Switch Mode

အပိုင်း(၉၀၃)

သွေးနတ်ဘုရား

ယောင်ယွမ်သည် ကြေးမုံကို ကြည့်ပင် မကြည့်ပေ။သည်အခိုက်အတန့်၌ သူသည် ဘိုးဘေးထံမှ အမိန့်ကိုပင် မေ့သွားခဲ့ပေ၏။သူက သူ့ဦးခေါင်းကို ကိုင်ကာ နာကျင်စွာ အဆတ်မပြတ် အော်ဟစ်နေ၏။နတ်ဆိုးအရိပ်သည် ပေတစ်ရာကျော် ရှည်လာသည်။၎င်းက နတ်ဘုရားပြစ်ဒဏ်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဝမ်လင်းကို အေးစက်စွာ ကြည့်၏။

“ရှေးဟောင်းနတ်ဆိုး…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။

ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးသည် နတ်ဆိုးအလင်းကို ထုတ်ဖော်နေ၏။၎င်း၏ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားပြီး ယောင်ယွမ်၏ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထု၏ အဝန်းအပြင်သို့ ထွက်သွားလိုနေသည်။

ထိုအခိုက်မှာပင် နတ်ဘုရားပြစ်ဒဏ်တိမ်ထုထံကနေ မိုးကြိုးတန်းလေးခုသည် ဆင်းသက်လာပြန်သည်။နှစ်ခုသည် ဝမ်လင်းထံသို့ တိုက်ရိုက် ကျဆင်းပြီး ကျန်သည့်နှစ်ခုသည် ရှေးဟောင်းနတ်ဆိုးအပေါ်သို့ ကျရောက်လာသည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက သူ့လက်နှစ်ဖက်ကို တည်ငြိမ်စွာ လှုပ်ရှားသည်။အဖြူအနက်အခိုးအငွေ့များသည် သူ့ရှေ့၌ ယင်ယန်ပန်းချီကားကို ဖြစ်ပေါ်စေသည်။

ဦးဆုံးမိုးကြိုးတန်းသည် ရောက်ရှိလာပြီး ယင်ယန်ပုံရိပ်နှင့် ထိပ်တိုက်တွေ့သည်။သူ့ရှေ့ရှိ ယင်ယန်ပုံရိပ်က မိုးကြိုးကို စုပ်ယူနေစဉ် ဝမ်လင်းသည် နောက်သို့ အသည်းအသန် ဆုတ်သည်။

ဒုတိယမိုးကြိုးတန်းသည်လည်း ယင်ယန်ပုံရိပ်ပေါ်သို့ ကျဆင်းလာပြန်သည်။ဝမ်လင်း၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးအသွင်ဖြင် ထိုးထွက်လာကာ ၎င်းမိုးကြိးကို ဝါးမြိုရန် ကြိုးစားသည်။

နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ဝါးမြိုခြင်း။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် တုန်ယင်ရသည်။သို့သော်လည်း ရှေးဟောင်းမိုးကြိုးနဂါးသည် လျှပ်စီးနှင့်မိုးကြိုးတို့၌ ရှင်သန်ခဲ့သူ ဖြစ်၏။၎င်းက မာန်သွင်းလိုက်ပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ကာ နောက်သို့ အမြန်ဆုတ်သည်။

ဝမ်လင်းသည် ကြောက်ရွှံ့နေသည့်အရိပ်အယောင် ရှိမနေပေ။နတ်ဘုရားပြစ်ဒဏ်သည် အားကောင်းလှသော်လည်း သူက ထိတ်လန့်နေခြင်း မရှိပေ။

ရှေးဟောင်းနတ်ဆိုးအတွက်မူ သူက နောက်သို့ အသည်းအသန် ဆုတ်နေရင်း နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် အရူးအမူး ချဲ့ကားလာ၏။၎င်းက နတ်ဘုရားပြစ်ဒဏ်မိုးကြိုးနှစ်ခုလုံးကို ဝါးမြိုပြီးဖြစ်သော်လည်း ၎င်းပုံရိပ်သည် ပို၍ မှုန်ဝါးလာခဲ့သည်။ ၎င်းက တိတ်တဆိတ်အသံပြုရင်း နောက်သို့ ဆက်၍ ဆုတ်နေသည်။၎င်းနတ်ဆိုးသည် နတ်ဘုရားပြစ်ဒဏ်ပင် လိုက်မမှီနိုင်အောင် မြန်ဆန်နေ၏။ကြည့်ရသည်မှာ သူသည် ယောင်ယွမ်ကို ခေါ်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် အဝန်းကနေ ထွက်သွားတော့မည်ဟု ထင်ရ၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူက အော်ပြောလိုက်၏။ “ယောင်ယွမ်…မင်းညီမနှစ်ယောက်ဖြစ်တဲ့ ယောင်ပင်ယွမ်နဲ့ယောင်မန်ယွမ်တို့ကို မှတ်မိလား။ အတိတ်တုန်းက သွေးဂြိုဟ်ပေါ်မှာ ရှေးဟောင်းမီးအိမ်ဟာ စိတ်ဝိညာဉ်ကို ဝါးမြိုခဲ့တဲ့ မြင်ကွင်းကို မှတ်မိသေးလား…”

ဝမ်လင်း၏အသံထဲ၌ သူ့နတ်ဘုရားအာရုံ ပါဝင်နေ၏။၎င်းအသံက ယောင်ယွမ်၏နားစည်ထဲသို့ ကျဆင်းလာခဲ့သည်။

ယောင်ယွမ်၏ နာကျင်စွာ အော်ဟစ်မှုသည် ပို၍ ပြင်းထန်လာသည်။သူက လှုပ်ရှားနေမှုကို အမှန်ပင် ရပ်တန့်သည်။

သူ့မျက်နှာပေါ်ရှိ သွေးကြောများအားလုံးသည် ဖောင်းကြွနေသည်။သူ့အသွင်က ကြမ်းကြုတ်နေ၏။သူက သူ့ခေါင်းထဲရှိ နာကျင်မှုကို ဆုပ်ကိုင်ထားရင်း အော်ဟစ်လာသည်။ “ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားစမ်း…”

“မင်း ဘာကောင်လဲ ငါ ဂရုမစိုက်ဘူး။ ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွား…” ယောင်ယွမ်သည် ဆက်ခနဲ ခေါင်းမော့လာသည်။သူ့မျက်လုံးက နီရဲနေကာ ရူးသွပ်မှုတို့ ပြည့်နေသည်။သူက သူ့အထက်ရှိ ရှေးဟောင်းနတ်ဆိုးကို တွေ့မြင်ရသည့်အလား ထင်ရ၏။

ရှေးဟောင်းနတ်ဆိုး၏အသွင်သည် ပို၍ သုန်မှုန်လာသည်။သူက ဝမ်လင်းကို အေးစက်စွာ ကြည့်သည်။နောက်သို့ဆုတ်ရမည့်အစား သူသည် ယောင်ယွမ်ထံကနေ ချဲ့ကားရင်း ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက ပါးစပ်ဟကာ အဖြူရောင်အခိုးငွေ့တို့ကို ထွေးထုတ်၏။ထိုအဖြူရောင်အခိုးငွေ့ထဲ၌ ပစ္စည်းတစ်ခု ပါဝင်နေ၏။၎င်းမှာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးပင်။၎င်းသည် ရုတ်တရက် ဝမ်လင်းရှေ့၌ ချဲ့ကားလာသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည့်အခါ ချိပ်တံဆိပ်သောင်းချီသည် ရှေးဟောင်းနတ်ဆိုးထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ထိုအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် နောက်တစ်ဖန် သိပ်သည်းလာ၏။သည့်နောက် ဆယ်ပေကျော်ရှိသည့် အနီရောင်မိုးကြိုးတန်း ဆယ့်နှစ်ခုကျော်သည် ဖြစ်ပေါ်လာသည်။သည့်နောက် ၎င်းမိုးကြိုးတန်းတို့သည် ဆင်းသက်လာခဲ့၏။

ချိပ်တံဆိပ်သောင်းချီကို ရင်ဆိုင်နေစဉ်မှာပင် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းသည် ရှေးဟောင်းနတ်ဆိုး၏မျက်လုံးကို တလက်လက် ဖြစ်သွားစေသည်။၎င်းက စကားလုံးအချို့ကို တိတ်တဆိတ် ရွတ်ဆို၏။ထိုအခါ ၎င်း၏ဝေဝါးနေသော ခန္ဓာကိုယ်သည် ပို၍ မှုန်ဝါးလာသည်။

ရွှေရောင်ချိပ်တံဆိပ်များစွာသည် သူတို့၏ ဦးတည်ချက်ကို ဆုံးရှုံးသွားသည့်အလားပင်။ထိုအခါ သူတို့၏ ဦးတည်ရာသည် ဝမ်လင်းထံသို့ ပြောင်းလာ၏။

ကျယ်လောင်သော တုန်ဟီးသံများ ပဲ့တင်ထပ်ခြင်းနှင့်အတူ ရှေးဟောင်းနတ်ဆိုးသည် ညစ်ကျယ်ကျယ်ပြုံးလာ၏။သည်လို သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်းသည် အနည်းငယ်မျှ ထိတ်ပျာသွားခြင်း မရှိပေ။သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချိပ်တံဆိပ်များသည် သူ့ထံသို့ ပိုမြန်ဆန်စွာ ချဉ်းကပ်လာတော့၏။

ကြည့်ရသည်မှာ ဝမ်လင်းသည် သူ့ကိုယ်သူ ချိပ်ပိတ်ပစ်လိုသည့်အလား ထင်ရ၏။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးသည်လည်း မြန်ဆန်စွာ ကျဆင်းလာနေ၏။

ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ရှေ့၌ အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာရင်း ပုံရိပ်ယောင်မီးပြင်းဖိုတစ်ခု ပေါ်လာ၏။ထိုမီးပြင်းဖို ပေါ်လာသည်နှင့် အားကောင်းသော ရှေးဟောင်းနတ်ဘုရားအော်ရာ ပျံ့နှံ့လာသည်။ ရှေးဟောင်းနတ်ဆိုးသည် ပင့်သက်ရှိုက်မိသွား၏။၎င်း၏ မျက်လုံးသည် မယုံကြည်နိုင်ဟန်နှင့် ပြူးကျယ်သွားသည်။

“နတ်ဆိုးတစ်ပါးကများ…မင်းဟာ ငါ အာရုံစိုက်ဖို့ မထိုက်တန်သေးဘူး…။ ပုံစံ ပြောင်းလဲချေ…”

ဝမ်လင်းသည် ထူးဆန်းစွာ ပြုံး၏။မီးပြင်းဖိုထံမှ ဆန်းကြယ်သောအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ချက်ခြင်းပင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။တုန်လှုပ်နေသော ရှေးဟောင်းနတ်ဆိုးသည်လည်း ပျောက်ကွယ်သွားလေ၏။

သူတို့နှစ်ယောက်လုံးသည် ချက်ခြင်းပင် ပုံစံအသွင် လုံးဝ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ရှေးဟောင်းနတ်ဆိုး ပြန်ပေါ်လာသည့် အခိုက်၌ ရွှေရောင်စာလုံးမြောက်များစွာသည် ၎င်းအား ဝန်းရံထားပြီး နတ်ဘုရားပြစ်ဒဏ်မိုးကြိုးဆယ်ခုကျော်သည် ၎င်းထံသို့ တရကြမ်း တိုးဝင်လာလေပြီ။

ကောင်းကင်ပြိုဆင်းလာသည့်အလား ထင်မှတ်ရသည့် တုန်ဟီးသံသည် ကြယ်များကြား၌ ပဲ့တင်ထပ်ကုန်သည်။ ချိပ်တံဆိပ်များ၏ ပိတ်လှောင်ထားခြင်းအောက်၌ ရှေးဟောင်းနတ်ဆိုးသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းများ တစ်ခုပြီးတစ်ခု၏ ထိမှန်ခြင်းကို ခံရတော့သည်။ရှေးဟောင်းနတ်ဆိုးသည် ကြမ်းကြုတ်စွာ ဟိန်းသံပြုနေ၏။၎င်း၏ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါး ဖြစ်လာခဲ့ရသည်။

အဆုံးသပ်၌ ၎င်းနတ်ဆိုးသည် နတ်ဆိုးချိပ်တံဆိပ်အဖြစ် ပြောင်းကာ လေဟာနယ်ကို ခွင်းကာ ယောင်ယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်သွားသည်။ယခုအချိန်၌ နတ်ဆိုးချိပ်တံဆိပ်သည် အလွန်အားနည်းမှုအော်ရာကို ပေးစွမ်းနေ၏။

သည်အခိုက်၌ ယောင်ယွမ်၏အသွင်သည် ပို၍ ကြမ်းကြုတ်လာသည်။သူက အော်ပြောလိုက်၏။ “ထွက်သွားစမ်း…”

သူ့ထံမှ မူလစွမ်းအင်တို့ ပေါက်ကွဲထွက်လာ၏။မူလစွမ်းအင်သည် နတ်ဆိုးချိပ်တံဆိပ် ပြန်ဝင်လာမှုကို တားဆီးနိုင်ရန် အပြင်းအထန် တွန်းထုတ်သည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက နောက်သို့ ဆုတ်သည်။ နတ်ဘုရားပြစ်ဒဏ်သည် အဆုံးမသပ်သေးချေ။ပို၍ အားကောင်းလာ၏။ခုချိန်၌ ရှေးဟောင်းနတ်ဆိုး၏ အကူအညီဖြင့် သူသည် ထွက်ခွာသွားသည်က ပိုကောင်းသည် မဟုတ်လား။

သို့သော်လည်း ချက်ခြင်းပင် ဝမ်လင်း၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။ချက်ခြင်းပင် သွေးအော်ရာတစ်ခု ပေါ်လာ၏။ထိုအော်ရာသည် နတ်ဘုရားပြစ်ဒဏ်ကိုပင် မကြောက်လန့်သည့် ပုံပင်။သိပ်မကြာခင်တွင် သွေးမြူထုတစ်ခုသည် ပေါ်လာခဲ့၏။

“အဆုံးသပ်ဖို့ အချိန်ရောက်ပြီ…” ထိုမြူထုထဲကနေ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာ၏။တစ်ချိန်တည်းမှာပင် ယောင်ယွမ်နောက်ကနေ သွေ့ခြောက်သော လက်တစ်ဖက်သည် ထွက်ပေါ်လာပြီး နတ်ဆိုးချိပ်တံဆိပ်ကို ဖမ်းဆုပ်သည်။၎င်းက ယောင်ယွမ်၏မူလစွမ်းအင်တို့ကို လစ်လျူရှုကာ သူ့မျက်ခုံးထဲသို့ နတ်ဆိုးချိပ်တံဆိပ်ကို ဖိနှိပ်ပစ်သည်။

“သွေးနတ်ဘုရား…” ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားရသည်။

သည်အခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အရှင်ချင်းရွှေသည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။အနည်းငယ် စဉ်းစားပြီးနောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ပျောက်ကွယ်သွားချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset