အခန်း(၁၆)

ကျုပ်ရင်ထဲ ထိသွားပြီ… အရမ်းကို ထိသွားပြီ

အခန်း (၁၆) : ကျုပ်ရင်ထဲ ထိသွားပြီ… အရမ်းကို ထိသွားပြီ

“မင်းက လမ်းသွားလမ်းလာတွေရဲ့ အာရုံကို ဖမ်းစားဖို့အတွက် တမင်တကာ ဈေးဆိုင်တည်လိုက်တယ်… ပြီးတော့ မင်းနဲ့ ကံစပ်တဲ့သူကိုပဲ အကဲဖြတ်ပေးမယ်လို့ ပြောတယ်… ဒါပေမဲ့ တကယ်တမ်းမှာ မင်းက ဘယ်သူ့ တောင်းဆိုချက်ကိုမှ လက်မခံခဲ့ဘူး…

တကယ်တော့ ဒါက ထောင်ချောက်ပဲ… မင်းက နတ်မိမယ်လီကို လှည့်စားဖို့ ကြံစည်နေတာမလား…

မင်းရဲ့အကြံအစည်က နတ်မိမယ်လီကို ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးကို ဝယ်ခိုင်းမလို့မလား… ဒါက လှည့်စားနေတာပဲ မဟုတ်ဘူးလား ပြော”

မရှင်းမလင်း ဖြစ်နေသည့် မြောက်များစွာသော လူတို့ကလည်း လမ်းကြုံနံပါတ်(၁)၏ စကားကို ကြားသောအခါကျမှ သဘောပေါက်သွားကြလေသည်။

“ဟုတ်သားပဲ… အခုတော့ သဘောပေါက်သွားပြီ။ အစက သူ့ကို လူလိမ်တစ်ယောက်လို့ပဲ ထင်ခဲ့တာ။ လက်စသတ်တော့ ဒါက တမင် ကြံရွယ်ထားတဲ့ ကွင်းဆက်လိမ်လည်မှုကြီးပဲကိုး”

“မြင့်မြတ်သော ဝိညာဉ်ပြခန်းက ဒီလို မသမာတဲ့နည်းလမ်းကို သုံးရတယ်လို့ကွာ… ဒီကနေ နောက် ဘယ်တော့မှ မဝယ်တော့ဘူး”

“သူတို့က စည်းကမ်းကိုင်တွေကိုတောင် လှည့်စားရဲတယ်ဆိုတော့ ရဲတင်းလိုက်တာ… သူတို့ကို အပြင်းအထန် အပြစ်ပေးသင့်တယ်”

“ကျုပ်တို့တွေ ဒီလို ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ ကုန်သည်မျိုးကို သည်းမခံသင့်ဘူး”

…………………

လူအုပ်က အသံကျယ်လာသည်နှင့် ဆိုင်ပိုင်ရှင်သူဌေးလျို၏ မျက်နှာကား ဖြူဖျော့လာလေ၏။

“အားလုံး နားထောင်ကြပါဦး… ကျုပ် ဒီလူငယ်လေးကို မသိပါဘူး။ ကျုပ်ရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးနဲ့ ကျိန်ဆိုဝံ့ပါတယ်ဗျာ။ ဒီလူငယ်လေးကို အရင်ကတည်းက သိကျွမ်းခဲ့တယ်ဆိုရင် မိုးကြိုးပစ်ပါစေဗျာ”

သို့သော် ရှန်ထျန်းကတော့ ဤအခြေအနေအား ဂရုစိုက်ဟန် မပေါ်ပေ။ သူ့အား မယုံသင်္ကာ ဖြစ်နေသည်ကို မြင်သောအခါ သူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ… ခင်ဗျားတို့က သူဌေးလျိုနဲ့ ကျွန်တော် ပေါင်းကြံထားတယ်ဆိုတဲ့ ပြောစကားကို ယုံနေကြတဲ့ပုံပဲ။ အဲလိုဆိုရင် မေးခွန်းလေးတွေ မေးပါရစေဦး”

လမ်းကြုံနံပါတ်(၁)က  နှာခေါင်းရှုံ့ကာ “မင်း ဘာပြောမလဲ ကြည့်ရသေးတာပေါ့”

ရှန်ထျန်းက လက်တစ်ချောင်း ထောင်ကာ

“ပထမဦးဆုံးအနေနဲ့… သူဌေးလျိုနဲ့ ကျွန်တော်က ပေါင်းကြံထားတယ်ဆိုရင် ခင်ဗျားတို့ ရောက်မလာခင် အရင်ဦးဆုံး စီစဉ်ထားဖို့လိုတဲ့ သတ္တုရိုင်းတုံးတွေကို မပြင်ဆင်ထားသင့်ဘူးလား… အဲဒါက အာရုံပိုဖမ်းစားနိုင်ပြီးတော့ တုံးတုံးအအ ဖြတ်သွားဖြတ်လာတွေဆီကနေ ပိုက်ဆံပိုရစေမယ် မဟုတ်ဘူးလား”

လမ်းကြုံနံပါတ်(၁)က နှာခေါင်းရှုံ့ကာ “မင်း အဲလိုမလုပ်ထားတာက မင်းရဲ့အဓိကရည်ရွယ်ချက်က စည်းကမ်းကိုင်တွေကို စောင့်နေချင်တာမလို့လေ… မင်းက နတ်မိမယ်လီကို လိမ်ချင်နေတာကိုး… မင်းက အဲဒီလောက်ကို အရှက်မဲ့လွန်းနေတာကွ”

ရှန်ထျန်းက ရယ်ကာ မှတ်ချက်ပေးလိုက်သည်။

“ကောင်းပြီလေ… အဲဆိုလည်း ခင်ဗျား ပြောသလိုပဲ ယူဆကြတာပေါ့။ အဲဒါဆိုရင်… ဒါက ကျွန်တော်ရဲ့ ဒုတိယမြောက် မေးခွန်း… ကျွန်တော်က ချမ်းသာတဲ့လူတချို့ကို ရှာချင်နေမှတော့ နောက်ခံသိပ်မကောင်းတဲ့ ခပ်တုံးတုံးအအ လူတစ်ယောက်ကို ရွေးလိုက်လို့ မရဘူးလား… ဘာဖြစ်လို့ ဒီစည်းကမ်းကိုင်တွေနဲ့ ရင်ဆိုင်ရမယ့်ကိစ္စမျိုးကို ရွေးချယ်နေဦးမှာလဲ…

ခင်ဗျားက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင်တွေကို အလွယ်တကူ လိမ်လည်လို့ရမယ်လို့ ထင်နေတာလား…

ဒါမှမဟုတ် ဒီစည်းကမ်းကိုင်တွေအားလုံးက လာဘ်တွေ အများကြီးစားထားလို့ အရမ်းချမ်းသာနေပြီး မျက်တောင်တစ်ချက်မခတ်ဘဲ ဝိညာဉ်ကျောက်တုံး တစ်သိန်း ထုတ်ပေးနိုင်တဲ့သူတွေ ဖြစ်နေတယ်လို့ ခင်ဗျားက ယူဆနေတာလား…

ခင်ဗျားတို့က ကျွန်တော့်ကို လိမ်လည်တဲ့နေရာမှာ ဆရာကြီးလို့ ယုံကြည်ချင်သပဆိုလည်း ကျွန်တော်ကတော့ အရင်ဆုံး ပြောပြထားရဦးမယ်… နတ်မိမယ်လီနဲ့ စည်းကမ်းကိုင်တွေ ဒီကို ရောက်လာမယ်ဆိုတာအထိ ကြိုသိရလောက်အောင် အနာဂတ်ကို ကြိုမြင်နိုင်တဲ့အစွမ်းမျိုး ကျွန်တော့်မှာ မရှိဘူး”

စည်းကမ်းကိုင်တွေ၏ မကျေလည်သည့် အကြည့်တို့ကို ခံစားမိသောအခါ လမ်းကြုံနံပါတ်(၁)မှာ ထစ်ထစ်အအဖြင့် “ငါ… ငါ ပြောချင်တာက…”

သို့သော် ဤမေးခွန်းအား သူ မည်သို့ ပြန်ဖြေရမည်နည်း။

တစ်ချက်ကလေး မှားသွားသည်နှင့် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ စည်းကမ်းထိန်းသိမ်းရေးရာဌာနဆီ သူ ရောက်သွားနိုင်ပေသည်။

သူက စည်းကမ်းကိုင်အရာရှိများကို မည်သို့များ သံသယဝင်ရဲမည်နည်း။

ရှန်ထျန်းက နောက်တစ်ခါ ထပ်ရယ်လိုက်ပြီး

“ကဲ… အခု တတိယမေးခွန်း… အရှင်းဆုံးပြောရရင် သူဌေးလျိုနဲ့ ကျွန်တော်သာ အတူတူ ပေါင်းကြံထားတယ်ဆိုရင်… သူက ကျွန်တော် ပြောသမျှကို ဘာလို့ လိုက်သဘောတူနေမှာတုန်းဗျ။ သေချာစဉ်းစားကြည့်လေ… တစ်လောကလုံးက ဆန့်ကျင်နေတဲ့အချိန် ခင်ဗျားရဲ့ ဘေးမှာ လူတစ်ယောက် ရှိနေတယ်ဆိုရင် အဲဒီလူနှစ်ယောက်မှာ လျို့ဝှက်ချက်တွေ ရှိနေတယ်လို့ ကြေညာပြီးသား မဖြစ်သွားဘူးလား… သူဌေးလျိုနဲ့ ကျွန်တော်က လိမ်လည်ဖို့ တကယ် ကြိုးစားနေတာဆိုရင် အဲလောက်အထိ တုံးအပြနေပါ့မလား”

လမ်းကြုံနံပါတ်(၁)က ပြန်လည်ချေပလိုက်သည်။

“အဲဒါက… မင်းတို့နှစ်ယောက်လုံးက တကယ့်ရည်ရွယ်ချက်အစစ်ကို လူတွေမသိအောင်လို့ တမင်ကြံစည်ထားတာ နေမှာပေါ့။ ဒီလိုမှ မင်းတို့က မပတ်သတ်ဘူးဆိုပြီး ငါတို့ကို အရူးလုပ်နိုင်မှာလေ”

ရှန်ထျန်းက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။

“အခု ကျွန်တော်တို့သာ ဒီသတ္တုရိုင်းတုံးကို ချမ်းသာတဲ့သူတွေဆီ လိမ်လည်ရောင်းချချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ အလင်းပြရတော့မယ်… အရင်ဆုံး သူဌေးလျိုက လွယ်ကူတဲ့ ပစ်မှတ်ကို ရှာဖို့လိုတယ်။

ဒီပစ်မှတ်က ချမ်းသာပြီးတော့ တုံးအရမယ်။ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ လွှမ်းမိုးမှုရှိတဲ့ စည်းကမ်းကိုင်တွေနဲ့လည်း ပတ်သတ်မှု မရှိရဘူး။ ပြီးရင် သူဌေးလျိူက မိန်းမလှလေးတစ်ယောက်ကို ရှာပြီး သူ့ကို မိတ်ဆွေသွားဖွဲ့ခိုင်းလိုက်မယ်။

ပြီးတော့ အဲဒီမိန်းကလေးက သူ့ကို ဝိညာဉ်သတ္တုရိုင်းတုံးအကဲဖြတ်သူနဲ့ မိတ်ဆက်ပေးချင်ယောင်ဆောင်ပြီးတော့ အကဲဖြတ်သူရဲ့ အရည်အချင်းကို  ပြရအောင်  ပြင်ဆင်ပေးခိုင်းထားပြီးသား မလှမပ သတ္တုရိုင်းတုံးကို ဖွင့်ခိုင်းလိုက်မယ်။ အဲဒီအခါကျ အဲဒီချမ်းသာပြီး ဘာမှမသိတဲ့ ငတုံးက သတ္တုရိုင်းတုံးတွေက ပုံစံမလှရင်တောင် အခွင့်အရေးကောင်းတွေ ပါနိုင်သေးတယ်ဆိုတာကို နားလည်သွားလိမ့်မယ်…

ဒီလိုလုပ်ကွက်မျိုးကို အခေါက်ရေ နည်းနည်းလောက် လုပ်ပြကြည့်လိုက်ပါ့လား… အားလုံးနဲ့ ဆန့်ကျင်ပြီး သူရွေးချယ်လိုက်တဲ့အရာက မှန်ကန်နေတဲ့အခါမှာ သူခံစားလိုက်ရတဲ့ ခံစားချက်က ဘယ်လိုတောင်ကောင်းသလဲဆိုတာကို အဲဒီငတုံးကောင် နားလည်သွားလိမ့်မယ်။ ဒီလိုနဲ့ပဲ အဲဒီလူရဲ့ ယုံကြည်မှုကို အပြည့်အဝ ရယူပြီးတာနဲ့ သူ့ကို မြင့်မြတ်သော ဝိညာဉ်ပြခန်းဆီ ခေါ်လာလိုက်မယ်လေ…

ဒီရောက်တော့ သူဌေးလျိူက အဲဒီလူကို သတ္တုရိုင်းတုံး မဝယ်ဖို့ အကြံပေးမယ်။ သူက ဒီသတ္တုရိုင်းကို တခြားအကဲဖြတ်ဆရာတွေ လာစစ်ဆေးပြီးသွားပေမဲ့ အသုံးဝင်မယ့်အရာ မထွက်လာလောက်ကြောင်း ပြောပြလိမ့်မယ်။

ဒါပေမဲ့ အဲဒီငတုံးက သတ္တုရိုင်းတုံး အကဲဖြတ်ဆရာကို ယုံကြည်ပြီးတော့ တခြားသူတွေပေးတဲ့ အကြံအားလုံးကို လျစ်လျူရှုပြီး ဝယ်လိမ့်မယ်။ သူ သတ္တုရိုင်းကို ဖွင့်လိုက်တဲ့အခါကျ… စိတ်မကောင်းစွာနဲ့ပဲ ဒီတစ်ခါတော့ ကံဆိုးသွားတယ်ပေါ့…

ဒါနဲ့ သူက နောက်ဘက်ကိုလည်း ပြန်လှည့်ကြည့်လိုက်ရော… ဟော မိန်းမလှလေးနဲ့ အကဲဖြတ်ဆရာတို့ နှစ်ယောက်စလုံး ထွက်ပြေးသွားတာကို သိလိုက်ရလိမ့်မယ်။ အရာအားလုံးကို အစီအစဉ်တကျ စီစဉ်ထားတော့ မြင့်မြတ်သော ဝိညာဉ်ပြခန်းကလည်း အဲဒီကိစ္စအတွက် ဘာမှတာဝန်ယူပေးမှာ မဟုတ်ဘူး။ ပြီးတော့ သူဌေးလျိုကလည်း မဝယ်ဖို့ အကြံပေးခဲ့သားပဲ… ဒါကို အဲဒီငတုံးက နားမထောင်ဘဲ ဇွတ်တရွတ်တွေ လုပ်ခဲ့တာလေ”

ဘေးနားကလူတွေ အံ့အားသင့်လာသည်ကို မြင်ကာ ရှန်ထျန်းက ပြုံးလိုက်မိသည်။

“ဘယ်လိုလဲ အစ်ကိုကြီး… ကျွန်တော်ပြောတဲ့ လှည့်ကွက်က ပိုကောင်းတယ်မလား”

ရှန်ထျန်းက သတင်းအချက်အလက်ခေတ် (၂၁)ရာစုနှစ်တွင် နေထိုင်ခဲ့သူပဲလေ… သူက အင်တာနက်ပေါ်တွင် ပလူပျံနေသည့် ဒီလိုလှည့်ကွက်မျိုးနှင့် အလွန်ရင်းနှီးလေသည်။

ဟူး…

ရှန်ထျန်း၏ လှည့်ကွက်အကြောင်း ကြားပြီး ဘေးပရိသတ်က သက်ပြင်းများ ချလိုက်ကြသည်။

ဤသည်မှာ ရက်စက်လွန်းပြီး ပြီးပြည့်စုံနေသည့် စီစဉ်မှု ဖြစ်နေသည်။

ဆိုးရွားလိုက်တာနော်…

တစ်ချိန်တည်းမှာ သူဌေးလျိုက ရှန်ထျန်းအား ဉာဏ်ကောင်းလွန်းသည့်အတွက် မလေးစားဘဲ မနေနိုင်တော့ပေ။

ဒီလိုအကြံမျိုး ငါ ဘာလို့ မတွေးမိခဲ့တာပါ့လိမ့်….

ဒီအကြံနဲ့သာဆိုရင် ဒီသတ္တုရိုင်းတုံးစုတ်ကြီးကို ဈေးကောင်းကောင်းနဲ့ ရောင်းပြီးနေလောက်ရောပေါ့…

ဒီလူငယ်လေးက တကယ့် ပါရမီရှင်တစ်ယောက်ကိုး…

ဒီကောင်လေးကို စောစော မသိခဲ့ရတာ တကယ်ကို နှမြောစရာပဲ… အိမ်း နှမြောစရာပဲ…

ထိုအချိန်အထိ လမ်းကြုံနံပါတ်(၁)က ပြန်လည်ချေပဖို့ ကြိုးစားနေဆဲ ဖြစ်၏ “အဲလိုဆို မင်းနဲ့ သူဌေးလျိုနဲ့က မသက်ဆိုင်ဘူးဆိုတာကို သက်သေပြစရာ ဘာရှိလဲ”

ရှန်ထျန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ကောင်းပြီလေ… အဲဒါဆို ခင်ဗျားမှာ ကျွန်တော်က ခင်ဗျားရဲ့ဖအေ မဟုတ်ဘူးဆိုတာကို သက်သေပြစရာ ရှိလား”

“မင်း”

ရှန်ထျန်းက (၄၅)ဒီဂရီ စောင်းကြည့်လိုက်ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ မာန်အပြည့်ဖြင့် ကြေညာလိုက်သည်

“ကျွန်တော် အရင်တစ်ခါက ပြောဖူးသလိုပါပဲ… “ကံပါရင် ဟောမည် အလကား၊ ကံမပါရင် ရွှေပုံပေးလည်း ထွက်သွား”… တကယ်လို့ နတ်မိမယ်လီက ကျွန်တော့်ကို ယုံတယ်ဆိုရင် အဲဒီအတွက်ကြောင့် စိတ်မပျက်စေရပါဘူး။

ဒါပေမဲ့ သူမက မယုံဘဲ ကျွန်တော့်ကို ဖမ်းခိုင်းရင်တောင် ကျွန်တော့်စကားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒီသတ္တုရိုင်းတုံးထဲမှာ အခွင့်အရေးကောင်း ရှိနေတယ်”

သူဌေးလျိုက ကိုယ်ကျိုးစွန့်ကာ လူစွမ်းကောင်းပုံဖြင့် သေရန် အသင့်ဖြစ်နေသည့် အမူအယာနှင့် ရှန်ထျန်းအား မနေနိုင်ဘဲ စိတ်ထဲမှ အားပေးမိသွားသည်။

ကြံဖန်တတ်လိုက်တာ…

လူတွေကို အထင်ကြီးအောင် ဖြီးဖြန်းနိုင်တဲ့ ပါရမီကောင်းတဲ့သူကို မတွေ့ရတာ ကြာလေလှပြီ…

သူသာ ဒီခရမ်းစိမ်းရောင်ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးထဲတွင် ဘာမှမရှိနေမှန်း မသိထားခဲ့လျှင် သူပင် ရှန်ထျန်း စကားများကြား မျှောပါသွားလောက်၏။

ပြောရမည်ဆိုလျှင် နတ်မိမယ် လီလျန်အာသာ ဒီသတ္တုရိုင်းတုံးကို မဖွင့်ဖို့ ဆုံးဖြတ်ခဲ့လျှင် စည်းကမ်းကိုင်များက ရှန်ထျန်းအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ ရှန်ထျန်းက ယခင်လူများနှင့် အလဲအလှယ် လုပ်ထားခြင်း မရှိသလို သတ္တုရိုင်းတုံးအကဲဖြတ်ရာ၌ ကျရှုံးဖူးသည့် သက်သေလည်း မရှိထားချေ။

စည်းကမ်းကိုင်တွေက သက်သေမရှိသည့်အတွက် အပြစ်ကင်းသူတစ်ယောက်အား ဘယ်လိုလုပ် အသရေဖျက်လို့ ရပါ့မည်နည်း။

…………………

တစ်ချိန်တည်းတွင် လီလျန်အာက ရှန်ထျန်း၏ စိတ်အားငယ်နေသည့် ဝမ်းနည်းဖွယ် အမူအယာကို ကြည့်ကာ သူမနှလုံးသားထဲ တစ်စုံတစ်ခု ဆွဲညှစ်ထားသလို ခံစားလိုက်ရသည်။

အဓိကအချက်မှာ ဤသို့နာမည်သတင်းကြီးသော သခင်လေးတစ်ယောက်အတွက် ဤသို့သော အခြေအနေမျိုးကြား ဝင်ဆွဲသွင်းခံနေရသည်ကို မြင်ရသည်မှာ နှလုံးနာစရာကောင်းလှပေသည်။

သူ့ ဝမ်းနည်းဖွယ် အမူအယာနှင့် ကြည်လင်အပြစ်ကင်းလှသော မျက်ဝန်းအစုံကိုသာ ကြည့်လိုက်ပါလေ…

ဒီလိုလူမျိုးက ဘယ်လိုလုပ် လူလိမ် ဖြစ်နိုင်မှာလဲ…

တစ်လောကလုံးက သူ့ကို အထင်လွဲနေတော့ သူ့ခမျာ အရမ်းကို အထီးကျန်နေရှာမှာပဲ…

“ကျွန်မ သူ့ကို ယုံတယ်”

လီလျန်အာက ရှန်ထျန်းကို ပို၍ ယုံကြည်လာသည်။

အစ်ကိုရှန်က ငါနဲ့ ကံပါတယ် ပြောမှတော့ သူ့ကို ယုံလိုက်မယ်…

တစ်လောကလုံးက အစ်ကို့ကို အထင်လွဲနေရင်တောင် အစ်ကိုဘေးမှာ ရပ်တည်ပေးမယ်…

ဝိညာဉ်ကျောက်တုံး တစ်သိန်းက ဘာမှမဟုတ်ပါဘူး… အလွန်ဆုံးရှိလှ ငါ့ဓားကို ရောင်းလိုက်ရုံပဲ…

ဒါပေမဲ့ အစ်ကိုရှန်ကို ယုံဖို့အတွက်ဆိုရင်တော့ ဒါက ထိုက်တန်ပါတယ်လေ…

လီလျန်အာက သူမ၏ ပိုက်ဆံအိတ်လေးကို ထုတ်လိုက်ပြီး ဝင်ပြောလိုက်သည် “အစ်ကိုရှန်… လျန်အာ အစ်ကို့ကို ယုံပါတယ်။ ဒါပေမဲ့ အခု လျန်အာဆီမှာ ဝိညာဉ်ကျောက်တုံး ငါးဆယ်ပဲ ပါလာသေးတယ်။ အဲ့ဒါ ခဏလောက် စောင့်ပေး…”

“ရောင်းမယ်”

လီလျန်အာက သူမဓားကို ရောင်းလိုက်မည်ဟု ပြောတော့မည့်ဆဲဆဲတွင် သူဌေးလျိုက ဖြတ်ပြောလိုက်သည်။ ထို့နောက် သူက မျက်ရည်တစမ်းစမ်းဖြင့် ကြေညာပေးလိုက်သည်။

“နတ်မိမယ်လီက ဆရာရှန်ကို ယုံတယ်ဆိုမှတော့ ကျုပ်က ဒီသတ္တုရိုင်းတုံးကို ဈေးနိမ့်ရောင်းပေးလိုက်ပါ့မယ်။ ဒီဟာကို ကျုပ်ဘာသာ (၅၀)ရာခိုင်နှုန်း လျော့ဈေးနဲ့ လိုလိုလားလား ရောင်းချပေးပါ့မယ်”

သူက လီလျန်အာလက်ထဲမှ ပိုက်ဆံအိတ်ကို ယူကာ မျက်ရည်များကို သုတ်ပစ်လိုက်ပြီး

“ဒီအဖြစ်အပျက်က အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်ဗျာ… မိုးမြေတောင် တုန်လှုပ်သွားလောက်အောင်အထိ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဗျ… ကျုပ်ရင်ထဲ ထိသွားပြီ… အရမ်းအရမ်းကို ထိသွားပြီဗျာ…”

ပိုက်ဆံအိတ်ထဲက ဝိညာဉ်ကျောက်တုံးပမာဏကို ရေတွက်ပြီးသည့်နောက်တွင် သူဌေးလျို၏ ပါးပြင်ပေါ် မျက်ရည်များ ထပ်မံကျဆင်းလာပြန်သည်။

သူက ရင်ဘတ်ကို ပုတ်ကာ

“နတ်မိမယ်လီ… ဆရာရှန်နဲ့ ကျုပ်နဲ့က ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဖူးတာကိုတောင် အရမ်းကို ဓာတ်ကျသွားတာဗျ။ ဆရာနဲ့ စောစော မသိခဲ့ရတာ နောင်တရမိတယ်ဗျာ။ နတ်မိမယ်လီ သူ့ကို ယုံကြည်ပေးတာက ကျုပ်ကို ယုံကြည်တာနဲ့ အတူတူပဲဗျ…

ကျုပ်သဘောထားကို ပြသတဲ့အနေနဲ့ ကျုပ်ရဲ့ မြင့်မြတ်သောဝိညာဉ်ပြခန်းက သတ္တုရိုင်းတုံးဖြတ်သမားနဲ့ အလကား လှီးဖြတ်ပေးပါ့မယ်။ ဘယ်လိုအခွင့်အရေးကောင်းမျိုးပဲ ထွက်ပေါ်လာပါစေ ကျုပ်က တခြားအဖိုးအခတွေ ဘာမှထပ်တောင်းမှာ မဟုတ်ဘူး…

ဒါ့အပြင် ကျုပ် ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲဆိုတာ မမေးပါနဲ့… ကျုပ်က ဒီလိုရင်ထဲထိစေတဲ့ မြင်ကွင်းအတွက် အမှတ်တရအနေနဲ့ ဂုဏ်ပြုပေးချင်လို့ပါဗျာ”


Comment

Leave a Reply

Options

not work with dark mode
Reset