ဝမ်လင်း၏အထက်၌ ယင်နှင့်ယန်ပန်းချီကားသည် ဖြည်းဖြည်းချင်း လှည့်လည်နေသည်။အဖြူအနက်ပုံရိပ်က အားကောင်းသောမူလစွမ်းအင်ကို ပေးစွမ်းနေ၏။၎င်းက ဂြိုဟ်ပေါ်ရှိ သက်ရှိများအားလုံး၏ စိတ်အတွေးအကြံများကို စုပ်ယူကာ ကောင်းကင်ဘုံကို ဖိဆန်သည့်အားတစ်ခုအသွင် ဖြစ်ပေါ်နေသည်။
ထို့နောက် ၎င်းအဖြူအနက် ယင်နှင့်ယန်ပုံရိပ်သည် ကောင်းကင်ထက်သို့ ထိုးတက်သွားလေ၏။
ကောင်းကင်တစ်ခုလုံး၏ အရောင်သည် ပြောင်းလဲသွား၏။ခဏအကြာတွင် ကောင်းကင်သည် အရင်ဖြစ်မြဲဖြစ်နေဆဲသာ။သို့သော် ဝမ်လင်း၏အမြင်တွင် ၎င်းသည် အတော်လေး ပိုတိတ်ဆိတ်သွားသည်။
ထိုသို့ဖြစ်ပျက်နေစဉ်အတွင်း အလွန်ဝေးသောတစ်နေရာတွင် ရှိနေသည့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တိတ်ဆိတ်သည့်ခန်းမဆောင်တစ်ခုအတွင်း၌ ချင်းရွှေသည် ကျင့်ကြံနေ၏။ထိုအခိုက်အတန့်၌ သူသည် မျက်လုံးဖွင့်လာခဲ့သည်။
သူ့မျက်လုံးတို့သည် တည်ငြိမ်နေ၏။သူ မျက်လုံးဖွင့်လာသည့်အခါ သူ့အကြည့်သည် ကြယ်များကြား ထွင်းဖောက်သွားသကဲ့သို့ အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသည်။
“ဆရာ…တစ်ခါတုန်းက ဆရာဟာ လူတစ်ယောက်ဟာ သူ့မန္တာန်တွေကို သင်ယူနိုင်မယ်ဆိုရင် ဒီလူ့ကို ပေဖန်ရဲ့ တပည့်တစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်လို့ စနောက်ပြောခဲ့ဖူးတယ်။ ဒီလူက လေဆင့်ခေါ်ခြင်းမန္တာန်ကို အခွင့်ရေးတစ်ခုကြောင့် သင်ယူနိုင်ခဲ့တယ်…” ချင်းရွှေသည် တိတ်တဆိတ်စဉ်းစားနေသည်။သူ့အကြည့်ထဲ၌ အတိတ်ကို ပြန်တမ်းတမှုတို့ ထွက်ပေါ်နေသည်။
“ဆရာ…တပည့်ဟာ အရည်အချင်းမပြည့်မှီပါဘူး။ ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကောင်းကင်ဘုံနယ်မြေဟာ ဘာကြောင့် ပြိုပျက်ခဲ့ရလဲ၊ တပည့်ဘာကြောင့် ရူးသွပ်သွားခဲ့ရလဲ ဆိုတဲ့ အကြောင်းရင်းကို တွေ့အောင်ရှာပါ့မယ်။တပည့်ဟာ သင့်အတွက် လက်စားချေပေးပါ့မယ်…”
ချင်လင်းဂြိုဟ်ပေါ်၌ ဝမ်လင်းသည် သူ့အကြည့်ကို ကောင်းကင်ထက်ကနေ ပြန်ရုတ်သိမ်းလိုက်သည်။ဉာဏ်အလင်းရရှိပြီးသည့်နောက် သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ခြေတစ်လှမ်း ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။သူက အစစ်အမှန် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ခြေတစ်ဝက်သာ လိုတော့၏။
နှစ်ပေါင်းတစ်ထောင်လောက်သာ ကျင့်ကြံမှုဖြင့် နိဗ္ဗနာကြိုမြင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။ဝမ်လင်းသည် သာမာန်ပါရမီသာ ရှိသူတစ်ယောက် ဖြစ်၏။သို့သော် သူ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်း၊အညံ့မခံတက်သည့် သဘာဝတို့ကြောင့်သာ ယနေ့လိုအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက အဆင့်ချိုးဖျက်မည့်အခိုက်အတန့်တွင် နတ်ဘုရားပြစ်ဒဏ် ရောက်ရှိလာမည်ကို မြင်ယောင်ကြည့်သည်။
“နတ်ဘုရားပြစ်ဒဏ်က ထူးဆန်းလှတဲ့ အရာပဲ။ ငါက ဒီကံကြမ္မာလမ်းကြောင်းကို ဖြတ်သန်းသွားတဲ့အချိန်ကျရင် သတိအပြည့်ထားပြီး လုံးဝ ပေါ့ဆလိုတော့ မရဘူး…”
ဝမ်လင်း၏မျက်လုံးတို့သည် အေးစက်လာ၏။သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ၌ပင် ကောင်းကင်ဘုံကို ဖိဆန်ခဲ့သည့်အတွက် အခုသူ့ကျင့်ကြံမှုအဆင့် ဆက်၍ တိုးတက်လာမည့်အခါတွင်လည်း နတ်ဘုရားပြစ်ဒဏ်သည် သူ့အား ဖိနှိပ်ရန် လုပ်ဆောင်လာပေလိမ့်မည်။
နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားသည် ပို၍ စွမ်းအားကောင်းကာ အရင်ထက်လည်း ပိုထူးဆန်းလာပေလိမ့်မည်။
ဝမ်လင်းက ခေါင်းငုံ့ကာ မေ့မြောနေသော ယောင်ပင်ယွမ်ကို ကြည့်လိုက်၏။သူ့ညာလက်သည် တုံ့ဆိုင်းခြင်းမရှိ သူမ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလာသည်။
“နယ်ပယ်တွေကို ဝါးမြိုတာဟာ မှားယွင်းတဲ့လမ်းကြောင်းပဲ။ ဒါပေမဲ့ ငါဉာဏ်အလင်းမရခင်တုန်းက ဒီအကြံဟာ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်နေခဲ့တယ်။ ငါသာ ဉာဏ်အလင်းမရခဲ့ရင် ငါက မှားယွင်းတဲ့လမ်းကြောင်းမှာ ကျရောက်သွားပြီး တနေ့မှာ ငါ့တာအိုဟာ ပျက်စီးသွားရလိမ့်မယ်…”
သူ့လက်ချောင်းသည် ယောင်ပင်ယွမ်၏နှဖူးပေါ်သို့ ထိမိသွားသည့်အခါတွင် ဝမ်လင်း၏မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာ၏။
“မှန်ကန်တဲ့လမ်းကြောင်းကတော့ ဝါးမြိုတာ မဟုတ်ဘဲ နားလည်နိုင်ဖို့အတွက် တခြားလူရဲ့ တာအိုကို ငှားယမ်းတာသာ ဖြစ်တယ်…။ဒါက ကံကြမ္မာတာအိုကို ပြီးပြည့်စုံစေနိုင်တဲ့ မှန်ကန်တဲ့လမ်းကြောင်းပဲ…”
ဝမ်လင်းသည် အသက်ဝဝရှူသွင်းရင်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်၏။ သူ့နယ်ပယ်သည် ထွက်ပေါ်လာချေသည်။ အဖြူအနက်ပန်းချီကားသည် ကောင်းကင်ထက်တွင် ဖြည်းဖြည်းချင်း လှည့်လည်ရင်း ဆင်းသက်လာ၏။၎င်းက တဖြည်းဖြည်းဖြင့် သူနှင့်ယောင်ပင်ယွမ်တို့၏ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဖိဆန်ခြင်းပုတီးစေ့သည် စတင်လှည့်လည်လာကာ ယင်နှင့်ယန်စွမ်းအားကို တဖြည်းဖြည်း စုပ်ယူနေသည်။
“ညီမလေး…ညီမလေး…” အားနည်းဖျော့တော့သော အသံတစ်ခုသည် လေဟာနယ်ထဲကနေ ပေါ်လာ၏ထိုအသံထဲ၌ အနှိုင်းမဲ့ဝမ်းနည်းမှုတို့ ပြည့်နေသည်။
ထိုအသံက ခပ်တိုးတိုး ရေရွတ်လာ၏။ “ညီမလေး…ဒီအမကြီးက နင့်ကို ကယ်တင်ပေးမှာပါ…။နင် ဆက်အားတင်းထား…ငါ့ကို စောင့်နေပါ….”
ဝမ်းနည်းမှုသည် အားကောင်းလွန်းလှသည်။
လေဟာနယ်အတွင်း၌ ဝမ်လင်းသည် ထိုအသံကို တိတ်ဆိတ်စွာ နားထောင်နေသည်။သူက ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုတို့ကို မခံစားရချေ။
ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် တိမ်စိုင်တိမ်ထုတို့သည် ဟင်းလင်းပြင်ထဲ၌ ပေါ်လာ၏။၎င်းတို့က သည်ဧရိယာကို လွှမ်းခြုံထားသည်။ထိုတိမ်ထုထဲ၌ မိန်းကလေးငယ် တစ်ယောက် ရှိနေ၏။သူမ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။
သူမသည် အသက် (၁၅)၊(၁၆) မျှသာ ရှိပေဦးမည်။သူမက လေနှင့်အတူ အချိန်မရွေး လွင့်ပါးသွားနိုင်သည့် အားနည်းဟန် ခန္ဓာကိုယ်ပိုင်ဆိုင်ထား၏။ သူမ၏ အသားအရေမှာ ဖြူရောနေကာ အကူအညီမဲ့မှုတို့နှင့် ပြည့်နေသည်။
“အမကြီး…အမကြီး…” သူမထံကနေ ခပ်တိုးတိုး ခေါ်သံ ထွက်ပေါ်လာသည်။
“အမကြီးက ဒီဘဝအတွင်းမှာ နင့်ကို ကျိန်းသေပေါက် လာကယ်မယ်လို့ ကတိပေးတယ်…။ညီမလေး…မငိုပါနဲ့တော့…နင့်အမကြီး ဒီမှာပါ…”
“မစိုးရိမ်ပါနဲ့၊မကြောက်ပါနဲ့…နင်ဟာ အမကြီးအတွက် ပိုဝေးတဲ့နေရာတစ်ခုမှာ သွားစောင့်ပေးနဲ့ သဘောမျိုးပါ။ငါ့မှာ စွမ်းအား ရှိလာတာနဲ့ ငါနင့်ကို ကျိန်းသေပေါက် ပြန်လာကယ်မယ်…”
“မငိုပါနဲ့တော့ ညီမလေး…အမေလည်း ဒီနေရာမှာ မရှိတော့ဘူး…ငါတို့နှစ်ယောက်ပဲ ရှိတော့တာ။ ဘယ်သူကမှ ဒီနေရာမှာ ညီမလေးကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး။အမကြီးရဲ့ စကားကို နားထောင်ပါ။ ငါ့ကို စောင့်နေပါ…”
မိန်းကလေးငယ်က ခေါင်းမော့ကြည့်လာသည်။သူမ၏ မျက်နှာထက်၌ မျက်ရည်စများနှင့် ပြည့်နေသည်။သူမက ခပ်တိုးတိုး ပြောလိုက်၏။ “အမကြီး…ငါမသွားချင်ဘူး…ငါကြောက်တယ်…” သူမသည် ငိုနေ၏။သို့သော် အိုမင်းသောလက်တစ်စုံသည် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ထိုလက်တစ်စုံသည် မိန်းကလေးငယ်ကို ဆွဲခေါ်ကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့၏။
“ညီမလေး…ငါ့တစ်ဘဝလုံး…နင့်ကို ကယ်နိုင်တဲ့စွမ်းအား ကျိန်းသေ ရလာအောင် လုပ်မှာပါ…။ငါ့ကို စောင့်နေပါ။ သန်သန်မာမာနေပါ။ ငါ့ကို စောင့်နေပါ…”
အံ့မခန်းဝမ်းနည်းမှုသည် ဟင်းလင်းပြင်ထဲတွင် ပြည့်နေတော့သည်။
ထိုဝမ်းနည်းမှုထဲ၌ လောကကို ချိုးဖျက်ပစ်မည့် စွမ်းအားတစ်ခု ပါဝင်နေသည်ဟုပင် ထင်မှတ်ရ၏။၎င်းက သည်ဧရိယာ၌ ပြည့်နှက်လာသည့်အခါ ဟင်းလင်းပြင်ကို ပြိုပျက်စေသည်။
ဟင်းလင်းပြိုက် ပြိုပျက်သွားသည့်နောက် မြေကြီးအောက်ဘက်ကနေ အစိမ်းရောင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။မြေပြင်ထက်၌ အနီရောင်ဝတ်စုံနှင့် မိန်းကလေးငယ်လေးနှစ်ယောက်သည် စိန်ပြေးတမ်းဆော့ကစားနေရင်း ရယ်မောနေလျက် ရှိသည်။
သူတို့က ညီအမတွေ ဖြစ်သည်မှာ သိသာပေသည်။အငယ်မလေးသည် အမဖြစ်သူ့နောက်သို့ လိုက်နေ၏။သူမ၏မျက်နှာမှာ ကြောက်မက်ဖွယ် ဖြူရောနေသည်။
“ညီမလေး…နင်ငါ့ကို မိတာနဲ့ ငါနင့်ကို ချိုချဉ်လုံး ဝယ်ကျွေးမယ်…”
ရှေ့မှ အမဖြစ်သူက နောက်လှည့်၍ သူမ၏ညီမဖြစ်သူကို ကြည့်ကာ ရယ်မောသည်။
“အမကြီး…ဖြေးဖြေး…အရှိန်လျော့ဦး…” မိန်းကလေးငယ်လေးက အလောတကြီး နောက်ကနေ လိုက်၏။သူမသည် ပြေးနေရင်းဖြင့် ချောလဲသွားကာ စတင်ငိုကြွေးတော့၏။
အမဖြစ်သူက နောက်သို့ အမြန် ပြန်ပြေးလာကာ ညီမဘေးနား၌ ထိုင်ချရင်း နူးညံ့စွာ ပြောလိုက်၏။ “မငိုနဲ့တော့နော်…ငါတို့ ပြန်တာနဲ့ အမကြီးက ချိုချဉ်လုံးဝယ်ကျွေးမယ်လေ…”
သူပြောလို့ မပြီးသေးခင်မှာပင် ညီမဖြစ်သူသည် သူ့အမ၏ အဝတ်ကို လှမ်းဖမ်းကာ ရယ်မော၍ ပြောလိုက်တော့သည်။ “အမကြီး…ငါ နင့်ကို မိပြီ…”
“နင် ငါ့ကို လှည့်စားတာပဲ…” မိန်းကလေးငယ်နှစ်ယောက်သည် ရယ်မောနေကြသည်။
သိပ်မကြာခင်တွင် သူတို့က ကစားရတာ မောလာပုံရကာ မြေပြင်ထက်၌ ထိုင်ချလိုက်ကြ၏။ညီမဖြစ်သူသည် အမဖြစ်သူအား မော့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “အမကြီး…ဘိုးဘေးဘိုးဘိုးက ငါတို့ကို ဘာကြောင့် ဒီနေရာကို ခေါ်လာရတာလဲ။ ငါတို့အမေကို တွေ့ရဖို့အတွက်လား။ ငါ အမေ့ကို သတိရလိုက်တာ…”
ချက်ခြင်းပင် ကောင်းကင်သည်အရောင်ပြောင်းလာ၏။အနီရောင်တိမ်တိုက်များသည် မိန်းကလေးငယ်နှစ်ယောက်၏ အထက်၌ စုဝေးလာကြသည်။ခဏအကြာတွင် အနီရောင်တိမ်တိုက်များကနေ လူတစ်ယောက်အသွင် ဖြစ်တည်လာသည်။
ထိုလူက သက်လတ်ပိုင်းအရွယ် ရှိကာ အတော်လေး ကြည့်ကောင်း၏။သူ့ထံကနေ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာကို ပေးစွမ်းနေသည်။
ထိုလူက မိန်းကလေးငယ်နှစ်ယောက်ကို ကြည့်၏။သည့်နောက် မြေပြင်ထက်သို့ ဆင်းလာပြီး နူးညံ့စွာ ပြောလိုက်သည်။ “ပေယွမ်…မန်ယွမ်…ငါ့နောက် လိုက်ခဲ့ကြ…”
မန်ယွမ်လို့ခေါ်သည့် မိန်းကလေးငယ်က ပျော်ရွှင်စွာ ပြောလိုက်၏။ “ဦးလေးယွမ်…ငါတို့ကို အမေ့ရှိ ခေါ်သွားမလို့လား…”
သက်လတ်ပိုင်းလူ၏အကြည့်ထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပိုဖြစ်လာ၏။သူက မိန်းကလေးငယ်နှစ်ယောက်ကို ကြည့်ကာ လက်သီးတင်းတင်းစုပ်ထား၏။သူ့မျက်လုံးထဲ၌ ပြတ်သားအကြည့်တစ်ခုနှင့်အတူ သူက ခေါင်းညိတ်ပြသည်။ “ဦးလေးက သမီးတို့အုမေနဲ့ တွေ့ရအောင် ခေါ်သွားပေးပါ့မယ်..”
ထိုသို့ပြောပြီးသည့်နောက် သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မိန်းကလေးငယ်နှစ်ယောက်ကို ခေါ်ဆောင်သွားတော့သည်။သူ့ခြေထောက်အိမ်ရှိ တိမ်ထုသည် မြန်ဆန်စွာ ရွှေ့လျားရင်း ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
“ဘိုးဘေး…ကလေးတွေက အပြစ်ကင်းလှပါတယ်…။ငါ ယောင်ယွမ်…အပြစ်ဒဏ် ခံပါ့မယ်။ငါက ဒီကလေးနှစ်ယောက်ကို သွေးဂြိုဟ်ကနေ ခေါ်သွားရလိမ့်မယ်…”
သက်လတ်ပိုင်းလူကြီးသည် အံတင်းတင်းကြိတ်ထား၏။သူ့အောက်ရှိ တိမ်ထုသည် ကောင်းကင်ထက်၌ မြန်ဆန်စွာ ပျံသန်းနေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ကောင်းကင်သည် ချက်ခြင်း အရောင်ပြောင်းသွားကာ နတ်ဆိုးလက်တစ်ဖက်သည် အနီရောင်တိမ်ထုကို ဖမ်းဆုပ်လာ၏။ဖျပ်ခနဲပင် အနီရောင်တိမ်ထုသည် တစ်လက်မချင်း ပျက်စီးသွားတော့၏။ ဖြူရောနေသော သက်လတ်ပိုင်းအမျိုးသားနှင့် ကြောက်လန့်နေသည့် မိန်းကလေးငယ်နှစ်ယောက်တို့ ထွက်ပေါ်လာကြတော့သည်။
“ယောင်ယွမ်…ပြန်လာခဲ့…” ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာ၏။
ယောင်ယွမ်၏မျက်နှာထက်၌ ဒေါသနှင့်ပြည့်လာသည်။သူက အော်ပြောလိုက်၏။ “ဘာကြောင့်လဲ…ဘိုးဘေး…။သူတို့က ငါတို့ ယောင်မိသားစုဝင်တွေပဲ မဟုတ်လား…”
“သူတို့က ယောင်မိသားစုဝင်ပဲ။ ဒါပေမဲ့ သူတို့ မလွတ်မြောက်နိုင်ဘူး။ သူတို့ မွေးဖွားလာကတည်းက သူတို့ရဲ့ စိတ်ဝိညာည်ဟာ အံ့ဖွယ်ရတနာအတွက် သတ်မှတ်ထားပြီးသား ဖြစ်တယ်….”
သည့်နောက် လေပြင်းတစ်ခုသည် သက်လတ်ပိုင်းအမျိုးသားနှင့် မိန်းကလေးငယ်နှစ်ယောက်တို့ကို ခေါ်ဆောင်သွားတော့၏။
ယောင်မိသားစုဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် ယောင်ယွမ်၏ခန္ဓာကိုယ်သည် လေဟာနယ်ထဲကနေ အတင်း ကန်ထုတ်ခြင်း ခံလိုက်ရ၏။သူ့အသွင် ဖြူရောနေ၏။သူက သွေးအန်ထုတ်လိုက်ရသည်။
သူက ဘိုးဘေးခန်းမထဲသို့ ကြောက်ရွှံ့စွာပါသွားရသည့် မိန်းကလေးနှစ်ယောက်ကို စောင့်ကြည့်နေရုံသာ တက်နိုင်တော့၏။ထိုမိန်းကလေးငယ်နှစ်ယောက်သည် ဘိုးဘေးခန်းမ၏ ဝါးမြိုခြင်းကို ခံရမည့်အလားဟု ထင်ရသည်။
ဝမ်လင်းသည် ထိုအဖြစ်အပျက်များအားလုံးကို တွေ့မြင်နေရ၏။သူက ထိုအခြေအနေကို စောင့်ကြည့်နေရင်း ယောင်ပင်ယွမ်၏တာအိုကို သေချာသိရန် အားထုတ်နေသည်။သည်အဖြစ်အပျက်များအားလုံးသည် ယောင်ပင်ယွမ်၏တာအိုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကာ သူမတာအို၏ ရင်းမြစ်တစ်ခုလည်း ဖြစ်ပေ၏။
“ဘိုးဘေး…မိသားစုရဲ့ လက်နက်ရတနာဟာ အရေးကြီးလား။ပေယွမ်နဲ့မန်ယွမ်တို့မှာ အဖေလည်း မရှိဘူး။ သူတို့ရဲ့ အမေဟာလည်း ရတနာရဲ့ စိတ်ဝိညာဉ်အဖြစ် ပေါင်းစည်းဖို့အတွက် သင်ရဲ့အသုံးချခံရတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့ပြီးပြီး…”
“သူတို့နှစ်ယောက်ဟာလည်း အံ့ဖွယ်ရတနာရဲ့ စိတ်ဝိညာဉ်အသစ်တွေ ဖြစ်လာရဦးမှာလား…”
ယောင်ယွမ်သည် ခါးသီးစွာ ပြုံးမိ၏။သူသည် ထိုကလေးနှစ်ယောက်အပေါ်၌ တာဝန်များစွာ ရှိပေသည်။သူတို့နှစ်ယောက်၏ မိခင်မှာ သူ့အမကြီး ဖြစ်ခဲ့သည် မဟုတ်လား။
“အစ်ကိုကြီး မှန်ခဲ့တယ်။ ဘိုးဘေးဟာ နတ်ဆိုးတစ်ပါးရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ။ အတိတ်တုန်းက ယောင်မိသားစုဟာ ဆက်မတည်ရှိတော့ဘူး…။အစ်ကိုကြီးက ပြတ်သွားစွာ သွေးဂြိုဟ်ကနေ ထွက်သွားခဲ့တုန်းဟာ ငါဟာ စဉ်းစားမရ ဖြစ်ခဲ့ဖူးတယ်။ဒါပေမဲ့လည်း ခုချိန်မှာတော့ အစ်ကိုကြီး ဘာကြောင့် ထွက်သွားခဲ့ရလဲဆိုတဲ့ အတွေးကို ငါ နားလည်သွားပြီ…”
***