ချင်းရွှေ၏အသွင်သည် မထူးမခြားနားပင်။သူက သွေးနတ်ဘုရားကို ကြည့်ပင်မကြည့်ဘဲ သူ့ရှေ့ရှိ နတ်ဆိုးပုံရိပ်ကိုသာ စူးစိုက်ကြည့်နေ၏။သူ့မျက်လုံးက အေးစက်လာသည်။
သူ့ညာမျက်လုံးကနေ အနီရောင်လင်းလက်လာ၏။ခြေတစ်လှမ်းဖြင့် ချင်းရွှေသည် ထိုးထွက်လာသည်။သူ့လက်ထဲရှိ အနက်ရောင်မြူသည် ရုတ်တရက် ပေသုံးဆယ်ထိ ချဲ့ကားလာရင်း သွေးနတ်ဘုရားထံသို့ ပျံသန်းသွားသည်။
သွေးနတ်ဘုရား၏မျက်နှာသည် ကြမ်းကြုတ်နေ၏။သူက ရှေးဟောင်းမီးအိမ်ထံသို့ လက်ညွှန်သည်။သူတစ်ယောက်တည်း လှုပ်ရှားသည် မဟုတ်ပေ။ရှေးဟောင်းနတ်ဆိုးသည်လည်း မီးအိမ်ထံသို့ လက်ညွှန်လိုက်ပေသည်။
မီးအိမ်ထဲ၌ လောင်ကျွမ်းနေသော မီးတောက်တစ်ခု ရှိနေ၏။သိပ်မဝေးသောနေရာရှိ ဝမ်လင်း၏အကြည့်သည် ထိုမီးအိမ်ပေါ်သို့သာ ကျရောက်နေ၏။သူက မီးအိမ်ထဲ၌ ရုန်းကန်နေသော အမျိုးသမီးပုံရိပ်တစ်ခုကို ရှင်းလင်းစွာ တွေ့မြင်နေ၏။ထိုမီးတောက်ထံမှ ဝမ်းနည်းမှုအငွေ့အသက်သည် ပျံ့နှံ့နေသည်ဟု ထင်ရသည်။
သွေးနတ်ဘုရား၏ လက်ညွှန်မှုနှင့်အတူ ရှေးဟောင်းမီးအိမ်ထဲရှိ မီးတောက်သည် ပြင်းပြင်းထန်ထန် ကြီးထွားလာသည်။ထို့နောက် ကြီးမားလှသည့် နတ်ဆိုးအရိပ်တစ်ခုသည် မီးအိမ်ထဲကနေ ထိုးထွက်လာ၏။
ယင်းနတ်ဆိုးအရိပ်နှင့် သွေးနတ်ဘုရားပတ်လည်ရှိ ရှေးဟောင်းနတ်ဆိုးတို့သည် ချွတ်ဆွတ်နီးပါးတူသည်။သို့သော်လည်း ၎င်း၏အော်ရာသည် သွေးနတ်ဘုရားပတ်လည်ရှိ နတ်ဆိုးအရိပ်ထက် အဆများစွာ အားကောင်းပေ၏။
“ဒါက သူ့အစစ်အမှန်ခန္ဓာကိုယ်ပဲ…” ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။သူက သိရှိသွားပေပြီ။ မီးအိမ်ထဲရှိအရာသည် ရှေးဟောင်းနတ်ဆိုး၏အစစ်အမှန် ခန္ဓာကိုယ် ဖြစ်နေခဲ့သည် မဟုတ်လား။သွေးနတ်ဘုရားနှင်ယောင်ယွမ်တို့၏ ခန္ဓာကိုယ်ထဲရှိ အရာများကတော့ ရှေးဟောင်းနတ်ဆိုး ကိုယ်ပွားများသည် ဖြစ်ပေသည်။
သွေးနတ်ဘုရားသည် ကြမ်းကြုတ်စွာ အော်၏။ “နတ်ဘုရားဝါးမြိုခြင်း နတ်ဆိုးမီးတောက်…”
သူက ထိုသို့ အော်လိုက်သည်နှင့် မီးအိမ်ထံမှ မီးတောက်သည် ပျံ့နှံ့လာကာ ရှေးဟောင်းနတ်ဆိုး၏အစစ်အမှန်ခန္ဓာကိုယ်သည် ထိုးထွက်လာတော့သည်။
သည်အခိုက်အတန့်၌ နတ်ဆိုးစွမ်းအင်မြောက်များစွာသည် ပျံ့နှံ့လာ၏။
ထိုနတ်ဆိုးစွမ်းအင်သည် တောင်ပိုင်းနယ်မြေတစ်ခွင်ရှိ ကျင့်ကြံသူအားလုံး၏ မူလစွမ်းအင်ကိုပါ မတည်မငြိမ် ဖြစ်လာစေ၏။ကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ အချို့သားရဲများသည် စိတ်လှုပ်ရှားလာကာ ယင်းစွမ်းအင်ကို အရူးအမူး စုပ်ယူကုန်ကြသည်။
ရှေးဟောင်းနတ်ဆိုးထိုးထွက်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်သည် မီးတောက်များ ဖုံးလွှမ်းနေ၏။၎င်း၏ လက်သည်းကြီးသည် ချင်းရွှေထံသို့ ဦးတည်လာသည်။ထိုလက်သည်းချက်သည် ဥပဒေသထက် အားကောင်းသော အော်ရာတစ်ခု ပါဝင်နေ၏။အနှီလက်သည်း၏ ရှေ့မှောက်၌ ဥပဒေသပင် ပျောက်ကွယ်သွားရပေလိမ့်မည်။
၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်သည် နှစ်ပေါင်းများစွာ လောင်ကျွမ်းနေသော မငြှိမ်းသေနိုင်သည့် အလား၊လောကရှိ အရာခပ်သိမ်းကို လောင်ကျွမ်းနိုင်သည့်အလား ဖြစ်နေ၏။
ချင်းရွှေသည် အလေးအနက် ဖြစ်လာ၏။သူက ရှေ့သို့ တိုးကာ သူ့လက်ထဲရှိ အနက်ရောင်မြူနှင့် ထိုးသွင်းသည်။တစ်ချိန်တည်းမှာပင် သူ့ညာမျက်လုံးသည် နီလာ၏။သူက ဂျိနယ်ပယ်ကိုပါ ချက်ခြင်း အသုံးပြုလိုက်ခြင်းပင်။
အနီရောင်အလင်းတန်းတစ်ခုသည် သူ့မျက်လုံးထဲကနေ ထိုးထွက်လာသည်။ဂျိနယ်ပယ်ပေါ်လာသည်နှင့် သက်ရှိဖြစ်တည်မှုအားလုံးသည် ကြောက်ရွှံ့မှုကို ခံစားရပေမည်။
ဤအခိုက်၌ နတ်ဆိုးစွမ်းအင်သည် ချက်ခြင်း ပျက်စီးသွားကာ ဂျိနယ်ပယ်စွမ်းအားရှေ့၌ လွင့်ပြယ်သွားရသည်။ဂျိနယ်ပယ်ရှေ့၌ နတ်ဆိုးစွမ်းအားသည် ဘာမှ မဟုတ်တော့သကဲ့သို့ ဖြစ်နေ၏။
အနီရောင်တန်းသည် ကြောက်မက်ဖွယ်အော်ရာကို သယ်ဆောင်ကာ ချင်းရွှေ၏ဘဝတစ်လျှောက် သတ်ဖြတ်မှုအားလုံး ပါဝင်နေသည်။၎င်းက ရှေးဟောင်းမီးအိမ်ထံမှ ထွက်လာသည့် ရှေးဟောင်းနတ်ဆိုးထံသို့ အလွန်မြန်ဆန်စွာ ရွှေ့လျားလာ၏။
နတ်ဆိုး၏မျက်လုံးထဲပ တုန်လှုပ်မိဟန် ဖြစ်ပေါ်လာ၏။၎င်းက ဂျိနယ်ပယ်ကို ဖမ်းဆုပ်သည်။ထိုအခိုက်၌ မိုးကြိုးပစ်သလို ကျယ်လောင်သောအသံသည် စတင် မြည်ဟီးလာသည်။
ဂျိနယ်ပယ် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရှေးဟောင်းနတ်ဆိုး၏ လက်သည်းချက်သည် ပျက်စီးသွားသည်။ထိုပျက်စီးမှုက လက်သည်းနှင့် ရပ်နေခြင်း မဟုတ်ဘဲ ရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ်အနှံ့တွင် ပျံ့နှံ့သွားသည်။ချက်ခြင်းပင် ရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။
သို့သော်လည်း ရှေးဟောင်းနတ်ဆိုးသည် ပျက်စီးသွားသည့်အခိုက်၌ မီးအိမ်ထဲရှိ မီးတောက်သည် ပို၍ သည်းထန်စွာ လောင်ကျွမ်းလာကာ ရှေးဟောင်းနတ်ဆိုး၏အရိပ်သည် နောက်တစ်ဖန် ဖွဲ့တည်လာ၏။၎င်းက အရင်ထက် ဖျော့တော့သွားသော်လည်း ၎င်း၏မျက်ခုံးနှစ်ခုကြား၌ အနီရောင်အလင်းတစ်ခု တဖျပ်ဖျပ် ဖြစ်နေတော့၏။နီးကပ်စွာ ကြည့်ပါက ထိုအလင်းသည် ဂျိနယ်ပယ်ပင် ဖြစ်နေသည်ကို တွေ့ရပေမည်။
“ဒီလောကမှာ ရှိတဲ့ မန္တာန်အားလုံးဟာ ငါ့ ရှေးဟောင်းနတ်ဆိုးကလန်ကနေ အစပြုလာတာ။ဒီမန္တာန်ထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအား အငွေ့အသက်တွေ ပါဝင်နေပြီး ငါ့ကလန်က ဒါကို မပိုင်ဆိုင်ခဲ့ဘူး။ဒါပေမဲ့လည်း အခုတော့ ဒီစွမ်းအားကို ငါ ပိုင်ဆိုင်သွားပြီ…” ၎င်းနတ်ဆိုး၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင်အလင်းသည် တလက်လက် ဖြစ်လာကာ ချင်းရွှေထံသို့ အလင်းတန်းတစ်ခု ထိုးထွက်သွားတော့သည်။
သို့သော်လည်း ထိုအလင်းတန်းပေါ်လာသည်နှင့် ချင်းရွှေ၏အကြည့်တစ်ချက်ဖြင့်ပင် ၎င်းသည် ပျက်စီးသွားရသည်။
ချင်းရွှေ၏အသွင်သည် အေးစက်နေ၏။သူက သူ့လက်ကို ပင့်မြှောက်ကာ တည်ငြိမ်စွာ ဆိုသည်။ “ရှုမူ…သေချာကြည့်…။ဒါက ငါ့ဆရာရဲ့ စတုတ္ထမြောက်မန္တာန် တောင်တန်းများပြိုလဲခြင်း…”
ရျေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲ၌ နတ်ဆိုးစွမ်းအင်တို့ ပြည့်နေသည်။၎င်းက နောက်ဆုတ်ရင်း သွေးနတ်ဘုရားကို လှမ်းဆွဲယူ၏။၎င်းသည် ချက်ခြင်းပင် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိုက်ရာ သွေးနတ်ဘုရားထံမှ နာကျင်စွာ ညီးတွားသံ ထွက်ပေါ်လာစေသည်။
သွေးနတ်ဘုရား၏မျက်နှာပေါ်ရှိ သွေးကြောများသည် ဖောင်းကြွလာကာ အင်မတန် နာကျင်သည့်အသွင် ဖြစ်ပေါ်နေသည်။
သူ့ဆံပင်သည် လေမတိုက်ပါဘဲနှင့် လှုပ်ရှားနေ၏။သည့်နောက် သူ့ဦးခေါင်းထက်ကနေ ပုံရိပ်ယောင် ဦးချိုနှစ်ချောင်း ပေါ်လာသည်။တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်းသည် သူ့ခန္ဓာကိုယ်အား ဖုံးအုပ်လာ၏။သူက လူသားအသွင်ဟန်ပန် မရှိတော့ဘဲ နတ်ဆိုးတစ်ပါးနှင့် တူလာခဲ့၏။
သူ့ခန္ဓာကိုယ်ကနေ သိပ်သည်းသော နတ်ဆိုးစွမ်းအင်တို့ ထွက်ပေါ်နေသည်။သွေးနတ်ဘုရားက မာန်သွင်း၍ ချင်းရွှေထံသို့ တိုးဝင်လာတော့၏။
ချင်းရွှေ၏အသွင်သည် အလေးအနက် ဖြစ်လာ၏။သူ့ညာမျက်လုံးသည် အနီရောင်တောက်ပလွန်းနေ၏။သူက တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူ့အသွင်သည် ပြောင်းလဲသွားကာ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်သည်။
ဝမ်လင်းပင် ခေါင်းမော့ကြည့်မိ၏။သူက အထက်မှ မူလစွမ်းအင်ရင်းမြစ်တစ်ခုကို ခပ်ရေးရေးခံစားမိသည်။ထိုစွမ်းအင်သည် အားကောင်းလှခြင်း မရှိပေ။သို့သော် ဝမ်လင်းသည် ထိုအော်ရာထံမှ အတွေးတစ်ချက်ဖြင့်ပင် သူ့မူလစွမ်းအင်ကို လွင့်ပြယ်သွားစေဖို့ လုံလောက်သည်ဟု ခံစားမိ၏။
“ဒါ…ဒါက တတိယအဆင့်ပဲ…” ဝမ်လင်း၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။
ရူးသွပ်သွားဟန်ရသည့် သွေးနတ်ဘုရားပင် ထိုအခိုက်၌ ခေါင်းမော့ကြည့်လာ၏။သူ့အသွင်က ပြောင်းလဲသွားသည်။
“တော်လောက်ပြီ…” ကြယ်များကြားကနေ တည်ငြိမ်သောအသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ထို့နောက် မရေမတွက်နိုင်သော ကြယ်အလင်းများနှင့် ဖွဲ့စည်းထားသည့် ပုံရိပ်တစ်ခုသည် ချင်းရွှေနှင့်သွေးနတ်ဘုရားတို့ကြား၌ ပေါ်လာသည်။
ထိုပုံရိပ်ပေါ်လာသည်နှင့် သူသည် လက်မြှောက်ကာ သွေးနတ်ဘုရားထံသို့ အသာလက်ဝှေ့ယမ်းလိုက်သည်။သွေးနတ်ဘုရားသည် ချက်ခြင်း သွေးအန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းနတ်ဆိုးပင် ကန်ထွက်လာရ၏။ရှေးဟောင်းနတ်ဆိုး၏အသွင်သည် တုန်လှုပ်မှုနှင့် ပြည့်နေကာ သူက ထိုပုံရိပ်ကို စူးစိုက်ကြည့်နေမိသည်။
“ရှေးဟောင်းနတ်ဆိုး…မင်းက ယောင်မိသားစုရဲ့ စွမ်းအားကို ငှားယမ်းပြီး မင်းခန္ဓာကိုယ်ကို ပြန်ဖွဲ့တည်နေတာ ငါ ဘာမှ မပြောလိုဘူး။ဒါပေမဲ့လည်း မင်းက အလုံးစုံကြယ်အဖွဲ့အစည်းမှာ သတ်ဖြတ်မှုတွေ လုပ်လာမယ်…မဟာမိတ်ကြယ်အဖွဲ့အစည်းအပေါ် တိုက်ပွဲအတွက် သက်ရောက်လာခဲ့ရင် မင်းရဲ့ မငြှိမ်းသတ်နိုင်တဲ့ မီးတောက်ကို ငါ ငြှိမ်းသတ်ပစ်ရလိမ့်မယ်…”
ထိုလူ၏အသံသည် တည်ငြိမ်၏။သို့သော် ၎င်းအသံထဲ၌ လူတိုင်း၏ နှလုံးကို တုန်လှုပ်စေသည့် အော်ရာ ပါဝင်နေသည်။ထိုအခိုက်အတန့်၌ ဝမ်လင်းသည် သူ့ကိုယ်သူ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က သေမျိုးတစ်ယောက်အဖြစ် ပြန်ခံစားနေမိ၏။
“စွမ်းအားကောင်းလွန်းတယ်…”
“အံ့မခန်းကို စွမ်းအားကောင်းလွန်းတယ်…”
ညင်းဆန်၍မရ။ခုခံ၍ မစွမ်း။ သင်သည် ထိုပုံရိပ်၏ စကားကို ကြားရသည်နှင့် နာခံရပေမည်။
“ကောင်းကင်ဘုံအရှင် ချင်းရွှေ။ ကောင်းကင်ဘုံနယ်မြေက ပြိုပျက်သွားခဲ့ပြီ။ဒါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းပဲ…” ထိုပုံရိပ်သည် လှည့်၍ ချင်းရွှေထံသို့ ကြည့်လာ၏။ထိုအကြည့်သည် တာအိုအလား။၎င်းတွင် စွမ်းအား မရှိပေ။သို့သော် ၎င်းက ချင်းရွှေပတ်လည်၌ တုန်ဟီးမှုများ ဆက်တိုက် ဖြစ်သွားစေသည်။
ချင်းရွှေက ထိုပုံရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် အေးစက်နေ၏။အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ဘာစကားမှ မဆိုပေ။
ထိုပုံရိပ်သည် မှုန်ဝါးနေသည့်အတွက် သူ့အသွင်သဏ္ဌာန်ကို ခပ်ရှင်းရှင်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့လက်ကို ဆန့်ထုတ်ရာ သလင်းအလင်းတစ်ခုသည် သည်ဧရိယာတွင် ပြည့်နှက်လာတော့၏။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိနေရင်း ပတ်ဝန်းကျင်ရှိ ပျက်စီးသွားသည် ဟင်းလင်းပြင်သည် မြန်ဆန်စွာ စုဝေးလာကာ ပုံမှန်အတိုင်း ပြန်ဖွဲ့တည်လာ၏။ထိုမျှသာမက ထိုသလင်းအလင်းသည် တဖြည်းဖြည်း တောင်ပိုင်းနယ်မြေရှိ ပျက်စီးသွားမှုအားလုံးကို ပြန်ပြောင်း ဖြစ်တည်စေတော့၏။
အချို့ကျင့်ကြံခြင်းဂြိုဟ်ပေါ်များမှ အချို့သားရဲများ စုပ်ယူခဲ့သော နတ်ဆိုးစွမ်းအင်များပါ တိတ်တဆိတ် လွင့်ပြယ်ကုန်ကြပေသည်။
“မင်းတို့နှစ်ယောက် ဆက်တိုက်မယ်ဆိုရင် ငါ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်ရလိမ့်မယ်…” ထိုစကားများကို ပြောကြားပြီးနောက် သလင်းအလင်းသည် လွင့်ပြယ်သွားတော့၏။
သွေးနတ်ဘုရားသည် တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ရှေးဟောင်းမီးအိမ်ကို ပြန်ဆွဲယူလိုက်၏။သူက ချင်းရွှေကို ကြည့်ပင်မကြည့်တော့ဘဲ လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့သည်။
ချင်းရွှေနှင့်ဝမ်လင်းတို့သာ ကျန်ခဲ့တော့၏။ဝမ်လင်းသည် တုန်လှုပ်မှုကနေ မရုန်းထွက်နိုင်သေးပေ။ထိုတုန်လှုပ်မှုကို သူ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ချေ။
ဝ၎င်း်လင်းသည် ထိုပုံရိပ်ယောင်အရိပ်သည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သေချာသိနေ၏။
တောင်ပိုင်းနယ်မြေတစ်ခုလုံး ပျက်စီးသွားဖို့ သူ့အတွက် အတွေးတစ်ချက်သာ လိုပေလိမ့်မည်။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။အချိန်အတန်ကြာမှ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်နိုင်ကာ ချင်းရွှေထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလာ၏။ “ကျေးဇူးတင်ပါတယ်…ဒီနေ့ စီနီယာ ငါ့ကို ကယ်တင်ပေးတာ တသက်လုံး မမေ့ပါဘူး…”
ချင်းရွှေက အကွာအဝေးတစ်ခုရှိ ကြယ်များကို ကြည့်နေ၏။သူ့မျက်လုံးထဲတွင် အတိတ်ကို ပြန်အောက်မေ့မှုတို့ ဖြစ်ပေါ်နေသည်။အချိန်အတန်ကြာပြီးမှ သူက ဝမ်လင်းကို ကြည့်၍ တည်ငြိမ်စွာ ဆိုလာသည်။ “ငါ့ကို ကျေးဇူးမတင်နဲ့။ငါက မင်း လေဆင့်ခေါ်ခြင်းမန္တာန်ကို ဘယ်လို တတ်မြောက်လာခဲ့လဲ ဂရုမစိုက်ဘူး။ ငါ ချင်းရွှေက ဒီကြယ်အဖွဲ့အစည်းထဲမှာ ဘာအနှောင်အဖွဲ့မှ မရှိခဲ့ဘူး။ မင်းနဲ့တွေ့ရတာကလည်း ငါ့ဆရာရဲ့ စီစဉ်မှုကြောင့် ဖြစ်လိမ့်မယ်…”
“မင်းက အခုထိ မင်းရဲ့ ကောင်းကင်ဘုံမူလကို မဖွဲ့စည်းရသေးဘူး။ ကောင်းကင်ဘုံရေကန် မရှိဘဲနဲ့ မင်းက ကောင်းကင်ဘုံမူလကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး။ ခု မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ကောင်းကင်ဦးစီး (၁၀၈) နေရာအတွက် ပြိုင်ပွဲလုပ်နေတယ်။ကောင်းကင်ဘုံသား (၃၆) ယောက်ဟာ ကောင်းကင်ဘုံရေကန်ထဲ ဝင်ရောက်ခွင့် ရှိလိမ့်မယ်။ မင်း ဒီအတွက် သွားတိုက်ခိုက်သင့်တယ်…”
***