Switch Mode

အပိုင်း(၉၀၂)

နိဗ္ဗာနကြိုမြင်ခြင်း

ဝမ်လင်းသည် ကျင့်ကြံပြီးနောက် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးသည် တောက်ပနေ၏။သူ့ခန္ဓာကိုယ်ပတ်လည်၌ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အနက်ရောင်မြူလွှာတစ်ခု ဝန်းရံနေသည်။သူ့ခန္ဓာကိုယ်အတွင်းထဲ၌မူ သူ့မူလစွမ်းအင်များသည် အဖြူရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ အံ့မခန်းအမြန်နှုန်းဖြင့် လှည့်လည်နေ၏။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တာအိုဟာ တာအိုထဲကို ဝင်ရောက်ခြင်း…”

ဉာဏ်အလင်း ရရှိပြီးသည့်နောက် သူသည် အခုလက်ရှိ သူ့အခြေအနေနှင့် ပတ်သတ်၍ ရှုပ်ထွေးမှု မရှိတော့ချေ။သို့သော် သူက လုံးဝ သတိထားနေဆဲသာ ဖြစ်၏။

သူသည် ကြာမြင့်ခဲသည့်အချိန်ကတည်းက တာအိုကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခဲ့ဖူး။သို့သော် ထိုအချိန်က တာအိုသည် သေခြင်းရှင်ခြင်းတာအို ဖြစ်၏။အခုချိန်တွင်မူ သူသည် ကံကြမ္မာတာအိုကို အထည်ဒြပ်အဖြစ် သိပ်သည်းစေကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခြင်း ဖြစ်သည်။

တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဝမ်လင်းသည် မတ်တပ်ထရပ်လာ၏။သူက တောင်၏အပြင်ဘက်၌ ပေါ်လာခဲ့သည်။ထာရှန်သည် သူ့အရိပ်အဖြစ်သို့ ပြန်ပြောင်းလဲ ပျောက်ကွယ်သွားတော့၏။

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် ပျောက်ကွယ်သွားကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်သည်။ သူက ကြယ်များကြား၌ ပြန်ပေါ်လာ၏။သူသည် အချိန်ဆွဲမနေဘဲ မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွားပြန်၏။

“အရင်ဆုံး…ငါလီယွမ်ကို ရှာပြီး အတားအဆီးနှလုံးသားကို ရအောင် လုပ်ရမယ်။ငါ့လမ်းမှာ လာနှောက်ယှက်တဲ့လူရှိတာနဲ့ ငါဟာ နတ်ဘုရားပြစ်ဒဏ်ကို အသက်သွင်းပြီး သူတို့ရဲ့စွမ်းအားကို ငှားယမ်းပြီးတော့ နတ်ဘုရားပြစ်ဒဏ်ကို ငါ ကျော်ဖြတ်နိုင်အောင် ကူညီခိုင်းရမယ်…”

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။သူသည် နတ်ဘုရားပြစ်ဒဏ်နှင့်ပတ်သတ်၍ အတွေ့အကြုံများ ရှိခဲ့ပြီး ဖြစ်သည်။အခုချိန်၌ သူက ၎င်းကို အတိတ်တုန်းကလောက် ထိတ်လန့်နေမိခြင်း မရှိတော့ချေ။

သည့်နောက် သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ တောင်ပိုင်းနယ်မြေရှိရာသို့ ဦးတည်သွားတော့။လီမိသားစုသည် တောင်ပိုင်းနယ်မြေ၏ ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်၌ တည်ရှိပေ၏။

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားရင်း အလွန်မြန်သောနှုန်းဖြင့် သွားနေ၏။သူက လီယွမ်သူ့ကို ပေးထားခဲ့သည့် မြေပုံအတိုင်း သွားနေခြင်းပင်။သို့သော်လည်း သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လောကနှင့်တစ်သားတည်း အချိန်အကြာကြီး မပေါင်းစပ်နိုင်ပေ။သူပြန်ပေါ်လာသည့်အခါတိုင်း ခဏတဖြုတ် အနားယူရ၏။

မည်သို့ပင်ဖြစ်စေ သူ့အမြန်နှုန်းသည် လောကနှင့်တစ်သားတည်း မပေါင်းစပ်နိုင်သည့် အခြားကျင့်ကြံသူများထက်တော့ မြန်နေသေးသည်သာ ဖြစ်သည်။ သည်နေ့တွင် သူသည် တောင်ပိုင်းနယ်မြေတွင် ပေါ်လာခဲ့ကာ ရှေ့တည့်တည့်သို့ ပျံသန်းနေ၏။ခဏအကြာတွင် လောကနှင့်တစ်သားတည်းပေါင်းစပ်ရန် ဟန်ပြင်လိုက်စဉ် သူ့အသွင်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူသည်ဖျပ်ခနဲ ဘေးသို့ ပျံသန်းထွက်လိုက်၏။သူရှိနှင့်ခဲ့သော ဟင်းလင်းပြင်သည် ရုတ်တရက် ပေါက်ကွဲပျက်စီးသွားသည်။တုန်ခါမှုလှိုင်းတစ်ခုသည် ပျံ့နှံ့သွား၏။ဝမ်လင်း၏ မျက်လုံးသည် အေးစက်လာသည်။သူက အကွာအဝေးတစ်ခုထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

သူက အကွာအဝေးတစ်ခု၌ အနီရောင်တိမ်တိုက်တစ်ခုအား တွေ့မြင်လိုက်ရ၏။ချက်ခြင်းပင် ထိုအနီရောင်တိမ်တိုက်သည် ဝမ်လင်းရှေ့၌ သက်လတ်ပိုင်းလူအဖြစ်သို့ ပြောင်းလဲသွားသည်။

“မင်းက ရှုမူလား…” သတ်လတ်ပိုင်းလူ၏ ညာလက်ထဲ၌ ကြေးမုံတစ်ချပ် ကိုင်ထား၏။သူက ဝမ်လင်းကို အေးစက်စွာ ကြည့်နေသည်။

ဝမ်လင်းသည် ထိုလူ့ကို မြင်သည်နှင့် မည်သူမှန်း သိသွား၏။သို့သော် သူက ဘာတစ်ခွန်းမှ မဆိုပေ။ထိုအစား နောက်သို့ ဆုတ်လိုက်ရာ လှိုင်းတွန့်တစ်ခုသည် သူ့ခြေထောက်အောက်၌ ပေါ်လာပြီး လောကနှင့်တစ်သားတည်း ပေါင်းစပ်ရန် ပြင်သည်။

သို့သော်လည်း သူက ချက်ခြင်း ရပ်တန့်၏။ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် ထူးဆန်းသည့်အားတစ်ခုဖြင့် ပိတ်လှောင်ထားခြင်း ခံလိုက်ရကာ သူ့အတွက် ပေါင်းစပ်ရန် မဖြစ်နိုင်တော့သည် မဟုတ်လား။ဝမ်လင်းက သက်လတ်ပိုင်းလူ ပေါ်လာသည်နှင့် ထိုသို့ဖြစ်လိမ့်မည်ဟု ကြိုခန့်မှန်းထားခဲ့ပြီး ဖြစ်၏။သူက ထိတ်လန့်နေခြင်းမရှိဘဲ သက်လတ်ပိုင်းလူထံသို့သာ တည်ငြိမ်စွာ ကြည့်နေသည်။

သတ်လတ်ပိုင်းလူ၏အသွင်မှာ အေးစက်နေ၏။သူ့အသံက ပို၍ပင် အေးစက်နေသေး၏။

“ငါက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို မသိပေမဲ့လည်း မင်းရဲ့ တည်နေရာကို တွက်ချက်နိုင်တယ်။ ဒီနေရာဟာ မင်းအတွက် ငါပြင်ဆင်ပေးထားတာ…”

သူက ဝမ်လင်းကို စကားတစ်ခွန်းမှ ပြောခွင့်မပေးချေ။သူက ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူ့လက်ထဲရှိ ကြေးမုံသည် တလက်လက် တောက်ပလာကာ ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် ရုတ်တရက် ပတ်သယ်ခြင်း ခံလိုက်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြေးမုံတစ်ခု၏ မျက်နှာပြင်အလား ပြောင်းလဲသွားချေ၏။

“စုစည်းစမ်း…” သက်လတ်ပိုင်းလူက ထိုသို့ အေးစက်စွာ ပြောလိုက်သည့်အခါ ဝမ်လင်းပတ်လည်ရှိ အရာအားလုံးသည် အစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးကုန်၏။ထို့နောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ခါလိုက်သည့်အခါ အရာအားလုံးသည် သူ့လက်ထဲရှိ ကြေးမုံထဲသို့ ဝင်ရောက်သွား၏။သူသည် ကြေးမုံကို ကိုင်ကာ အကွာအဝေးတစ်ခုထံသို့ ထွက်သွားသည်။

ထိုအရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်ပွားသွားခဲ့ခြင်းပင်။ သူ့အတွက် ဝမ်လင်းကို ဖမ်းရသည်မှာ သာမန်ကိစ္စတစ်ခုကို လုပ်ဆောင်ရသလိုမျိုး ဖြစ်နေ၏။

ဝမ်လင်း ပေါ်လာသည်နှင့် သူ့ပတ်လည်ရှိ ဧရိယာသည် မှုန်ဝါးနေ၏။အရပ်မျက်နှာအနှံ့ကနေ အပူစွမ်းအင်များ ရိုက်ခတ်နေသည်။

ဝမ်လင်း၏မျက်လုံးသည် တည်ငြိမ်နေ၏။သို့သော် အေးစက်သည်။သူက သူ့ခန္ဓာကိုယ်ထဲမှ အဖြူရောင်အခိုးငွေ့များကို အပြင်ဘက်မှ အနက်ရောင်အခိုးငွေ့များနှင့် ထိတွေ့ကာ ရောထွေးယှက်တင် ဖြစ်စေသည်။ထိုအခါ ယင်ယန်ငါးပုံရိပ်သည် ထွက်ပေါ်လာရင်း စတင်လှည့်လည်ချေသည်။

“နိဗ္ဗာနကြိုမြင်ခြင်း…”

ဝမ်လင်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ တက်လှမ်းလိုက်သည့်အခါ၌ ထိုမြူဆိုင်းနေသည့် နေရာအတွင်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားသည်။ဝမ်လင်း၏ ခန္ဓာကိုယ်မှာ လွင့်မြောနေကာ သူ့ဆံပင်များသည် လေမတိုက်ဘဲ လှုပ်ခတ်နေသည်။သူ့ခန္ဓာကိုယ်ကနေ အားကောင်းသောအော်ရာတစ်ခု ဖြစ်ပေါ်လာရင်း ယင်ယန်ငါးများသည် စတင်လှည့်လည်လာ၏။ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ ၎င်းသည် ဝမ်လင်းပတ်လည်၌ လှိုင်းထန်စေသည်။

ထိုမုန်တိုင်းအောက်၌ မြူများစွာသည် နောက်သို့ ဆုတ်သွားရ၏။

ဝမ်လင်း၏မျက်လုံးထဲ၌ နေနှင့်လတို့ ပါဝင်နေ၏။အဖြူအနက်အခိုးငွေ့များ မြန်ဆန်စွာ လှည့်ပတ်နေရင်း ဖြစ်ပေါ်လာသည့် ဝဲကတော့သည့် နဂါးနှစ်ကောင် ထွေလားယှက်တက် မြူးထူးနေသည့်အလား။မြူဧရိယာအတွင်း၌ မိုးကြိုးဟိန်းမြည်သံများ ပြည့်လာ၏။

ဝမ်လင်းက အပေါ်သို့ ခေါင်းမော့ကာ ကြည့်၏။

ယောင်ယွမ်သည် အေးစက်သည့်အသွင်ဖြင့် ဟင်းလင်းပြင်ထဲ၌ ရွှေ့လျားနေ၏။ချက်ခြင်းပင် သူ့အသွင်သည် အနီရောင်တိမ်တိုက်များစွာ စုစည်းလာသည်ကို တွေ့မြင်သည့်အခါ ပြောင်းလဲသွားသည်။ထိုအနီရောင်တိမ်တိုက်များသည် သူ့ခြေထောက်အောက်ရှိ တိမ်တိုက်နှင့် အလွန်ခြားနားနေသည်။အနှီအနီရောင်တိမ်တိုက်အတွင်း၌ ပါဝင်နေသည့် စွမ်းအားသည် သူ့ကိုပင်တုန်လှုပ်စေသည်။

“ဒါ…ဒါက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်လား…” သူ့မျက်လုံးသူငယ်အိမ်သည် ကျုံ့သွား၏။သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက ရောက်နှင့်ပြီး ဖြစ်သည်။သို့သော် အချို့မသိနိုင်သည့် အကြောင်းရင်းများကြောင့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ထိ ပြန်လျော့ကျသွားခဲ့သည်။ထိုမျှသာမက သူသည် ကိစ္စရပ်တော်တော်များများကို မေ့နေဟန် ရသည်။အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက သွေးဂြိုဟ်ကနေ ထွက်ခွာလာသည့်အချိန်က မှတ်ဉာဏ်များကို မေ့နေခြင်းပင်။ထိုမှတ်ဉာဏ်များသည် သူ့အတွက် မှုန်ဝါးနေခဲ့၏။

မည်မျှကြိိုးစားပါစေ သူသည် ဘာတစ်ခုမှ မမှတ်မိနိုင် ဖြစ်နေသည်။

သူက ဘိုးဘေးအတော်လေး မပျော်မရွှင် ဖြစ်စေမည့် ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့သည်ကိုသာ ခပ်ရေးရေး မှတ်မိ၏။သို့သော်လည်း ဘိုးဘေးသည် အဆုံးသပ်၌ သူ့ကို ခွင့်လွှတ်ကာ အပြစ်မပေးခဲ့ပေ။

ထိုအချိန်မှစ၍ သူ့အသိစိတ်သည် မကြာခဏ ဝေဝါးသွားခဲ့ကာ သူ့ကျင့်ကြံခြင်းသည်လည်း ရုတ်လျော့သွားခဲ့ရသည်။ထိုသို့ဖြစ်လျှင်ပင် မထူးဆန်းလှသေးပေ။သို့သော် သူက ထိုသို့ ဝေဝါးသွားသည့်အခါတိုင်း သူ့ဦးခေါင်းထဲမှ နာကျင်မှုကို ခံစားရသည်။ထိုအခါ သူသည် အရူးတစ်ယောက်လို ဖြစ်လာကာ သတ်ဖြတ်လိုခြင်းနှင့်သာ ပြည့်နှက်လာခဲ့သည်။သူသာ သူ့ကိုယ်သူ မထိန်းချုပ်ရင် အဆုံးမဲ့ သတ်ဖြတ်မှုများကို လုပ်ပစ်နိုင်ပေသည်။

အစပိုင်း၌ သူသည် ထိုခံစားချက်ကို သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဖိနှိပ်ထားနိုင်သေး၏။သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ကျင့်ကြံမှုအဆင့်မှာ ရုတ်လျော့လာခဲ့ပြီး နာကျင်မှုသည် ပြင်းထန်လာခဲ့သည်။လောကရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပစ်လိုသည့် စိတ်ဆန္ဒကို ဖိနှိပ်နိုင်ရန် သူ့အတွက် အတော်လေး ခက်ခဲလာခဲ့သည်။

သူက ထိုအဖြစ်သည် သွေးဂြိုဟ်ပေါ်၌ သူကြုံခဲ့သည့် အဖြစ်အပျက်နှင့် တနည်းတဖုံ ပတ်သတ်နေမည်ကို ခပ်ရေးရေး သိနေ၏။သို့သော်လည်း သူက မည်သို့ဖြစ်ပျက်ခဲ့သည်ကို လုံးဝ ပြန်မမှတ်မိနိုင်ဘဲ ဖြစ်နေခဲ့သည်။

သူက သွေးနတ်ဘုရားကို တစ်ကြိမ် မေးမြန်းခဲ့ပြီး ဖြစ်၏။သို့သော် သူ့အတွက် အဖြေမရခဲ့ပေ။

အကူအညီမဲ့သော ခံစားချက်ဖြင့် သူက သူ့ကိုယ်သူ မိသားစုအတွင်း၌ ချိပ်ပိတ်ထားခဲ့ကာ သူ့ကျင့်ကြံမှုအဆင့် လျော့ကျလာခြင်းကို တားဆီးနိုင်ရန် တံခါးပိတ်ကျင့်ကြံ၍သာ နေခဲ့သည်။သူသည် သူ့ဆုံးရှုံးသွားသည့် မှတ်ဉာဏ်များကိုလည်း လိုက်လံ ရှာဖွေမိနေ၏။သည့်နောက် သိပ်မကြာသေးသော အချိန်က သူသည် ဘိုးဘေးထံကနေ ရှုမူဆိုသည့် လူတစ်ယောက်ကို သတ်ရန် အမိန့် လက်ခံရရှိခဲ့၏။

ရှုမူနှင့် ပတ်သတ်သည့် အချက်အလက်များအားလုံးကို သူသည် ဘိုးဘေးထံကနေ သိရှိခဲ့ရသည်။

သည်အခိုက်အတန့်၌ သူသည် နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်ကို တွေ့မြင်သွားသည့်အခါ သူ့ဦးခေါင်းထဲမှ တုန်လှုပ်မှုကို ခံစားမိသည်။ထိုတုန်လှုပ်မှုသည် သူ့စိတ်ဝိညာဉ်ထံကနေ လာခြင်း ဖြစ်၏။

ထိုခံစားချက်သည် အားကောင်းလွန်းနေ၏။အဆုံးသပ်၌ ၎င်းခံစားချက်သည် ပိုပြင်းထန်လာကာ နာကျင်မှု ဖြစ်လာစေသည်။ထိုခံစားမှုက သူ့ဦးနှောက်ကို အပ်များနှင့် ထိုးစွနေသည့်အလား ဖြစ်စေသည်။ယင်းနာကျင်မှုကြောင့် သူ့မျက်လုံးသည် နီရဲလာခဲ့၏။

သူ့ပါးစပ်ထဲကနေ ဒေါသသံတို့ ထွက်ပေါ်လာ၏။ထိုအသံသည် မိုးခြိမ်းသံအလားပင်။ယောင်ယွမ်ထံကနေ မူလစွမ်းအင်တို့သည် အားကောင်းစွာ မြင့်တက်လာတော့၏။

သူ့ဆံပင်များသည် တဖျပ်ဖျပ်လွင့်နေ၏။သူ့မျက်နှာသည် အပြာရောင်သို့ ပြောင်းသည်။အစိမ်းရောင်အလင်းတစ်ခုသည် သူ့အား ဖုံးအုပ်လာကာ နောက်ထပ်မျက်နှာတစ်ခုသည် ယင်းအစိမ်းရောင်အလင်းထဲ၌ ပေါ်ထွက်လာ၏။

ယင်းမျက်နှာသည် ဦးဂြိုနှစ်ခုနှင့် နတ်ဆိုးမျက်နှာ ဖြစ်နေသည်။၎င်းက ပေါ်လာသည်နှင့် မြန်ဆန်စွာ စုဝေးနေကြသော နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကို ကြည့်၏။ထို့နောက် ၎င်း၏ ပါးစပ်ကို ဟကာ မာန်သွင်းသည်။

ထိုမာန်သွင်းသံသည် အသံထွက်ပေါ်ခြင်း မရှိပေ။သို့သော် ယင်းအသံသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကို တုန်ယင်သွားစေကာ အတော်များများကို ပျက်စီးသွားစေ၏။သို့သော်လည်း ပျက်စီးသွားသည့်အစိတ်အပိုင်းများသည် ပိုမြန်သောနှုန်းဖြင့် ချက်ခြင်း ပြန်ဖြစ်တည်လာပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် ပေတစ်သိန်းကျော် ကျယ်ပြောလာ၏။အနီရောင်မိုးကြိုးတန်းတစ်ခုသည် ကောင်းကင်ထက်ကနေ အံ့မခန်းနှုန်းဖြင့် ဆင်းသက်လာလေသည်။ယောင်ယွမ်မျက်နှာပေါ်ရှိ နာကျင်မှုအသွင်သည် ပိုဆိုးလာသည်။ယောင်ယွမ်ပတ်လည်ရှိ နတ်ဆိုးအရိပ်သည် ချက်ခြင်း သူ့ခန္ဓာကိုယ်ထဲကနေ ထိုးထွက်သွားကာ အနီရောင်မိုးကြိုးတန်းထံသို့ တဟုန်ထိုး တိုးဝင်ပြီး ဝါးမြိုရန် ပါးစဟလိုက်၏။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်ခြင်းနှင့်အတူ နတ်ဆိုးအရိပ်သည် တုန်ယင်သွားကာ ပျက်စီးသွား၏။တစ်ချိန်တည်းမှာပင် မိုးကြိုးမြောက်များစွာသည် အရိပ်ကို ဖြတ်သန်းကာ ယောင်ယွမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ယောင်ယွမ်မျက်နှာပေါ်ရှိ နာကျင်မှုသည် ပိုဆိုးလာခဲ့ချေ၏။

ကြေးမုံထဲသို့ ဝင်ရောက်သွားသည့် နတ်ဘုရားပြစ်ဒဏ်အစိတ်အပိုင်းမိုးကြိုးတစ်ခုလည်း ရှိနေသေး၏။

ထိုအခါ ကြေးမုံထံမှ အက်ကွဲသံခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။သည့်အောက် အက်ကွဲသံများ ပို၍ ထွက်ပေါ်လာတော့၏။

မြူများနှင့် ပြည့်နှက်နေသော နေရာ၌ ဝမ်လင်းသည် ဓားအိမ်မှ ဆွဲမထုတ်ရသေးသော ဓားတစ်လက်ကဲ့သို့ ရှိနေသည်။အဖြူအနက်အခိုးငွေ့များက သူ့ရှေ့တွင် လှည့်ပတ်နေရင်းဖြင့် သူသည် အထက်သို့ တိုးဝင်သွား၏။သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အဖြူအနက်အခိုးငွေ့များကနေ မုန်တိုင်းတစ်ခုကို ဖန်တီးသည်။

“ကောင်းကင်ဘုံခုတ်ပိုင်းခြင်း…” ဝမ်လင်းထံမှ မာန်သွင်းသံ ထွက်ပေါ်လာသည်။

ဘုန်း…ယောင်ယွမ်လက်ထဲရှိ ကြေးမုံသည် တစစီပျက်စီးသွားသည်။

ထိုအခါ ဝမ်လင်းသည် ကြေးမုံထဲကနေ လှမ်းလျှောက်ထွက်လာတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset