နတ်ဘုရားပြစ်ဒဏ်မိုးကြိုများသည် ပျံ့နှံ့လာရင်း ပြင်းထန်သောဖိအားတစ်ခု ဖြစ်တည်လာသည်။
နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားသည် အစပြုလာခဲ့ချေပြီ။ကောင်းကင်ဘုံခွန်အားနှင့် အဖျက်အစီးစွမ်းအားတို့သည် ထိုနတ်ဘုရားပြစ်ဒဏ်ထဲ၌ ပါဝင်နေကာ အရင်ထက် အဆများစွာ ပိုအားကောင်းလာပေသည်။
တောင်ပိုင်းနယ်မြေရှိ အားကောင်းသော ကျင့်ကြံသူအားလုံးသည် ထို တုန်လှုပ်ဖွယ်အခြေအနေကို ခံစားမိကြ၏။
အနှီတုန်ခါလှိုင်းများသည် အားကောင်းလွန်းလှသည့်အတွက် သူတို့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကိုပါ ထိန်းချုပ်လာသည့်အလား။ကျင့်ကြံသူများစွာ၏အသွင်ဟန်ပန်များသည် ပြောင်းလဲသွားရင်း သူတို့က ထိုင်ချကာ သူတို့၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကို ချိပ်ပိတ်ပစ်ရသည်။
ယောင်ယွမ်၏မျက်ခုံးနှစ်ခုကြား၌ နတ်ဆိုးချိပ်တံဆိပ်သည် တဖျပ်ဖျပ် လင်းလက်နေ၏။သူ့မျက်လုံးထဲ၌လည်း ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူ့မျက်နှာပေါ်ရှိ ဖောင်းကြွနေသော သွေးကြောများသည် တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်။
သူ့မျက်လုံးအနက်ပိုင်းထဲ၌ ခပ်ရေးရေး ရုန်းကန်မှုတစ်ခုတော့ ကျန်ရှိနေသေး၏။
ယောင်ယွမ်၏ရှေ့၌ အနီရောင်အလင်းသည် စုစည်းလာရင်း လူတစ်ယောက် လှမ်းလျှောက် ထွက်လာသည်။
ထိုလူသည် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ဆံပင်များက လေမတိုက်ဘဲ လှုပ်ရှားနေ၏။သူ့ထံမှ ရှေးဟောင်းအော်ရာတစ်ခုပေးနေ၏။ထိုအော်ရာထဲ၌ နတ်ဆိုးအော်ရာ အရိပ်အမြွက်လည်း ပါဝင်ပေသည်။သူက ယောင်မိသားစုဘိုးဘေး သွေးနတ်ဘုရား ဖြစ်လေ၏။
သူ ပေါ်လာသည်နှင့် သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ယောင်ယွမ်အပေါ်ရှိ နတ်ဆိုးချိပ်တံဆိပ်သည် ပိုမို အားကောင်းလာတော့၏။ယောင်ယွမ်မျက်လုံးထဲရှိ ရုန်းကန်မှုမှာလည်း ပျောက်ကွယ်သွားရသည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကျုံ့နေမိ၏။သွေးနတ်ဘုရားပေါ်လာသည်နှင့် သူက နောက်သို့ အမြန်ဆုတ်နေကာ သူ့လက်ထဲတွင်လည်း သူ့သိုလှောင်အိတ်ကို ကိုင်ဆောင်ထားသည်။နတ်ဘုရားပြစ်ဒဏ်ကသာ သူ့ လောကနှင့်တစ်သားတည်းပေါင်းစပ်ခြင်းကို ကာကွယ်ထားခြင်း မပြုပါက သူသည် ချက်ခြင်း ထွက်ခွာသွားမည် ဖြစ်၏။
သည်အခိုက်အတန့်၌ သူသည် နည်းနည်းမှ နှေးကွေးမနေပေ။သူ့စွမ်းအားအားလုံးကို အသုံးပြုကာ နောက်သို့ ဆုတ်နေ၏။
သွေးနတ်ဘုရားက နောက်ဆုတ်နေသော ဝမ်လင်းကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ညွှန်ပြီး ပြောလာသည်။
“ငါ့ကို လမြွေနဂါးရှိကနေ မင်းရရှိခဲ့တဲ့ ပစ္စည်းပေးစမ်း…”
သူ့အသံမှာ တည်ငြိမ်၏။သို့သော် ၎င်းအသံသည် သွေးနတ်ဘုရား၏ပါးစပ်ထဲကနေ ထွက်လာသည်နှင့် အံ့မခန်းမိုးကြိုးဟိန်းသံများအသွင်သို့ ပြောင်းသွားသည်။
သွေးနတ်ဘုရား၏အသံသည် ကောင်းကင်ဘုံခွန်အား ဖြစ်နေသည့်အလား။သူ့အသံသည် ကောင်းကင်ဘုံ၏အသံ၊ မည်သူမျှ မခုခံနိုင်ဟု ထင်ရ၏။
ဟင်းလင်းပြင်သည် ပြောင်းလဲသွားပြီးနောက် နတ်ဘုရားပြစ်ဒဏ်ပင် နောက်သို့ ဆုတ်သွားရ၏။ထိုအရာများအားလုံးသည် သွေးနတ်ဘုရား၏အသံကြောင့် ဖြစ်လေ၏။သူ့အသံထဲ၌ ဥပဒေသတို့ ပါဝင်နေ၏။သည်ဧရိယာအတွင်း ဥပဒေသများကို သူက ချက်ခြင်း ပြောင်းလဲပစ်ကာ သူ့ကိုယ်ပိုင်စည်းမျဉ်းများကို ဖြစ်စေ၏။
သည်ဧရိယာအတွင်း၌ သွေးနတ်ဘုရားသည် အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်နေသည့်အလား။
“စကားလုံးတွေမှာ ဥပဒေသ ပါဝင်နေတယ်…” စကားလုံးကို ဥပဒေသအဖြစ်သို့ ပြောင်းနိုင်သည့် ကျင့်ကြံမှုအဆင့်သည် တုန်လှုပ်ဖွယ်ကောင်းလှ၏။ဝမ်လင်းက သွေးနတ်ဘုရား သူ့စကားလုံးများကို ဥပဒေသအဖြစ်သို့ မည်သို့ ပြောင်းလဲသည်ကို နားမလည်နိုင်သော်လည်း ကြောက်မက်ဖွယ်အားတစ်ခုကို ခံစားမိနိုင်သည်။
သည်ဧရိယာအတွင်းရှိ အရာအားလုံးသည် အနှီစကားလုံးများကြောင့် ပျက်စီးသွားရသကဲ့သို့ ရှိသည်။ဝမ်လင်း၏ခန္ဓာကိုယ်သည်လည်း သက်ရောက်ခြင်း ခံရပေသည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မီးပြင်းဖိုကြီးသည် ဝမ်လင်း၏ရှေ့၌ ချက်ခြင်း ထွက်ပေါ်လာ၏။မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့မျက်နှာက သေလောက်အောင် ဖြူရောသွားရသည်။
‘ဒီသွေးနတ်ဘုရားက ဒဏ်ရာရထားမှာပဲ။ ဒီလောက်အချိန်တိုလေးနဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ ပျက်စီးသွားတဲ့ကြယ်ကြောင့် ရခဲ့တဲ့ ဒဏ်ရာဟာ ပြန်မကောင်းလာနိုင်သေးဘူး…”
သွေးအန်ထုတ်လိုက်ရပြီးနောက် ဝမ်လင်းသည် နောက်သို့ ပို၍ မြန်ဆန်စွာ ဆုတ်၏။တစ်ချိန်တည်းမှာ သူက လှမ်းအော်ပြောသည်။
“စီနီယာ တစ်ယောက်အနေနဲ့ ဂျူနီယာ့ကို တိုက်ခိုက်တာ နည်းနည်းများ မလွန်လွန်းဘူးလား…။ဒီအကြောင်းသာ ပျံ့နှံ့သွားရင် ယောင်မိသားစုရဲ့ နာမည်ဟာ ပျက်စီးသွားရလိမ့်မယ်…”
သွေးနတ်ဘုရား၏အသွင်သည် အေးစက်နေဆဲပင်။သူက သူ့ညာလက်ကို မြှောက်ရင်း လက်ညှိုးညွှန်သည်။သူက အေးအေးဆေးဆေး ပြောလိုက်၏။ “မင်းက ငါ့ကောင်းကင်ဘုံမန္တာန်ကို ရှောင်နိုင်ရင် မင်းကံကောင်းတယ်လို့ သတ်မှတ်နိုင်မယ်…”
သူက ထိုသို့ ပြောနေရင်း သူ့လက်ချောင်း၌ အနီရောင်အလင်းတစ်ခု စုစည်းလာသည်။ချက်ခြင်းပင် သွေးပျံလွှားတစ်ကောင် ပေါ်လာကာ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာသည်။
ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။သူက နောက်ဆုတ်နေရင်း ကောင်းကင်ဘုံတောင်ကို ထုတ်ယူ၏။သူ့တွင် ၎င်းတောင်ရတနာ ဆုံးရှုံးမှုအတွက် ခေါင်းခဲနေရန် အချိန်မရှိပေ။သူက ချက်ခြင်း အော်ဟစ်၏။ “စိတ်ဝိညာဉ်…ပေါက်ကွဲစမ်း…”
သူက လောဘကြီးထံကနေ ထိုကောင်းကင်ဘုံတောင်ကို ရရှိခဲ့ခြင်း ဖြစ်၏။၎င်းတောင်၏ စိတ်ဝိညာဉ်ကို ထုတ်ယူပါက ယင်းရတနာသည် အတော်လေး အစွမ်းထက်မည် ဖြစ်သည်။ စိတ်ဝိညာဉ်ကို ထုတ်ယူခြင်း မပြုသော်လည်း စိတ်ဝိညာဉ်ကို ပေါက်ကွဲစေခြင်းသည် ပို၍ပင် အစွမ်းထက်ပေလိမ့်ဦးမည်။
သွေးပျံလွှားသည် နီးကပ်လာသည့်အခါ၌ ကောင်းကင်ဘုံတောင်သည် ပေါက်ကွဲသွားကာ ပြင်းထန်သော မုန်တိုင်းကို ဖြစ်စေသည်။ထိုမုန်တိုင်းသည် အားကောင်းလွန်းလှကာ ဝဲကတော့တစ်ခုအသွင် ဖြစ်လာသည်။အနှီဝဲကတော့ထဲကနေ အဖျက်အစီးအော်ရာများ ပေါက်ကွဲထွက်လာသည်။
ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်နေ၏။သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ရှေ့သို့ ပျံသန်းလာ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ဝမ်လင်းသည် မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိသွားသည်။
သွေးပျံလွှား ပေါ်ထွက်လာသည်နှင့် တောင်စိတ်ဝိညာဉ်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းနှင့် ထိပ်တိုက်တွေ့ခါနီးချိန်တွင် ထိုပျံလွှားမှာ ၎င်း၏ ပါးစပ်ကို ဟကာ ရှိုက်သွင်း၏။ရုတ်တရက် ကြောက်မက်ဖွယ်မုန်တိုင်းသည် အံ့မခန်းစုပ်အား၏ စုပ်ယူခြင်း ခံရ၏။အရာအားလုံးသည် သွေးပျံလွှား၏ ရှိုက်သွင်း စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထိုအရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ကောင်းကင်ဘုံတောင်သည် ပျက်စီးပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားရ၏။
သွေးပျံလွှားသည် လွန်စွာ တောက်ပလာကာ ဝမ်လင်းထံသို့ ဦးတည်လာ၏။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ရှေ့သို့ ထိုးထွက်လာ၏။ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေရာ ရွှေရောင်စာလုံးထောင်ချီသည် သွေးပျံလွှားထံသို့ စုဝေးသွားကြသည်။
သို့သော်လည်း သွေးပျံလွှားသည် ၎င်း၏ ပါးစပ်ကို ဟကာ အားလုံးကို ဝါးမြိုပစ်သည်။ခုချိန်၌ ရွှေရောင်စာလုံးများသည် ခုချိန်၌ သွေးပျံလွှား၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ဒါက ဘယ်လို ကောင်းကင်ဘုံမန္တာန်မျိုးလဲ…။ငါ့နတ်ဘုရားအာရုံကို ဝါးမြိုနိုင်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီပျံလွှားဟာ ဝါးမြိုပြီးတာနဲ့ ဒါကို ပြန်ပြီး အသုံးပြုနိုင်နေတယ်…”
ဝမ်လင်းသည် သွေးပျံလွှားကို စူးစိုက်ကြည့်နေ၏။သူ့အသွင်သည် သုန်မှုန်နေသည်။သူက အံတင်းတင်းကြိတ်ကာ သိုလှောင်အိတ်ထဲမှ တတိယမြောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ထုတ်ယူ၏။၎င်းသည် ပျံသန်းထွက်လာပြီး လိပ်ပြာအသွင်သို့ ပြောင်းလဲသွားသည်။
ထိုလိပ်ပြာပေါ်လာသည့်အခါ၌ သွေးနတ်ဘုရား၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက အနည်းငယ်ပင် မျက်မှောင်ကြုတ်မိသွား၏။
သွေးပျံလွှားသည် ရွှေရောင်ချိပ်တံဆိပ်များထဲကနေ ထိုးထွက်လာရင်း ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာ၏။ထိုအခိုက်မှာပင် လိပ်ပြာသည် ၎င်း၏တောင်ပံကို ညင်သာစွာ ခတ်သည်။
သွေးပျံလွှား၏မျက်လုံးသည် နီရဲလာ၏။၎င်း၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။၎င်းက ပါးစဟကာ ရှိုက်သွင်း၏။
လိပ်ပြာသည် ၎င်း၏တောင်ပံကို ထပ်မံ၍ ခတ်၏။သည်တစ်ကြိမ်၌ ရောင်စုံအမှုန့်များသည် လိပ်ပြာတောင်ပတ်ခံမှု၏ နောက်တွင် ကပ်ပါသွားသည်။သွေးပျံလွှားသည် မြည်သံပြုကာ လိပ်ပြာထံသို့ ဦးတည်သွား၏။
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကြောင့် ဖြစ်ပေါ်လာသည့် လိပ်ပြာသည် ၎င်း၏တောင်ပံကို ဆတ်၍ ခတ်နေ၏။သွေးပျံလွှားသည် အကွာအဝေးတစ်ခုထံသို့ ရွှေ့လျားလိုက်တိုင်း ၎င်းသည် ရပ်တန့်ကာ ဝါးမြိုနေရ၏။ထို့အတွက်ကြောင့် ၎င်း၏အရှိန်သည် အတော်လေး နှေးသွားခဲ့သည်။
သွေးနတ်ဘုရား၏အသွင်သည် အေးစက်လာ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လက်ညွှန်သည်။ ထိုအခါ သွေးပျံလွှားသည် အရင်ထက်အဆများစွာ ပိုတောက်ပလာသည်။
လိပ်ပြာသည် ရှေ့သို့ ပျံသန်းလာ၏။ သွေးပျံလွှား နီးကပ်လာနေရင်း လိပ်ပြာသည် ၎င်းအား စက်ဝိုင်းတစ်ခုလို လှည့်ပတ်ကာ တောင်ပံများကို ခတ်ကာ ရောင်စုံအမှုန့်များအား ထုတ်လွှတ်နေသည်။သွေးပျံလွှားပတ်လည်ရှိ သွေးအလင်းသည် မှိန်ဖျော့သွားပြီးနောက် ငါးရောင်စုံအလင်း၏ ဝန်းရံထားခြင်းကို ခံရသည်။၎င်းက ရှေ့တည့်တည့်သို့ ဆက်မသွားနိုင်ဘဲ လိပ်ပြာနှင့်အတူ ရွှေ့လျားနေတော့၏။
ထိုမြင်ကွင်းသည် ထူးဆန်းလှသည်။သို့သော် ဝမ်လင်းသည် လိပ်ပြာမှာလည်း အတော်လေး မှိန်ဖျော့သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။၎င်းအတွက်ပင် သည်လိုမန္တာန်မျိုးကို ရင်ဆိုင်ရသည်မှာ ခက်ခဲလှမှန်း သိသာစေသည်။
သွေးပျံလွှားက လိပ်ပြာနှင့်အတူ ရွှေ့လျားရင်း ဝမ်လင်းထံသို့ ပြန်လာ၏။၎င်းက ဝမ်လင်းကို တိုက်ခိုက်ခြင်းမဟုတ်ပေ။ ထိုအစား ဝမ်လင်းဘေးနားသို့ လိပ်ပြာတစ်ကောင်ကဲ့သို့ ပျံသန်းလာခြင်းသာ ဖြစ်၏။
ဝမ်လင်းသည နောက်သို့ ချက်ခြင်း ဆုတ်၏။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် သူနှင့် နီးကပ်စွာ ပါလာသည်။
သွေးနတ်ဘုရားသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းနောက်ရှိ ဟင်းလင်းပြင်သည် စုတ်ပြဲသွားကာ အဟတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအဟထဲမှ လေအေးတစ်ချက် တိုက်ခတ်လာကာ ဝမ်လင်းကို ရပ်တန့်သွားစေ၏။သူက သွေးနတ်ဘုရားကို စူးစိုက်ကြည့်ကာ မေးလိုက်၏။ “စီနီယာက ကိုယ့်ကတိကိုကိုယ် ချိုးဖျက်တော့မလို့လား…”
“ငါက ကတိဖျက်တော့ကော ဘာဖြစ်လဲ…” သွေးနတ်ဘုရား၏အသွင်သည် သုန်မှုန်နေသည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၏။ ဝမ်လင်းကို ပိတ်ပင်ထားခြင်း အပြင် သူသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထဲသို့ မူလစွမ်းအင်ကိုပါ ထိုးသွင်းသေးသည်။
ချက်ခြင်းပင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်၏ သိပ်သည်းမှုသည် မြန်ဆန်လာတော့၏။မိုးခြိမ်းသံများသည် တိမ်တိုက်အတွင်း၌ စုဝေးလာသည်။သည့်နောက် မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် ချက်ခြင်း စုစည်းလာတော့၏။
မိုးကြိုးတန်းမြောက်များစွာသည် နှစ်ပိုင်းကွဲသွားကာ တစ်ပိုင်းသည် သွေးနတ်ဘုရားထံသို့ ဦးတည်၍ ကျန်သည့်တစ်ဝက်သည် ဝမ်လင်းထံသို့ ရောက်ရှိလာ၏။
ဤအခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံးသည် လျှပ်စီးမိုးကြိုးတို့နှင့် ပြည့်လျှံနေတော့၏။မိုးကြိုးလျှပ်စီးထံမှ ထွက်ပေါ်လာသည့် ဖိအားသည် သည်ဧရိယာကို ပြင်းပြင်းထန်ထန် တုန်ခါစေသည်။
သွေးနတ်ဘုရားသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတို့ကို ကြည့်ပင် မကြည့်ဘဲ ခြေတစ်လှမ်း လှမ်းလာသည်။သူ ပေါ်လာသည့်အခါ၌ ဝမ်လင်းရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ဆန့်တန်းလာ၏။
ထိုဖမ်းဆုပ်မှုသည် ရိုးစင်းလှသည်။ သို့သော်လည်း ဝမ်လင်းသည် ထိုဖမ်းဆုပ်မှုကို တွေ့မြင်သည့်အခါ သူသည် ရှောင်နိုင်ရန်လမ်းမရှိတော့သကဲ့သို့ သူ့စိတ်မှာ တုန်ခါရသည်။
နတ်ဘုရားပြစ်ဒဏ်သည် နီးကပ်လာ၏။သွေးနတ်ဘုရား၏ လက်သည်လည်း ထို့အတူပင်။ထိုသို့ သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် အေးစက်လာခဲ့သည်။သူက အော်ပြောလိုက်၏။ “သင်…ရှေးဟောင်းနတ်ဆိုးပေလော့ကို သိလား…”
သွေးနတ်ဘုရား၏ခန္ဓာကိုယ်မှာ ရုတ်တရက် တန့်သွား၏။သူ့မျက်လုံးထဲကနေ နတ်ဆိုးအလင်းတောက်ပလာသည်။ ထိုနတ်ဆိုးအလင်းသည် သူ့မျက်ခုံးနှစ်ခုကြား၌ ပေါ်လာခဲ့ကာ အနက်ရောင်အခိုးငွေ့များ စုစည်းလာသည်။ဂြိုနှစ်ချောင်းနှင့် နတ်ဆိုးပုံရိပ်တစ်ခုသည် ပေါ်လာ၏။
၎င်းပေါ်လာသည်နှင့် ၎င်း၏ဟိန်းသံသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ မြည်ဟိန်းလာသည်။
“ပေလာ…ဘယ်နေရာမှာလဲ…”
***