မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် ကောင်းကင်ဦးစီး(၁၀၈) နေရာအတွက် ပြဌာန်းထား၏။ နယ်မြေကြီးလေးခုသည် ကြမ်းတမ်းသည့် ပြိုင်ပွဲအတွက် ပြိုင်ပွဲကွင်းတစ်ခု ရှိလာပေမည်။
ရှေးခေတ်ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပြီးနောက် အခုအခါသည် ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ဦးစီးရာထူးများကို ပေးအပ်လာခြင်းပင်။ ကောင်းကင်ဘုံအရှင်ချင်းရွှေက ကောင်းကင်ဘုံမန္တာန်များကိုလည်း သင်ကြားပေးဦးမည်။ထို့အပြင် ရှေးဟောင်းမိသားစုကြီးနှစ်ခု၏ ကတိစကားနှင့် ရှေးဦးခေတ်ကတည်းက ရှိခဲ့သည့် ဆန်းကြယ်လှသော မိသားစုကြီးတစ်ခုထံမှ ကောင်းကင်ဘုံရေကန်ကို အသုံးပြုခွင့်လည်း ရပေဦးမည်။
ထိုအရာများအားလုံးက ကောင်းကင်ဦးစီးနေရာအတွက် ပြိုင်ပွဲကို အထွတ်အထိပ်သို့ ဆွဲခေါ်စေခဲ့တော့သည်။
ကောင်းကင်ဘုံဦးစီးနေရာ ပြိုင်ပွဲကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ တိုက်ပွဲစိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။
နယ်မြေလေးခုလုံးမှ မရေမတွက်နိုင်သော ကျင့်ကြံခြင်းမိသားစုများသည် တိုက်ပွဲကွင်းထံသို့ သူတို့၏ လူများကို စေလွှတ်ကြသည်။ထို့နောက် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက်သည် ဒိုင်အဖြစ် ဆောင်ရွက်ပေးမှုနှင့်အတူ နယ်မြေတစ်ခုစီကနေ လူ(၁၀၈)ယောက်ကို ရွေးချယ်ကာ နောက်ဆုံးပြိုင်ပွဲသို့ စေလွှတ်ပေမည်။နောက်ဆုံးပြိုင်ပွဲသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ ကျင်းပမည် ဖြစ်၏။
တောင်ပိုင်းနယ်မြေ ပင်မဂြိုဟ်သုံးခုထဲမှ တစ်ခုဖြစ်သည့် မြေမီးတောက်ဂြိုဟ်။
ထိုဂြိုဟ်နှင့် ကီလိုမီတာထောင်ချီအကွာရှိ အာကာသဟင်းလင်းပြင်၌ အလင်းတစ်ခု တောက်ပနေ၏။
ကီလိုမီတာထောင်ပေါင်းများစွာသည် ကျင့်ကြံသူမြောက်များစွာနှင့် ပြည့်နှက်နေသည်။ထိုနေရာသည် တောင်ပိုင်းနယ်မြေ၏ ပြိုင်ပွဲကွင်းပြင် ဖြစ်လေ၏။
ကီလိုမီတာများစွာ အကွာတွင် မရေမတွက်နိုင်သော အပြာရောင်ကျောက်တုံးများစွာ ရှိနေ၏။ကျောက်တုံးတစ်တုံးစီပေါ်၌ ထိုင်နေကြသော လူတစ်ယောက် သို့မဟုတ် လူအချို့ ရှိနေကြသည်။ထိုအပြာရောင်ကျောက်တုံးများသည် သည်ဧရိယာအနှံ့တွင် ရှိနေကြ၏။ယင်းအပြာရောင်ကျောက်တုံးများသည် ပြိုင်ပွဲကို ကြည့်ရှုလိုသော တောင်ပိုင်းနယ်မြေရှိ လူများအတွက် ပြင်ဆင်ထားခြင်းပင်။ခုချိန်၌ ကျင့်ကြံသူများစွာသည် ယင်းကျောက်တုံးများအပေါ်၌ ရှိနေကြ၏။
သူတို့၏ကျင့်ကြံမှုသည် အမျိုးမျိုး ရှိ၏။အများစုသည် ပထမအဆင့်ကျင့်ကြံခြင်း၌သာ ရှိနေကြသေးသည်။သူတို့က သည်နေရာသို့ ကောင်းကင်ဘုံမန္တာန်များကို ကြည့်ရှုကာ အမြင်ကျယ်ရအောင် ရောက်လာကြခြင်း ဖြစ်၏။
ထိုမရေမတွက်နိုင်သော အပြာရောင်ကျောက်တုံးများကြား၌ အနီရောင်ကျောက်တုံးတော်တော်များများလည်း ရှိနေ၏။ထိုကျောက်တုံးတစ်ခုစီပေါ်၌ တိုက်ပွဲစာလောင်စိတ်တို့ ပြည့်နေသည့် ကျင့်ကြံသူတစ်ယောက်စီ ထိုင်နေကြသည်။ထိုလူများသည် တောင်ပိုင်းနယ်မြေရှိ ကောင်းကင်ဦးစီးနေရာအတွက် တိုက်ခိုက်ရန် အခွင့်အရေး ရရှိခဲ့ကြသူများလည်း ဖြစ်ကြသည်။
အနီရောင်ကျောက်တုံး သုံးရာကနေ လေးရာလောက်ထိ ရှိနေ၏။ထိုလူများထဲကနေ (၁၀၈)ယောက်ကိုသာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သို့ သွားရောက်ရန် ရွေးချယ်မည် ဖြစ်သည်။
ဤအခိုက်အတန့်၌ ကီလိုမီတာများစွာ ကျယ်ဝန်းသည် တိုက်ပွဲကွင်းပြင်အတွင်း ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြလျက် ရှိသည်။ထိုဧရိယာ၌ မန္တာန်မျိုးစုံ ပြည့်နေသည်။နှစ်ဖက်လုံးသည် ညီမျှနေသည်။ကျင့်ကြံသူအားလုံးသည် နောက်လာညမ့် တိုက်ပွဲကို ပို၍ ကြည့်ရှုနေချင်ကြသည်။
တကယ်တော့ ကျင့်ကြံသူအများစုသည် ခုလက်ရှိ ယှဉ်ပြိုင်တိုက်ခိုက်နေသော တိုက်ပွဲကို တစ်ချက်သာ ကြည့်ကာ သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။သည်လို တိုက်ပွဲမျိုးက သူတို့၏စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ပေ။
ကျန်ကုန်းလီသည်လည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်၏။
ကျန်မိသားစုသည် မိသားစုကြီးတစ်ခု ဖြစ်သည်။ကျန်ကုန်းလီက ကျန်မိသားစုမှ အတော်ဆုံးဂျူနီယာတစ်ယောက်ပင်။သူ့မိသားက သူ့ကို တောင်ပိုင်းနယ်မြေပြိုင်ပွဲအတွက် ထိပ်ဆုံးဆယ်ယောက်အတွင်း ရရှိမည်ဟု ယုံကြည်ထားကြသည်။
ကျန်ကုန်းလီ၏ ကြမ်းကြုတ်သည့်အကြည့်က သည်ဧရိယာသို့ ဖြန့်ကြည့်လိုက်ရင်း အနီရောင်ကျောက်တုံးတစ်ခုအပေါ်သို့ ကျရောက်သွားသည်။ထိုကျောက်တုံးအပေါ်၌ ရှန်ကုန်းဟူ ထိုင်နေသည်။သူက ကျန်ကုန်းလီ၏အကြည့်ကို သတိပြုမိသည့်အလား မျက်လုံးဖွင့်လာသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးပြပြီး သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။
ရှန်ကုန်းဟူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် အကွာအဝေးတစ်ခုထံသို့ မှောင်ကုပ်ကုပ်အသွင်နှင့် ငေးနေ၏။မူလတုန်းက သူသည် ယောင်မိသားစု သူ့အရှင်ကို လိုက်သတ်ဖြတ်သည့် အခါက ကူညီပေးချင်ခဲ့သည်။သို့သော်လည်း ရှန်ကုန်းမိသားစုဘိုးဘေးကိုယ်တိုင် သူ့အား လာရောက်တားဆီးခဲ့ပေသည်။
သူက မတတ်သာဘဲ လက်လျှော့ခဲ့ရတော့သည်။သို့သော်လည်း သူက စိတ်ထဲကနေ နှာခေါင်းရှုံ့နေမိ၏။ယောင်မိသားစုသည် သူ့အရှင်ကို လာရောက်ရန်စခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးနေသည် မဟုတ်လား။
သို့သော်လည်း တကယ်ဖြစ်ပျက်သွားသည်က သူ မျှော်လင့်ထားခဲ့သလို မဟုတ်ခဲ့ပေ။သူ့အရှင်က ယောင်မိသားစုကို ပြန်တိုက်ခိုက်ကာ ကျင့်ကြံသူများစွာကို သတ်ဖြတ်၍ နတ်ဆိုးဟူသည့် အမည်နာမပင် ရလာခဲ့သေးသည်။
ထိုအခါ ရှုမူ ဆိုသည့် နာမည်သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ကျော်ကြားလွန်းလာခဲ့သည်။
ထိုအရာများသည် လူတိုင်းသိသည့်အကြောင်း ဖြစ်နေသော်လည်း ရှန်ကုန်းဟူ စိတ်ထဲရှိ မျှော်မှန်းချက်နှင့်မူ ခြားနားလွန်းနေခဲ့သည်။သူက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီး သူ့စိတ်ထဲ၌ ခါးသီးစွာ ခံစားမိနေသည်။
ရှန်ကုန်းဟူ၏ ဉာဏ်ရေဖြင့် သူသည် ခန့်မှန်းနိုင်ခဲ့ပြီ မဟုတ်လား။
“ဒီရှုမူက ငါ မျှော်လင့်ထားသလောက် မစွမ်းနေမှာ စိုးမိတယ်။ သူ့ကျင့်ကြံမှုက ငါ့ထက်တောင် နိမ့်နေမှာ စိုးရိမ်မိသေးတယ်။ သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ တိုးတက်လာပါစေ အခု ငါ့လိုမျိုး အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်မှာပဲ ရှိနေလောက်ဦးမယ်…”
ရှန်းကုန်ဟူသည် သူတွေဝေ စဉ်းစားနေရာကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူ့စိတ်ထဲ၌ အလွန်ရှုပ်ထွေးနေမိသည်။
ကျန်ကုန်းလီ၏စိတ်နှလုံးသည်လည်း ရှန်ကုန်းလီကဲ့သို့သာ ဖြစ်နေ၏။သူက ရှန်ကုန်းဟူလို တော်သည့်သူ တစ်ယောက် မဟုတ်လား။ထို့ကြောင့် ဝမ်လင်း ယောင်မိသားစု၏ သတ်ဖြတ်ခြင်းကို ခံရချိန်က သူသည် တဖြည်းဖြည်း အမှန်ကို သဘောပေါက်လာခဲ့သည်။သူ့စိတ်ထဲ၌လည်း ခါးသက်မှုတို့ ပြည့်နေ၏။
“ရှုမူ…ငါ ကျန်ကုန်းလီက လှည့်စားခံခဲ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။အတိတ်တုန်းက အဲ့အချိန်မှာ ငါဟာ သူ့ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်တာဟာ သူ့ကျင့်ကြံမှုအဆင့်က ရိုးရှင်းနေခဲ့လို့ကို။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ အထည်ဒြပ်ယန်အဆင့်ကို ရောက်ခဲ့တာက ကံကောင်းမှုတစ်ခု ကြုံခဲ့ရလို့ ဖြစ်မယ်။ငါ တွေးထင်ခဲ့သလိုမျိုး သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာမျိုး မဟုတ်ခဲ့ဘူးပဲ…”
“ခုချိန်မှာ ဒီလူက အထည်ဒြပ်ယန်အဆင့်မှာပဲ ရှိနေမှာ သေချာတယ်။ငါက သူနဲ့ ပတ်သတ်လို့ လှည့်ဖျားခံခဲ့ရပြီး မှားယွင်းခဲ့တာပဲ…”
ကျန်ကုန်းလီက စိတ်ပျက်စွာ သက်ပြင်းချမိသည်။
နောက်ထပ် အနီရောင်ကျောက်တုံးတစ်ခုအပေါ်၌ ထျန်ယန်ဖန် ထိုင်နေ၏။သူက ကျန်ကုန်းလီ၏အဖြစ်ကို တွေ့မြင်သည့်အခါ နှာခေါင်းရှုံ့၏။သို့သော် ဘာစကားမှတော့ မဆိုပေ။
ကျန်ကုန်းလီ၊ရှန်ကုန်းဟူနှင့်ထျန်ယန်ဖန်တို့သည် တောင်ပိုင်းနယ်မြေ၌ ကျော်ကြားလှသည်။သူတို့ကို တောင်ပိုင်းနယ်မြေ၏ ကပ်ဘေးသုံးဖော်ဟုလည်း သိကြ၏။
အမျိုးမျိုးသော ကျင့်ကြံခြင်းမိသားစုမှ ပြိုင်ပွဲကို ကြည့်ရှုရန်လာရောက်သည့်သူများအပြင် တိုက်ပွဲများအတွက် စီမံတာဝန်ယူပေးမည့် လူများလည်း သည်နေရာတွင် ရှိနေကြသည်။သူတို့ထဲမှ သုံးယောက်သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လာရောက်ကြခြင်း ဖြစ်သည်။
သုံးယောက်ထဲမှ နှစ်ယောက်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်လုံးများက အေးစက်နေ၏။နောက်တစ်ယောက်သည် အဘိုးအိုတစ်ယောက် ဖြစ်ကာ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူက သူ့ရှေ့ရှိ အရာအားလုံးကို ဂရုမစိုက်သည့်ဟန်နှင့် မျက်လုံးမှိတ်ထား၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လာရောက်သည့် အစိမ်းရောင်ဝတ်စုံနှင့်နှစ်ယောက်သည် ထိုခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲကို အတော်လေး လေးစားဟန် ဖြစ်ပေါ်နေ၏။တောင်ပိုင်းနယ်မြေရှိ အနီးအနားမှ ဘိုးဘေးများပင် သူ့အပေါ်၌ လေးစားမှုအတော်ထားကြသည်။
သူတို့သုံးယောက်အပြင် တောင်ပိုင်းနယ်မြေ၏ ကျင့်ကြံခြင်းမိသားစုများမှ ဘိုးဘေးများလည်း ရောက်ရှိနေကြ၏။ထိုလူများက အဖြူရောင်ကျောက်တုံးများအပေါ်၌ ထိုင်နေကြ၏။အဖြူရောင်ကျောက်တုံးသည် ဆယ်တုံးထက် မကျော်ပေ။သို့သော် ၎င်းကျောက်တုံးများပေါ်၌ ထိုင်နေကြသည့် တစ်ယောက်ချင်းစီသည် ကျော်ကြားလှသူချည်း ဖြစ်နေ၏။
သို့သော်လည်း ရှန်ကုန်းမိသားစုဘိုးဘေးနှင့်လီယွမ်ဇီတို့သည် သည်နေရာ၌ ရှိမနေခဲ့ပါ။
ပြိုင်ပွဲကွင်းအတွင်းရှိ တိုက်ပွဲသည် တဖြည်းဖြည်း အဆုံးသပ်သို့ ရောက်လာနေ၏။
ခဏအကြာတွင် တိုက်ခိုက်နေသူနှစ်ယောက်ထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်သည် မန္တာန်တစ်ခု ထိမှန်သွားသည့်အတွက် တုန်ရီနေ၏။သူ့မျက်နှာက ဖြူရောက ပါးစပ်ထောင့်ကနေ သွေးများစီးကျနေသည်။သူက သူ့ပြိုင်ဘက် သူ့နောက်သို့ လိုက်လာသည်ကို တွေ့သည့်အခါ သက်ပြင်းချကာ ဝန်ခံ၏။ “ငါ အရှုံးပေးတယ်…”
ဒဏ်ရာရသွားသောသူနောက်သို့ လိုက်လာသူက ရယ်မောလိုက်၏။သူက ဆက်၍ မတိုက်ခိုက်တော့ဘဲ နောက်သို့ ပြန်လှည့်သွားတော့သည်။
ပြိုင်ပွဲကွင်းအတွင်း၌ အရိပ်တစ်ခုပေါ်လာ၏။ထိုလူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အစိမ်းရောင်ဝတ်တမန်တော်ထဲမှ တစ်ယောက် ဖြစ်၏။သူက ပြိုင်ပွဲကွင်းကို ခြုံငုံကြည့်ပြီး တည်ငြိမ်စွာ ဆိုလာ၏။ “လီရီ…အနိုင်ရတယ်…”
မြေမီးတောက်ဂြိုဟ်၏ အပြင်ဘက်၌ တိုက်ပွဲ ဖြစ်ပွားပြီးပြီးချင်း ဝမ်လင်း၏ ပုံရိပ်သည် ကီလိုမီတာများစွာ အကွာကနေ ပေါ်ထွက်လာ၏။
“လီယွမ် ငါ့ကို ပြောခဲ့တာက တောင်ပိုင်းနယ်မြေရဲ့ ပြိုင်ပွဲက မြေမီးတောက်ဂြိုဟ်အပြင်နားမှာ ကျင်းပမယ်တဲ့။ ပြိုင်ပွဲဝင်သူတိုင်းက တောင်ပိုင်းနယ်မြေရဲ့ အသိအမှတ်ပြုတုန်ကင်တစ်ခု ရှိရလိမ့်မယ်။လူတစ်ယောက်က တုန်ကင် မရှိရင် ဝင်ရောက်ခွင့်မရှိဘူး။ တကယ်လို့ ဝင်ရောက်လိုက်တာနဲ့ အဲ့လူဟာ ပေတစ်သိန်းဧရိယာအတွင်းမှာ ချိပ်ပိတ်ခြင်း ခံရလိမ့်မယ်။ နောက်ကျသွားရင်လည်း ဝင်ရောက်လို့ ရမှာ မဟုတ်ဘူး…”
ဝမ်လင်းသည် အေးစက်စွာ နှာခေါင်းရှုံ့၏။သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ လှိုင်းတွန့်များ သူ့ခြေထောက်အောက်၌ ပေါ်လာ၏။နောက်တစ်လှမ်း လှမ်းလိုက်ရင်း သူက ပျောက်ကွယ်သွားတော့သည်။
မြေမီးတောက်ဂြိုဟ်၏ ကီလိုမီတာတစ်သိန်းအတွင်း၌ ကီလိုမီတာတစ်သောင်းစီ အကွာတိုင်းတွင် ကျင့်ကြံသူများ ရှိနေသည်။သူတို့က ဂြိုဟ်ကို ဝန်းရံထားပြီး အပြင်လူများ ဝင်မရောက်လာနိုင်ရန် တားဆီးထားကြသည်။
သူတို့ထံကနေ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများ ထွက်ပေါ်နေကာ ချိတ်ဆက်၍ ပိုက်ကွန်သဖွယ် ဖြစ်ပေါ်နေသည်။
မန်လင်းသည် ခုလက်ရှိ၌ ကြယ်များကြား၌ ထိုင်နေ၏။သူ့စိတ်ထဲကနေလည်း ဒေါသထွက်နေသည်။သူက မြေမီးတောက်ဂြိုဟ်မှ မန်မိသားစုမှ တစ်ယောက် ဖြစ်သည်။သူက ပြိုင်ပွဲအတွင်း အသုံးပြုမည့် ကောင်းကင်ဘုံမန္တာန်များကို လေ့လာလို့သည့် အခွင့်ရေးတစ်ခု လိုချင်ခဲ့သော်လည်း သည်နေရာသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ထို့ကြောင့် သူက အတော်လေး ဒေါသထွက်နေခြင်း ဖြစ်၏။
သူက သူ့ကံမကောင်းမှုအကြောင်း တွေးမိလေလေ ပိုဒေါသထွက်နေမိလေ ဖြစ်နေသည်။သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ရှိနေသည်။
“ငါသာ ကောင်းကင်ဦးစီးပြိုင်ပွဲမှာ အသုံးပြုတဲ့ မန္တာန်တွေအများကြီးကို တွေ့မြင်ရရင် ငါ့ကျင့်ကြံမှုအတွက် အတော်လေး အကျိုးရှိမှာ…ဟူး..ခုတော့…”
မန်လင်းက သက်ပြင်းချနေမိ၏။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တစ်ယောက် ဖြစ်ကာ အာဏာတက်ခြင်းအဆင့်သို့ပင် ခြေချနိုင်စွမ်း မရှိသေးပေ။ထို့နောက် သူသည် သူ့ရှေ့တည့်တည့်သို့ မော့ကြည့်လိုက်၏။
ရုတ်တရက် သူနှင့် ပေတစ်ထောင်အကွာတွင် လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့သည်။ထိုလှိုင်းတွန့်များ ပျံ့နှံ့လာပြီးနောက် လူတစ်ယောက် လှမ်းထွက်လာသည်။
ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ မြောလွင့်နေ၏။မန်လင်း၏အကြည့်သည် ထိုလူ၏ မျက်လုံးနှင့် တွေ့ဆုံသွားသည့်အခါ သူ့စိတ်ထဲ၌ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်သကဲ့သို့ ခံစားမိသွားစေ၏။
ထိုအခိုက်အတန့်၌ သူ့အသိစိတ်သည် လွတ်သွားရသည်။
ဝမ်လင်း၏ပုံရိပ်က ဖျပ်ခနဲ မန်လင်းကို ကျော်လာ၏။