Switch Mode

အခန်း (၅၀၄) – မီးပင်လယ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း 

မီးပင်လယ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း 

ဝမ်ပေါင်လဲ့မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ကိုယ်ပိုင်ဂူဗိမာန်တစ်ခု ရရှိလိုက်ပြီဖြစ်သောကြောင့် အလွန်အင်မတန်မှ ကျေနပ်နေ၏။ ထို ဂူဗိမာန်ထဲတွင် အခန်းရှစ်ခန်းနှင့် တံခါးပိတ်လေ့ကျင့်ရန် နေရာတစ်ခု ပါရှိသည့်အပြင် ဂူဗိမာန်၏ အလယ်တွင် ဝိညာဉ်ရေကန်တစ်ကန်လည်း ရှိနေသေးသည်။ ထိုရေများမှာ ဝိညာဉ်ချီများမှတစ်ဆင့် ပြောင်းလဲသွားကြသောကြောင့် ဂူဗိမာန်ကြီး တစ်ခုလုံးထဲတွင် သိပ်သည်းမှု အပြည့်ရှိသော ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေ၏။

အခန်းတစ်ခန်းချင်းစီတိုင်းမှာလည်း အသုံးအမျိုးမျိုး ရှိကြ၏။ ဆေးပင်များ စိုက်ပျိုးနိုင်သည့် အခန်းတစ်ခန်းရှိသလို၊ ဝိညာဉ်သားရဲကြီးများ မွေးမြူနိုင်သည့် အခန်းတစ်ခန်းလည်း ရှိသည့်အပြင် ဆေးလုံးများဖော်စပ်နိုင်သော အခန်းတစ်ခန်းလည်း ရှိသေးသည်။ ဝမ်ပေါင်လဲ့အား စိတ်ကျေနပ်မှု အပေးစွမ်းနိုင်စုံအခန်းမှာ ကျောက်တိုင်ကြီးတစ်တိုင် ရှိသော အခန်းပင် ဖြစ်သည်။ ထိုကျောက်တိုင်ကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်တွေရှိသော တာဝန်များ ထုတ်ပေးသည့် ကျောက်တိုင်ကြီးနှင့် ချိတ်ဆက်ထား၏။ ထို့ကြောင့် သူသည် ထိုအခန်းထဲတွင် တာဝန်များအားလုံးကို လက်ခံနိုင်ပေသည်။

သို့သော် သူသည် တာဝန်လက်ခံသည့် အလုပ်ကိုသာ လုပ်၍ရသည်။ ထိုတာဝန် ပြီးမြောက်သွားသည်နှင့် သူသည် ပင်မကျွန်းဆီသို့ပြန်ကာများ အကဲဖြတ်စစ်ဆေးမှုခံယူပြီးမှ တိုက်ပွဲရမှတ်များ ထုတ်ယူရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအခန်းကြီးမှာ သူ့အတွက် အများကြီး အချိန်ကုန် သက်သာစေမည် ဖြစ်သောကြောင့် စိတ်ကျေနပ်စရာ ကောင်းနေဆဲပင်။

ထိုဂူဗိမာန်မှာ ကျင့်ကြံသူတစ်ယောက်၏ နေ့စဉ်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပေသည်။

ထို့အပြင် သူသည် ဂူဗိမာန် အပြင်ဘက်သို့ထွက်၍ တောင်ထိပ်ပေါ်တွင် ရပ်လိုက်ပါက သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။ ထို့အပြင် သူ၏ ဂူဗိမာန်မှာ ကျွန်းပေါ်ရှိ အကာအကွယ် မန္တန်အစီအရင်ကြီး၏ အလယ်ဗဟိုတွင် ရှိနေသေးသည်။

ဝမ်ပေါင်လဲ့မှာ လှည့်လည်ကြည့်ရှုလိုက်ပြီးနောက် အခန်းတစ်ခန်းအား သူ၏ အိပ်ခန်းအဖြစ် သတ်မှတ်လိုက်၏။ သူသည် ထိုအခန်းအား ရှင်းလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ သူ၏အနာဂတ်အတွက် အစီအစဉ်များ စတင်ရေးဆွဲနေလိုက်တော့သည်။

” ငါ တိုက်ပွဲရမှတ်တွေ မြန်မြန်လေး စုဆောင်းမှဖြစ်မယ်။ ပြီးရင် ကျယ်ပြန့်တာအိုနန်းတော်ကြီးနဲ့ ရှေ့ဟောင်း အစိမ်းရောင်ကြေးဓားကြီးအကြောင်းကိုလည်း ပိုပြီးတော့ နားလည်လာအောင်လုပ်ဖို့ လိုတယ် … ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် ကျောက်တိုင်ကြီးရှိသော အခန်းထဲသို့ ဝင်သွားလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို ထိုကျောက်တိုင်ကြီးပေါ်သို့ တင်လိုက်သောအခါ တာဝန်ပေါင်းမြောက်မြားစွာမှာ သူ၏ အသိစိတ်ထဲ၌ ချက်ချင်းပင် ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ တိုက်ပွဲရမှတ် ခုဂဏန်းမျှသာ ပေးသော တာဝန်များကို လျစ်လျူရှုလိုက်၏။ သူသည် အမှတ်ငါးဆယ်ဝန်းကျင် ဆုချီးမြှင့်သော တာဝန်များကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုပမာဏထက်ပို၍ ဆုချီးမြှင့်သော တာဝန်များမှာ အလွန်အင်မတန်မှခက်ခဲကာ အချိန်အများကြီး ပေးရမည်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ထည့်သွင်းမစဉ်းစားခဲ့ပေ။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ကြိုက်ရွေးချယ်မှုများ ပြုလုပ်လိုက်ပြီးနောက် တာဝန်တစ်ခုကို မြင်လိုက်ရချိန်တွင် မျက်လုံးများ အရောင်လက်သွားတော့သည်။ ၎င်းမှာ ငရဲမီးကြွက်များကို သတ်ဖြတ်ကာ သားရဲအမြုတေများကို လတ်လတ်ဆတ်ဆတ် ထုတ်ယူရခြင်းဖြစ်သည်။ အမြုတေတစ်ခုနှုန်းကို တိုက်ပွဲရမှတ် အမှတ်သုံးဆယ်တိတိ ချီးမြှင့်မည် ဖြစ်သည်။

ထိုတာဝန်ထဲတွင် ငရဲမီးကြွက်များ၏ အကြောင်းကိုလည်း အကျဉ်းချုပ် ဖော်ပြထားသေးသည်။ ၎င်းမှာ မီးပင်လယ်ထဲတွင် နေထိုင်သော သားရဲတစ်ကောင်ဖြစ်ပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်မှာ ကြွက်များနှင့် ဆင်တူ၏။ ၎င်းတို့မှာ သိပ်၍ အစွမ်းမထက်ကြပဲ ငရဲမီးကြွက် အများစုမှာဆိုလျှင် အခြေတည်အဆင့်တွင်သာ ရှိကြသည်။ ငရဲမီးကြွက်ဘုရင်သာလျှင် အမြုတေအဆင့်၌ ရှိပေသည်။

အကယ်၍ ငရဲမီးကြွက်များနှင့် ရင်ဆိုင်ရသည့် အန္တရာယ်တစ််ခုတည်းသာ ရှိမည်ဆိုပါက အခြေတည်အဆင့် ကျင့်ကြံသူများမှာ ထိုတာဝန်ကို ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမြုတေအဆင့် ကျင့်ကြံသူများသာလျှင် ထိုတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ငရဲမီးကြွက်များမှာ မီးပင်လယ်ထဲမှ အပြင်ဘက်သို့ ထွက်ခွာလေ့မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား မီးပင်လယ်ထဲ၌သာ ရှာတွေ့နိုင်ပေသည်။

အခြေတည်အဆင့် ကျင့်ကြံသူများမှာ မီးပင်လယ်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သူတို့မှာ အသက်ရှူကြိမ် ဒါဇင်အနည်းခန့်သာ တောင့်ခံနိုင်မည်ဖြစ်ပြီး နောက်ဆုံးတွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးသွားရမည်သာဖြစ်သည်။ အမြုတေအဆင့် ကျင့်ကြံသူများသာလျှင် အကာအရံ မန္တန်များကို အသုံးပြုကာ မီးပင်လယ်ထဲ၌ အချိန်အကြာကြီး နေနိုင်စွမ်းရှိကြသည်။

ထို့ကြောင့် မီးပင်လယ်နှင့် သက်ဆိုင်သည့် မည်သည့်တာဝန်ကိုမဆို အမြုတေအဆင့် ကျင့်ကြံသူများသာ ဆောင်ရွက်ခွင့်ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုတာဝန်၏ အသေးစိတ်အချက်အလက်များကို လေ့လာရင်း တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်၏။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ သူ၏ တစ်ဦးတည်းသော မိတ်ဆွေဖြစ်သော ဖက်တီးကျင့်ကြံသူဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ ငရဲမီးကြွက်နှင့် ပတ်သတ်သည့် အချက်အလက်များကို ထပ်၍ မေးမြန်းလိုက်၏။ ထို ဖတ်တီးကျင့်ကြံသူမှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့ဆီတွင် ရှိသမျှ သတင်းအချက်အလက်အားလုံးကို ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့လိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း သူ့အား ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ထိုတာဝန်အကြောင်းကို ဆက်၍ လေ့လာနေလိုက်တော့သည်။ ထို့နောက် တဖြည်းဖြည်းနှင့် သူသည် မျက်လုံးများ မှေးသွားရ၏။

” ငရဲမီးကြွက်က တိုက်ခိုက်ရေးအပိုင်းမှာသာ မကျွမ်းကျင်ပေမဲ့ မီးပင်လယ်ထဲမှာဆိုရင် တော်တော်လေးကို မြန်တာပဲ… ပြီးတော့ ကျင့်ကြံသူတွေက မီးပင်လယ်ထဲကို ဝင်မယ်ဆိုရင် အကာအရံတွေ ရှိနေရင်တောင် အဆိပ်အတောက်တွေရဲ့ တိုက်စားမှုဒဏ်ကို ခံနေရဦးမှာ။ မီးပင်လယ်ထဲက ဝိညာဉ်ချီတွေကလည်း တည်ငြိမ်မှုမရှိတာမလို့ စုပ်ယူလို့မရဘူး။ အဲ့တာမလို့ ကိုယ့်ရဲ့ မန္တန်‌တွေကို အလွန်အကျွံ အသုံးပြုမိလို့ မဖြစ်ဘူး။ ပြီးရင် မီးပင်လယ်ထဲရောက်ရင် ကိုယ့်ရဲ့ အမြန်နှုန်းကပါ လျော့ကျသွားဦးမှာ ”

ဝမ်ပေါင်လဲ့မှာ ထိုအချက်အလက်များကို ဖတ်ရှုရင်း အတွေးများထဲ၌ နစ်မျောသွားတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွားပြီး သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထို ငရဲမီးငကြွက် တာဝန်အား ချက်ချင်းပင်လက်ခံလိုက်တော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ ‌ညနေခင်းအချိန်သို့ ရောက်တော့မည်ဖြစ်သည်။ ဖက်တီးကျင့်ကြံသူ ပေးပို့ခဲ့သည့် သတင်းအချက်အလက်များအရဆိုလျှင် မီးပင်လယ်ကြီးမှာ ညအချိန်တွင် တိုက်စားမှုအားအနည်းဆုံးနှင့် အဆိပ်အပျော့ဆုံးအချိန် ဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူ အချို့မှာ ဝင်ရောက်နိုင်ဦးမည် မဟုတ်ပါသော်လည်း အမြုတေအဆင့် ကျင့်ကြံသူများမှာမူ မီးပင်လယ်ထဲတွင် အချိန်အကြာကြီးပို၍ နေနိုင်စွမ်း ရှိနေမည် ဖြစ်သည်။

သူသည် အချိန်လုံးဝဖြုန်းမနေတော့ဘဲ ဂူဗိမာန်ထဲမှ ထွက်ခွာလာပြီးနောက် သက်‌တံ့ကွေးတစ်ခုအသွင် ပြောင်းလဲကာ အဝေးသို့ ပြေးထွက်သွားတော့သည်။ ခေါင်းလောင်း ကြီးထဲ၌ ပိတ်မိနေဆဲဖြစ်သော လျန်လုံ၏အကြောင်းကိုမူ သူက မေ့ပျောက်နေပြီဖြစ်သည်

ဝမ်ပေါင်လဲ့မှာ မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာပြီးနောက် မီးပင်လယ်ကြီး၏ အထက်၌ ပျံသန်းနေလိုက်၏။ သူသည် ပင်လယ်ထဲရှိ လှုပ်ရှားမှုများကို အကဲခတ်နေပြီး မျက်နှာပြင်ပေါ်သို့ ပေါ်လာမည့် ငရဲမီးကြွက်များအား ရှာတွေ့နိုင်ရန် မျှော်လင့်နေသည်။ ထို့အပြင် သူသည် ကောင်းကင်ကြီးကိုလည်း ခဏခဏ မော့ကြည့်နေ၏။ တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ကြီးတစ်ခုလုံးမှာ သိသိသာသာ မှောင်ကျသွားပြီဖြစ်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပျံသန်းနေခြင်းအား ရပ်တန့်လိုက်၏။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် အောက်သို့ဆင်းသက်လာပြီး မီးပင်လယ်၏ အထက်တွင် မတ်တတ်ရပ်နေလိုက်သည်။ သူသည် သမုဒ္ဒရာကြီးထဲသို့ ချက်ချင်း တိုးဝင်သွားရလောက်သည့်အထိ မရဲတင်းပေ။ ထို့ကြောင့် သူသည် ၎င်း၏ အထက်တွင်သာ ရစ်ဝဲနေလိုက်ပြီး မည်သည့် ထိခိုက်ဒဏ်ရာမှ မရနိုင်ကြောင်း ‌သေချာသွားသောအခါမှ ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားလိုက်တော့သည်။

ထိုကဲ့သို့ သူ တဖြည်းဖြည်းချင်း အောက်သို့ဆင်းသွားလိုက်သောအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးမှာ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွား၏။ သူ၏ နားထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည်အသံများ ပဲ့တင်ထပ်နေသလို ချစ်ချစ်တောက်ပူနေသော အပူဓာတ်များမှာလည်း အရပ်မျက်နှာအနှံ့မှနေ၍ သူ့ဆီသို့ တိုးဝင်လာပြီး သူ့အား ဝန်းရံလိုက်တော့သည်။

ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့သည် ရိုးရိုး အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အမြုတေအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ခုခံနိုင်စွမ်းမှာ အခြားသော အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူများထက် အများကြီးပို၍ သာလွန်နေ၏။ သို့ဖြစ်ရာ သူသည် ထိုချော်ရည်ပူများထဲသို့ ဆင်းသွားလိုက်ပြီးနောက် အနည်းငယ်မျှသာ မအီမလည် ဖြစ်သွားလိုက်ပြီးနောက် ခဏအကြာတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

သူ၏ ပတ်ပတ်လည် နေရာတိုင်းတွင် ချော်ရည်ပူများ ရှိနေ၏။ ထို့ကြောင့် သူ၏ အမြင်အာရုံမှာ ဝေဝါးနေရပါသော်လည်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူ၏ အခြားအာရုံခံနိုင်စွမ်းများကို အသုံးပြုရုံဖြင့် သူ၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည့်အရာများကို သိရှိနိုင်ပေသည်။ သူ၏ အာရုံခံနိုင်စွမ်းများမှာ အဝေးကြီးသို့ မရောက်နိုင်တော့မည့် တစ်ချက်သာ ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ နှလုံးအမြုတေအား ဖန်တီးခဲ့ပြီးနောက် လီရှင်းဝမ်ကိုပင် အံ့အားသင့်သွားစေခဲ့သည့် ဝိညာဉ်အာရုံခံနိုင်စွမ်းတစ်ခုကို ရရှိခဲ့၏။ သူသည် အစပိုင်းတွင် ၎င်းအား သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင်မူ သူသည် ချော်ရည်ထဲသို့ ရောက်နေပြီဖြစ်ရာ ယခင်ကနှင့် မတူတော့သည်ကို ခံစားမိနေပြီဖြစ်သည်။

သူသည် ချော်ရည်များအား ဖောက်ထွင်းမြင်နိုင်ရန် သူ၏မျက်လုံးများကို အသုံးပြုစရာမလိုကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်ကာ ကျေနပ်အားရသွား၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသောအရာများ၏ ပုံရိပ်များမှာ သူ၏ အသိစိတ်ထဲ၌ အလိုလိုပေါ်ပေါက်လာသဖြင့် သူသည် ဆယ်ကိုက်ပတ်ပတ်လည်တွင် ရှိနေသမျှ အရာအားလုံးကို မြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

အကယ်၍ အခြားအမြုတေအဆင့် ကျင့်ကြံသူများသာ ထိုအချက်ကို သိလိုက်ရမည်ဆိုပါက အံ့ဩတုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ သူတို့မှာ ချော်ရည်ထဲတွင်ဆိုလျှင် သူတို့၏ အာရုံခံနိုင်စွမ်းများကို တစ်ကိုက်မှ နှစ်ကိုက်အထိသာ ဆန့်ထုတ်နိုင်သည် ဖြစ်သည်။ ၎င်းမှာ ငရဲမီးကြွက်များ၏ အမြုတေများ အလွန်အင်မတန်မှ အဖိုးတန်နေရသည့် အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်ပေသည်။

” ခြင်တွေကို စမ်းကြည့်ရအောင် ” ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရပြီးနောက် သူ၏ ခြင်များကို ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ခြင်ဆယ်ကောင် ချက်ချင်းပင် ပျံထွက်လာ၏။ သို့သော် ၎င်းတို့ထဲမှ အများစုမှာ ချော်ရည်ပူများကို ခုခံနိုင်စွမ်းမရှိသောကြောင့် ပေါ်ပေါက်လာပြီး ခဏအကြာတွင် အရည်ပျော်ကျသွားတော့မည့်အလား ဖြစ်သွား၏။ မီးခိုးရောင်ခြင်တစ်ကောင်သာလျှင် အကောင်းပတိအတိုင်း ကျန်ရှိနေခဲ့သည်။

ဝမ်ပေါင်လဲ့မှာ ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်လိုက်ပြီးနောက် သာမန်ခြင်များမှာ အသက်ရှူကြိမ်လေးဆယ်အထိသာ တောင့်ခံနိုင်စွမ်းရှိပြီး ၎င်းထက် ကြာမြင့်ပါက သေဆုံးသွားကြသည်သာဖြစ်ကြောင်း သိလိုက်ရသည်။

” ဒီ ရိုးရိုးခြင်‌တွေကို ဆက်တိုက် ဆင့်ခေါ်လို့ရနေလို့ တော်သေးတယ်…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် ထိုခြင်များအား အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်သောအခါ ကိုက်တစ်ရာကျော်အထိ မြင်နိုင်စွမ်း ရှိသွားတော့သည်။ ထိုအခါ သူသည် ရှေ့သို့လှမ်းကာ မီးပင်လယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားလိုက်ပြီး ငရဲမီးကြွက်များအား လိုက်လံရှာဖွေနေလိုက်တော့သည်။

သူသည် အသက်ရှူကြိမ်သုံးဆယ်ကျော် ကုန်ဆုံးသွားသည့်အခါတိုင်း ခြင်များကို နောက်ထပ်တစ်ကြိမ်ပြန်၍ ဆင့်ခေါ်လိုက်သည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကိုက်တစ်ရာကျော် အကွာအဝေးအထိ အမြဲတမ်း မြင်နေရအောင် ထိန်းသိမ်းထားနိုင်၏။

သူ၏ ပြိုင်ဘက်များထက် အဆတစ်ရာနီးပါး ပို၍သာလွန်သည့် ထိုကဲ့သို့သော အမြင်အာရုံမျိုးကြောင့် ဝမ်ပေါင်လဲ့မှာ ငရဲမီးကြွက်များအား အံ့ဩမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် ရှာဖွေနိုင်စွမ်း ရှိနေတော့သည်။ သူကြုံတွေ့နေရသည့် တစ်ခုတည်းသော အခက်အခဲမှာ ဝိညာဉ်ချီအမြောက်အမြား အသုံးပြုရသည့် အချက်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ အသုံးပြုခဲ့ရသည့် ဝိညာဉ်ချီပမာဏနှင့် ချိန်ဆကာ မီးပင်လယ်ထဲ၌ ဆက်၍ရှိနေနိုင်မည့် အချိန်အား တွက်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ခြင်များထဲမှ အချို့အား ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့ကြောင့် မီးခိုးရောင်ခြင်အား ကူညီထောက်ပံ့ပေးရန် ခြင်သုံးကောင်သာ ကျန်ရစ်တော့သည်‌။ ဝမ်ပေါင်လဲ့မှာ ထိုခြင်လေးကောင်မှ ပေးစွမ်းသည့် အမြင်အာရုံအား အသုံးချကာ ဆက်လက်ရှာဖွေနေလိုက်တော့သည်။

ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ မီးပင်လယ်ထဲတွင် နောက်ထပ်တစ်နာရီပင် ပြည့်အောင်ပင် နေနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သူ၏ အာရုံခံနိုင်စွမ်းများမှာ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ သူသည် မီးခိုးရောင်ခြင်ကြီး၏ အာရုံထဲတွင် အနီရင့်ရောင် ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရခြင်းဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်ပြီး လှစ်ခနဲ ဖြတ်ပြေးသွားခြင်း ဖြစ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏ ကြွက်ပုံသဏ္ဍာန် ခန္ဓာကိုယ်ကြီးအား လှမ်းမြင်လိုက်ရဆဲပင်။

၎င်းမှာ ငရဲမီးကြွက်ပင် ဖြစ်သည်။

” တွေ့ပြီဟေ့ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ကျေနပ်အားရနေသည့် အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ခြင်များအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်သွားသဖြင့် သူ၏ အမြင်အာရုံမှာလည်း ကျယ်ပြန့်သွား၏။ ထို့ကြောင့် သူသည် ခပ်လှမ်းလှမ်းတွင် အဝေးသို့ ထွက်ပြေးသွားသည့် ငရဲမီးကြွက်ကြီး‌တစ်ကောင်ကို ချက်ချင်းပင် လှမ်းမြင်လိုက်ရတော့သည်။

ထိုငရဲမီးကြွက်ကြီးမှာ အန္တရာယ်များကို အာရုံခံနိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ အရောင်လက်သွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလိုက်၏။ ထို့နောက် သူ၏ ခြင်များကို ထိန်းချုပ်ကာ ထိုသားရဲကြီးအား တားဆီးနိုင်ရန် ကြိုးပမ်းလိုက်၏။ ငရဲမီးကြွက်ကြီးမှာ မည်မျှပင် ရုန်းကန်နေစေကာမူ အချည်းနှီးပင်။ ဝမ်ပေါင်လဲ့မှာ အမြင်အာရုံ အလုံအလောက်ရှိနေသည့်အပြင် သူ၏ အမြုတေအဆင့် အပြင်ခန္ဓာကိုယ်မှ ပေးစွမ်းသော အမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် ခဏအကြာတွင် ၎င်းမှာ ခြင်များ၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် အသံကုန်အော်ဟစ်လိုက်တော့သည်။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ၎င်း၏အနားသို့ ရောက်မလာနိုင်ခင်မှာပင် မီးခိုးရောင်ခြင်ကြီးမှာ ရှေ့သို့ပျံထွက်သွားပြီး ၎င်း၏ ဦးခေါင်းခွံအား ထိုးဖောက်လိုက််၏။ ထိုအခါ ထိုငရဲမီးကြွက်ကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ ရောက်ရှိလာပြီး သူ၏ ညာဘက်လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သလင်းကျောက်တစ်လုံးနှင့်တူသော အနီရင့်ရောင် သားရဲအမြုတေတစ်ခုမှာ ထိုငရဲမီးကြွက်ကြီး၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး ဝမ်ပေါင်လဲ့၏ လက်ဖဝါးပေါ်သို့ ရောက်ရှိလာ၏။

” ရပြီကွ ” ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွား၏။ သူသည် ထိုသားရဲအမြုတေအား စစ်ဆေးကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် မမလေး၏ ပျာယာခတ်နေသော စကားသံတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

” ပေါင်လဲ့။ အောက်ကိုဆက်သွားလိုက်။ ငါ မျက်နှာဖုံး အပိုင်းအစတစ်ခုရဲ့ အငွေ့အသက်တွေကို အာရုံခံမိနေလို့ “

Comment

Leave a Reply

Options

not work with dark mode
Reset