Switch Mode

အပိုင်း(၈၉၅)

ဝါးမြိုခြင်း

အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးရှိ ကျင့်ကြံသူတိုင်းကို တုန်လှုပ်စေသည့် သတင်းမုန်တိုင်းတစ်ခုသည် ပျံ့နှံ့လာခဲ့သည်။မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ပစ်ခဲ့သော ဧရာမသားရဲကြီးသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည် ဟူ၍ပင်။

အလွန့်အလွန်နည်းပါးသော သူများကသာ ထိုအရာ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပေ၏။သို့သော် ရလဒ်ကပင် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်စေခဲ့ပေသည်။

ချက်ခြင်းပင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။၎င်းက ရှေးဟောင်းအချိန်များက အမွေအနှစ်ဆက်ခံခဲ့သည့် မိသားစုအနည်းငယ်ကိုပါ လွှမ်းမိုးပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ စွမ်းအားသင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

ထိုမုန်တိုင်းနှင့် ဆက်နွှယ်၍ ကောင်းကင်ဦးစီး (၁၀၈)နေရာအတွက် ပြိုင်ပွဲသည်လည်း တရားဝင် စတင်လာခဲ့လေပြီ။

“ကောင်းကင်ဘုံနယ်မြေပျက်စီးသွားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံသားတွေဟာလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်တယ်။ဒါပေမဲ့ ကောင်းကင်ဘုံသားအချို့ကတော့ ရှိနေနိုင်ဦးမှာ ဖြစ်တယ်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကမ်းလှမ်းတဲ့ ကောင်းကင်ဦးစီးနေရာဟာ ဒီလူတွေကို ကောင်းကင်ဘုံသားလို ဖြစ်စေမှာ ဖြစ်တယ်။ ဒီ(၁၀၈)ယောက်ရဲ့ မိသားစုတွေဟာလည်း ကောင်းကင်ဘုံ ကလန်များလို့ ယူဆနိုင်လိမ့်မယ်…”

“မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ခိုက်မဲ့ စစ်ပွဲအတွင်း ကောင်းကင်ဘုံသားတစ်ယောက်ချင်းစီဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ်…သူတို့ရဲ့ မိသားစုတွေဟာလည်း ကိုယ်ပိုင်ကျင့်ကြံခြင်းဂြိုဟ်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်…”

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင်ဦးစီးနေရာ ဆိုသည့် သတင်းသည် အချိန်အတန်ကြာကတည်းက ထွက်ပေါ်လာခဲ့ခြင်းပင်။သို့သော် အခုမှ အမှန်တကယ် စတင်လာခြင်း ဖြစ်တော့၏။ထိုသတင်းကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံးသည် ရူးသွပ်သွားမတက် ဖြစ်ရသည်။

ကျင့်ကြံခြင်းမိသားစုများစွာ၏ အဓိကမိသားစုဝင်များသည် ထိုခေါင်းစီးနေရာအတွက် စတင် ပြင်ဆင်ကြပြီ ဖြစ်၏။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည် ထိုခေါင်းစီအတွက် နောက်ဆုံးပြိုင်ပွဲတွင် ပါဝင်နိုင်ရန်အတွက် နယ်မြေတစ်ခုချင်းစီထံသို့ (၁၀၈) ယောက်ကို ရွေးချယ်နိုင်ရန် စေလွှတ်ခြင်း ခံရသည်။

ထိုနောက်ဆုံးပြိုင်ပွဲသည် အခုမှစ၍ နောက်လေးလအကြာဟု သတ်မှတ်ထားသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ကောင်းကင်ဦးစီး(၁၀၈)ယောက်ကို ရွေးချယ်ပြီးသည်နှင့် သူတို့သည် မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လမ်းကြောင်းကို ဖွင့်လှစ်ပေမည်။ထိုအခါ မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် တိုက်ပွဲသည် စတင်လာပေတော့မည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ကျင့်ကြံသူအားလုံးသည်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးသို့ ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်ရမည့်နေ့ကို စောင့်ဆိုင်းနေကြသည်။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်နှက်နေ၏။

ဝမ်လင်းသည် ထိုအရာများအားလုံးကို ဘာမှ မသိပေ။သူက လွန်ခဲ့သောဆယ်ရက်ကတည်းက တံခါးပိတ်ကျင့်ကြံနေ၏။သည်ဆယ်ရက်အတွင်း သူက ယောင်ပင်ယွမ်၏မူလစွမ်းအင်တို့ကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။

တဖြည်းဖြည်းဖြင့် ထိုမူလစွမ်းအင်တို့က သူ့ကိုယ်ပိုင် ဖြစ်လာပေလိမ့်မည်။

ဝမ်လင်းအတွက် ယောင်ပင်ယွမ်သည် သူ့ကျင့်ကြံမှုအဆင့်ကို တဖြည်းဖြည်းခြင်း မြှင့်တင်ပေးနေသည့် ဆေးဝါးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ယောင်ပင်ယွမ်သည် မူလစွမ်းအင်များစွာကို ပိုင်ဆိုင်ထားသူပင်။ ဆယ်ရက်တာ ပြီးသည့်နောက် ဝမ်လင်းသည် (၃၀)ရာခိုင်နှုန်း စုပ်ယူပြီးလေပြီ။

ယောင်ပင်ယွမ်၏မူလစွမ်းအင်(၃၀)ရာခိုင်နှုန်းကို စုပ်ယူပြီးသည့်နောက် ဝမ်လင်း၏ကျင့်ကြံမှုသည် အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။သို့သော် သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းကွာနေဆဲသာ။

သို့သော်လည်း ထိုခြေတစ်လှမ်းသည် ခြေတစ်လှမ်းဆိုသလောက်ပင်။ထိုအဖြစ်သည် သူ့၌ မူလစွမ်းအင် ကင်းမဲ့နေခြင်းကြောင့် မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးကို နားလည်မှု လိုအပ်နေခြင်း၊သူ့နယ်ပယ်ထဲ၌ ပြောင်းလဲမှုတစ်ခု လိုနေခြင်ကြောင့် ဖြစ်နေ၏။

“ကံကြမ္မာနယ်ပယ်ဟာ သေခြင်းရှင်ခြင်းနယ်ပယ်ထက် ပိုပြီး ဆန်းကြယ်နေတယ်။ငါက ဒါကို သေချာ မြင်နိုင်စွမ်း မရှိဘူး..ကမ္မ…ကမ္မ…”

ဝမ်လင်းက စဉ်းစားနေ၏။သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှုတို့ ရှိနေသည်။

“လောကမှာ ဘာတစ်ခုမှ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး။ ကံကြမ္မာဟာ နေရာတိုင်းမှာ ရှိနေတယ်။ဒါပေမဲ့ ဒါတွေအားလုံးဟာ ပုံရိပ်ယောင်တစ်ခုလိုသာ ဖြစ်နေတယ်။ငါက အမှန်တရားကို ဖမ်းဆုပ်ချင်လိုက်တာနဲ့ အရာအားလုံးဟာ မြူလွှာတစ်ခု ပိတ်ဖုံးထားသလို ဖြစ်နေတယ်…”

ဝမ်လင်းသည် ယောင်ပင်ယွမ်၏မူလစွမ်းအင်ကို ဆက်လက်သန့်စင်နေရင်း ပင့်သက်ချမိ၏။ထို့နောက် သူ့အကြည့်က ယောင်ပင်ယွမ်ပေါ်သို့ ကျရောက်သွားသည်။

“ကံကြမ္မာ…ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရရှိခဲ့တဲ့ အချိန်တည်းက…ဒါက ကံအကြောင်းရင်း၊ ဒီ့နောက် စစ်ထူနန်နဲ့ ဆုံတွေ့ရတာဟာ ကံအကျိုးဆက်…။ ဒီလိုပဲ ထျန်ဟွယွမ်ရဲ့ ငါ့မိသားစုအပေါ် လုပ်ဆောင်ခဲ့မှုဟာ ကံအကြောင်းရင်း၊ငါက ထျန်မိသားစုတခုလုံးကို ပြန်သတ်ဖြတ်ပစ်တာက ကံအကျိုးဆက်။ ကံကြမ္မာ အကြောင်းနဲ့အကျိုးက ဆက်စပ်နေတာပဲ။ ဖြစ်နိုင်တာက ဒီနေ့ အားစိုက်ထုတ်မှုဟာ နောက်နေ့တွေအတွက် ကံကြမ္မာအကြောင်းရင်း ဖြစ်လာတာများလား…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်မိနေ၏။သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုသည် ပိုအားကောင်းလာသည်။ကံကြမ္မာနယ်ပယ်တွင် များစွာ ပါဝင်နြေ၏။ သည်နေ့ထိ ဝမ်လင်းသည် ၎င်းကံကြမ္မာနယ်ပယ်ကို ပြည့်ပြည့်ဝဝနားမလည်းဆဲ ဖြစ်သည်။ထိုအဖြစ်က သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည့် သေခြင်းရှင်ခြင်းနယ်ပယ်နှင့် အတော်လေး ကွာခြားနေပေသည်။

“နယ်ပယ်ကို နားလည်ဖို့ အတင်းလုပ်လို့ မရဘူး။ အခွင့်အရေး မပေးပဲနဲ့ ဒါကို နားလည်ဖို့ မခန့်မှန်းနိုင်လောက်အောင် ခက်ခဲလွန်းတယ်…”

ဝမ်လင်းသည် သက်ပြင်းချကာ ကံကြမ္မာအကြောင်းကို ဆက်၍ မတွေးတော့ပေ။ ကံကြမ္မာသည်လည်း ရိုးစင်းသော်လည်း ၎င်းကို အမှန်တကယ် ဉာဏ်အလင်းရဖို့သည် အင်မတိအင်မတန် ခက်ခဲလွန်းလှပေသည်။

“ကျင့်ကြံခြင်းတွေဟာ အဆင့်တစ်ခုကို ရောက်သွားရင် ဆက်ပြီး တိုးတက်ဖို့ ဘာကြောင့်အရမ်းခက်ခဲမှန်း ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ မူလစွမ်းအင်က ဒီအဆင့်အတွက် လိုအပ်တဲ့ တစ်စုံတစ်ခုပဲ။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက လူတစ်ယောက်ရဲ့ နားလည်မှုသာ ဖြစ်တယ်…”

ဝမ်လင်းသည် ခါးသီးစွာ ပြုံးမိ၏။

“ငါ့ကံကြမ္မာနယ်ပယ်ကို တိုးတက်လာအောင် ဘယ်လို လုပ်သင့်လဲ။ နားလည်းမှုက တကယ့်ကို ခက်ခဲလှတယ်။ငါ ဘယ်လိုပဲ နားလည်အောင် ကြိုးစားကြိုးစား ဒါက ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေပြီး အစစ်အမှန် မဟုတ်သေးဘူး…။ငါ ဒါကို အစစ်အမှန် ဖြစ်လာအောင် ဘယ်လို လုပ်သင့်လဲ…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။သူက သူ့ကိုယ်သူ ထိုအကြောင်းကို ဆက်၍ မတွေးရန် ပြောနေမိသည်။သို့သော် သူက မစဉ်းစားဘဲ မနေနိုင် ဖြစ်ရ၏။

“အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုးပေလောရဲ့ အကူအညီနဲ့ ငါဟာ ထူးဆန်းတဲ့အခြေအနေထဲ ဝင်ရောက်နိုင်ခဲ့ပြီး ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ရဲ့ ချိုယွင်းချက်ကို ရှာတွေ့နိုင်ခဲ့ဖူးူတယ်…”

ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်နေရင်း သူ့မျက်လုံးသည် ကျဉ်းမြောင်းနေတော့၏။

“ဒီလိုအခြေအနေအောက်မှာ ငါဟာ တာအိုအားလုံးကို ခပ်ရေးရေး ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တယ်။ငါက မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေအဖြစ် ခွဲပြီး အဲ့နောက်မှာ တစ်ခုတည်းအဖြစ် ပြန်ပေါင်းစည်းခဲ့တယ်။ ဒါဟာ ရှေ့ဖြစ်ဟောသူ ငါ့ကို သင်ပေးခဲ့တဲ့ မန္တာန်နဲ့တောင် ခပ်ဆင်ဆင်ပဲ…”

ဝမ်လင်း၏ မျက်လုံးတို့သည် တောက်ပသထက် တောက်ပလာသည်။

“ရှေ့ဖြစ်ဟောသူရဲ့ တာအိုဟာ ကောင်းကင်နဲ့မြေကြီးရဲ့တာအို ဖြစ်တယ်။သူ့နတ်ဘုရားအာရုံထဲမှာ မရေမတွက်နိုင်တဲ့ ရှေ့ဖြစ်ဟောသူတွေ ရှိနေတယ်။ ရှေ့ဖြစ်ဟောသူတစ်ယောက်ချင်းစီဟာလည်း ကောင်းကင်ဘုံမန္တာန်တစ်ခုစီမှာ ကျွမ်းကျင်ကြတယ်။ အတိတ်တုန်းက ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါက ဒါကို မြင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါကို အခု ပြန်တွေးကြည့်တော့ ရှေ့ဖြစ်ဟောသူ တစ်ယောက်ချင်းစီဟာ ကိုယ်ပိုင်ကောင်းကင်ဘုံမန္တာန် ရှိရုံမဟုတ်ဘဲ သူတို့မှာ ကိုယ်ပိုင်တာအိုတစ်ခုစီလည်း ရှိနေသေးတယ်…”

ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။သူက သူ့ကိုယ်ပိုင်အတွေးကြောင့် သူ့ဟာသူ တုန်လှုပ်မိသွားသည်။သူက အသက်ဝဝရှုသွင်းကာ ရှေ့ဖြစ်ဟောသူ၏ နတ်ဘုရားအာရုံအတွင်း ဖြစ်ပျက်ခဲ့သော သူ့မှတ်ဉာဏ်များကို ပြန်တွေးယူကြည့်နေသည်။ သူက ပို၍ တွေးလေလေ သူ့စိတ်ကူးမိသည့် အတွေးသည် ပို၍ သေချာလာလေ ဖြစ်နေ၏။

“ရှေ့ဖြစ်ဟောသူမှာ တာအိုတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ သူက ဒီလို တာအိုတွေ အများကြီးကို ဘယ်လိုများ ရရှိနိုင်ခဲ့တာလဲ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ဝမ်လင်းက သူ့ပထမဆုံးကောင်းကင်ဘုံသက်တော်စောင့် သန့်စင်ခြင်း မခံရခင်လေး ပြောခဲ့ဖူးသည့် စကားကို ပြန်မှတ်မိသွား၏။

“ငါဟာ အရှင်ရှေ့ဖြစ်ဟောသူ စွန်ယွမ်ကို ခေါ်ပြီး သူ့ကို ဝါးမြိုခဲ့တာကို တွေ့မြင်ခဲ့ရတယ်…။အရှင်က စွန်ယွမ်ကို လုံးဝ ဝါးမြိုပစ်ခဲ့တာ…”

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ ခဏအကြာ သူက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာသည်။သူက ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေရင်း သူ့အကြည့်ထဲ၌ ပြတ်သားမှုတို့ ပေါ်ထွက်နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကံကြမ္မာတာအိုဟာ ပုံရိပ်ယောင် ဆန်လွန်းနေသေးတယ်။ ငါတွေ့မြင်ခဲ့ဖူးတဲ့ ကျင့်ကြံခြင်းရဲ့ တတိယအဆင့်အရ ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုအားလုံးဟာ သူတို့ရဲ့ အစစ်အမှန်မူလဆီ ပြန်သွားတယ်လို့ ဆိုတယ်။ကံကြမ္မာတာအိုရဲ့ မူလဇစ်မြစ်ဟာ ဘာမှန်း ငါ မသိဘူး။ဒါပေမဲ့လည်း ငါ့နယ်ပယ်ကို အထည်ဒြပ်ဖြစ်စေချင်ရင် ငါက ဝါးမြိုရမယ်…”

“အခြားတစ်ယောက်ရဲ့ တာအိုကို ဝါးမြိုပြီး သူတို့ရဲ့ တာအိုကို နားလည်နိုင်ဖို့…။သူတို့ရဲ့ နယ်ပယ်ကို နားလည်ရင်….ငါ့ကံကြမ္မာနယ်ပယ်ထဲ ပြောင်းလဲထည့်လို့ရမယ်…”

ဝမ်လင်း၏မျက်လုံးသ်ည အေးစက်လာတော့၏။သူက သူ့လက်ချောင်းကို ယောင်ပင်ယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset