” မလောက်လေးမလောက်စား အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကများ ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့။ ဒီ လျန်လုံဆိုတဲ့ကောင်က ငါနဲ့ယှဉ်လိုက်ရင် ဘာအဆင့်မှမရှိပါဘူး ” ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားစွာ တွေးလိုက်၏။ သူ၏ တိုက်ကွက်ကြီးမှာ လျန်လုံအား အပြတ်အသတ် အနိုင်ယူလိုက်သည် မဟုတ်ပါလော။ သူ နှလုံးအမြုတေတစ်ခု ဖန်တီးနိုင်ခဲ့ပြီးနောက် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိုးတက်သွားခဲ့သည်ဖြစ်သည်။ ထို့အပြင် သူသည် လျှပ်စီးအမြုတေနှင့် အမှောင်အမြုတေတို့ကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။
ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ကို လေ့ကျင့်ထားသောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပို၍ တည်ငြိမ်လာပြီ ဖြစ်သည်။ ထို့ကြောင့် သူ တိုက်ခိုက်လိုက်သည့် အချိန်တိုင်း ကောင်းကင်ပေါ်မှ လျှပ်စီးတန်းများ ကျဆင်းလာသောကြောင့် လျန်လုံမှာ လုံးဝနီးပါး ခုခံတွန်းလှန်နိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာသွားရပြီး သူ၏ တိုက်ကွက်အများစုကို ထုတ်မသုံးနိုင်ဘဲ ဖြစ်နေရ၏။
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ ရှေ့သို့ပြေးလာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တစ်စစီ ဆုတ်ဖြဲဖြစ်တော့မည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် လျန်လုံမှာ ကြောက်ဒူးများတုန်လာရပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အခိုက်အတန့်တစ်ခုထဲ၌ ပိတ်မိနေသလို ခံစားနေရသောကြောင့် မျက်လုံးများ နီမြန်းလာရတော့သည်။ သူသည် နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားရင်း သူ၏လည်ပင်း၌ ဆွဲထားပြီး အင်္ကျီအောက်၌ ဖုံးထားသော ကျောက်စိမ်းလည်ဆွဲတစ်ခုကို ဆွဲထုတ်ကာ ဖိလိုက်၏။
” မင်းဆီမှာ ဓမ္မလက်နက်တွေ ရှိတယ်ပေါ့။ အေး ငါ့ဆီမှာလည်း ရှိတယ်ကွ ”
ထိုကျောက်စိမ်းလည်ဆွဲလေးမှာ ချက်ချင်းဆိုသလိုပင် စတင်တောက်ပလာတော့သည်။ ထို့နောက် ၎င်းမှာ ဧရာမလိပ်ခွံကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး လျန်လုံအား လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့၏ အော်လံကြီးဆီမှ ထွက်ပေါ်လာသော အသံလှိုင်းများ ရောက်ရှိလာချိန်တွင် ထိုလိပ်ခွံကြီး ပေါ်ပေါက်လာသောကြောင့် ၎င်းတို့မှာ ထိုလိပ်ခွံကြီးအား အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားကြတော့သည်။
ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သော မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထို့နောက် ထို အသံလှိုင်းတိုက်ကွက်၏ ပြင်းအားများ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် မြေပြင်ကြီးမှာ နေရာအနှံ့အပြားတွင် ဟက်တက်ကွဲသွားရတော့သည်။ သို့သော် လျန်လုံအား ကာကွယ်ပေးနေသည့် လိပ်ခွံလေးမှာမူ အနည်းငယ်မျှသာ ပွန်းပဲ့သွားပြီး ချက်ချင်းဆိုသလိုပင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွား၏။
မည်သူမှ သတိမထားမိနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ အသံလှိုင်းတိုက်ကွက်ကြီး ပြီးဆုံးသွားပြီးနောက် လျှပ်စီးတန်းများမှာ ချက်ချင်းဆိုသလို ရောက်ရှိလာတော့သည်။ ၎င်းတို့မှာ လိပ်ခွံလေးအား ရိုက်ခတ်သွားကြပါသော်လည်း ၎င်းမှာ အနည်းငယ်မျှသာ ချိုင့်ဝင်သွား၏။ ထို့ကြောင့် ထိုလျှပ်စီးတန်းများမှာ ထိုလိပ်ခွံလေးအား ဖျက်ဆီးနိုင်မည့်ပုံ မပေါ်ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့လှမ်းလာပြီး သူ၏ညာဘက်ခြေထောက်ကို မြှောက်ကာ လိပ်ခွံလေးအား ကန်ကျောက်လိုက်တော့သည်။ ထိုအခါ ထို လိပ်ခွံလေးပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်း ချက်ချင်းဆိုသလိုပင်ပေါ်ပေါက်လာ၏။
သို့သော် ထိုအက်ကွဲကြောင်းလေးမှာလည်း သူ၏ရှေ့တွင် ချက်ချင်းဆိုသလိုပင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြန်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ နောက်သို့ဆုတ်ခွာသွားလိုက်၏။ ထိုအခါမှသာ လျန်လုံမှာ အနားယူချိန် ရသွား၏။ သူသည် မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ညာဘက်ခြေထောက်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူသည် စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို တုန်လှုပ်ချောက်ချားသွားရတော့သည်။ ဤ ရတနာလိပ်ခွံလေးမှာ မည်မျှအထိ အဖိုးတန်ကြောင်းကို သူက သိပေသည်။ ၎င်းမှာ သူ၏ဆရာ ပေးထားသည့် ကာကွယ်ရေး ဓမ္မရတနာတစ်ခုဖြစ်ပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ တိုက်ကွက်ကိုပင် ခုခံနိုင်စွမ်းရှိပေသည်။ သို့ဖြစ်ရာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ၎င်းအား ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်မည် မဟုတ်ပေ။
သူသည် အခြားသူများနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကသာမက ဓားကြီး၏ ကိုယ်ထည်အပိုင်းထဲ၌ တာဝန်များ ထမ်းဆောင်ခဲ့စဉ်တုန်းကလည်း ထိုလိပ်ခွံလေး၏ အစွမ်းကို ကြိမ်ဖန်များစွာ စမ်းသပ်ထားပြီးသား ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ကန်ချက်ကြောင့် သူ၏ လိပ်ခွံလေးမှာ ကွဲအက်သွားခဲ့ရသည် မဟုတ်ပါလော။ ၎င်းမှာ ချက်ချင်းဆိုသလို အကောင်းအတိုင်း ပြန်ဖြစ်သွားသည့်တိုင်အောင် သူသည် ကြောက်ရွံ့တုန်လှုပ်သွားရဆဲပင်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ပစ်မှတ်ထားတိုက်ခိုက်နေသည့် နေရာကို သိလိုက်ရသဖြင့် ကြက်သီးမွေးညင်းများ ထသွားတော့သည်။
” ရွံဖို့ကောင်းတဲ့ကောင် ”
လျန်လုံမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်ချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည် ရှေ့သို့ ထပ်၍ ပြေးထွက်လာပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ယခင်ကထက်ပင် ပို၍လျင်မြန်နေသောကြောင့် လျန်လုံမှာ တုံ့ပြန်ချိန် မရလိုက်ပေ။ သူသည် လျန်လုံ၏ အနီးသို့ ချဥ်းကပ်သွားလိုက်ပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ နောက်ထပ်တိုက်ကွက်တစ်ကွက် ထုတ်သုံးလိုက်ပြန်သည်။
ထိုတိုက်ကွက်မှာ လက်သီးတစ်ချက်တည်း မဟုတ်ဘဲ လက်သီးအချက်ရေပေါင်း မြောက်မြားစွာကို ဆက်တိုက် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ လေမုန်တိုင်းကြီး တစ်ခုကဲ့သို့ လျန်လုံ၏ လိပ်ခွံလေးအား အဆက်မပြတ် ထိုးနှက်နေတော့သည်။ သူသည် သူ၏ အမြုတေသုံးခုစလုံး၏ အစွမ်းကို တစ်ပြိုင်နက်တည်း ထုတ်သုံးနေသည့်တိုင်အောင် လိပ်ခွံလေးပေါ်၌ အက်ကွဲကြောင်း အနည်းငယ်မျှသာ ထပ်၍ ပေါ်ပေါက်လာ၏။
လျန်လုံမှာလည်း အခြေအနေကောင်းနေသည်တော့ မဟုတ်ပေ။ လိပ်ခွံလေးမှာ ထိုတိုက်ကွက်များကို ခုခံနိုင်စွမ်းရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ လက်သီးချက်များနှင့် ကန်ချက်များကြောင့် တုန်ရီနေရဆဲပင်။ ထို့အပြင် ထိုတုန်ခါမှုလှိုင်းများမှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ပေါ်ပေါက်လာသည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ လက်သီးချက် အချက်ရေပေါင်း တစ်ရာကျော်ကို အဆက်မပြတ် ထုတ်လွှတ်ခဲ့သည့်အပြင် ဆယ်ကြိမ်ထက်မနည်း ကန်ကျောက်ခဲ့၏။ ထို့ကြောင့် ၎င်းတို့၏ ရိုက်ခတ်များမှတစ်ဆင့် ပေါ်ပေါက်လာသည့် တုန်ခါမှုလှိုင်းများကြောင့် လျန်လုံမှာ သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားနေရသဖြင့် အလွန်အင်မတန်မှ နေမထိထိုင်မသာ ဖြစ်နေရတော့သည်။
လျန်လုံမှာ ထိုးနှက်ကန်ကျောက်ခံနေရသည့်တိုင်အောင် ပြန်၍ တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရသောကြောင့် ရူးသွပ်လုမတတ် ဖြစ်နေရ၏။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် သူသည် သူ၏ ဇီဝိန်ချုပ်တိုက်ကွက်ကို ထုတ်သုံးရန် တွေးမိလိုက်ပါသော်လည်း သူ၏ ဆန္ဒများကို ပြန်လည်ချုပ်တည်းလိုက်၏။
” ငါ့ဘက်က မတိုက်ခိုက်ခင် သူ ခြေကုန်လက်ပန်းကျသွားတာကို စောင့်မှဖြစ်မယ်။ ဒီ လိပ်ခွံလေးကို အသုံးပြုပြီးတော့ သူ အားကုန်သွားအောင် လုပ်ရမယ် ”
လျန်လုံမှာ ထိုသို့နှလုံးသွင်းကာ အံကြိတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည် လိပ်ခွံလေးအား ခြေမွှဖျက်ဆီးနိုင်စွမ်းမရှိဘဲ ဖြစ်နေရသောကြောင့် ခေါင်းခဲနေရ၏။
” ငါ ဒီလိုအဖြစ်မျိုးနဲ့ အရင်တုန်းက ကြုံဖူးပါတယ်…” ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ထိုးနှက်ရန်ပြင်လိုက်စဉ် သူ ဝိညာဉ်အမြစ်ရွာထဲတွင် ရှိနေခဲ့စဉ်တုန်းက ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူသည့် ဖြစ်ရပ်ကြီးတစ်ခုနှင့် ကြုံခဲ့ဖူးသည်ကို ပြန်၍ သတိရသွား၏။ ထိုစဉ်တုန်းက သူသည် သူ၏ ပြိုင်ဘက်အား အပြင်သို့ထွက်မရအောင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
” အဲ့လိုပဲ လုပ်ရတာပေါ့။ မင်းက တကယ်ပဲ ငါမင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလားကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်မရှည်တော့ပေ။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို နောက်သို့ဆုတ်ခွာသွားလိုက်ပြီး သူ၏ ညာဘက်လက်အားမြှောက်လိုက်၏။ ထိုအခါ မန္တန်အလင်းရောင်တစ်ခုမှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
ထိုအချိန်တွင် လျန်လုံမှာလည်း ဝမ်ပေါင်လဲ့ နောက်သို့ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွား၏။ သူသည် ဤအချိန်သို့ ရောက်လာရန် စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ သူ၏လျှာထိပ်ကို ကိုက်လိုက်ပြီး သွေးများထွေးထုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲသို့ လှမ်း၍ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူ ထွေးထုတ်ထားသည့် သွေးများမှာ သွေးဓားတစ်လက်အသွင် ပြောင်းလဲသွားပြီး သူ၏ လက်ထဲ၌ ပေါ်ပေါက်လာတော့သည်။ သူသည် ထိုဓားကို အသုံးပြု၍ တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင် ဝမ်ပေါင်လဲ့၏ လက်ထဲတွင်ရှိနေသော အလင်းရောင်ထဲမှ ခေါင်းလောင်းလေးတစ်လုံး၏ ထိပ်ပိုင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်စွာ အရွယ်အစား ကြီးမားလာသဖြင့် တစ်ခဏလေးအတွင်းတွင် ဧရာမခေါင်းလောင်းကြီးတစ်လုံး အဖြစ်သို့ ရောက်ရှိသွား၏။ ၎င်းမှာ သုံးမီတာကျော် အမြင့်ရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ထိုခေါင်းလောင်းကြီးမှာ ဧရာမ အော်လံကြီးထက်ပင် အရည်အသွေး ပို၍ ကောင်းမွန်နေပြီး အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုနှင့် တူနေ၏။ ထို ဧရာမခေါင်းလောင်းကြီးပေါ်တွင် အနီရောင် စပါးအုံးမွေကြီးတစ်ကောင် ရှိနေပြီး ၎င်းမှာ အသက်ဝင်လာပြီးနောက် အော်ဟစ်မြည်တမ်းနေတော့သည်။ ထို စပါးအုံးမြွေကြီးမှာ ထို ဧရာမခေါင်းလောင်းကြီးထဲတွင် ရှိနေသော နတ်ဘုရားစိတ်ဆန္ဒ အကြွင်းအကျန်များပင် ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များ ဆက်တိုက် ဖော်လိုက်၏။ ထိုအခါ လျန်လုံ၏ သွေးဓားကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထိုခေါင်းလောင်းကြီးမှာ လျန်လုံ၏ ဦးခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာတော့သည်။ ထို့နောက် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုခေါင်းလောင်းကြီးမှာ လျန်လုံနှင့် သူ၏ လိပ်ခွံလေးတို့အား အချုပ်အနှောင်ကြီး တစ်ခုထဲ၌ ပိတ်လှောင်ထားလိုက်တော့သည်။
လျန်လုံ၏ သွေးဓားကြီးမှာ ထိုခေါင်းလောင်းကြီးအား ခုတ်ထစ်မိသွားသောကြောင့် ထိုခေါင်းလောင်းကြီးမှာ တုန်ရီသွားရပြီး ကမ္ဘာမြေကြီးကို ပင်တုန်ရီသွားစေနိုင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ လျန်လုံမှာလည်း ထို အသံလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ခေါင်းလောင်းကြီးထဲတွင် ဇောက်ထိုးမိုးမျှော် ဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် အော်ဟစ်မြည်တမ်းလိုက်ရပြီး ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ ထို့နောက် သူသည် သူ့ကိုယ်သူ မချုပ်တည်းနိုင်လောက်အောင် အမျက်ချောင်းချောင်း ထွက်သွားရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏ အော်သံကြီးကြောင့် ခေါင်းလောင်းကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်ရီလာရပြန်သည်။ ထို့ကြောင့် လျန်လုံမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး ရူးသွပ်လုမတတ် ခံစားလိုက်ရ၏။ သို့သော် သူသည် ဘာမှ မတတ်နိုင်ပေ။ သူ၏ သွေးဓားကြီးမှာ အစွမ်းထက်ပါသော်လည်း ထိုခေါင်းလောင်းကြီးအား ဓားချက် တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။ သူသည် ကြိမ်ဖန်များစွာ တိုက်ခိုက်ရမည်ဖြစ်သည်။
ထိုသို့ တိုက်ခိုက်လိုက်တိုင်း ထွက်ပေါ်လာမည့် အသံလှိုင်းများမှာ သူ့အား အဆက်မပြတ် ရိုက်ခတ်နေမည် မဟုတ်ပါလော။ ထို့အပြင် သူသည် လိပ်ခွံလေးအား အသုံးပြုရန် ဝိညာဉ်ချီအများကြီး လိုအပ်သည်ဖြစ်ရာ ၎င်းအား အချိန်အကြာကြီး အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လျန်လုံမှာ မခံမရပ်နိုင်လောက်အောင် ဖြစ်လာရတော့သည်။ သူသည် မတတ်သာသည့်အဆုံး အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင် သူ၏မျက်နှာပေါ်၌ အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်သွား၏။
” ဒီအဆောင်ပစ္စည်းက ဝိညာဉ်ချီတွေကို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေတာပါလား ” သူသည် ခေါင်းလောင်းကြီး၏ အပြင်ဘက်တွင်ရှိနေသော ဝိညာဉ်ချီများနှင့် အဆက်အသွယ် ပြတ်သွားပြီဖြစ်ကြောင်း ချက်ချင်းဆိုသလိုပင် အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ဝိညာဉ်ချီများကို စုပ်ယူနိုင်စွမ်း မရှိတော့သဖြင့် သူ၏ ဝိညာဉ်ချီများကိုလည်း ပြန်လည်ဖြည့်တင်းနိုင်စွမ်း မရှိတော့ပေ။
ထို့ကြောင့် မခံမရပ်နိုင်ဖြစ်နေရသော လျန်လုံတစ်ယောက်မှာ အသိစိတ်ပျောက်လုမတတ် အမျက်ချောင်းချောင်း ထွက်လာရတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းလောင်းကြီး၏ အပြင်ဘက်၌ မတ်တတ်ရပ်နေ၏။ သူသည် ထိုခေါင်းလောင်းကြီးအား တစ်ချက်လှမ်းကြီးလိုက်ပြီးနောက် နှာမှုတ်လိုက်သည်။ ထိုခေါင်းလောင်းကြီးမှာ တစ်ကြိမ်သာ အသုံးပြု၍ ရသည်ဖြစ်ပြီး အချိန်ကြာကြာ မခံပါသော်လည်း ဝမ်ပေါင်လဲ့မှာ ယခုလို အသုံးပြုလိုက်ရသဖြင့် အရှုံးမရှိကြောင်း မှတ်ယူထား၏။ သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ နတ်ဘုရားစိတ်ဆန္ဒ မြောက်မြားစွာကို ဖမ်းဆီးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ့ဆီတွင် ကုန်ကြမ်းပစ္စည်း အလုံအလောက်ရှိနေသရွေ့ နောက်ထပ် ခေါင်းလောင်းကြီးတစ်လုံးကို အလွယ်တကူ ဖန်တီးသန့်စင်နိုင်မည်သာ ဖြစ်သည်။
” မင်းဆီမှာ လိပ်ခွံလေး ရှိတယ်မလားကွ။ အဲ့လောက်တောင် တတ်နေတာ ငါက မင်းကို ထပ်ပြီးတော့ ကူညီပေးရတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး မောက်မာဝင့်ကြွားစွာ မေးငေါ့လိုက်၏။ ထို့နောက် သူသည် ထိုခေါင်းလောင်းကြီးအား အချက်ရေအနည်းငယ်ခန့် ထပ်၍ ကန်ကျောက်လိုက်သဖြင့် ပဲ့တင်ထပ်သံကြီးများ ထပ်၍ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် ၎င်းအား မေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်ပြီး နောက်သို့လှည့်ကာ ကျိုးပျောင်နှင့် သူ၏ပတ်ပတ်လည်မှ လူများကို ကြည့်လိုက်၏။ သူတို့မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေကြတော့သည်။
” ဒီကျွန်းပေါ်က ဂူဗိမာန်ကို သန့်ရှင်းရေး လုပ်ပြီးပြီလား။ တစ်ယောက်ယောက်လောက် ရှေ့ကနေ လမ်းပြကြဦး ” ဝမ်ပေါင်လဲ့က တည်ကြည်စွာ အမိန့်ပေးလိုက်၏။ ထိုအခါ ကျိုးပျောင်နှင့် အခြားသူများမှာ အသက်ရှူသံများ မြန််ဆန်လာကြတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား ဂါရဝပြုလိုက်ကြပြီးနောက် သူ့အား သူ၏ ဂူဗိမာန်ဆီသို့ တရိုတသေ ခေါ်ဆောင်သွားလိုက်တော့သည်။
သူ၏ ဂူဗိမာန်မှာ ပင်မတောင်ကြီး၏ တောင်ထိပ်တွင်ရှိနေ၏။ ထို တောင်ထိပ်ပေါ်မှနေ၍ မီးပင်လယ်ကြီးအား လှမ်းကြည့်နိုင်ပေသည်။ ၎င်းမှာ ထိုကျွန်းပေါ်တွင် ဝိညာဉ်ချီသိပ်သည်းမှုအများဆုံး နေရာလည်း ဖြစ်သည်။ ထို့အပြင် ဂူဗိမာန်ထဲတွင် ဝိညာဉ်ရေကန်တစ်ကန်လည်း ရှိနေသေးသည်။
နေ့စဉ်အသုံးအဆောင်ပစ္စည်းများမှာလည်း အစုံအလင်ရှိနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဂူဗိမာန်ထဲသို့ ဝင်ရောက်စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေနပ်အားရမှုအပြည့်ဖြင့် ပြုံးလိုက်၏။
ကျိုးပျောင်နှင့် အပေါင်းအပါများမှာ အစတုန်းက ထိုဂူဗိမာန်အား လျန်လုံအတွက် လက်ဆောင်ပေးရန် ကြံရွယ်ထားကြသည်ဖြစ်သည်။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသောကြောင့် သူ့အား အပြစ်မလုပ်ရဲတော့ပေ။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား ဂူဗိမာန်ထဲသို့ အရောက်ပို့ပြီးသွားသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်ကြတော့သည်။ ထို့နောင် သူတို့မှာ ကြိတ်မှိတ်သည်းခံနေရသည့် အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေလိုက်ကြတော့သည်။
” ငါတို့လည်း ဘာမှမှ မတတ်နိုင်ပဲ။ သူ့ကို အပြစ်လုပ်မိလို့တော့ မဖြစ်ဘူး။ အခုကစပြီး ဆင်ဆင်ခြင်ခြင် နေကြတာပေါ့ကွာ ” ကျိုးပျောင်မှာ သက်ပြင်းချကာ သူ၏ မိတ်ဆွေကျင့်ကြံသူများအား မှာကြားလိုက်၏။ ထိုအခါ သူတို့ထဲမှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် တိုးတိုးလေးမေးလိုက်၏။
” ဂိုဏ်းတူအစ်ကိုကျိုး။ ဆရာဦးလေးလျန်ကို ဘယ်လိုလုပ်ကြမှာတုံးဗျ ”
” သူ့ကိုလည်း ငါတို့ ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒီကိစ္စကြီးထဲ ဝင်ပါလို့ မဖြစ်ဘူးကွ။ နိုင်ငံခြားရေးဌာနက ဌာနမှူးလီတောင် ဘာမှမလုပ်ဘဲ လျှော်သွားတာ မင်းတို့မမြင်ဘူးလား ” ကျိုးပျောင်မှာ တစ်ခဏမျှ စဉ်းစားတွေးတော့လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ထိုးနှက်ကန်ကျောက်နေသည့် ကြောက်မက်ဖွယ်ရာ ပုံရိပ်ကြီးမှာ သူ၏အသိစိတ်ထဲ၌ ပြန်ပေါ်လာသောကြောင့် အသားများတုန်ရီသွားရပြီး ပခုံးတွန့်ပြလိုက်ရ၏။
ထိုသို့ဖြင့် သူတို့အားလုံးမှာ လူစုခွဲသွားကြတော့သည်။ ပြည်သူ့ရင်ပြင်ထဲတွင်မူ ဧရာမ ခေါင်းလောင်းကြီးတစ်လုံးသာ ကျန်ရစ်ခဲ့ပြီး ထိုခေါင်းလောင်းကြီးထဲမှ လျန်လုံ၏ မခံမရပ်နိုင်ဖြစ်နေသော အော်ဟစ်မြည်တမ်းသံများ မကြာခဏဆိုသလို ထွက်ပေါ်လာသည်ကို ကြားနိုင်ပေသည်။