Switch Mode

အပိုင်း(၉၁၆)

တန်လင်းဂြိုဟ် ရှုမိသားစု။

ထိုအသံသည် အေးစိမ့်နေ၏။သွေးအငွေ့အသက်တို့ ရောနေသည်။လူတိုင်းသည် ယင်းအသံထံမှ သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားမိသည်။

ထိုအစီအရင်ထဲမှ ထွက်ပေါ်လာသည်လူ၏ ပုံရိပ်သည် တဖြည်းဖြည်း ပိုထင်ရှားလာသည်။

ထိုလူက ခပ်ပိန်ပိန်၊အသက်သုံဆယ်ခန့် ရှိမည်။သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ့ထံမှ အေးစိမ့်စိမ့်အော်ရာတစ်ခု ပေးစွမ်းနေသည်။သူ့မျက်လုံးများက အေးစက်မောက်မာကာ သတ်ဖြတ်လိုခြင်းနှင့် ပြည့်နှက်၏။

သူထွက်ပေါ်လာသည်နှင့် လေထုသည် သွေးနံ့တို့ ပိုပြည့်နှက်လာတော့၏။

“အမှိုက်တွေ…”

သူ့စကားက တည်ငြိမ်၏။သို့သော် သူက ထိုသို့ ပြောလိုက်သည်နှင့် မိုးကြိုးပစ်ချလာသည့်အလား ထင်ရသည်။သည်နေရာရှိ ကျင့်ကြံသူအားလုံးသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေကြသူများ ဖြစ်သည်။သူတို့က ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ သူတို့၏အကြည့်သည် ထိုလူ့ထံသို့ ရန်လိုစွာ ကျရောက်သွားတော့သည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ထိုလူက သူနှင့် ကျင့်ကြံမှုအဆင့် တူတူပင်။သူတို့နှစ်ယောက်လုံးသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ဖြစ်ကြ၏။သို့သော်လည်း ဝမ်လင်းသည် ထိုလူနှင့် ပတ်သတ်သည့် ထူးဆန်းသော ခံစားမှု ရနေသည်။

သူက သည်လူ့ကို အရင်က မတွေ့ခဲ့ဖူးသည်မှာ သေချာပေ၏။သူက ထိုသို့ တွေးနေစဉ် အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူ့အကြည့်သည် လူအုပ်ထဲကနေ ဖြတ်၍ ဝမ်လင်းထံသို့ ကျရောက်လာသည်။

သူက ဝမ်လင်းကို တွေ့မြင်သည်နှင့် နှုတ်ခမ်းသပ်ကာ ညစ်ကျယ်ကျယ်ပြုံး၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ကြည့်သည်။

သူတို့၏ အကြည့်က လူအုပ်ကို ထွင်းဖောက်ကာ တွေ့ဆုံသည်။သူတို့၏အကြည့်က ပုံရိပ်မျှသာ ဖြစ်သော်လည်း အမှန်တော့ နတ်ဘုရားအာရုံများ ပါဝင်နေ၏။အကြည့်နှစ်ခု တွေ့ဆုံမှုသည် သူတို့၏နတ်ဘုရားအာရုံချင်း တိုက်ပွဲ ဖြစ်တော့သည်။

ထိုအရာက ချက်ခြင်းလိုလို ဖြစ်ပွားသွားခဲ့ခြင်းပင်။သူတို့နှစ်ယောက်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။

အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။သူ့နတ်ဘုရားအာရုံသည် ဝမ်လင်းကို ဖိနှိပ်နိုင်စွမ်း မရှိသည့်အပြင် သူသည် သူ့နတ်ဘုရားအာရုံပင် ထွင်းဖောက်ခံရသည့်အလား ခံစားချက်ကို ရသည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။အခြားလူ၏ ကျင့်ကြံမှုသည် သူနှင်အဆင့်တူသော်လည်း ထိုလူ၏နတ်ဘုရားအာရုံထဲ၌ ထူးဆန်းသောအားတစ်ခု ပါဝင်နေခဲ့ပေသည်။

ထိုအဖြစ်ကို သတိပြုမိသည့်သူ သိပ်မများလှပါ။စုစုပေါင်း လေးယောက်သာ ရှိသည်။

လေးယောက်ထဲမှ တစ်ယောက်သည် မြောက်ပိုင်းနယ်မြေမှ ဖြစ်၏။သူက သက်လတ်ပိုင်းအရွယ် ရှိကာ သူ့မျက်နှာက ဖြူရောနေသည်။သူနှင့်ပတ်သည့် အထူးဆန်းဆုံးက သူ့ညာလက်ပင်။သူ့ညာလက်၌ လက်ငါးချောင်းမဟုတ်ဘဲ ခြောက်ချောင်း ရှိနေ၏။သူ့ညာလက်မ၌ အပွားတစ်ခု ရှိနေသည်။

ဒုတိယလူကလည်း မြောက်ပိုင်းနယ်မြေမှ ဖြစ်၏။သူက ဦးခေါင်းကြီးကြီး ကောင်လေးတစ်ယောက်ပင်။သူ့ခန္ဓာကိုယ် အချိုးအစားက ညီမျှမှု မရှိပေ။သို့သော်လည်း သူနှင့် ပေသုံးဆယ်ပတ်လည်သည် ရှင်းလင်းနေကာ ဘယ်သူကမျှ သူ့အနားတွင် ရှိနေဖို့ ဆန္ဒမရှိသကဲ့သို့ ဖြစ်နေ၏။

ထိုကောင်လေးက အရူးတစ်ယောက်လို ပြုံးသည်။သူက ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် အဖြူရောင်ဝတ်စုံနှင့်လူထံသို့ အာရုံစိုက်၏။

တတိယသတိပြုမိသည့်သူက အနောက်ပိုင်းနယ်မြေမှ ဖြစ်သည်။သူက အပြာရောင်အင်္ကျီကို ဝတ်ဆင်ကာ ကြည့်ကောင်းလှသည်။သူက မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးထဲကနေ ရွှေရောင်အလင်း ထွက်ပေါ်နေသည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး တိတ်ဆိတ်စွာ စဉ်းစားနေသည်။

နောက်ဆုံးတစ်ယောက်က ဝမ်လင်းဘေးရှိ နန်ကုန်ဟန် ဖြစ်၏။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်သည် အနီရောင်ဖုံးလွှမ်းကာ တိမ်များ စုဝေးလာသည်။တိမ်ျားသည် လူတိုင်း၏ အထက်၌ သိပ်သည်းကာ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။သူက ဆံပင်များ ဖြူဖွေးနေကာ ကောင်းကင်ဘုံသားတစ်ယောက်လို လေထုကို ပေးစွမ်းနေ၏။သူ ပေါ်လာသည်နှင့် မိုးကြိုးသည် သူ့အောက်တွင် ရှိနေ၏။သူက မိုးကြိုးပေါ်တွင် ရပ်နေသည့်အလား။

“ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ကြိုဆိုရေး တမန်တော်ပဲ။ မင်းက အရှေ့ပိုင်းနယ်မြေရဲ့ အခြား ယှဉ်ပြိုင်သူတွေကို သတ်ပစ်ခဲ့တာလား…”

အဘိုးအို ပေါ်လာသည်နှင့် ပြင်းထန်သောအော်ရာတစ်ခု စတင် ပျံ့နှံ့လာသည်။သူ့ထံမှ ထုတ်လွှတ်သည့် မူလစွမ်းအင်အရ သူသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အလတ်အဆင့်တွင် ရှိပေမည်။

သူက အဖြူရောင်ဝတ်စုံနှင့်လူကို စူးစိုက်ကြည့်နေသည်။

“မှန်တယ်…” အဖြူရောင်ဝတ်စုံနှင့်လူ၏အသွင်က တည်ငြိမ်၏။

အဘိုးအိုက ထပ်မေးလာ၏။ “မင်းနာမည်က ဘယ်သူလဲ…၊မင်းက ဘယ်မိသားစုကနေ လာခဲ့တာလဲ…”

“တန်လင်းဂြိုဟ် ရှုမိသားစု၊ ရှုထင်…” အဖြူရောင်ဝတ်စုံနှင့်လူက ထိုသို့ ပြောလိုက်ရင်း ဝမ်လင်းကို ညစ်ကျယ်သောအပြုံးနှင့် ကြည့်လိုက်ပြန်သည်။

သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် အထူးသဖြင့် တန်လင်းဂြိုဟ် ရှုမိသားစု ဖော်ပြလိုက်ချိန်တွင် ကျင့်ကြံသူများကြား လှုပ်ခတ်သွားတော့၏။အချို့ကျင့်ကြံသူများ၏အသွင်ပင် ပြောင်းလဲသွားကာ ပင့်သက်ရှိုက်မိကုန်သည်။အချို့က နောက်သို့ပင် ယောင်ယောင်မှားများ ဆုတ်မိသွား၏။သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပေါ်လာခဲ့သည်။

ရှောင်မိသားစုသည် တန်လင်းဂြိုဟ်ပေါ်၌ စွမ်းအားအကောင်းဆုံး ဖြစ်နိုင်ကာ ကျော်ကြားမှုတွင်တော့ ရှုမိသားစုက ပိုပေလိမ့်မည်။ရှုမိသားစုသည် အဆုံးမဲ့ သတ်ဖြတ်ခြင်းကို ကိုယ်စားပြု၏။မျိုးဆက်တိုင်းတွင် ရှုမိသားစုက လေ့ကျင်နိုင်ရန် လူတစ်ယောက် စေလွှတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဖြစ်စေသည်။ သူတို့ကို စော်ကားမိသူ့မှန်သမျှ သူတို့၏ဂြိုဟ်များပင် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

ရှုမိသားစု၏ ကျော်ကြားမှုသည် သွေးလွှမ်းသော မုန်တိုင်းများအတွင်း မြင့်သလက် မြင့်မားလာခဲ့ပေသည်။

“ဒီလူက ကျင့်ကြံခြင်းမိသားစုတစ်ရာကျော်ရဲ့ ပါဝင်ယှဉ်ပြိုင်သူတွေကို သတ်ရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး…”

“ဒီလူက တန်လင်းဂြိုဟ်ရှုမိသားစုက လေ့ကျင့်ဖို့ စေလွှတ်လိုက်တဲ့ မျိုးဆက်ပဲ…။ ဒီလူနဲ့ ယှဉ်ပြိုင်မိတဲ့လူတိုင်းက သတ်ဖြတ်ခြင်း ခံရမှာ မလွဲမသွေ ဖြစ်တယ်…”

“ထားလိုက်ပါတော့…တန်လင်းဂြိုဟ်ရဲ့ ရှုမိသားစုက အမြဲ ရက်စက်တတ်တယ်။ ဆိုးဝါးတာ ဖြစ်လာတာနဲ့ ငါက အရှုံးပေးမှရမယ်…”

နေရာတိုင်းကနေ တီးတိုသံများ ထွက်ပေါ်လာ၏။ရှုမိသားစုသည် ထိုမျှကျော်ကြားလှသည်။သူတို့၏သတ်ဖြတ်ခြင်း နည်းလမ်းများသည် လူတိုင်း၏နှလုံးသားကို အေးစက်စေသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ကောင်းကင်ဦးစီး(၁၀၈)နေရာအတွက် နောက်ဆုံး ပြိုင်ပွဲက အခုကစပြီး နောက်သုံးရက်ကြာ နေ့လည်ပိုင်းမှာ စမယ်။ခဏအကြာရင် ကျောင်းတော်က လူတွေ မင်းတို့ကို တုန်ကင်တွေလာပေးပြီး နေဖို့အတွက် စီစဉ် ပေးလိမ့်မယ်…”

သူ့စကား အဆုံးသပ်ပြီးနောက် အဘိုးအိုက ခဏတာ တန့်သွား၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ကျင့်ကြံသူအားလုံးကို သိမ်းကြုံး ကြည့်လိုက်၏။ “မင်းတို့ထဲမှာ ရှုမူ ပါလား…”

သူက ပြောလိုက်၏။

သူက ထိုသို့ ပြောလိုက်သည့်နောက် တောင်ပိုင်းနယ်မြေမှ ကျင့်ကြံသူများကလွဲ၍ ကျန်သည့်ကျင့်ကြံသူများသည် အလေးအနက် ဖြစ်လာကြသည်။ ရှုမူ ဆိုသည့်နာမည်က တန်လင်းဂြိုဟ်မှ ရှုမိသားစု ဆိုသည့်နာမည်ထက် ကျော်ကြားမှုထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။တကယ်တော့ လူအများက ရှုမူကို တန်လင်းဂြိုဟ်ကဟူပင် ထင်မြင်မိခဲ့ကြသေး၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့လက်ကို မြှောက်ကာ တည်ငြိမ်စွာ ဆိုလာသည်။ “ငါက ရှုမူပါ…”

ချက်ခြင်းပင် အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေရှိ ကျင့်ကြံသူများ၏ အကြည့်သည် ဝမ်လင်းထံသို့ ကျရောက်လာတော့သည်။

“နတ်ဆိုးသခင်ရှုမူ…။ငါက သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်လာလိမ့်မယ်လို့ မထင်ထားမိဘူး…”

“ရှုမူ၊ရှုထင်၊ ဒီနာမည်နှစ်ခုက ပတ်သတ်မှု ရှိနေလား ငါ သိချင်မိတယ်….”

“ရှုမူက ယောင်မိသားစုကြောင့် မသေတဲ့အပြင် ဒီနေရာထိတောင် ရောက်လာသေးတယ်။သူက မရိုးစင်းဘူပဲ…”

“ဒီတော့ သူက ရှုမူလို့ ပြောင်းလဲလိုက်တယ်ပေါ့…” လက်ခြောက်ချောင်းနှင့်ကျင့်ကြံသူ၏မျက်လုံးသည် အေးစက်လာ၏။သူက ဝမ်လင်းကို သေချာကြည့်ရှုနေသည်။

ခေါင်းကြီးကြီးနှင့်ကောင်လေး၏ အရူးလို အပြုံးသည် ပျောက်ကွယ်သွားသည်။ထို့နောက် သူ့အကြည့်က ဝမ်လင်းပေါ်သို ကျရောက်လာသည်။သူက နောက်တစ်ဖန် ပြုံးလာပြန်သည်။

ချောမောသည့် အပြာရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ရှုမူ ဆိုသည့် နာမည်ကို ကြားလိုက်ရသည့်အခါ သူ့အကြည့်သည် ဝမ်လင်းပေါ်သို့ ကျရောက်သွားတော့သည်။

“ရှုမူ…ဇီဖန်ရဲ့ ဝမ်းကွဲအကိုက ဘာတစ်ခုမှ မမေ့သေးဘူး…” ထိုလူငယ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်နေ၏။

“ငါနဲ့လိုက်ခဲ့….ကျောင်းတော်အရှင်က မင်းကို ခေါ်ထားတယ်…” ကြိုဆိုရေးတမန်တော်သည် ဝမ်လင်းကို ကြည့်ကာ ရှားရှားပါးပါး ပြုံး၏။သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။သူက ပတ်ဝန်းကျင်ရှိ အကြည့်များက ကြည့်မနေပေ။သူက ကောင်းကင်ထက်၌ ပေါ်လာပြီးနောက် ရှေ့တည့်တည့်သို့ လှမ်းလျှောက်သွားတော့သည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အဘိုးအိုသည် မြန်ဆန်စွာ ပျံသန်းခြင်း မပြုပေ။သူက ရှေ့ကနေ သွားနေရင်း သူ့ရှေ့ရှိ တိမ်များသည် နှစ်ခြမ်းကွဲသွားသည်။ဝမ်လင်းသည် နောက်ကနေ တည်ငြိမ်စွာ လိုက်လာ၏။သူက လမ်းတစ်လျှောက်တွင် ဘာအကြောင်းကိုမှ မေးမြန်းခြင်း မပြုပေ။

အဘိုးအို၏မျက်လုံးထဲ၌ လေးစားသည့်ဟန်ပန် ပေါ်လာကာ သူက ပြုံး၍ ဆိုလာသည်။ “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က အတော်လေး ကြီးမားလှတယ်။ဒီနေရာက အပြင်ဘက်ခန်းမပဲ ရှိသေးတယ်။ငါက မင်းကို ကျောင်းတော်ရဲ့ အတွင်းဘက်ကို ခေါ်သွားပေးမယ်…”

ဝမ်လင်းက ခေါင်းညိတ်ပြ၏။သူက အကွာအဝေးတစ်ခုထံသို့ ကြည့်နေသည်။ တိမ်တိုက်များကို ကျော်လာရင်း ဝမ်လင်းရှေ့၌ ထည်ဝါခမ်းနန်းတော်များ ပေါ်လာသည်။

နန်းတော်များစွာ ရှိနေ၏။သူတို့က တစ်ခုနှင့်တစ်ခု နီးကပ်နေခြင်း မရှိဘဲ ပြန့်ကျဲစွာ တည်ရှိနေကြသည်။သို့သော်လည်း လူတစ်ယောက်က ကြည့်ပါက သည်နန်းတော်များ၏ နေရာသည် ဘယ်နေရာတွင် အဆုံးသပ်မှန်း တွေ့မြင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာည်စွမ်းအင်များသည် ဤနေရာ၌ ပြည့်လျှံ့နေ၏။ဝမ်လင်းသည် သည်နန်းတော်များမှာ သာမန်မဟုတ်ကြောင်း သိ၏။တကယ်တော့ သည်နန်းတော်များထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

“မိုးကြိုးကောင်းကင်ဘုံနန်းတော်မှာ အဓိကခန်းမပေါင်း (၁၃၇၂)ခု ရှိတယ်။ခန်းမတစ်ခုစီက နန်းတော်အရှင်ကိုယ်တိုင် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ယူဆောင်လာခဲ့တာ ဖြစ်တယ်…”

အဘိုးအို၏စကားများ၌ ဂုဏ်ယူဝင့်ကြွားမှုတို့ ပါနေသည်။

ဝမ်လင်းက ခေါင်းညိတ်ကာ မြှောက်ပင့် ဆိုလာ၏။ “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ တကယ့်ကို စွမ်းအားအကောင်းဆုံး ကျောင်းတော်ပဲ…”

သည်လိုမြှောက်ပင့်မှုသည် အန္တရာယ်မရှိနိုင်ပေ။ဝမ်လင်းသည် နှစ်တစ်ထောင်ကျော် ကျင့်ကြံပြီးနောက် တချို့ ဆက်ဆံရေးပုံစံများကို နားလည်ခဲ့ပေ၏။

အဘိုးအိုက ပြုံး၍ ဆိုသည်။ “ရောင်းရင်းရှုရဲ့ အနာဂတ်အောင်မြင်မှုကလည်း နည်းပါးမှာ မဟုတ်တာ သေချာပါတယ်လေ။ ဒီနေရာတွေထဲက တစ်ခုက ရောင်းရင်းကျင့်ကြံသူအတွက် ကျိန်းသေ ဖြစ်လာမှာပါ…”

ဝမ်လင်းက ပြုံး၍ အဘိုးအိုနှင် စကားစမြည် ပြောနေသည်။သူက ရှေ့သို့ ကြည့်လိုက်ရာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အတော်များများသည် မြူလွှာခပ်ပါးပါးတစ်ခုနှင့် လွှမ်းခြုံထားသည်ကို တွေ့မြင်နေရသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုစီတိုင်းတွင်ပင် အတားအဆီးများ ရှိနေ၏။ဝမ်လင်းသည် ပျံသန်းနေသည့် လမ်းတစ်လျှောက်တွင်အတားအဆီး တော်တော်များများကို တွေ့မြင်ခဲ့ပေသည်။အဘိုးအိုနောက်ကနေ လိုက်လာခြင်းကြောင့်သာ မဟုတ်ပါက သည်အတားအဆီးများက သူ့ကို တားဆီးဖို့အတွက် လုံလောက်နေပေ၏။

သူတို့က ရှေ့တည့်တည့်သို့ ပျံသန်းနေရင်း တဖြည်းဖြည်း ကျောင်းတော်၏အလယ်သို့ ရောက်လာ၏။ထိုနေရာတွင် အပြာရောင်ကျောက်တုံးများနှင့် မွန်းမံထားသည့် ကြီးမားသည့် လေးထောင့်နေရာကျယ်တစ်ခု ရှိနေ၏။ထိုနေရာက အနည်းဆုံး ပေတစ်သော်ငးလောက် ကျယ်ဝန်းပေမည်။၎င်းနေရာက မိုးကြိုးစိမ့်ပေါက်တစ်ခုနှင့် ဆင်တူနေ၏။ သူတို့နှစ်ယောက် နီးကပ်လာသည်နှင့် မိုးကြိုးသည် ပါးစပ်ကြီးတစ်ခုလို ဖြစ်လာကာ သူတို့အား ဝါးမြိုရန် တာဆူလာသည်။

အဘိုးအိုက ရယ်မောကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ အနီရောင်သစ်သီးများစွာ သူ့လက်ထဲတွင်ပေါ်လာသည်။သူက ၎င်းသစ်သီးများကို ဝါးမြိုရန် တာဆူလာသည့် ပါးစပ်ကြီးထဲသို့ ပစ်ထည့်လိုက်၏။

ခပ်တိုးတိုး ဟိန်းသံသည် ထိုလေးထောင့်ကွင်းပြင်ထဲရှိ မိုးကြိုးထံကနေ ထွက်ပေါ်လာသည်။သစ်သီးများသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကာ အရည်အဖြစ်သို့ ပြောင်း၍ မိုးကြိုး၏ စုပ်ယူခြင်းကို ခံရသည်။သည့်နောက် ၎င်းမိုးကြိုးက တည်ငြိမ်သွားကာ သူတို့အား မနှောက်ယှက်တော့ချေ။

“ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေ…” ဝမ်လင်းသည် ထိုသစ်သီးများကို ကြည့်မိ၏။

“ရောင်းရင်းကျင့်ကြံသူရှုက ဒီသစ်သီးတွေနဲ့ ရင်းနှီးတာလား။ဟီးဟီး…ဒီနေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို စောင့်ကြပ်တဲ့ မိုးကြိုးစိတ်ဝိညာဉ်ရဲ့ ကိုယ်ပွားကို ချိပ်ပိတ်ထားတာပဲ။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ဝင်လာတဲ့ လူတိုင်း ကောင်းကင်ဘုံတက်ခြင်းသစ်သီး အများကြီး ဒီကောင့်ကို ကျွေးမွေးရတယ်။မဟုတ်ရင် ဒီသားရဲက မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲကို ဝင်ရောက်ခွင့် ပြုမှာ မဟုတ်ဘူး…”

“နောက်ဆုံးမျိုးဆက် ကျောင်းတော်အရှင်က အားကောင်းတဲ့မန္တာန်တစ်ခုကို အသုံးပြု၊နှစ်ပေါင်း မရေမတွက်နိုင်အောင် ကုန်ဆုံးစေပြီးမှ ဒီမိုးကြိုးသားရဲရဲ့ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်နိုင်ခဲ့တယ်။နောက်တော့ ၎င်းဟာ မိုးကြိုးကျောင်းတော်ရဲ့ အစောင့်အကြပ်သားရဲ ဖြစ်လာခဲ့တာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset