“ရှုမူ…ဒါက အနောက်ပိုင်းနယ်မြေမှာ ရှိတဲ့ ဂြိုဟ်တွေမှာ သတ်ဖြတ်ခဲ့တဲ့ ရှုမူပဲ…”
“ဒီလူက ယောင်မိသားစုရဲ့ လိုက်လံခြင်းကို ခံခဲ့ရပြီး ယောင်မိသားစုရဲ့ ကောင်းကင်အမိန့်အောက်မှာ ရှင်သန်နိုင်ခဲ့တဲ့ ပထဆုံးလူပဲ…”
“ပြောကြတာက ယောင်မိသားစုဟာ အများကြီး ဆုံးရှုံးခဲ့ရပြီး ယောင်မိသားစုရဲ့ မိသားစုဝင်တော်တော်များများဟာ နတ်ဆိုးရှုမူရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်တဲ့…”
“ဒါတင်မကသေးဘူး…။တခြားပါဝင်ခဲ့တဲ့ ကျင့်ကြံခြင်းမိသားစုဝင်တွေပါ သတ်ဖြတ်ခံခဲ့ရသေးတယ်။ ရှုမူ အသက်ရှင်နေသ၍ ယောင်မိသားစုဟာ မလွယ်ကူဘူး။တနေ့ သူပြန်လက်စားချေမှာကို ကြောက်နေရလိမ့်မယ်…”
တိတ်ဆိတ်နေရာကနေ စကားသံအမျိုးမျိုးထွက်ပေါ်လာသည်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ရှုမူ့ နာမည်ကို မသိသူ မရှိလူနီးပါးပင်။
ရှန်ကုန်းဟူက ဝမ်လင်းကို စူးစိုက်ငေးကြည့်နေရင်း သူ့စိတ်ထဲရှိ ရှုပ်ထွေးမှုသည် ဖြည်းဖြည်းချင်း ပြန်နစ်မြုပ်သွားသည်။သို့သော်လည်း ဝမ်လင်း၏နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သည် သူ့ကို အတော်လေး တုန်လှုပ်စေသည်။
ကျန်ကုန်းလီသည်လည်း မင်သက်နေ၏။ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သူ့ကို အတွေးများနေစေသည်။
“သူ့ကို ပထမဆုံးတွေ့တဲ့အချိန်မှာ သူက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်၊ဒုတိယအကြိမ်တွေ့တော့ အထည်ဒြပ်ယန်အဆင့်။ ခု တတိယအကြိမ်တွေ့တော့ သူက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေပြန်တယ်။ သူက တကယ်ပဲ သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာ ဖြစ်နိုင်မလား…”
“စီနီယာ…” ကျန်ကုန်းလီဘေးနားရှိ ကျန်ယွမ်သည် အံ့အားသင့်ဟန်ဖြင့် မတ်တပ်ထရပ်လာ၏။သူမက ဝမ်လင်းထံသို့ မြန်ဆန်စွာ ပျံသန်းသွားရင်း ဆယ့်နှစ်ပေလောက်အကွာတွင် လေးစားစွာ ရပ်နေသည်။
သူမတစ်ယောက်တည်းသာ မဟုတ်ပေ။သည်နေရာတွင် ဝမ်လင်းကယ်တင်ပေးခဲ့သော အခြားလူများလည်း ရှိနေသေး၏။သူတို့ကလည်း စိတ်လှုပ်ရှားနေကာ ဝမ်လင်းထံသို့ ပျံသန်းလာရင်း ဦးညွတ်ကြသည်။
သည်လူများကို တွေ့သည့်အခါ ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။
ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုရှိ အဖြူရောင်ကျောက်တုံးတစ်ခုထံကနေ သုန်မှုန်သောအသံတစ်ခု ထွက်ပေါ်လာ၏။ထိုကျောက်တုံးပေါ်၌ အဘိုးအိုတစ်ယောက်ထိုင်နေသည်။သူ့ဘေး၌ နောက်သို့ လွင့်စင်သွားသည် ထျန်ယန်ဖန် ရှိနေသည်။
“မင်း….တောင်ပိုင်းနယ်မြေရဲ့ ပြိုင်ပွဲမှာ နံပါတ်တစ် ရချင်တယ်ဆိုတော့ မင်းမှာ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ။မင်းမှာ အသိအမှတ်ပြုတုန်ကင်လည်း ပါမလာဘူး။ပြီးတော့ မင်းက တောင်ပိုင်းနယ်မြေရဲ့ ကျင့်ကြံသူအားလုံးကို လစ်လျူရှုပြီး မောက်မာနေသေးတယ်….”
အဘိုးအိုသည် ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်နှင့် စူးစိုက်ကြည့်လာသည်။
သူ့အမြင်၌ သည်ရှုမူသည် ထျန်ယန်ဖန်ကို မသတ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရစေခဲ့သူမဟုတ်လား။သူက ပြန်ကောင်းလာလျှင်ပင် သူ့ကျင့်ကြံမှုအဆင့်သည် အတော်လေး လျော့ကျသွားမည်။ခုလက်ရှိ အခြေအနေ၌ သူသည် ကောင်းကင်ဦးစီးရာထူးအတွက် ဆက်၍ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်းက အဘိုးအိုကို အေးစက်စွာ ပြန်ကြည့်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းနှင့်ပေတစ်ထောင်အကွာတွင် သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။သူက စဉ်းစားပြီးနောက် အံတင်းတင်းကြိတ်ကာ ထျန်မိသားစုအကြီးအကဲထံသို့ လှည့်၍ ပြောလာသည်။ “အလုံးစုံကောင်ကင်ကြယ်အဖွဲ့အစည်း တောင်ပိုင်းနယ်မြေရဲ့ ချန်မိသားစုဟာ စီနီယာရှုမူကို ပြိုင်ပွဲမှာ ပါဝင်ဖို့ ထောက်ခံပါတယ်…”
ထျန်အဘိုးအို၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။သူက ထိုသို့ပြောလိုက်သောလူကို ကြည့်ပင်မကြည့်ပေ။
ထို့နောက် နောက်ထပ် ကျင့်ကြံသူတစ်ယောက် မတ်တပ်ထရပ်လာပြန်၏။ထိုကျင့်ကြံသူက အသက်ကြီးရင့်နေပြီ။သူက ထျန်အဘိုးအိုကို ကြည့်ကာ ပြောလာသည်။ “တောင်ပိုင်းနယ်မြေရဲ့ ကျိုးမိသားစုက စီနီယာရှုမူကို ထောက်ခံပါတယ်။ စီနီယာထျန်ရဲ့ မျက်လုံးထဲမှာကော ငါ့ကျိုးမိသားစုက အရည်အချင်း ပြည့်မှီလား ဆိုတာ ငါ သိချင်မိတယ်….”
“တောင်ပိုင်းနယ်မြေ လီမိသားစုကလည်း စီနီယာရှုမူကို ကမ်းလှမ်းပါတယ်။လီမိသားစုကလည်း အရည်အသွေးပြည့်မှီလားတော့ ငါ မသိပါဘူး…”
အပြာရင့်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက ရှေ့သို့ လှမ်းလာကာ ထျန်အဘိုးအိုကို ကြည့်၏။
“ကျန့်မိသားစုကလည်း စီနီယာရှုမူကို အသိအမှတ်ပြုပါတယ်။ ကျန့်မိသားကကော အရည်အချင်းပြည့်မှီလား ငါ သိချင်ပါတယ်…” သည့်နောက် လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လှမ်းထွက်လာသည်။သူမ၏ အသံက နူးညံ့၏။သို့သော် ခိုင်မာနေသည်။
“ငါက မြောင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပါ။ငါလည်း စီနီယာရှုမူကို အသိအမှတ်ပြုပါတယ်။မြောင်မိသားစုက ပင်မဂြိုဟ်သုံးခုရဲ့ မိသားစုတွေထဲက တစ်ခုပါ။ စီနီယာထျန်…ငါ့မြောင်မိသားကကော အရည်အသွေး ပြည့်မှီရဲ့လား…”
အနက်ရောင်ဝတ်စုံနှင့် အေးစက်စက်လူငယ်တစ်ယောက်သည် လှမ်းထွက်လာသည်။
သူတို့လေးယောက်လုံးသည် မိုးကြိုကောင်းကင်ဘုံနယ်မြေ၌ ဝမ်လင်း ကယ်တင်ပေးခဲ့သူများပင်။ သူတို့က ဝမ်လင်းကို ကျေးဇူးတင်နေမိ၏။သို့သော် သူတို့၏ မိသားစုများကြောင့် ယောင်မိသားစု ဝမ်လင်းနောက်သို့ လိုက်လံတိုက်ခိုက်ချိန်က ကူညီပေးနိုင်ခြင်း မရှိခဲ့ပေ။ထိုအဖြစ်က သူတို့ကိုယ်သူတို့ အပြစ်ရှိသလို ခံစားခဲ့ရသည်။ထို့ကြောင့်ခုချိန်၌ သူတို့က ဝမ်လင်းဘေး၌ တုံ့ဆိုင်းခြင်းမရှိ လာရပ်ကြခြင်းပင်။
ထိုမြင်ကွင်းက ထျန်အဘိုးအို၏အသွင်ကို ပြောင်းလဲသွားစေသည်။ချန်မိသားစုဘိုးဘေးသည်လည်း မှင်သက်သွား၏။သူက ညစ်ကျယ်ကျယ်ပြုံးကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။
သူသာမက ကျန်သည့် မိသားစုခေါင်းဆောင်များသည်လည်း မထူးခြားဟန်နှင့် မသိသလို မျက်လုံးမှိတ်ထားလိုက်ကြသည်။
“မြေမီးတောက်ဂြိုဟ်ရဲ့ မန်မိသားစုကလည်း စီနီယာရှုမူကို အသိအမှတ်ပြုပါတယ်။မန်မိသားစုကကော အရည်အသွေးပြည့်မှီရဲ့လား ငါ သိချင်မိတယ်…” နောက်ထပ်ကျင့်ကြံသူတစ်ယောက်သည် လှမ်းထွက်လာကာ ထျန်မိသားစုအကြီးအကဲကို ကြောက်ရွှံ့မှုမရှိစွာ ကြည့်လာသည်။
“မိုးကြိုးတိမ်တိုက်ဂြိုဟ်ရဲ့ ပေလီမိသားစုကလည်း စီနီယာရှုမူကို အသိအမှတ်ပြုပါတယ်…”
“မြေမီးတောက်ဂြိုဟ်ရဲ့ ကျိုးမိသားစုကလည်း အသိအမှတ်ပြုပါတယ်…”
“မိုးပြာရောင်ဂြိုဟ်ရဲ့ နိုင်းမိသားစုကလည်း စီနီယာရှုမူကို အသိအမှတ်ပြုပါတယ်။ ငါ့နိုင်းမိသားစုဟာ ပင်မဂြိုဟ်တွေရဲ့ မိသားစုတွေထဲက တစ်ခု ဖြစ်တယ်။ငါတို့ကော အရည်အသွေးပြည့်မှီရဲ့လား…”
ထိုလူများ မတ်တပ်ထရပ်လာပြီးနောက် ပို၍ များပြားသောလူများသည် ဝမ်လင်းဘက်တွင် ရပ်တည်လာကြကာ ထျန်မိသားစုအကြီးအကဲကို စူးစိုက်ကြည့်နေကြ၏။သူတို့အားလုံးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ဝမ်လင်း၏ဦးဆောင်ပေးမှုကြောင့် လွတ်မြောက်လာနိုင်ခဲ့ကြသူများ ဖြစ်ပေသည်။
သူ့ရှေ့က မြင်ကွင်းသည် ထျန်အဘိုးအိုကို ကြီးစွာ တုန်လှုပ်စေသည်။သူက ဝမ်လင်းဘေးရှိ မိသားစုများ၏ ဂျူနီယာများကို ကြည့်လိုက်သည်။သူက ကျင့်ကြံခြင်းမြင့်မားသည့်သူ ဖြစ်သော်လည်း တိတ်ဆိတ်စွာ စဉ်းစားနေသည်။
ထိုဂျူနီယာများသည် သူ့အတွက် မထိုက်တန်လှပေ။သို့သော် သူတို့၏ မိသားစုအကြီးအကဲများကလည်း ဝင်ရောက်မတားဆီးခြင်းက ထျန်မိသားစုအဘိုးအိုသည် ဝမ်လင်းအပေါ် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်မိလာစေသည်။
သူသည်လည်း ဝမ်လင်းကဲ့သို့ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း အဆင့်တွင် ရှိသူ ဖြစ်သည်။သို့သော်လည်း သူက အချိန်ကြာကတည်းက သည်အဆင့်သို့ ရောက်နှင့်နေခဲ့ကာ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအထွတ်အထိပ်သို့ ရောက်နှင့်နေခဲ့လေပြီ။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲ၌ သာမန်ကျင့်ကြံခြင်းမိသားစုများတွင် ယင်ယန်အဆင့်ကျင့်ကြံသူများကို မိသားစုတစ်ခု၏ ဘိုးဘေးဟု သတ်မှတ်နိုင်၏။
ပင်မဂြိုဟ်များ၏ မိသားစုများတွင်သာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနိုင်၏။သို့သော် အရေအတွက်အားဖြင့် မများလှပေ။မိသားစုတစ်စုတွင် တစ်ယောက်သာ ရှိနိုင်ပေသည်။
ယောင်မိသားစုထက် တစ်ဆင့်သာ နိမ့်သော ထျန်မိသားစုလို လူမျိုးအတွက် ဒုတိယအဆင့်ကျင့်ကြံသူ တစ်ယောက်ထက် ပိုရှိလေ၏။
ထျန်မိသားစုတွင် ဒုတိယအဆင့်ကျင့်ကြံသူ လေးယောက်ရှိ၏။သူက ထိုအထဲတွင် အားအနည်းဆုံး ဖြစ်သည်။
ကျန်ကုန်းလီသည် ခဏတာ စဉ်းစားပြီးနောက် ခေါင်းမော့ကာ ထျန်မိသားစုအကြီးအကဲထံသို့ ကြည့်၏။ “ကျန်ကုန်းလီကလည်း ကျန်မိသားစုကို ကိုယ်စားပြုပြီး စီနီယာရှုမူကို ထောက်ခံပါတယ်။ စီနီယာထျန်၊ ငါ ကျန်ကုန်းလီကကော အရည်အသွေး ပြည့်မှီရဲ့လား…”
ထျန်အဘိုးအို၏အသွင်သည် ပို၍ သုန်မှုန်လာလေသည်။
“ရှန်ကုန်းဟူကလည်း စီနီယာ ရှုမူကို ပြိုင်ပွဲမှာ ပါဝင်ဖို့ အသိအမှတ် ပြုပါတယ်….”
ထျန်မိသားစုအကြီးအကဲက နှာခေါင်းရှုံ့၏။သူက စကားပြေဟန် ပြင်လိုက်စဉ် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲထံကနေ အသံထွက်လာ၏။
“ရှုမူက အရည်အသွေး ပြည့်မှီတယ်…”
သူက ထိုသို့ပြောလိုက်သည့်အခါ ထျန်မိသားစုအကြီးအကဲ၏အသွင် ကြီးစွာ ပြောင်းလဲသွားသည်။သူက ထိုအဘိုးအို၏ အဆင့်အတန်းကို သိပေ၏။ထို့ကြောင့် သူက သူ့စကားကို မငြင်းဆန်ဝံ့ပေ။သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့အင်္ကျီလက်အိုးကို ဝှေ့ခါကာ ထျန်ယန်ဖန်ကို ခေါ်ဆောင်ပြီး ထွက်သွားသည်။
ထျန်မိသားစုဝင်များကလည်း သူ့နောက်ကနေ အလျင်အမြန် လိုက်ပါသွားကြ၏။
သူမထွက်ခွာခင်၌ ထျန်မိသားစုအကြီးအကဲသည် ဝမ်လင်းထံသို့ ကြမ်းကြုတ်စွာကြည့်၏။
ဝမ်လင်းသည် တည်ငြိမ်စွာ လှမ်းကြည့်၍ ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”
သူက ထိုစကားကို ဆိုသည်နှင့် ထျန်မိသားစုအကြီးအကဲသည် မှင်သက်သွား၏။သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။သူက ထျန်ယန်ဖန် ရှိရာသို့ လှမ်းကြည့်လိုက်ရာ ထျန်ယန်ဖန်၏ခန္ဓာကိုယ်သည် အစိတ်အပိုင်းများအဖြစ်သို့ ပေါက်ကွဲထွက်သွားလေပြီ။
သူ့မူလစိတ်ဝိညာည်ပင် ပျက်စီးသွားရကာ ထျန်အဘိုးအိုသည် သူ့အား ကယ်တင်ရန် အခွင့်မသာတော့ပေ။ဝမ်လင်းက ထျန်ယန်ဖန်၏ခန္ဓာကိုယ်ထဲ၌ အားတစ်ခုကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။ ထျန်အဘိုးအို၏ ကျင့်ကြံမှုက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် မဟုတ်ပါက ထိုအရာကို မြင်တွေ့နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။
ထျန်မိသားစုက သူ့ကို သတ်ချင်စိတ် ပြလာမှတော့ ဝမ်လင်းသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ ထျန်ယန်ဖန်ကို ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်တော့၏။
“မင်းရဲ့ ထျန်မိသားစုက ဒုတိယယောင်မိသားစု ဖြစ်မလာတာ ပိုကောင်းလိမ့်မယ်…”
ဝမ်လင်း၏အသံက တည်ငြိမ်နေ၏။သို့သော် အေးစက်လှသည်။
“ရှုမူ…” ထျန်အဘိုးအိုသည် ဒေါသပုန်ထသွား၏။သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းမှု ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်နေသည်။ခြေတစ်လှမ်းဖြင့်ပင် သူက ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။
ဝမ်လင်းအသွင်က အေးဆေးပင်။သူက သူ့ဘယ်လက်ကို ပင့်မြှောက်၏။သည်အခိုက်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုထံကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။သူက မျက်လုံးဖွင့်လာကာ အေးစက်စွာ ကြည့်လာသည်။
“ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေ ပြိုင်ပွဲမှာ ခွင့်မပြုဘူး။ထျန်ရှန်..မင်းမိသားစုဝင်တွေကို ပြန်ခေါ်သွားပါ။ ဒီအဘိုးအို မောင်းမထုတ်ရစေနဲ့….။ပြိုင်ပွဲပြီးမှ မင်းလက်စားပြန်ချေချင်ရင် မင်းက ယောင်မိသားစုရှိကနေ သင်ယူပြီး ဒါကို မင်းကိုယ်တိုင် ဖြေရှင်းနိုင်တယ်…”
ထျန်အဘိုးအိုက ရပ်တန့်သွား၏။သည့်နောက်သူက ဝမ်လင်းကို အေးစက်စွာ ကြည့်ပြီးနောက် သူ့မိသားစုဝင်များကို ခေါ်ဆောင်ကာ ထွက်သွားတော့သည်။
ခရောင်းရောင်ဝတ်စုံနှင့်အဘိုးအိုက ဝမ်လင်းကို ကြည့်၏။သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက တည်ငြိမ်စွာ မေးလိုက်၏။ “မင်းက တောင်ပိုင်းနယ်မြေရဲ့ (၁၀၈) နေရာမှာ နံပါတ်တစ်နေရာ လိုချင်တာလား…”
ဝမ်လင်းက အဘိုးအိုကို ကြည့်၏။သူ့လက်ရှိအဆင့်ဖြင့် သူက အဘိုးအိုထံမှ အားကောင်းသော မူလစွမ်းအင်တုန်ခါလှိုင်းကို ခပ်ရေးရေး ခံစားမိသည်။ဝမ်လင်းသည် သည်လူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်ပေ။သို့သော် သွေးဘိုးဘေးနှင့်နှိုင်းယှဉ်ပါက သူသည် အတော်လေး အားနည်းပေမည်။သည်အဘိုးအိုက နိဗ္ဗာနသန့်စင်ခြင်းအဆင့် မဟုတ်လျှင် နိဗ္ဗာနကြိုမြင်ခြင်း နောက်ဆုံးအဆင့်တွင်တော့ အနည်းဆုံး ရှိပေလိမ့်မည်။
“ဟုတ်ပါတယ်…” ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအို၏မျက်လုံးထဲ၌ လေးစားမှုအငွေ့အသက် ဖြတ်ပြေးသွားသည်။သူက ဖြည်းဖြည်းချင်း ဆိုလာ၏။ “ကောင်းတယ်…။ဘယ်သူကမှ မင်းကို စိန်မခေါ်ရဲဘူးဆိုရင် ငါ မင်းကို တောင်ပိုင်းနယ်မြေ ပြိုင်ပွဲရဲ့ နံပါတ်တစ်နေရာ ပေးမယ်…”
“သူ့ကို ဘယ်သူ စိန်ခေါ်ဝံ့ကြလဲ…” ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက အနီရောင်ကျောက်တုံးများပေါ်၌ထိုင်နေကြသော တောင်ပိုင်းနယ်မြေမှ ကျင့်ကြံသူများကို ခြုံငုံကြည့်လိုက်၏။နောက်ဆုံးတွင် သူ့အကြည့်က လူတစ်ယောက် အပေါ်သို့ ကျရောက်သွားသည်။
ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အသက်လေးဆယ်ခန့် ရှိပေမည်။သူ့မျက်နှာက အနည်းငယ် ဖြူရောနေ၏။သူ့ရှေ့ရှိ မြေပြင်ထက်တွင် ဓားသွားကိုခုကို ထိုးစိုက်ထားသည်။
ဝမ်လင်း၏တိုက်ပွဲစိတ်ဆန္ဒ ရောက်ရှိလာသည့်အခါ၌ သူက အလျင်စလို မပြုမူဘဲ တိတ်ဆိတ်စွာသာ ကျင့်ကြံနေခဲ့သူ ဖြစ်၏။ဝမ်လင်းသည် သူ့နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ထုတ်ဖော်ချိန်၌ပင် သူက ခေါင်းမော့ကြည့်ရုံသာ ရှိကာ သူ့ထံမှ မဖော်ပြနိုင်သည့် တိုက်ပွဲစိတ်ဆန္ဒပါ ထွက်ပေါ်လာသေးသည်။
“ကျန်ကုန်းလီက စီနီယာရှုမူကို စိန်ခေါ်ချင်ပါတယ်…” ကျန်ကုန်းလီက အသက်ဝဝရှုသွင်း၏။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။သို့သော် တိုက်ပွဲဝင်လိုစိတ်လည်း ပါရှိနေသေး၏။သူက ဝမ်လင်းထံသို့ လေးစားစွာ လက်နှစ်ဖက်စုပ်၍ နှုတ်ဆက်ဟန် ပြုသည်။
“စီနီယာသာ ငါ့ကို လက်ခံလာအောင် လုပ်နိုင်ရင် ငါက ငါ့တာအိုပုံတူကို သင့်ရှိ ပေးပြီး စီနီယာကို ငါ့အရှင်လို့ ခေါ်ပါ့မယ်…။ငါတို့အတူ မဟာမိတ်ကြယ်အဖွဲ့အစည်းကို တိုက်ကြမယ်…”
သူက ထိုစကားများ ပြောလိုက်သည့်အခါ လှိုင်းတစ်ခုသည် သည်ဧရိယာအတွင်း၌ ထန်လာပေတော့သည်။
***