Switch Mode

အပိုင်း(၈၉၆)

အိပ်မက်တာအို

သို့သော်လည်း သူ့လက်ချောင်းသည် ယောင်ပင်ယွမ်၏ နဖူးနှင့် မထိခင် ရုတ်တရက် တန့်သွားသည်။သူက ယောင်ပင်ယွမ်၏ ဖြူရောရောမျက်နှာကို ကြည့်၍ တိတ်ဆိတ်စွာ စဉ်းစားနေသည်။

“အခြားတစ်ယောက်ရဲ့ နယ်ပယ်ကို ဝါးမြိုတာ…ဒါက သူတို့ရဲ့ တာအိုကို ထုတ်ယူခြင်း ဖြစ်ပြီး သင့်ရဲ့ ကိုယ်ပိုင်တာအိုအဖြစ် အသုံးပြုတာ…။ဒါပေမဲ့လည်း ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုဟာ အဆုံးမရှိသလို တာအိုတွေဟာလည်း အကန့်အသတ်မဲ့လှတယ်။ ငါက ဒီလို စတင်ဝါးမြိုပြီးတာနဲ့ နောက်အနာဂတ်မှာ အဆုံးမရှိလောက်အောင် ဆက်ပြီး ဝါးမြိုရနိုင်တယ်။ ဒါ့အတွက်ကြောင့် ငါဟာ ရှေ့ဖြစ်ဟောသူလို ပြန်လှည့်လို့ မရတဲ့ လမ်းကို လျှောက်လှမ်းရင်း အဆုံးသပ်သွားနိုင်တယ်…”

“ဒါပေမဲ့လည်း ငါ မဝါးမြိုရင် ငါဟာ ကံကြမ္မာကို နားလည်နိုင်မှာ မဟုတ်ဘဲ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိနေလိမ့်မယ်…။ငါ ဝါးမြိုသင့်လား…မသင့်ဘူးလား…”

ဝမ်လင်းသည် ကိစ္စတစ်ခုအတွက် အခုလို ချီတုံ့ချတုံးဖြစ်ခြင်းမှာ ဖြစ်ခဲလှပေသည်။သူက ယောင်ပင်ယွမ်နှင့် ပတ်သတ်၍ ဘာခံစားချက်မှ ရှိနေခြင်းမဟုတ်ဘဲ သူ့ကိုယ်ပိုင်တာအိုကိုသာ ရှာဖွေနေခြင်း ဖြစ်တော့၏။

သည်အဆင့်က တာအိုကို ရွေးချယ်ရမည် ဖြစ်သည့်အတွက် အင်မတိအင်မတန် အရေးကြီးလွန်းနေသည်။ကျင့်ကြံသူများသည် တာအိုကိုကျင့်ကြံရင်း သူ့တို့တဘဝလုံး ကုန်ဆုံးကြ၏။တစ်ယောက်ချင်းစီ၏ တာအိုသည် မတူကွဲပြားကာ ခံစားချက်၊အတွေ့အကြုံတို့ပေါ်တွင်သာ တည်မှီနေခဲ့၏။သူတို့၏ တာအိုတို့သည် အမြဲပြောင်းလဲနေသည်။လောကရှိအရာအားလုံးသည် တာအို ဖြစ်နိုင်ပေသည်။

“ရှေ့ဖြစ်ဟောသူ တစ်ခါက ပြောခဲ့ဖူးတာတော့ သူ့မှာ ပြန်ဝင်စားနိုင်တဲ့ ကိုယ်ပွား (၃၆၀၀) ရှိတယ်။ ဒီကိုယ်ပွားတစ်ခုစီဟာလည်း ကောင်းကင်ဘုံမန္တာန်တစ်ခုကို ထိန်းချုပ်နိုင်ကြတယ်။ ဆိုလိုတာက သူဟာ တာအိုပေါင်း (၃၆၀၀) ကို ဝါးမြိုပြီးခဲ့ပြီ။ ဒီလောက်များပြားတဲ့ တာအိုတွေကို ဝါးမြိုပြီးတဲ့နောက် သူက နစ်သောင်းနဲ့ ချီကြာမြင့်ပြီးတာတောင် တတိယအဆင့်ကို မရောက်သေးဘူး…”

“ဒါပေမဲ့လည်း..ငါသာ မဝါးမြိုပြန်ရင် ငါဟာ ကံကြမ္မာနယ်ပယ်ကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။ဒါက မသေချာ၊မရေရာ ဖြစ်နေမှာ…။ငါ့မှာ ဦးတည်ချက်တစ်ခု မရှိရင် ငါက တာအိုကို ဘယ်လိုများ ရှာဖွေမလဲ…”ဝမ်လင်း၏မျက်နှာထက်တွင် မသေချာ၊မရေရာမှုတို့နှင့် ပြည့်နေသည်။သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့်ပြတ်သားမှုတို့သည် တလှည့်စီ ဖြစ်နေသည်။ သူက ယောင်ပင်ယွမ်ထံသို့ လက်ညွှန်ထားဆဲ ဖြစ်၏။သို့သော်လည်း မည်သို့ပင် ဖြစ်စေ သူက သူ့လက်ချောင်းများကို အမှန်တကယ် ဖိချခြင်း မပြုနိုင်သေးချေ။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။နေ့မှညသို့ ပြောင်းလဲသွားကာ သုံးရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။ဝမ်လင်းအတွက်တော့ ထိုသုံးရက်သည် နှစ်သုံးရာလောက် ကြာသည်ဟု ခံစားနေမိသည်။သူ့အသွင်ပင် အိုစာသွားသည့်ပုံ ရ၏။

သည်သုံးရက်အတွင်း သူ့ခန္ဓာကိုယ်သည် လှုပ်ရှားမှု မရှိပေ။ သူ့စိတ်ထဲတွင် မုန်တိုင်းတစ်ခု ရှိနေ၏။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်မိသည်။ “တာအို…တာအိုက ဘာလဲ…” ထိုမေးခွန်းသည် သည်သုံးရက်အတွင်း သူ့ပါးစပ်ကနေ အကြိမ်မြောက်များစွာ ထွက်ဆိုနေမိပေသည်။ သူက သူ့ကိုယ်သူ မေးနေကာ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုမှာ ပိုပို၍ အားကောင်းလာနေသည်။

“အဆုံးသပ်မှာ…တာအိုက ဘာဖြစ်မလဲ…” တာအိုကို ရှာဖွေရင်း သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ အရူးအမူး ဖြစ်နေသည်ကို သတိမမူမိတော့ပေ။ လွန်ခဲ့သော သုံးရက်က မူလစွမ်းအင်သည် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်နေသော်လည်း ထိုသုံးရက်ပြီးသည့်နောက် ၎င်းက ထိန်းချုပ်မှုကနေ လွတ်သည့်အလား မုန်တိုင်းတစ်ခုလို ပြုမူနေခြင်း ဖြစ်သည်။

အဆုံးသပ်၌ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်တို့မှာ ဝဲကတော့တစ်ခုအဖြစ် ဖြစ်တည်လာသည်။ထိုဝဲကတော့မှာ အဖြူ၊အနက် ဖြစ်နေ၏။

အဖြူအနက်ဝဲကတော့သည် ယင်နှင့်ယန်သဘောကို ဆောင်ကာ လှည့်လည်နေသည်။

ထိုဝဲကတော့မှာ ပို၍ အားကောင်း မြန်ဆန်လာ၏။ဝမ်လင်းသည် ထိုအရာကို လုံးဝ သတိပြုမိခြင်း မရှိဘဲ သူ့တာအိုရှာဖွေခြင်းတွင်သာ နစ်မြုပ်နေ၏။

သူ တာအိုကို ရှာဖွေနေစဉ်မှာပင် သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးထံကနေ ဖြည်းဖြည်းချင်း ပြန်ထွက်လာသည်။၎င်းက လူသားအသွင်သို့ အမှန်တကယ်ပင် တဖန် ပြန်ပြောင်းလဲသွား၏။၎င်းက ထိုင်ချကာ တစ်ခုခုကို လက်ညွှန်သလို ပြုမူသည်။

၎င်းက ဝမ်လင်း၏ ရှင်သန်ခြင်းကို လက်ညွှန်လိုက်သလို ထင်ရ၏။သူ့ တာအိုရှာဖွေခြင်း ဘဝကိုပင်။

မနက်အစောပိုင်းတွင် နေအလင်းရောင်သည် ချင်လင်းဂြိုဟ် ပေါ်သို့ ကျရောက်လာ၏။ဂြိုဟ်ပေါ်ရှိ သေမျိုးများသည် အိပ်စက်ရာကနေ နိုးထလကာ နေ့စဉ် ရိုးရိုးစင်းစင်း သာမန်ဘဝကို ဖြတ်သန်းကြတော့မည်။

ကျင့်ကြံသူများသည်လည်း နေအလင်းရောင်မှ ယင်စိတ်ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံနေကြသည်။ ယနေ့တွင် စိတ်ဝိညာဉ်စွမ်းအင်သည် အတော်လေး အသက်ဝင်နေရာ အရင်ထက် ပေါများနေ၏။ကျင့်ကြံသူအားလုံးနီးပါးသည် ထိုအဖြစ်ကို သတိပြုမိကာ အံ့အားကျေနပ်သင့်ကုန်ကြသည်။သူတို့သည် ကျင့်ကြံရန် နေရာများကို စတင် ရှာဖွေကြ၏။

အချို့လူများသည် အရှေ့မြောက်အရပ်မှ လာသည့် စိတ်ဝိညာဉ်စွမ်းအင်သည် ပိုသိပ်သည်းကြောင်း တဖြည်းဖြည်း တွေ့ရှိလာ၏။ထို့ကြောင့် သူတို့သည် အရှေ့မြောက်အရပ်သို့ ပျံသန်းသွားကြတော့သည်။

ချင်လင်းဂြိုဟ်၏ အရှေ့မြောက်အရပ်သည် ဟန်ယွမ်တောင်ထွတ် ရှိသည့်နေရာ ဖြစ်သည်။ထိုအခိုက်အတန့်၌ ဟန်ယွမ်တောင်မှ ကီလိုမီတာငါးထောင်အကွာတွင် ကျင့်ကြံသူများစွာ ရောက်လာခဲ့ကြပေပြီ။

အခု အချိန်ခဏ ကျင့်ကြံခြင်းက သူတို့အတွက် ရက်များစွာ ကျင့်ကြံရခြင်းနှင့် နှိုင်းယှဉ်နိုင်နေသည်။

သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး၏ပုံရိပ်သည် ဟန်ယွမ်တောင်ထိပ်တွင် ပေါ်လာခဲ့သည်။အဖြူအနက်အခိုးငွေ့များသည်လည်း အတူပေါင်းစပ်နေကာ ယင်နှင့်ယန်ပုံရိပ်ကို ဖြစ်ပေါ်စေသည်။သည့်နောက် အဖြူအနက်ပုံရိသည် အပြာရောင်ကောင်းကင်အောက်၌ တောက်ပလာချေသည်။၎င်းက ပန်းချီကားတချပ်အလား။၎င်းက တွေ့မြင်ရသည့်လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေပေသည်။

“တာအိုဆိုတာ ဘာလဲ…” ဤအခိုက်အတန့်၌ ရှေးဟောင်းအသံတစ်ခုသည် ချန်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်လာသည်။

ထိုအသံထဲ၌ ရှေးအော်ရာ ပါဝင်နေသည်။ထိုအသံသည် လူတိုင်း၏ နားစည်ထဲသို့ ကျရောက်လာသည်အခါ၌ လူတိုင်းသည် မှင်သက်သွားရသည်။

သူတို့၏စိတ်နှလုံးမှာလည်း သူတို့ကိုယ်သူတို့ အလိုအလျောက် မေးမိကုန်ကြ၏။

“တာအိုဆိုတာ ဘာလဲ…”

ဟန်ယွမ်တောင်ထိပ်၌ ဝမ်လင်းပတ်လည်ရှိ လှိုဏ်ဂူသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ထိုဖုန်မှုန့်သည် လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားသည်။

ထိုအခါ တောင်ထိပ်တွင် ဝမ်လင်းနှင့် သတိမေ့နေသည့် ယောင်ပင်ယွမ်တို့သာ ရှိတော့သည်။ဝမ်လင်း၏လက်ချောင်းများသည် ယောင်ပင်ယွမ်၏နှဖူးထက်တွင် ရှိနေဆဲ ဖြစ်၏။

သူတို့နှစ်ယောက်၏ အထက်၌ ယင်နှင့်ယန်စက်ဝန်းတစ်ခု ရှိနေကာ ၎င်းသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း ချန်လင်းဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ထိုစက်ဝန်း၏ သက်ရောက်ခြင်း ခံရသည်။စိတ်ဝိညာဉ်စွမ်းအင်သည် ဖြည်းဖြည်းချင်း ပျံ့နှံ့နေကြ၏။

သည်အခိုက်အတန့်၌ လူတစ်ယောက်သည် ဂြိုဟ်အပြင်ဘက်ကနေ ထွက်ကြည့်ပါက ဂြိုဟ်တစ်ခုလုံးသည် အဖြူနှင့်အနက်၏ ဝန်းရုံခြုံလွှမ်းထားသည်ကို တွေ့မြင်ရပေလိမ့်မည်။ထိုအရာက တုန်လှုပ်ဖွယ်မြင်ကွင်း မည်၏။

သွေးဘိုးဘေး၏ကျင့်ကြံမှုအဆင့်သို့ ရောက်နေသော တစ်စုံတစ်ယောက် ဖြတ်ကျော်သွားလျှင်ပင် ထိုသူသည်လည်း တုန်လှုပ်မိမည်သာ ဖြစ်၏။ ထိုအရာသည် ဒုတိယအဆင့်သို့ ရောက်ရှိနေကြသော လူများသာ သိသည့် အိပ်မက်တာအိုဟု ခေါ်သည့် အရာတစ်ခု ဖြစ်နေခဲ့သည် မဟုတ်လား။

ပြောကြသည်က ယင်းအိပ်မက်တာအို၏ အစသည် ဖမ်းဇူဟု ခေါ်တွင်သော သေမျိုးတစ်ယောက်သည် သူ့အိပ်မက်အတွင်း၌ ဉာဏ်အလင်းရခဲ့သော တာအို ဖြစ်သည်ဟု ဆိုသည်။သူက ရှေးဟောင်းကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာခဲ့ကာ တာအိုနှလုံးသားသောင်းချီကို နောက်ကောက်ချနိုင်ခဲ့သည်ဟု ဆိုသည်။သူက နေနှင့်လကိုပါ ဖြတ်၍ မြင်နိုင်စွမ်း ရှိခဲ့သူဟုလည်း ဆိုကြ၏။

ဝမ်လင်းသည် သူ့တာအို နောက်သို့ လိုက်ဖမ်းနေရင်း စိတ်ရှုပ်ထွေးနေသည်။သူက အိပ်မက်ထဲ၌ နစ်မြုပ်နေသည်။သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကနေ စွန့်ခွာကာ မြောလွင့်နေသည့် သဘောမျိုး ဖြစ်နေသည်။ သို့သော်လည်း သူ့မူလစိတ်ဝိညာဉ်သည် မူလနေရာတွင်ပင် ရှိနေသေးသည်။

“တာအိုဟာ ဘာလဲ…” ထိုထူးဆန်းသော အခြေအနေအောက်၌ သူသည် သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လွင့်ပါး ပျောက်ကွယ်လာပြီး ချန်လင်းဂြိုဟ်နှင့် တစ်သားတည်း ပေါင်းစပ်လာသည်ဟု ခံစားမိခဲ့သည်။သူကိုယ်တိုင်ပင် ဂြိုဟ်ဖြစ်နေသည့် သဘောမျိုးပင်။

တောနက်ကြီးတစ်ခုအတွင်း၌ သုံးပေခန့်ရှိ စပါးကြီးမြွေတစ်ကောင်သည် သားရဲငယ်တစ်ကောင်ကို ပတ်ခွေထားသည်။၎င်း၏ ခန္ဓာကိုယ်ကြီးက အနည်းငယ် တင်းကြပ်လိုက်သည်နှင့် ထိုသားရဲငယ်၏ အရိုးများသည် တဖျစ်ဖျစ် မည်လာသည်။ထိုစပါးကြီးမြွေသည် သားရဲငယ်ကို ဝါးမြိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။

၎င်းက သူ့ခေါင်းကြီးကို မော့ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။၎င်း၏မျက်လုံးထဲရှိ အေးစက်မှုသည်လည်း ပျောက်ကွယ်ကာ စိတ်ရှုပ်ထွေးမှုက အစားထိုးဝင်လာခဲ့သည်။

“ဒါက တာအို မဟုတ်ဘူး…” သက်ပြင်းသံသည် လေနှင့်အတူ လွင့်ပါးသွားရင်း ၎င်း၏မျက်လုံးထဲရှိ အေးစက်မှုသည် တဖန် ပြန်ရောက်ရှိလာပြန်၏။ထို့နောက် ၎င်းစပါးအုံးမြွေကြီးသည် သားရဲငယ်ကို ဝါးမြိုပစ်ပြီးနောက် အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset