ဝမ်လင်း၏ စိတ်သည် အပြင်းအထန် လှိုင်းထန်နေလေပြီ။သူက နားလည်သွားခဲ့ပြီ ဖြစ်၏။
“ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုဟာ လူတိုင်းသက်သေပြ၊လူတိုင်း သေချာအောင် ပြုလုပ်နိုင်တဲ့ အရာ ဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးဟာ တာအို မဟုတ်ဘူး။တာအိုဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာခဲ့ရတာ။ လူတိုင်းဟာလည်း ဒီဆန္ဒ ရရှိနိုင်တယ်…”
“ဒါက ဘာနဲ့ တူလဲဆိုတော့ မြစ်ထဲမှာ ရှင်သန်နေတဲ့ ငါးတွေလိုပဲ။ ဒီငါးတွေဟာ ကောင်းကင်နဲ့မြေကြီးကို မပုန်ကန်ဘူး။သူတို့ဟာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ရှင်သန်နေကြတာ ဖြစ်တယ်။မြစ်ဟာ ကောင်းကင်နဲ့မြေကြီး လောက ဖြစ်တယ်။ ငါးတွေဟာ ဒီလောကထဲမှာ တည်ရှိ ရှင်သန်နေတဲ့ အရာတွေ ဖြစ်တယ်…”
“ဒါပေမဲ့လည်း ငါးဖမ်းပိုက်ကွန်က မြစ်ထဲက ငါးတွေကို ဖမ်းယူခဲ့တယ်။ဒီပိုက်ကွန်ဟာ တာအို၊လောကရဲ့ ဥပဒေသ။ သင်ဟာ ဘယ်နေရာမှာပဲ ရှိနေပါစေ တာအိုကနေ လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”
“မြစ်ထဲကနေ ထွက်လာတာနဲ့ ငါးတွေဟာ လောကရဲ့ ဥပဒေတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဒီငါးတွေက နာခံလိုက်တာနဲ သေဆုံးပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရောက်ရမယ် ဒါမှမဟုတ်ရင် ငါးတွေက ပုန်ကန်ရလိမ့်မယ်…။ပိုက်ကွန်ကို ချိုးဖျက်နိုင်အောင် ပုန်ကန်ပစ်ရမယ်…”
“ကျင့်ကြံသူတွေဟာလည်း ဒီလို ရုန်းကန်နေတဲ့ ငါးတွေနဲ့တူတယ်။ သူတို့ဟာ ပိုပြီး ဖိဆန်ရုန်းကန်လေလေ တာအိုကို ပိုဖိဆန်ဆန့်ကျင်မိလေပဲ…”
“ဒါက တာအိုပဲ။ သေခြင်းရှင်ခြင်း ဒါမှမဟုတ် ကံကြမ္မာ ဘာပဲ ဖြစ်နေပါစေ အားလုံးဟာ တာအိုရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာခဲ့ရတာ။ ငါဟာ ကံကြမ္မာပဲ…”
လေပြင်းသည် ကောင်းကင်ထက်သို့ တဝီဝိတက်ရင်း ဝမ်လင်းကိုပါ သယ်ဆောင်သွားသည်။သူက သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
သူက ထိတ်လန့်နေသော မိုးကာဝတ်ထားသည့်အဘိုးအိုနှင့် သူ့ခန္ဓာကိုယ်ထဲမှ နွေးထွေးမှုကို ခံစားမိနေသည့် အဘိုးအိုရွှယ်တို့ကို ချန်ထားခဲ့ပေသည်။
အဘိုးအိုရွှယ်က ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “သူ…သူက လူလား…တစ္ဆေလား…”
လေပြင်းက ပြန့်ကျဲသွားရင်း ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ်သွား၏။ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်စွမ်းအင်သည် အံ့မခန်းတိုးမြှင့်လာသည်။မရေမတွက်နိုင်သော စိတ်ဝိညာဉ်သွေးကြောများ ဖြစ်ပေါ်လာရင်း အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်တို့ ထိုးထွက်လာသည်။
မြေကြီးထဲမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအင်တို့သည် သာမန်တောင်တန်းများကို စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်စေသည်။ ၎င်းတောင်များသည် စိတ်ဝိညာဉ်တောင်တန်းများ ဖြစ်လာကြ၏။
ထိုအရာများအားလုံးသည် ဝမ်လင်းကြောင့်ပင်။ဝမ်လင်းသည် အိပ်မက်တာအိုထဲ၌ ရှိနေသည့်အချိန်တွင် သူဟာ ချင်လင်းဂြိုဟ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပေ၏။ထို့ကြောင့် ထိုဂြိုဟ်ကလည်းသူ၊သူကလည်း ချင်လင်းဂြိုဟ် ဟု ဆိုရပေတော့မည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ် ဖြစ်လာသည့်အတွက်ကြောင့် တာအို၌ ဉာဏ်အလင်းရခဲ့ပေသည်။ထို့အတူ ချင်လင်းဂြိုဟ်သည်လည်း ဉာဏ်အလင်းရရှိခဲ့လေ၏။
“လူတွေမှာ စိတ်ဝိညာဉ် ရှိတယ်။ဒါ့ကြောင့် တာအိုကို နားလည်နိုင်ကြတာ။သားရဲတွေမှာလည်း စိတ်ဝိညာဉ်ရှိတယ်။ဒါ့ကြောင့် ဉာဏ်အလင်း ရနိုင်ကြတာ ဖြစ်တယ်။ဒီလောကမှာ ရှိတဲ့ အရာရာတိုင်းဟာ စိတ်ဝိညာဉ် ဒါမှမဟုတ် တာအိုကို နားလည်နိုင်တဲ့ စိတ်ဝိညာဉ် ပိုင်ဆိုင်ထားကြတယ်…”
“ဒီဂြိုဟ်မှာလည်း စိတ်ဝိညာဉ်တစ်ခု ရှိတဲ့အတွက် ဉာဏ်အလင်း ရရှိသွားနိုင်တာ ဖြစ်တယ်…”
ဝမ်လင်းသည် ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ်သွားပြီး ဉာဏ်အလင်း ရရှိလာခဲ့၏။သည်အခိုက်အတန့်၌ သူသည် ချင်လင်းဂြိုဟ်၏ စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။ သည်အဖြစ်က ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် မတူညီသည့် စိတ်ဝိညာဉတစ်ခုကို ရှင်းလင်းစွာ ခံစားမိနိုင်ခြင်း ဖြစ်သည်။
သည်လို စိတ်ဝိညာဉ်မျိုးသည် ပုံရိပ်ယောင်မျှသာ ဖြစ်၏။သို့သော် ၎င်းက တည်ရှိပေသည်။၎င်းတွင် အတွေးဟူ၍ မရှိပေ။သို့သော် အလိုအလျောက်တုန့်ပြန်နိုင်သော စွမ်းအား ပိုင်ဆိုင်ထားပေ၏။ ထိုစွမ်းအားသည် ချင်လင်းဂြိုဟ်ပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၊သေမျိုးများနှင့် သက်ရှိဖြစ်တည်မှုများထံမှ ရရှိလာသည့် စွမ်းအားဖြစ်သည်။
“အတိတ်တုန်းက ပြန့်ကျဲနတ်ဆိုးဟာ ဂြိုဟ်တစ်ခုရဲ့ စိတ်ဝိညာဉ်ကို ဆွဲထုတ်ယူခဲ့ဖူးတယ်။အခုငါလည်း ဒီလို လုပ်ချင်ရင် ကောင်းကောင်းလုပ်နိုင်သွားပြီ…”
ထိုခွန်အားပြည့်အသံသည် ချင်လင်းဂြိုဟ်အနှံ့တွင် ပဲ့တင် ထပ်၏။
မရေမတွက်နိုင်သော သေမျိုးများသည် ထိုအသံကို ဦးညွတ်ကြသည်။ကျင့်ကြံသူများ၏ စိတ်ပင် တုန်ယင်ကာ သူတို့လည်း ဒူးထောက် ဦးညွတ်ကြရသည်။
သေမျိုးများကြား၌ အဘိုးအိုရွှယ်သည် ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေ၏။သူ့စိတ်ဝိညာဉ်မှလာသည့် တုန်ခါမှုသည် သူ့ခန္ဓာကိုယ်၌ ပြည့်နေသည်။
“သူက တစ္ဆေတစ်ယောက် မဟုတ်ဘူးပဲ…” ဉာဏ်အလင်းအမျိုးအစားတစ်ခုသည် အဘိုးအိုရွှယ်၏ စိတ်နှလုံးထဲ၌ ပေါ်လာခဲ့၏။
ချင်လင်းဂြိုဟ်မှ စိတ်ဝိညာဉ်စွမ်းအင်သည် အရူးအမူး စတင် တိုးတက်လာနေ၏။တံခါးပိတ်ကျင့်ကြံနေကြသော စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ထိုစိတ်ဝိညာဉ်စွမ်းအားကို ခံစားမိသည်နှင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်ရန် စတင် လုပ်ဆောင်ကြတော့သည်။
ဝမ်လင်း၏ဉာဏ်အလင်းရရှိမှုသည် ချင်လင်းဂြိုဟ်ကို တိုက်ရိုက် ပြောင်းလဲသွားစေခဲ့၏။အချိန်အတန်ကြာ တန့်နေသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ဝမ်လင်း၏ဉာဏ်အလင်းကနေ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြ၏။စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ခြေတစ်ဝက်နင်းပြီးသူများသည် ဝမ်လင်း၏ ဉာဏ်အလင်းကြောင့် အဆင့်ချိုးဖျက်ကာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ လုံးဝ ရောက်ရှိသွားကြတော့သည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ်မှ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိခြင်းကနေ ကျင့်ကြံသူတို့အား တားဆီးထားသည့် အကန့်အသတ်ကို ချိုးဖျက်ပစ်ခဲ့၏။ယခုသည်ဂြိုဟ်သည် အပျက်အစီးဂြိုဟ်တစ်ခု မဟုတ်တော့ပေ။သို့သော် ထိုအဖြစ်က အစမှတ်သာ ရှိသေး၏။လုံလောက်အောင် အချိန်ပေးခဲ့ပါက အခုမှစ၍ နောက်နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးမှ သည်ဂြိုဟ်ဟာ စိတ်ဝိညာဉ်သွေးကြောများ ဖြစ်ပေါ်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ဂြိုဟ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဝမ်လင်း၏ဉာဏ်အလင်းသည် ဂြိုဟ်၏ ကြီးထွားမှုကို အရှိန်မြင့်ပေးခဲ့ခြင်း ဖြစ်တော့၏။
ဟန်ယွမ်တောင်ထိပ်မှာ ဝမ်လင်း၏ဉာဏ်အလင်းအစပြုရာ မူလနေရာ ဖြစ်၏။ဤအခိုက်အတန့်၌ တောင်ထိပ်ရှိ မြေကြီးများသည် စိတ်ဝိညာည်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး အစစ်အမှန် စိတ်ဝိညာဉ်တောင်တစ်လုံး ဖြစ်လာခဲ့တော့သည်။
သည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင် ပေါများမှုမှာ အံ့မခန်း ဖြစ်နေ၏။
သည်အခိုက်အတန့်၌ ချင်လင်းဂြိုဟ်ပေါ်ရှိ အရပ်မျက်နှာတိုင်းမှ စွမ်းအားသည် ဤနေရာတွင် လာရောက်သိပ်သည်း၏။ထိုစွမ်းအားမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သည်။သို့သော် ကျင့်ကြံသူအားလုံးက ထိုအဖြစ်ကို သတိပြုမိကြ၏။ထိုစွမ်းအားသည် ဟန်ယွမ်တောင်ထိပ်၌ စုစည်းလာရင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ထိုအခိုက်မှာပင် ဝမ်လင်းသည် တာအိုရှာဖွေခြင်း၌ နစ်မြုပ်နေရာကနေ နိုးထလာတော့သည်။
သူ့မျက်လုံးက တောက်ပနေ၏။သူ့အသွင်သည် ကျေနပ်အားရဟန် ဖြစ်ပေါ်နေသည်။သူ့မျက်နှာက ဖြူရောနေ၏။သို့သော် တောက်ပမှုအရိပ်အမြွက် ပါဝင်နေသည်။
ဝမ်လင်းထံကနေ သူတို့၏ တာအိုကို သတိပြု ထိန်းချုပ်သွားနိုင်သည့် လူစားမျိုးထံကနေ ရရှိတက်သည့် အော်ရာမျိုးကို ပေးစွမ်းနေ၏။သူ့ခန္ဓာကိုယ်သည် သည်နေရာတွင် ရှိနေသလို သူ့မူလစိတ်ဝိညာဉ်မှာလည်း သည်နေရာတွင်သာ ရှိနေ၏။သို့သော် ကျင့်ကြံသူတစ်ယောက်က အနားသို့ လာ၍ ကြည့်လျှင်ပင် ထိုသူသည် ဝမ်လင်း၏တည်ရှိမှုကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ထိုအဖြစ်က ဝမ်လင်း လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားသည့် သဘောမျိုး ဖြစ်နေ၏။
အတွေးတစ်ချက်ဖြင့်ပင် အကွာအဝေးဟူသည် မတည်ရှိတော့သကဲ့သို့ ဖြစ်သည်။သူ့အတွက်းသည် ကံကြမ္မာ ဖြစ်နေ၏။
“ကောင်းကင်နဲ့မြေကြီးမှာ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး။ငါက ငါ့ကိုယ်ပိုင်ကံကြမ္မာထဲကို အမှုမဲ့အမှတ်မဲ့ ဝင်ရောက်သွားခဲ့တာ။ငါသာ ဉာဏ်အလင်း မရခဲ့ရင် ပြန်နိုးထမလာနိုင်တော့မှ ကြောက်မိတယ်…”
ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ စူးစိုက်ကြည့်၏။သူ့အကြည့်သည် အေးစက်နေသည်။
ထိုအကြည့်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နေ၏။အဆုံးမဲ့ အေးစက်မှုလည်း ပါဝင်နေသည်။သူ ကောင်းကင်ထက်သို့ ကြည့်နေရင်း ချင်လင်းဂြိုဟ်ထံမှ အနှိုင်းမဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ထိုစွမ်းအားသည် ကျင့်ကြံသူတိုင်း၊သေမျိုးတိုင်း၊ သက်ရှိတိုင်းထံကနေ ထွက်ပေါ်လာခြင်းပင်။
အနှီစွမ်းအားသည် ဝမ်လင်းထံသို့ အရူးအမူး စုစည်းလာကာ ကောင်းကင်ထက်သို့ ထိုးတက်လေသည်။
သည်အခိုက်အတန့်၌ ချင်လင်းဂြိုဟ်ဟာ မြစ်တစ်ခု ဖြစ်မည် ဆိုပါက ဂြိုဟ်ပေါ်ရှိ သက်ရှိတိုင်းသည် ရုန်းကန်ပုန်ကန်နေသော ငါး ဖြစ်ပေလိမ့်မည်။သူတို့အားလုံးသည် ဝမ်လင်းထံသို့ စုစည်းလာကာ ကောင်းကင်နှင့်မြေကြီးကို ပုန်ကန်ရန် ဖြစ်တော့သည်။
***