အခန်း (၁၅) : မင်းက သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ရမယ်
ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်း…
ဝိညာဉ်ကျောက်တုံးတစ်တုံးက ငွေစတစ်ထောင် တန်ကြေးရှိသည်။ ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်း ဆိုလျှင် ငွေစသန်းတစ်ရာ ရှိသည်။ ဒီပမာဏက သာမန်လူတွေအတွက် အနှစ်တစ်ရာ သုံးစွဲရန် လုံလောက်နေလေပြီ။
ထိုပမာဏက သတ္တုရိုင်းတုံးအလောင်းကစားရှိ သတ္တုရိုင်းတုံးလေး တစ်တုံးစာ၏ တန်ဖိုး ဖြစ်နေသည်။
တစ်ခုရှိသည်မှာ ဒီဝိညာဉ်သတ္တုရိုင်းတုံးမှာ မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ ကံကောင်းခြင်း အဆောင်အဖြစ် ထားထားသည့် သတ္တုရိုင်းတုံး ဖြစ်နေလေသည်။
သို့သော် ရှန်ထျန်းက ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးအား ညွှန်ပြလိုက်သောအခါ လူတိုင်းက ရှန်ထျန်းအား တစ်မျိုးကြီး ဝိုင်းကြည့်ကြလေသည်။
“သခင်လေး အောင်းထျန်း… မင်း သေချာပြီလား” ဒုခေါင်းဆောင်က သတိပေးလိုက်သည်။
“ဒီဝိညာဉ်သတ္တုရိုင်းတုံးရဲ့ ရာဇဝင်ကို မင်း မကြားဖူးဘူးလား”
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲက ဝိညာဉ်သတ္တုရိုင်းတုံး အရောင်းဆိုင်တိုင်းတွင် သူတို့၏ ကိုယ်ပိုင် ကံကောင်းခြင်းအဆောင် ရှိကြစမြဲ ဖြစ်သည်။
သို့သော် ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးသည်ကား အဆောင်များအားလုံးအနက် လူသိများ အကျော်ကြားဆုံး ဖြစ်သည်။
မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ ပိုင်ရှင်သူဌေးက ဒီသတ္တုရိုင်းတုံးကို ရှာတွေ့ခဲ့စဉ်က အဆုံးမဲ့ဝိညာဉ်ဥယျာဉ် တစ်ခုလုံးမှာ အံ့အားသင့်ခဲ့ကြရသည်။
လူချမ်းသာများ အားလုံးနီးပါးနှင့် စံပြပုဂ္ဂိုလ် အများအပြားတို့က ဒီသတ္တုရိုင်းတုံးကို လေလံဆွဲရန် ကြိုးစားခဲ့ကြသည်။ အများဆုံးလေလံဈေးမှာ ဝိညာဉ်ကျောက်တုံး အတုံးဆယ်သိန်းထက်ပင် ပိုခဲ့သည်။
သို့သော်… များစွာသော ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူများက စစ်ဆေးပြီးသွားသောအခါတွင် လူတိုင်း အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
သတ္တုရိုင်းတုံးမှာ အရင်က ရတနာတစ်ခု ဖြစ်ခဲ့သည်မှာ မှန်သည်။ သူ့ထဲတွင် ကြီးမားသောအစွမ်းကို ပိုင်ဆိုင်ထားသည့် နတ်ပစ္စည်းတစ်ခု ပါဝင်နေသည်။
ကံမကောင်းစွာပင် အချိန်ကြာလာသည်နှင့်အမျှ နတ်ပစ္စည်း၏ အရင်းအမြစ်မှာ ကုန်ဆုံးသွားပြီး ယခုအချိန်တွင် အသုံးမဝင်သည့် ပစ္စည်းတစ်ခု ဖြစ်သွားခဲ့လေပြီ။
ထို့ကြောင့် သူ့တကယ့် တန်ကြေးမှာ ဝိညာဉ်ကျောက်တုံး အတုံးတစ်သောင်းအောက် နည်းသည်။
မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ ပိုင်ရှင်သူဌေးက ထိုအဖြစ်ကို လက်မခံနိုင်ဘဲ တခြား ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူများစွာကိုပါ ဖိတ်ကြားကာ သတ္တုရိုင်းတုံးကို စစ်ဆေးခိုင်းခဲ့သည်။
သို့ပေသည့် ရလဒ်များမှာ အတူတူသာ ဖြစ်နေသည်။ သတ္တုရိုင်းတုံးမှာ အံ့ဖွယ်ပုံပန်းသဏ္ဍာန် ရှိနေသော်လည်း ပါဝင်ပစ္စည်းမှာ အသုံးမဝင်တော့ပေ။
ဒီအဖြစ်အပျက်ကို လူတိုင်းသိသည်။ ထို့ကြောင့် ဘယ်သူကမှ ဒီသတ္တုရိုင်းတုံးကို မဝယ်ချင်ကြတော့ပေ။
မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ ပိုင်ရှင်သူဌေးလည်း တခြားရွေးစရာလမ်း မရှိတော့သဖြင့် ဆိုင်၏ ကံကောင်းခြင်းအဆောင် အဖြစ်သာ ဒီသတ္တုရိုင်းတုံးကို သုံးလိုက်ရလေသည်။
ထို့အပြင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ခပ်တုံးတုံး လူချမ်းသာ တစ်ယောက်ယောက်ကများ ဝယ်လေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် သူက ဈေးနှုန်းကို ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းအထိ ဈေးတင်ထားလေသည်။
အခုတော့… ရှန်ထျန်းက ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးအား ရွေးချယ်လိုက်သဖြင့် လူတိုင်းက အံ့သြသွားကြရသည်။
…………………
လမ်းကြုံနံပါတ်(၁)က ရုတ်တရက် ထရယ်လိုက်၏။
“ဟားဟား… ငါ မင်းကို ယုံတောင် ယုံမိတော့မလို့”
သူက လီလျန်အာကို ကြည့်ကာ ထပ်ထည့်ပြောလိုက်သည်။
“နတ်မိမယ်လီ… အခု သူ လူလိမ်ဆိုတာ ကျုပ်တို့အကုန်လုံး သိရပြီဆိုတော့…”
“ပါးစပ်ပိတ်ထားစမ်း” လီလျန်အာက ဖြတ်ပြောလိုက်၏။
သူမက ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူတွေအတွက် တစ်ခါတစ်ရံ မှားသွားတာမျိုးက ပုံမှန်ပါပဲ။ ကိုကိုရေ… တခြားသတ္တုရိုင်းတုံးကို ရွေးကြရအောင်လေနော်”
လမ်းကြုံနံပါတ်(၁)က တစ်ခုခု ပြောမလို့ လုပ်နေသော်လည်း လီလျန်အာ၏ အကြည့်စူးစူးတို့ကြောင့် ငြိမ်ကုတ်သွားရသည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ရွေးချယ်မှုကို ကျွန်တော် နောင်တရမှာ မဟုတ်ပါဘူး။ နတ်မိမယ်လီ… မင်းအခု သတ္တုရိုင်းတုံးကို လှီးဖြတ်ဖွင့်နိုင်ပါပြီ”
ဒုခေါင်းဆောင်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည် “သခင်မလေး… ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းက နည်းတဲ့ဈေး မဟုတ်ဘူးနော်”
ထို့နောက် သူက ရှန်ထျန်းအား ကြည့်ကာ ပြောလိုက်သည်။
“ရှန်အောင်းထျန်း… အခုအချိန်မှာ မင်းအပြစ် မင်းဝန်ခံရင် မင်းရဲ့အပြစ်ဒဏ်က ပြင်းထန်ရုံပဲ ပြင်းထန်မှာ။ ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းပါ ပါလာပြီဆိုရင် ရလဒ်က တူတော့မှာ မဟုတ်ဘူး”
ကြည့်ရသည်မှာ သူက လမ်းကြုံနံပါတ်(၁)၏ အပြောကို သဘောတူကာ ရှန်ထျန်းအား လူလိမ်လူညာတစ်ယောက်ဟု ယုံကြည်နေပုံပေါ်သည်။
သူ့စိတ်ထဲတွင် ရှန်ထျန်းက ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးအား ရွေးချယ်လိုက်ရသည့် အကြောင်းရင်းမှာ သတ္တုရိုင်းတုံးကို သူတို့တွေ မဝယ်ရဲအောင်လို့ဟု သူက ထင်နေသည်။
ထိုသို့ဆိုပါက ရှန်ထျန်းတစ်ယောက် အပြစ်ကင်းလွတ်နိုင်သွားမည်လေ…
လိမ်ညာခြင်းနှင့် တစ်စုံတစ်ယောက်အား ငွေကြေးဥစ္စာ ဆုံးရှုံးအောင်လုပ်ခြင်းတို့မှာ ကြားထဲတွင် ခြားနားချက်အကြီးကြီး ရှိနေသည်။
ပြစ်ဒဏ်များမှာလည်း နေ့နှင့်ညလို ကွာခြားသည်။
လိမ်ညာခြင်းအတွက် ပြစ်ဒဏ်မှာ အချုပ်ထဲတွင် ရက်အနည်းငယ်လောက် နေရမည် ဖြစ်သည်။
သို့သော် လီလျန်အာကသာ ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းတန်သည့် ထိုဝိညာဉ်သတ္တုရိုင်းတုံးကို တကယ်ဝယ်ယူလိုက်ကာ အထဲမှာလည်း ဘာပစ္စည်းကောင်းမှ ပြန်မရခဲ့လျှင် ရှန်ထျန်းတစ်ယောက် အနည်းဆုံး အနှစ်ရှစ်ရာလောက် အချုပ်ကျသွားလိမ့်မည် ဖြစ်သည်။
စည်းကမ်းကိုင်တစ်ယောက်အနေနှင့် သူ့တွင် ရှန်ထျန်းအား သတိပေးရမည့် တာဝန်ရှိနေသည်။
စည်းကမ်းကိုင် ပြောပြသည်များကို ကြားသောအခါတွင် ဆိုင်ထဲရှိလူအားလုံးမှာ အံ့သြသွားကြလေသည်။
“ဘာရယ်… ဒီကောင်က စည်းကမ်းကိုင်တွေဆီကပါ ငွေလိမ်ယူမလို့ လုပ်နေတာလား”
“ဝိုး… သူက ဒီသခင်မလေးကို ဒီသတ္တုရိုင်းတုံးကို ဝယ်ဖို့ တိုက်တွန်းနေတယ်ပေါ့လေ… ကောင်းချက်ကွာ”
“ပါးစပ်ပိတ်ထားစမ်းပါ… ငါတို့ရဲ့ တာအိုကိုယ်တော် ခန့်ချောကြီးက အမှားသေးသေးလေး လုပ်မိရုံပါနော်”
“ဟုတ်တယ်… နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးသင့်ပါတယ်ရှင်”
“မင်းတို့ မိန်းမတွေက ပိန်းတိန်းနေတာပဲ… ဒီကောင်က လူလိမ်ဆိုတာ အသိသာကြီးကွ… သူ ရုပ်ချောနေတာနဲ့ပဲ မင်းတို့က ယုံရော်လား”
“ဟုတ်တယ်… မှန်တယ်… ဘာဖြစ်လို့ ငါက နင့်လို ရုပ်ဆိုးကောင်ကို ယုံရမှာလဲ”
“မင်း ရူးနေပြီပဲ”
…………………
အပြင်းအထန် ငြင်းခုန်သံများက မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲတွင် ဆူညံပွက်လောရိုက်နေလေ၏။
ထိုအချိန်တွင် လူအုပ်ထဲကနေ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“ကောင်းပကွာ… ခုခေတ်လူငယ်တွေက တကယ့်ကို အလားအလာ ကောင်းပါပေ့ကွာ။ ဒီလောက် အသက်ငယ်ငယ်လေးမှာ မင်း ဒီလိုထူးချွန်နေတာ တကယ်ကို အံ့သြဝမ်းမြောက်စရာပဲကွယ့်။ လေးစားမိပါတယ်… မင်းက နောင်အနာဂတ်မှာ အရမ်းကို အောင်မြင်ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ သေချာတယ်”
မြင့်မြတ်သော ဝိညာဉ်ပြခန်း တစ်ခုလုံးတွင် ဒီလူကြီးတစ်ယောက်တည်းကသာ ရှန်ထျန်းဘက်မှာ ရှိသည်။ ထို့ကြောင့် သူတစ်ယောက်တည်း ကွဲထွက်ထင်ရှားနေကာ အားလုံးက သူ့ကို ကြည့်လိုက်ကြသည်။
ထိုသူမှာ အသက်(၅၀)အရွယ်ရှိ လူကြီးတစ်ယောက် ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ သပ်သပ်ရပ်ရပ်နှင့် ကြင်နာတတ်ပုံလည်း ပေါ်သည်။ သူက တန်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း သစ်ကြားသီးနှစ်လုံးကို ဆုပ်ကိုင်ထားသေးသည်။
လူကြီးမှာ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည့် ပညာရှိတစ်ဦးနှင့် ဆင်နေသည်။
သူက ရှန်ထျန်းဆီ ချဉ်းကပ်သွားလိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်နှင့် မေးလိုက်သည် “ညီလေး… ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးမှာ ကံအပြောင်းအလဲအခွင့်အရေးတွေ ရှိနေတယ်လို့ မင်းတကယ် ထင်တာလား”
ရှန်ထျန်းက အခိုင်အမာ ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ်… ပြီးတော့ အဲ့ဒါက ပြိုင်ဖက်ကင်းတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုပါ”
“ကောင်းတယ်” လူကြီးက စိတ်တွေ လှုပ်ရှားပြီး ရှန်ထျန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်းမှာ အမှန်ကို မြင်နိုင်တဲ့ မျက်လုံးကောင်းတွေ ရှိနေတာပဲ…
မင်းနဲ့ငါနဲ့ သဘောထားချင်း တိုက်ဆိုင်နေတယ်… လူငယ်လေးရေ့… ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးက သဘာဝအမှတ်အသားတွေနဲ့ အပြည့်ဖြစ်နေတဲ့အပြင် အင်မတန်ရှားပါးတဲ့ တစ်ဖန် ပြန်လည်မွေးဖွားခြင်း နိဗာနအနေအထားမှာ ရှိနေတာမျိုး…
ရိုးရိုးသာမန်လူသားတွေကပဲ သူ့ရဲ့အရင်းအမြစ်က ကုန်သွားပြီး အခုအချိန်မှာ အသုံးမဝင်တော့ဘူးလို့ ထင်နေကြတာ…
သူနဲ့ကံပါတဲ့လူကသာ ဒီဘူးသီးထဲက ရှင်သန်မှု တစေ့တစောင်းကို ဖမ်းမိနိုင်မှာ။ ဒါကမှ တကယ့် ကံအပြောင်းအလဲ အခွင့်အရေးအစစ်လေ…
ညီလေး… ကျုပ်တို့တွေ အခုမှ သိရတာ နှမြောစရာကောင်းလိုက်တာကွာ”
လူကြီး၏ စကားကြောင့် ရှန်ထျန်းတစ်ယောက် ရင်ထဲထိသွားသည် “ဟုတ်ပါရဲ့… တကယ့်ကို နှမြောစရာပဲ”
ထို့နောက် လူကြီးက ပတ်ပတ်လည် ဝေ့ကြည့်ကာ လူအုပ်ကြီးအား ပြောလိုက်သည် “တွေ့ပြီလား… ကျုပ်ကို ယုံတဲ့သူ ရှိတယ်ဗျ”
ဒုခေါင်းဆောင်မှာ ပါးစပ်တွန့်သွားသည် “သူက… ဒီမြင့်မြတ်သော ဝိညာဉ်ပြခန်းရဲ့ ပိုင်ရှင်… သူဌေးလျိုလေ”
“…” ရှန်ထျန်းတစ်ယောက် ကြက်သေသေသွားသည်။
ဘာ… သူက ဆိုင်ပိုင်ရှင်လား…
ဒါဆိုရင်တော့ ဒီဟာက သိပ်အဆင်မပြေတော့ဘူး…
ရုတ်တရက် လူအုပ်ထဲမှ အသက်ရှိုက်သံ ပြင်းပြင်းတစ်ခု ထွက်လာသည်။
ထိုအချိန်တွင် လမ်းကြုံနံပါတ်(၁)က လက်ခုပ်ထတီးလိုက်သည်။ ထို့နောက် သူက အံ့သြတကြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ကျုပ်သိပြီ… မင်းက ဆိုင်ပိုင်ရှင် ငှားထားတဲ့ သရုပ်ဆောင်ပဲ ဖြစ်ရမယ်”
လူတိုင်း၏ အာရုံက လမ်းကြုံနံပါတ်(၁)ဆီသို့ ပြန်ရောက်သွားသည်။
သူက ရှန်ထျန်းအား လက်ညိုးငေါက်ငေါက် ထိုး၍ စွပ်စွဲလိုက်သည်။
“မင်း မဟုတ်တာကြံနေမှန်း ငါသိသားပဲ… ဝန်ခံလိုက်စမ်းပါ… သူဌေးလျိုက မင်းကို ပိုက်ဆံပေးပြီး ခိုင်းထားတာမလား”