Switch Mode

အပိုင်း(၉၀၇)

ဆန်းကြယ်လက်နက်

“ကြိုးကြာတွေရဲ့ မြည်ဟီးသံ၊ လက်နက်စိုက်ပျိုးခြင်း။ မင်းမှာ ကိုယ်ပိုင်ကောင်းကင်ဘုံမူလ မပိုင်ဆိုင်ထားဘဲနဲ့ ကောင်းကင်ဘုံသားတွေရဲ့ မန္တာန်တွေကို မင်းဖန်တီးထားတယ်လို့ ပြောရဲ သေးတယ်လား…”

ချင်းရွှေ၏မျက်လုံးထဲ၌ အထင်သေးမှုတို့နှင့် ပြည့်နေသည်။သူက ကီလိုမီတာမြောက်များစွာကို ဖုံးအုပ်နေသည့် ငှက်မွှေးများကို ကြည့်ပင်မကြည့်ပေ။ခြေတစ်လမ်းဖြင့်ပင် သူက ဝမ်လင်းရှေ့သို့ ရောက်လာပြီး ဆင်းသက်လာသည့်မိုးကြိုးတန်းခုနစ်ခုကို ကြည့်သည်။

သည်အခိုက်၌ ပထမဆုံးမိုးကြိုးတန်းသည် အနီရောင်တောက်ပသွားရင်း အထက်ကနေ အံ့မခန်းနှုန်းဖြင့် ဆင်းသက်လာသည်။

သို့သော်လည်း ၎င်းအနီရောင်မိုးကြိုးတန်း ဆင်းသက်လာသည့်အခါ၌ ချင်းရွှေ၏မျက်လုံးထံမှ အနီရောင်တောက်ပမှုတစ်ခုကို ထုတ်လွှတ်လာသည်။အနီရောင်အလင်းမြောက်များစွာသည် ပိုက်ကွန်သဖွယ် ထိုးထွက်သွားကြ၏။၎င်းက ချက်ခြင်းပင် အနီရောင်မိုးကြိုးကို ဝါးမြိုပစ်၏။

ချင်းရွှေ၏မျက်လုံးထဲရှိ အနီရောင်သည် ပိုမိုတောက်ပလာရင်း သူက ဒုတိယမြောက်မိုးကြိုးဖြစ်သည့် နတ်ဘုရားပြစ်ဒဏ်လိမ္မော်ရောင်မိုးကြိုး ထံသို့ တိုးဝင်သွားသည်။

သူက ၎င်းကိုလည်း ချက်ခြင်း ဝါးမြိုပစ်ပြီးနောက် လိမ္မော်ရောင်မိုးကြိုးသည် လွင့်ပြယ်သွားသည်။ချင်းရွှေ၏ညာမျက်လုံးထဲရှိ အနီရောင်အလင်းသည် ပို၍ အားကောင်းလာကာ သူက ကျန်သည့် ခုနစ်ရောင်နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများကို ဆက်တိုက်ဝါးမြိုပစ်တော့သည်။ဝမ်လင်းသည် ချင်းရွှေ၏မျက်လုံးထဲမှ အနီရောင်အလင်းသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးခုနစ်ခုကို ဝါးမြိုပစ်နေခြင်းအား ကြောင်၍ ကြည့်နေမိသည်။

မိုးကြိုးလျှပ်စီးစက်ဝန်းတစ်ခုသည် ချင်းရွှေ၏ခန္ဓာကိုယ်မှ ဖြာထွက်နေခြင်းသည် သူ့ကို ပို၍ပင် အေးစက်ဟန် ဖြစ်နေစေသည်။သူ့ခန္ဓာကိုယ်ကနေ အန္တရာယ်ရှိသော အော်ရာတစ်ခု ထွက်ပေါ်နေ၏။အထူးသဖြင့် သူ့ညာမျက်လုံးထံမှ ဖြစ်သည်။သူ့ညာမျက်လုံးသည် အံ့မခန်းအနီရောင်တောက်ပမှုကို ပေးစွမ်းနေသည်။

“နတ်ဘုရားပြစ်ဒဏ်မိုးကြိုးက မဆိုးဘူးပဲ။ ဒါက ငါ့ဂျိနယ်ပယ်ကို အနည်းငယ် ပြန်ကောင်းလာအောင် ကူညီပေးတယ်…” ချင်းရွှေ့သည် လှည့်၍ ဝမ်လင်းကို ကြည့်၏။သူ့အကြည့်က အေးစက်နေဆဲ ဖြစ်သော်လည်း အရင်ထက် အနည်းငယ်တော့ ကွာခြားနေသည်။

“လေဆင့်ခေါ်ခြင်း၊မိုးဆင့်ခေါ်ခြင်းနဲ့ ဆန်းကြယ်အာစီနယ်(လက်နက်) တို့ဟာ ငါ့ဆရာရဲ့ ဦးဆုံးမန္တာန်သုံးခု ဖြစ်တယ်။ ခု သေချာ ကြည့်ချေ…” ချင်းရွှေက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သူက ရှေ့တည့်တည့်သို့ လက်ညွှန်သည်။သူ့မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့မှု အရိပ်အမြွက် ထွက်ပေါ်နေ၏။

“လေဆင့်ခေါ်ခြင်းမန္တာန်ကို နားလည်ဖို့ ငါက လအနည်းငယ် ကြာမြင့်ခဲ့တယ်။မိုးဆင့်ခေါ်ခြင်း မန္တာန်အတွက် တစ်လတိတိ ကြာမြင့်ခဲ့တယ်။ဒါပေမဲ့လည်း ဆန်းကြယ်အာစီနယ်ကို အပြည့်အဝ နားလည်ဖို့အတွက်တော့ ငါဟာ ရာစုနှစ်တစ်ခု ကြာမြင့်ခဲ့တယ်…”

ချင်းရွှေသည် သက်ပြင်းချကာ သူ့လက်ကို ဝှေ့ယမ်း၏။

သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည့်အခါ၌ သလင်းအလင်းရောင်တစ်ခုသည် တိတ်တဆိတ် ပေါ်လာဟန် ရသည်။၎င်းက သွေးနတ်ဘုရားမန္တာန်၏ မရေမတွက်နိုင်သော လက်နက်များကို ချက်ခြင်း တန့်သွားစေသည်။

ဝမ်လင်းသည် စောင့်ကြည့်နေရင်း သူက ထိုသလင်းအလင်းသည် ပိုမိုများပြားသော အလင်းများအဖြစ်သို့ ခွဲထွက်သွားသည်ကို တွေ့မြင်နေ၏။ထိုအလင်းများထဲမှတစ်ခုသည် အဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ထိုအဘိုးအို ပေါ်လာသည်နှင့် သိပ်သည်းသော သေဆုံခြင်းအော်ရာသည် သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။သည့်အပြင် အားကောင်းလှသော မူလစွမ်းအင်သည်လည်း သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြန်သည်။ထိုအဖြစ်က အနှီအဘိုးအိုထံမှ ထူးဆန်းသောခံစားမှုကို ပေးစွမ်းတော့သည်။

“ရှေးဟောင်းကျင့်ကြံသူ မန်မူ…။ငါက ဒီလူ့ကို ကောင်းကင်ဘုံနယ်မြေကို မဝင်ရောက်ခင် သတ်ပစ်ခဲ့တယ်…”

ထိုအခိုက်၌ နောက်ထပ်သလင်းတစ်ခုသည် ဖျပ်ခနဲ လင်းလက်ပြီး ပျောက်ကွယ်သွားသည်။လူငယ်တစ်ယောက် ပေါ်လာ၏။ထိုလူငယ်သည် ချောမောလှကာ ပြင်းထန်သောသေဆုံးခြင်းအော်ရာကို ပေးစွမ်းနေသည်။သည့်အပြင် သူ့ထံမှ အားကောင်းလှသော သတ်ဖြတ်ခြင်းအော်ရာတစ်ခုသည်လည်း ထွက်ပေါ်လာနေသည်။

“ရှေးဟောင်းကျင့်ကြံသူ…ခန်းရန်…။ငါက သူ့ကို ကောင်းကင်ဘုံနယ်မြေထဲ မဝင်ရောက်ခင် သတ်ပစ်ခဲ့တယ်…”

“ရှေးဟောင်းကျင့်ကြံသူ လုဂျိ။ ငါက သူ့ကို ကောင်းကင်ဘုံနယ်မြေ မဝင်ရောက်ခင် သတ်ပစ်ခဲ့ပြန်တယ်…”

ချင်းရွှေက ထိုသို့ ပြောနေရင်း သလင်းအလင်းများအားလုံးသည်‌ ပျောက်ကွယ်သွားကာ မတူညီသည့် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။သူတို့တစ်ယောက်ချင်းစီသည် သေဆုံးခြင်းအော်ရာနှင့် ပြည့်နေ၏။သို့သော် သူတို့အားလုံး၏ အော်ရာသည် ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေပေသည်။

“ကောင်းကင်အဆင့်ရှစ်…ကောင်းကင်ဘုံသား ချန်ဖန်။ငါက သူ့ကို ကောင်းကင်ဘုံနယ်မြရဲ့ တိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်…”

“ကောင်းကင်အဆင့်ရှစ် ကောင်းကင်ဘုံသား ရိုတျဲ။ ငါက ဒီအမျိုးသမီးကို စွန့်ပစ်နယ်မြေတိုက်ပွဲမှာ သတ်ပစ်ခဲ့တယ်…”

“အဆင့်သုံး ကောင်းကင်ဘုရင်ရှန်ထျန်ဟူ။ ငါက ဒီလူ့ကို လေကောင်းကင်ဘုံနယ်မြေရဲ့ တိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်…”

“အဆင့်ခုနစ်ကောင်းကင်ဘုံဘုရင် ယွမ်မန်။ ငါက ဒီအမျိုးသမီးကို လွှမ်းမိုးမှုတိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်…”

ချင်းရွှေ၏မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့ဟန်တို့ ပြည့်နေသည်။သူက ပြောနေရင်းဖြင့် ပုံရိပ်ယောင်စိတ်ဝိညာဉ်တစ်ခုပြီးတစ်ခု ပေါ်လာနေ၏။ထိုအဖြစ်က ဝမ်လင်း၏ မျက်လုံးကို ပြူးကျယ်သွားစေရုံသာမက သွေးနတ်ဘုရားကိုပင် တုန်လှုပ်သွားစေသည်။

ထိုကောင်းကင်ဘုံသားများ၏ စိတ်ဝိညာဉ်များသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၊မကျေမချမ်းမှုများနှင့် ပြည့်နေ၏။သူတို့အားလုံးသည် သေဆုံးခဲ့ရသော်လည်း လက်စားချေလိုခြင်းတို့ ပြည့်နေခဲ့သလိုပင်။သူတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်ရန် ငြင်းဆန်ခဲ့ကြပေသည်။သူတို့ပေါ်ထွက်လာသည်နှင့် သည်နေရာသည် ဝိညာဉ်တို့ကိုသန့်စင်သည့်ဘုံတစ်ခုအလား ဖြစ်လာသည်ဟု ထင်ရသည်။

“အဆင့်ကိုး ကောင်းကင်ဘုံဘုရင်…ယောင်ဟိုင်ချင်။ငါက ဒီလူ့ကို ကောင်းကင်ဘုံမန္တာန် ပြန့်ကျဲစီးဆင်းခြင်းကို အသုံးပြုပြီး သတ်ပစ်ခဲ့တယ်…”

သွေးနတ်ဘုရားနှင့် အသွင်တူသည့် ကောင်းကင်ဘုံစိတ်ဝိညာည် တစ်ခုပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်သည် သေဆုံးခြင်းအော်ရာနှင့် ပြည့်နေ၏။ထိုသူ ပေါ်လာသည်နှင့် သွေးနတ်ဘုရား၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။

“အဆင့်တစ်ကောင်းကင်ဘုံအရှင် လျိုယွမ်။ငါက ဒီလူ့ကို လေမိုးကြိုးအရှင်နဲ့ ဆန့်ကျင်တဲ့ တိုက်ပွဲမှာ သတ်ပစ်ခဲ့တယ်…”

“မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်သုံးကောင်းကင်ဘုံအရှင် ချောင်ဒီ။ ဒီလူ့ကို ငါဟာ ကောင်းကင်ဘုံနယ်မြေရဲ့ ကျူးကျော်မှုအတွင်း သတ်ပစ်ခဲ့တယ်…”

“အဆင့်ငါးကောင်းကင်ဘုံအရှင် ချန်ဟန်။ ငါက ဒီလူ့ကို ပုန်ကန်မှုအတွက် သတ်ပစ်ခဲ့တယ်…”

“လေကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ခုနစ်ကောင်းကင်ဘုံအရှင် ဟောင်ဟန်။ငါက ဒီလူ့ကို ရှေးဟောင်းလျှောက်လမ်းရဲ့ တိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်…”

“မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ကိုးကောင်းကင်ဘုံအရှင် ချင်းရှောင်ရဲ့ ဦးဆုံးကိုယ်ပွား။ ငါက မိုးကြိုးနဲ့မိုးကောင်းကင်ဘုံနယ်မြေ စစ်ပွဲအတွင်းမှာ သူမရဲ့ကိုယ်ပွားကို သတ်ပစ်ခဲ့တယ်…”

သလင်းအလင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်ရင်း ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။သူတို့အားလုံးသည် အစစ်အမှန်အလား ထင်ရကာ အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပါဝင်နေသည်။ချက်ခြင်းပင် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်တို့သည် ချင်းရွှေ၏ ပတ်လည်၌ ဝန်းရံသွားသည်။

ဝမ်လင်းသည် ထိုလူများ၏ အဆင့်အတန်းကို သံသယမရှိပေ။သူက ချင်းရှောင်၏ပုံရိပ်ကို တွေ့မြင်ရသည့်အခါ သူ့စိတ်နှလုံးထဲ၌ လှိုင်းထန်အောင်လှုပ်ခတ်နေတော့သည်။

“ငါ့ဘဝမှာ လူများစွာကို သတ်ပစ်ခဲ့ဖူးတယ်။ ဒီဆန်းကြယ်လက်နက်မန္တာန်ဟာ ငါသတ်ခဲ့တဲ့လူတွေရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကနေ ဆွဲထုတ်ယူပြီး သန့်စင်ပစ်ဖို့ လိုအပ်စေခဲ့တယ်။အဲ့နောက်မှာ ငါက သူတို့ရဲ့စိတ်ဝိညာဉ်ကို သန့်စင်ပြီး ငါ့အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့တယ်။ဒီတော့မှ ငါဟာ ဆန်းကြယ်လက်နက်မန္တာန်ရဲ့ အဆင့်ငယ်ပြီးပြည့်စုံမှုကို ရောက်ရှိနိုင်ခဲ့တာ ဖြစ်တယ်…”

ချင်းရွှေ၏အသံသည် တည်ငြိမ်နေ၏။သို့သော် ထိုတည်ငြိမ်မှုထဲ၌ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။

ဝမ်လင်းပင် ချင်းရွှေ၏တိုက်ပွဲမှတ်တမ်းကြောင့် တုန်လှုပ်နေရပေသည်။

ချင်းရွှေက ထိုသို့ ပြောနေရင်း ကောင်းကင်ဘုံသားစိတ်ဝိညာဉ်တို့သည် ပြင်းထန်သော အော်ရာကို ထုတ်လွှတ်လာ၏။ဤအခိုက်တွင် သူတို့အားလုံးသည် သွေးနတ်ဘုရားထံသို့ ဦးတည်သွားတော့၏။

သွေးနတ်ဘုရား၏မျက်နှာထက်၌ သွေးရောင်ပင် မရှိတော့ပေ။သူက သူ့မိသားစုမှတ်တမ်းထဲရှိ ကောင်းကင်ဘုံအင်ပါယာပေဖန်၏ ဆန်းကြယ်လက်နက်မန္တာန် ကြောက်မက်ဖွယ်ကောင်းမှုကို ဘယ်တုန်းကမှ စိတ်ကူးမိခြင်း မရှိပေ။

“ဘယ်လိုမျိုး ကောင်းကင်ဘုံအင်ပါယာများလဲ။ သူက နတ်ဆိုးဘုရင်တစ်ယောက် ဖြစ်နေမှာ ရှင်းနေတာပဲ…”

သွေးနတ်ဘုရားသည် နောက်သို့ အမြန်ဆုတ်၏။သူတွေ့ကြုံရသည့်အဖြစ်က သူ့ဦးရေပြားပင် ထုံထိုင်းသွားရသည်။

သွေးဘိုးဘေးသည် နောက်ဆုတ်နေရင်း အော်ပြော၏။ “တိုက်ခိုက်လော့…”

မရေမတွက်နိုင်သောငှက်မွှေးများကြောင့် ဖြစ်လာသည့် လက်နက်များသည် ချက်ခြင်းပင် ကောင်းကင်ဘုံစိတ်ဝိညာဉ်များထံသို့ တိုးထွက်ကုန်ကြသည်။သည်အခိုက်အတန့်၌ တုန်ဟီးသံများသည် ကီလိုမီတာများစွာအတွင်းရှိ နေရာတိုင်းကနေ ထွက်ပေါ်နေသည်။

အခုအဆင့်တိုက်ပွဲသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးအပေါ်သို့ သက်ရောက်နေ၏။ကြယ်များသည်ပင် တုန်ဟီးသည်။

ယောင်ယွမ်သည် နောက်သို့ ဆက်တိုက် ဆုတ်နေ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်ဆိုးအလင်းကို ပေးစွမ်းနေကာ သွေးနတ်ဘုရားနောက်ကွယ်ကနေ ဖိအားကို ခုခံနေရသည်။သို့သော် သူ့ကျင့်ကြံမှု အဆင့်သည် ကင်းမဲ့နေ၏။ထို့ကြောင့် သူက ဒဏ်ရာဆက်တိုက်ရနေသည်။သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးပင် ပျက်စီးလုနီးပါး ဖြစ်ရသည်။

သွေးနတ်ဘုရား၏မန္တာန်သည် ဆက်တိုက် ရုတ်လျော့လာသည်။ငှက်မွှေးများကနေ ဖြစ်ပေါ်နေသည့် လက်နက်များသည် ခုခံနိုင်စွမ်း မဲ့ကြ၏။ထို့ကြောင့် ၎င်းတို့အားလုံးသည် ပျက်စီးသွားသည်။

သွေးနတ်ဘုရားသည် နောက်သို့ ဆုတ်နေရင်း သူ့ရှေ့တွင် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်သည် ပေါက်ကွဲထွက်လာသည်။ပေါက်ကွဲမှုထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သည့်အားသည် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သည်။

ထိုတစ်ခုတည်းမကပေ။ နောက်ထပ်များစွာသော ကောင်းကင်ဘုံသားစိတ်ဝိညာဉ်များသည် သွေးနတ်ဘုရားပတ်လည်၌ စုဝေးလာကြ၏။ထိုအခါ သွေးနတ်ဘုရား၏မျက်လုံးထဲ၌ ပထမဆုံးအချိန်အဖြစ် ကြောက်ရွှံ့မှု ဖြစ်ပေါ်လာသည်။

သူက သေဆုံးခြင်းအငွေ့အသက်ကို ခံစားမမိသည်မှာ ကြာမြင့်လှပေပြီ။

သွေးနတ်ဘုရားသည် ကောင်းကင်ဘုံအရှင်များ ဖြစ်ခဲ့ကြသော စိတ်ဝိညာဉ်များကို အမှန်ပင် ကြောက်လန့်မိသည်။

၎င်းတို့သည် တစ်ခုတည်း ဖြစ်နေလျှင်ပင် သွေးနတ်ဘုရားသည် ၎င်းကို လွယ်လင့်တကူ ဖျက်စီးပစ်နိုင်သေး၏။နှစ်ခုဆိုလျှင်ပင် ပြဿနာမရှိသေးပေ။သို့သော်လည်း သူက ခုလက်ရှိ၌ ဒဏ်ရာရထားခဲ့သည်။ထို့ကြောင့် သူသည် သနားစရာအခြေအနေသို့ မစိုက်ရောက်ဘဲ မနေနိုင်ဖြစ်ရ၏။

“ချင်းရွှေ…သင်က ငါ့ကို သတ်မှာလား…” သွေးနတ်ဘုရား၏အသွင်က ကြမ်းကြုတ်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ခါသည်။ မူလစွမ်းအင်အမြောက်အများသည် ကောင်းကင်ထက်သို့ တက်၍ ဥပဒေသများကို အရူးအမူး ပြောင်းလဲလာစေသည်။

“သတ်တော့ကော ဘာဖြစ်လဲ…” ခြေတစ်လှမ်းဖြင့် ချင်းရွှေသည် ရှေ့သို့ ရောက်သွားကာ သူ့ညာလက်ကို ဆန့်ထုတ်၏။အေးစက်စက်စွမ်းအင်သည် ချက်ခြင်း စုစည်းလာကာ အနက်ရောင်လေထုကို ဖြစ်ပေါ်စေသည်။

သွေးနတ်ဘုရားသည် ပြတ်သားစွာ ကြည့်၍ နောက်ဆုတ်ရင်း ယောင်ယွမ်အနားသို့ ရောက်သွား၏။သူ့လက်ကို ယောင်ယွမ်၏ မျက်လုံးနှစ်လုံးကြားသို့ ညွှန်၏။ရုတ်တရက် ယောင်ယွမ်၏မျက်လုံးသည် ဖောင်းကြွလာကာ သူ့ခန္ဓာကိုယ်မှာ အလျင်အမြန် ကျုံ့လာသည်။ထိုအဖြစ်က သူ့မူလစိတ်ဝိညာဉ်နှင့်အသွေးအသားများသည် သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု၏ စုပ်ယူခြင်းကို ခံရသည့်အလားပင်။

သူ့ပါးစပ်ကနေ ထိန်လန့်ဖွယ်အော်သံတစ်ခု ထွက်ပေါ်လာကာ သူ့မျက်လုံသည် နီရဲတွတ်လာ၏။သို့သော်လည်း ထိုအခိုက်အတန့်၌သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွားခဲ့ကာ ကြည်လင်လာခဲ့၏။

သူ့ဦးခေါင်းထက်၌ ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ အရိပ် ပေါ်လာခဲ့သည်။၎င်းက အရင်ထက် ပို၍ အထည်ဒြပ် ဆန်လာ၏။၎င်းသည် ယောင်ယွမ်၏ခန္ဓာကိုယ်ထဲကနေ အမြန် ပျံသန်းထွက်သွားသည်။

ထိုဖြစ်စဉ်အတွင်း ယောင်ယွမ်၏ခန္ဓာကိုယ်မှ ပို၍ မြန်ဆန်စွာ ပျက်စီးလာကာ သူ့တွင် အရိုးနှင့်အရေပြားမျှသာ ကျန်တော့၏။သူ့အသွေးအသား၊မူလစွမ်းအင်နှင့် မူလစိတ်ဝိညာဉ်ပင် ထိုရှေးဟောင်းနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံလိုက်ရချေပြီ။

ယောင်ယွမ်၏မျက်လုံးက ပို၍ ကြည်လင်လာခဲ့သည်။သူက ခါးသီးစွာ ပြုံးမိ၏။သူသည် နှစ်ပေါင်းများစွာ မရှာတွေ့နိုင်ခဲ့သည့် မှတ်ဉာဏ်များကို ပြန်မှတ်မိလာခဲ့ပေပြီ။

“ယောင်မိသားစုက ထပ်မတည်ရှိတော့ဘူး…” သူ့ခန္ဓာကိုယ်မှာ ကြယ်များကြားသို့ လိမ့်ဆင်းကျသွား၏။သူ ကျဆင်းနေရင်း ရှေးဟောင်းနတ်ဆိုးထံမှ စိတ်ဝိညာဉ်သည် ထိုးထွက်လာ၏။၎င်းက အားကော်ငးသော နတ်ဆိုးအော်ရကာကို သယ်ဆောင်ကာ သွေးနတ်ဘုရား၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအရာများအားလုံးက လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။သွေးနတ်ဘုရာသည် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို စုပ်ယူသည့်အခါ၌ သူ့ခန္ဓာကိုယ်ကနေ ပိုမိုပြင်းထန်သော နတ်ဆိုးအော်ရာကို ပေးစွမ်းနေသည်။သူ့မျက်လုံးသည် တောက်ပလာ၏။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ လေဟာနယ်ကို ဆွဲဖြဲ၏။

သည့်နောက် ရှည်လျားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ရှေးဟောင်းမီးအိမ်တစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ချင်းရွှေ…မင်းက သေချင်မှတော့ ဒီအဘိုးအိုဟာ ကောင်းကင်ဘုံသားတစ်ယောက်ကို သတ်ပစ်တဲ့အတွက် အပြစ်မတင်တော့နဲ့…” သွေးနတ်ဘုရား၏အသွင်ဟန်ပန်သည် မသိမသာ ဖြစ်သွးရင်း သူ့ရှေ့၌ ဆယ့်နှစ်ပေကျော်သည့် ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။၎င်း၏ မျက်လုံးများက နီရဲနေကာ ချင်းရွှေကို ကြည့်ပြီး တိတ်တဆိတ်မြည်သံ ပြုသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset