ဟုန်ယွမ်တောင်ထိပ်တွင် ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။သူက ယောင်ပင်ယွမ်၏ စိတ်နှလုံးကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။သူမ၏ညီမဖြစ်သူသည် သူမ၏ တာအိုနှလုံးသား ဖြစ်သလို သူမ၏ ချိုယွင်းချက်လည်း ဖြစ်သည်။
ဝမ်လင်းက ခေါင်းမော့မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ပြောသည်။ “ငါ့အခုလက်ရှိ ခွန်အားနဲ့ နင့်ကို မကူညီနိုင်သေးဘူး…”
လေထဲ၌ ယောင်ပင်ယွမ်သည် အချိန်အတန်ကြာ တိတ်တဆိတ် စဉ်းစားနေ၏။ သည့်နောက် သူက တိုးညင်းစွာ ပြောလာသည်။ “ဖြစ်နိုင်တာက ငါ ကြားခဲ့တဲ့ဟာက မှားယွင်းခဲ့တာပေါ့…”
သူမသည် မျက်လုံးထောင့်မှ မျက်ရည်စကို သုတ်ကာ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
အစကနေ အဆုံးထိ ဝမ်လင်းသည ခေါင်းမော့ကြည့်ပေ။သူက သူ့ကံကြမ္မာတာအိုထဲ၌သာ နစ်မြုပ်နေရင်း မျက်လုံးမှိတ်ထားလျက် ရှိသည်။သူ့ခန္ဓာကိုယ်အတွင်း၌ အနက်နှင့်အဖြူ၊ယင်ယန်ငါးပုံရိပ်တို့သည် ဖြည်းဖြည်းချင်း ပြောင်းလဲနေ၏။၎င်းတို့က သူ့နောက်တွင် ပေါ်လာကာ သိပ်သည်းလာပြီး သူ့အား လှည့်လည်နေသည်။
တစ်ကြိမ်လှည့်လည်တိုင်း သူပတ်လည်ရှိ အရာအားလုံးကို ဆက်တိုက် စုပ်ယူနေကြ၏။ထို့နောက် ၎င်းစုပ်ယူသည့်အရာအားလုံးကို မူလစွမ်းအင်သို့ ပြောင်း၍ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စီးဆင်းစေသည်။ထိုဝင်ရောက်လာသည့် မူလစွမ်းအင် အစိတ်အပိုင်းတစ်ချို့ကို ကောင်းကင်ဆန့်ကျင်ခြင်းပုတီးစေ့က စုပ်ယူနေ၏။
အလားတူပင် ပုတီးစေ့၏မျက်နှာပြင်သည် ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။ယင်နှင့်ယန်ပန်းချီကား ဖြစ်ပေါ်လာကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။
ဝမ်လင်းသည် သူ့ကံကြမ္မာနယ်ပယ်သည် အဆင့်ငယ်ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိပေ၏။၎င်းက အထည်ဒြပ်ရှိလာသည်။ဆိုလိုသည်က သူသည် သူ့နယ်ပယ်ဖြင့် ဒုတိယအဆင့်သို့ အမှန်တကယ် ရောက်ရှိလာပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။
သူသာ အဆင့်တက်ရန် ဆန္ဒရှိလိုက်သည်နှင့် နတ်ဘုရားပြစ်ဒဏ်ကို ဆင်းသက်လာစေမည် ဖြစ်သည်။ထိုအရာကို ကျော်ဖြတ်ပြီးသည်နှင့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
“ကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်မှာ နိဗ္ဗာနကြိုမြင်ခြင်း၊နိဗ္ဗန သန့်စင်ခြင်းနဲ့ နိဗ္ဗာနပြိုကွဲခြင်း အဆင့်တို့ ပါဝင်တယ်။ ဒီအဆင့်အားလုံးမှာ နိဗ္ဗာနဆိုတဲ့ စကား ပါဝင်နေတယ်။ ငါ တတိယအဆင့်ကို မြင်တွေ့ခဲ့ဖူးတာကို အခြေခံကြည့်ရင်တော့ နိဗ္ဗာနကို ပြည့်ပြည့်စုံစုံ နားလည်သွားတာနဲ့ ၎င်းရဲ့ ဥပဒေသတွေကို ကျွမ်းကျင်ပြီး တတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်…”
“ကောင်းကင်နဲ့မြေကြီးဟာ အဆုံးမဲ့တယ်။တာအိုဟာ အကန့်အသတ်မရှိဘူး…။တာအိုလမ်းကြောင်းဟာ အဆင့်ကြီးသုံးဆင့်ပဲ ရှိတာ ဖြစ်နိုင်ရဲ့လား…”
ဝမ်လင်းသည် မျက်လုံးဖွင့်လာခဲ့၏။သူက တိတ်ဆိတ်စွာ ရှိနေသည်။သူ့ဘယ်မျက်လုံး၌ ယန်၊ညာဘက်တွင်ယင် တို့ပါဝင်နေသည်။
သူမျက်လုံးဖွင့်လာသည်နှင့် ယင်နှင့်ယန်ငါးများသည် မြန်သထက်မြန်အောင် စတင် လှည့်ပတ်လာသည်။
အဆုံးသပ်၌ ဟန်ယွမ်တောင်ထိပ်သည် စိတ်ဝိညာဉ်စွမ်းအင်များဟု ဗဟိုချက်နေရာပါ ဖြစ်လာခဲ့သည်။ထိုနေရာကို ဗဟိုပြုကာ စိတ်ဝိညာဉ်စွမ်းအင်များသည် ဂြိုဟ်အနှံ့သို့ ပျံ့နှံ့သည်။
ထိုအရာသည် မြင်တွေ့နိုင်ခြင်း မရှိသော်လည်း ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းသည် ကောင်းစွာ ခံစားမိကြ၏။
ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ယင်နှင့်ယန်ငါးများ လှည့်ပတ်နေခြင်းသည် တန့်သွားတော့သည်။
“ငါ့မူလစွမ်းအင်ဟာ ပြောင်းလဲသွားပြီ။ဒါပေမဲ့ ငါက အဆင့်ချိုးဖျက်တာကို ချင်လင်းဂြိုဟ်ပေါ်မှာ လုပ်လို့မရဘူး။ မဟုတ်ရင် ဒီဂြိုဟ်ဟာ ပျက်စီးသွားလိမ့်မယ်…”
ဝမ်လင်းသည် မတ်တပ်ရပ်ကာ လေဟာနယ်ထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ သည့်နောက် သူ့အသွင်သည် ရုတ်တရက် ပြောင်းလဲသွားကာ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။
သူ့အကြည့်က ကီလိုမီတာမြောက်များစွာကို ထွင်းဖောက်သွားကာ အဘိုးအိုရွှယ်သည် သည်နေရာသို့ လှမ်းလျှောက်လာနေသည်ကို တွေ့မြင်သွားသည်။
သူက သူ့သေမျိုးခန္ဓာကိုယ်နှင့် ဆက်တိုက် လျှောက်လာခြင်းပင်။သူ့ပန်းတိုင်မှာ ဟန်ယွမ်တောင်ထိပ်ဖြစ်နေ၏။
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် စဉ်းစားနေ၏။သူက ပြန်၍ ထိုင်ချကာ မျက်လုံးပြန်မှိတ်ထားလိုက်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။မျက်စိတစ်မှိတ်အတွင်း လဝက် ကုန်လွန်သွားခဲ့ပြီ။ သည်လဝက်အတွင်း ဝမ်လင်းသည် မလှုပ်မယှက် ရှိနေသည်။အဘိုးအိုရွှယ်သည် ပို၍ ခပ်မြန်မြန် လျှောက်လှမ်းလာနေသည်။သူ့သေမျိုးခန္ဓာကိုယ်နှင့် ဆိုလျှင် အခုလို လျှောက်လှမ်းလာနိုင်လိမ့်မည် မဟုတ်ပါ။သို့သော်လည်း သူ မောပန်းလာသည့်အခါတိုင်း ပူနွေးနွေးစွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ စီးဆင်းလာကာ အားအင်ပြန်ပြည့်လာသည်။
သည်လိုနည်းဖြင့် သူသည် ဟန်ယွမ်တောင်သို့ လဝက်နှင့် ရောက်လာသည်။အဘိုးအိုရွှယ်သည် တောင်ထိပ်သို့ မော့ကြည့်လာသည်။အသက်ဝဝရှုသွင်းပြီးနောက် သူသည် ပြတ်သားစွာပင် တောင်ပေါ်သို့ လှမ်းတက်လိုက်သည်။
သူက ခြေတစ်လှမ်းချင်း၊တစ်လှမ်းချင်း တက်လာ၏။သူ့ဒူးသည် စုတ်ပြတ်ကာ သွေးများ စီးကျလာ၏။ သို့သော် သူက မရပ်တန့်ပေ။သူ့နှလုံးသားထဲရှိ ယုံကြည်မှုဖြင့် ရှေ့သို့ ဆက်၍ တက်နေသည်။
အဘိုးအိုရွှယ်သည် ပင်ပန်းနေသော်လည်း လက်မလျှော့ပေ။ထိုအခိုက်မှာပင် သူက မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားရလိုက်ရသည်။သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားသလိုလည်း ခံစားလိုက်ရ၏။ချက်ခြင်းလိုလိုပင် သူက အဖြူ၊အနက် ယင်နှင့်ယန်ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်ဟု ခံစားရသည်။သူက ချက်ခြင်းပင် ဒူးထောက်ချကာ ဦးညွတ်လိုက်၏။
“ကျေးဇူးပြုပြီး ငါ့ကို တာအိုသင်ပေးပါ…”
ဝမ်လင်းသည် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်သည်။သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။အဘိုးအိုရွှယ်သည် ချင်လင်းဂြိုဟ်၌ ဂုဏ်ပြုထိုက်သည့် သေမျိုးတစ်ယောက် ဖြစ်သည်။သူက အခြားသေမျိုးများနှင့် မတူပေ။အကြောင်းရင်းမှာ သူ့တွင် တာအိုနှလုံးသား ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်၏။၎င်းက ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း တည်ရှိပေ၏။
ကျန်သည့်သူများသည် တာအိုကို ကျင့်ကြံရာ၌ မသင့်တော်ဟု ဆိုလိုသည် မဟုတ်ပေ။တကယ်တော့ ဖြူစင်သည့်စိတ်နှင့်ကလေးများသည် ပို၍ပင် သင့်တော်ပေသည်။ထိုလူများသည် သူတို့၏ တာအိုကို ပြီးပြည့်စုံသည်နှင့် သူတို့၏ကျင့်ကြံမှုအဆင့်မှာ မြင့်မားခြင်းမရှိလျှင်ပင် တာအိုအပေါ်နားလည်မှုသည် လေးနက်ထည်ဝါပေသည်။ထို့ကြောင့် သူတို့သည် အနာဂတ်တွင် ပို၍ အဝေးသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော်လည်း အဘိုးအိုရွှယ်၏ခန္ဓာကိုယ်သည် အိုမင်းခဲ့ပြီ ဖြစ်သည့်အတွက် စိတ်ဝိညာဉ်စွမ်းအင်ကို တောင့်ခံနိုင်ဖို့ မလွယ်တော့ပေ။သူ့အတွက် တာအိုကို ကြည့်ဖို့ ခက်ခဲပေလိမ့်မည်။
ဝမ်လင်းသည် တည်ငြိမ်စွာ ဆို၏။ “မင်း သက်တမ်းက အများကြီး မကျန်တော့ဘူး။ တာအိုကို ကျင့်ကြံခြင်းက လွယ်လွယ် ရတာ မဟုတ်ဘူး…”
အဘိုးအိုရွှယ်သည် ဝမ်လင်းကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ရှိနေသည်။သူက ပြောလိုက်၏။ “ငါ သုံးနှစ်သားတည်းက စာစသင်ခဲ့တယ်။ငါဟာ အသက်ခြောက်နှစ်များ ကဗျာတွေ သင်ယူခဲ့တယ်။ အသက်ဆယ့်လေးနှစ်မှာ ငါ့နာမည်ဟာ မြို့တော်ကို တုန်လှုပ်စေခဲ့တယ်။ ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ အမြဲမှုန်ဝါးနေခဲ့တယ်။ငါဟာ ငါ့ကိုယ်ငါ ပြောခဲ့တာ လူတွေအကြောင်းကို နားလည်တယ်ပေါ့။ ဒါပေမဲ့ လောကရဲ့ဖိနှိပ်ထားတဲ့ ခံစားချက်တစ်ခုတော့ အမြဲ ရှိနေခဲ့တယ်။ငါဟာ အသက်ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် ငါ သိထားတဲ့ ပညာတွေကိုပဲ နောက်မျိုးဆက်စီ လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်ခဲ့တော့တယ်။ ငါ့လက်ကျန်ဘဝကို မှုန်ဝါးမှုနဲ့ဖိနှိပ်မှုအောက်မှာ ကုန်ဆုံးစေတော့မယ်ပေါ့…”
“ဒါပေမဲ့လည်း ငါ့အခန်းထဲကို လေပြေညင်းတစ်ခု ဝင်လာခဲ့တဲ့ အခါမှာတော့ ငါမှုန်ဝါးဝါးဖြစ်နေရတဲ့ ရင်းမြစ်ကို ရှာဖွေဖို့ ပြန်ဖြစ်လာခဲ့တယ်။ တာအိုဆိုတာ ဘာလဲ…။မြစ်ထဲမှ ရခဲ့တဲ့ ဉာဏ်အလင်းဟာ ငါ့ကို ဆုံးဖြတ်ချက်တစ်ခု ချစေခဲ့တော့တာပဲ။ငါက သေရမယ်ဆိုရင်တောင် ဒီနေရာကို လာပြီး တာအိုကို ရှာဖွေမှာ။ ကျေးဇူးပြုပြီး ငါ့ကို တာအို သင်ပေးပါ။ သင့်တပည့်အဖြစ် လက်ခံပေးပါ…”
ဝမ်လင်း၏အကြည့်သည် အဘိုးအိုရွှယ်ထံသို့ ကျရောက်နေ၏။သူက အဘိုးအို၏ မျက်လုံးမှတစ်ဆင့် သူ့စိတ်ကို ဖြတ်မြင်နေရသည်။သူက အဘိုးအိုနောက်၌ ပြန်လည်မွေးဖွားခြင်း အရိပ်ကို ခပ်ရေးရေးလည်း တွေ့မြင်နေရသည်။
အချိန်အတန်ကြာမြင့်ပြီးနောက် ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ မေးလိုက်၏။ “မင်း နာမည် ဘယ်လို ခေါ်လဲ…”
အဘိုးအိုသည် ပြန်ဖြေ၏။ “ရွှယ်ချင်း…”
“ငါ့တစ်ဘဝလုံးမှာ ဘယ်တပည့်မှ မလက်ခံခဲ့ဖူးဘူး။မင်းရဲ့ ဉာဏ်အလင်းဟာ ငါဖန်တီးတဲ့ ကံကြမ္မာအကြောင်း ဖြစ်နေမှတော့ ငါဟာ မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်။ ဒီတောင်ကို မင်း ကျင့်ကြံဖို့အတွက် လက်ဆောင်ပေးမယ်။ ငါဟာ မင်းကို ဘာမန္တာန်မှ သင်ပေးမှာ မဟုတ်ဘူး။ အဲ့အစား နားလည်မှု ရဖို့အတွက် အခွင့်ရေးတစ်ခုပဲ လက်ဆောင်ပေးမယ်…”
ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်လိုက်၏။ယင်ယန်ငါးများသည် လှည့်လည်လာသည်။၎င်းတို့သည် ဝမ်လင်း၏လက်ချောင်းကနေ တစ်ဆင့် အဘိုးအိုရွှယ်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေသည်။
ရွယ်ချင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှု ပြည့်လာကာ သူသည် မြေပြင်ထက်သို့ လဲကျသွားသည်။
ဝမ်လင်းသည် ရွှယ်ချင်းကို တစ်ချက်ကြည့်ပြီးနောက်သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်၏။ အဖြူရောင်မြူများသည် သူ့ခြေထောက်အောက်တွင် ပေါ်လာပြီးနောက် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
တစ်ရက်ကုန်ဆုံးပြီးနောက် ရွှယ်ချင်းသည် မျက်လုံးဖွင့်လာ၏။သူက အချိန်အတန်ကြာစဉ်းစားနေပြီးနောက် တောင်ထိပ်တွင် ထိုင်ချလိုက်သည်။ထို့နောက် မျက်လုံးမှိတ်ကာ သူ့နားလည်မှုအတွက် စတင်တော့သည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ်ကနေ ချက်ခြင်း ထွက်မသွားသေးပေ။သူက ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို သွားရှာ၏။သည့်နောက် သူသည် အဝါရောင်အဆောင်တစ်ခုကို သူတို့အား ထုတ်ပေးခဲ့သည်။သူတို့သည် ၎င်းကို ရင်းနှီးနေသည်ဟု ထင်သော်လည်း မည်သည့်အရာမှန်း မသိပေ။
သည့်နောက် ဝမ်လင်းသည် ချင်လင်းဂြိုဟ်ကနေ ထွက်ခွာသွားတော့၏။
ဟင်းလင်းပြင်ကို ဖြတ်သန်းနေရင်း ဝမ်လင်းသည် လောကနှင့်တစ်သားတည်း မပေါင်းစပ်ထားပေ။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ကျင့်ကြံရန် အဆင်ပြေမည့် နေရာတစ်ခုကို ရှာနေသည်။
ရက်များစွာ ကုန်လွန်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။သူက အဝါရောင်ဂြိုဟ်တစ်ခုရှိရာသို့ ဦးတည်သွားသည်။ထိုဂြိုဟ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ မရှိသလောက် နည်းပါးသည့် စွန့်ပစ်ဂြိုဟ်တစ်ခု ဖြစ်နေသည်။ဝမ်လင်းသည် လေထုကို ဖြတ်သန်းကာ ဂြိုဟ်မျက်နှာပြင်ထက်သို့ ဆင်းသက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆိုးဝါးသည့် အနံ့အသက်များနှင့် ပြည့်နေသည်။သေမျိုးတစ်ယောက်သာ သည်နေရာတွင် အသက်ရှုပါက သေဆုံးသွားနိုင်သည်။သို့သော် ၎င်းအနံ့ဆိုးများသည် ဝမ်လင်းအပေါ်တွင် သက်ရောက်ခြင်း မရှိပေ။သူက မြေပြင်ထက်သို့ လက်ညွှန်လိုက်ရာ မြေကြီးထုသည် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ခဏအကြာတွင် တောင်တစ်လုံး ဖြစ်ပေါ်လာ၏။
တောင်၏ဘေးတစ်ချပ်တွင် လှိုဏ်ဂူသစ်တစ်လုံး ရှိနေ၏။ဝမ်လင်းသည် ထိုလှိုဏ်ဂူထဲသို့ ဝင်ရောက်ကာ ထိုင်ချသည်။ထာရှန်သည် သူ့အရိပ်ထဲကနေ ထွက်လာပြီး သူ့အား စောင့်ကြပ်ပေး၏။
ထာရှန်၏ဒဏ်များသည် သက်သာလာခဲ့ပြီ ဖြစ်သည်။သူက ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုတစိုက် စောင့်ကြည့်နေသည်။
ဝမ်လင်းသည် ထိုင်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်တို့သည် စတင် ရွှေ့လျားလာသည်။ထို့နောက် အဖြူအနက်၊ယင်ယန်ငါးများသည် သူ့နောက်တွင် ပေါ်လာ၏။၎င်းတို့က မြန်ဆန်စွာ လှည်ပတ်ရင်း စွန့်ပစ်ဂြိုဟ်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအင်များကို သူ့ထံသို့ စုဝေးလာစေသည်။
ဝမ်လင်း၏မူလစွမ်းအင်သည် တဖြည်းဖြည်းဖြင့် ယင်ယန်ငါးများအဖြစ်သို့ ပြောင်းလဲလာ၏။အဆုံးသပ်၌ သူ့မူလစွမ်းအင်သည် အရောင်နှစ်ခု ဖြစ်လာသည်။၎င်းအရောင်နှစ်ခုသည် အဖြူနှင့်အနက်အခိုးငွေ့များ ဖြစ်လာခဲ့လေ၏။
အဖြူရောင်အခိုးငွေ့များသည် သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေကာ အနက်ရောင်အခိုးငွေ့များသည် အပြင်ဘက်တွင် ရှိ၏။သူတို့သည် ပြီးပြည့်စုံသည့် စက်ဝန်းတစ်ခုအသွင် သူ့ပတ်လည်၌ ဖြစ်ပေါ်နေသည်။
ဝမ်လင်း ကျင့်ကြံနေသည့်အခိုက်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်သည် အနီရောင်တိမ်တိုက်တစ်ခုကို စီးနင်းလာကာ ဝမ်လင်းရှိရာသို့ လှမ်းလာနေ၏။သူ့လက်ထဲ၌ ကြေးမုံတစ်ချပ် ရှိကာ ၎င်းကြေးမုံထံမှ အနီရောင်လိုင်းတစ်ခုသည် လမ်းညွှန်ပြနေသည်။
သက်လတ်ပိုင်းလူသည် အတော်လေး ကြည့်ကောင်းလှ၏။သူက တိမ်တိုက်ကို စီးနင်းရင်း မြန်ဆန်စွာ ရွှေ့လျားနေသည်။
ဝမ်လင်းသာ သည်နေရာတွင် ရှိပါက သူက တစ်ချက်ကြည့်ရုံဖြင့် ထိုလူသည် ယောင်ပင်ယွမ်နှင့်ယောင်မန်ယွမ်တို့အား ကယ်တင်ရန် ကြိုးစားခဲ့သည့် ယောင်ယွမ်ဖြစ်မှန်း သိရှိပေလိမ့်မည်။သူ့ပုံပန်းအသွင်က ခုချိန်၌ ပြောင်းလဲသွားခြင်း မရှိသော်လည်း အသက်ပိုကြီးရင့်လာသည်ဟု ထင်ရ၏။
အကွာခြားဆုံးအချက်သည် သူ့မျက်လုံးပင်။သူ့မျက်လုံးသည် တည်ငြိမ်နေဟန် ရသော်လည်း အတွင်းနက်ပိုင်းတွင် နတ်ဆိုးဆန်သည့် သဘာဝ ရှိနေ၏။
***