု၏ဘိုးဘေးပင်။
သူမက ရှီဇီဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ သက်ပြင်းချသည်။ “ရေစက်ဆိုတာ ဆုံမှ…”
ဝမ်လင်းသည် လေထဲ၌ ရှိနေ၏။သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများကို အေးဆေးစွာ ကြည့်နေရင်း တည်ငြိမ်လျက် ရှိသည်။အထူးသဖြင့် သူက မြက်ဖျာများပေါ်ရှိ ပုဂ္ဂိုလ်များကို ကြည့်နေခြင်းပင်။သူတို့တစ်ယောက်စီ၏ ကျင့်ကြံမှုသည် သွေးဘိုးဘေးထက် အားမနည်းလှပါ။ကျင့်ကြံခြင်းအဆင့်၌ သူတို့အားလုံးက သွေးဘိုးဘေးထက်ပင် များစွာ ပိုနေသေး၏။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် (၃၂၅)ခု ပေါ်လာပြီးသည့်အခါ ပြိုင်ဝင်များသည် ထွက်ပေါ်လာခဲ့ကြလေပြီ။အရှင်မီးတောက်က တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီပြိုင်ပွဲကို စမ်းသပ်မှုသုံးခု၊လမ်းကြောင်းခြောက်ခုနဲ့ ကောင်းကင်သို့လမ်း လို့ ခွဲခြားထားတယ်။ စမ်းသပ်မှုသုံးခုမှာ ကောင်းကင်၊မြေကြီးနဲ့လူသားတို့ဟာ ကျင့်ကြံမှုကို စစ်ဆေးမှာ ဖြစ်တယ်။လမ်းကြောင်းခြောက်ခုရဲ့ ဆန်းကြယ်ဟင်းလင်းပြင်ကတော့ တာအိုစက်ဝန်းပဲ…”
“စမ်းသပ်မှုသုံးခုနဲ့လမ်းကြောင်းခြောက်ခုတို့က ကောင်းကင်ဦးစီး(၁၀၈)နေရာကို ရွေးချယ်မယ်။အဲ့ကြရင် သူတို့က ကောင်းကင်သို့လမ်းကို ရောက်ဖို့အတွက် သေခြင်းရှင်ခြင်းတိုက်ပွဲတွေထဲ ဝင်ရောက်ရမယ်။ အများဆုံး သတ်နိုင်တဲ့ (၃၆)ယောက်ကို ကောင်းကင်အဆင့် ကောင်းကင်ဦးစီးနေရာ ပေးမယ်။သူတို့ရဲ့ နာမည်ကိုလည်း နှင်းအပ်ခြင်းကျောက်တုံးပေါ်မှာ ရေးထွင်းပေးမယ်…”
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် သည်ဧရိယာတွင် လှိုင်းထန်သွားတော့၏။မြက်ဖျာပေါ်ရှိ လူများပင် တုန်လှုပ်ရသည်။သူတို့၏အကြည့်က အရှင်မီးတောက်ထံသို့ ကျရောက်လာသည်။
ရှောင်မိသားစုဘိုးဘေးနှင့်ကုန်းစွန်တို့ပါ မှင်သက်သွား၏။သူတို့က အရှင်မီးတောက်ကို ကြည့်မိကြသည်။
ကောင်းကင်ဘုံအရှင်ချင်းရွှေပင် မျက်လုံးကျယ်လာ၏။သူ့မျက်လုံးက အေးစက်နေကာ သူက ပြောလာ၏။ “နှင်းအပ်ခြင်းကျောက်တုံးက ရှေးဟောင်းကောင်းကင်ဘုံသားတွေ ချန်ထားခဲ့တဲ့ဟာလား…”
***