Switch Mode

အပိုင်း(၈၉၃)

လမြွေနဂါးကို ချိပ်ပိတ်ခြင်း…

သွေးနတ်ဘုရားသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်ကို သွေးမြူခုအဖြစ်သို့ ပြောင်းလဲကာ သူ့နောက်မှာ နတ်ဆိုးအရိပ်နှင့်အတူ သွေးလွတ်မြောက်ခြင်းကို အသုံးပြုလိုက်၏။

အပြင်ဘက်တွင်မူ လမြွေနဂါးထံမှ လက်တံများအားလုံးသည် မရေမတွက်နိုင်သော လမြွေနဂါးငယ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ထိုအဖြစ်က အနီးအနားရှိ မွန်းစတားအိုကြီးများကို ပင့်သက်ရှိုက်မိသွားစေသည်။

အရှင်မီးတောက်၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ချက်ခြင်းလိုလို သည်ဧရိယာကို ဝန်းရံလာတော့၏။တစ်ချိန်တည်းမှာပင် အရှင်မီးတောက်သည် မာန်သွင်းလိုက်ရာ ဆန်းကြယ်သောအားလှိုင်းများ ပျံ့နှံ့လာတော့သည်။

အစိတ်အပိုင်းတစ်ခုချင်းစီသည် စွမ်းအားနှင့် ပြည့်နေသည်။အစိတ်အပိုင်းများသည် လမြွေနဂါးကို ဝန်းရံကာ မြန်ဆန်စွာ လှည့်ပတ်ရင်း ဝဲကတော့ကြီးတစ်ခုကို ဖြစ်စေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက သူ့အင်္ကျီလက်အိုးကို လှုပ်ခါကာ ရှစ်မြောင့်အစီအရင်ကြီးကို ပျက်စီးစေ၏။၎င်းအစီအရင်ကြီးက မရေမတွက်နိုင်သော အစီအရင်ငယ်များအဖြစ်သို့ ပြောင်းကာ တစ်ခုချင်းစီသည် လမြွေနဂါးကြီးကို ပိတ်လှောင်သည်။ထို့နောက် အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် အထက်သို့ ပျံသန်းရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သည့်နောက် သူ့စိတ်ကို အစီအရင်တစ်ခုချင်းစီထံသို့ ခွဲခြမ်းကာ ပို့လွှတ်တော့သည်။

လူငယ်လေး လေးယောက်ကလည်း လမြွေနဂါးကို တင်းကြပ်စွာ ဝန်းရံလှည့်ပတ်နေသည်။ သူတို့က အနီရောင်အမြုတေကို သုံးကာ လမြွေနဂါး၏လမ်းကြောင်းကို ဆက်တိုက် ချိပ်ပိတ်နေသည်။

လီယွမ်ဇီ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ငွေရောင်ဓားကို ကိုင်ဆောင်ထားရင်း သူက အတားအဆီးများကို ဖြတ်ကျော်ကာ မရေမတွက်နိုင်သော လမြွေနဂါးငယ်များနှင့် နီးကပ်လာသည်။ ငွေရောင်အလင်းများ တလက်လက် ဖြစ်ပေါ်သွားတိုင်း သူက တိုက်ခိုက်မှု ထုတ်ဖော်ပြီး ဖြစ်နေသည်။

သို့သော်လည်း မည်သည့်တိုက်ခိုက်မှုကမှ ဒေါမာန်ထနေသည့် လမြွေနဂါးကြီး ဖန်တီးထားသော ရှေးဟောင်းနတ်ဘုရားလက်ချောင်း အပေါ်၌ သက်ရောက်ခြင်း မရှိပေ။မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်ချောင်းများက သိပ်သည်းကာ နေရာတိုင်းသို့ ရောက်ရှိ နေတော့သည်။

ဘုန်း…ဘုန်း…ဘုန်း…မိုးကြိုးတုန်ဟီးသံတို့က ပဲ့တင်ထပ်ကုန်၏။လမြွေနဂါးကြီး ဖန်တီးထားသော ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် လူငယ်လေးလေးယောက်၏ အတားအဆီးပေါ်သို့ ကျရောက်လာချေသည်။

သူတို့ထဲမှ တစ်ယောက်၏မျက်နှာသည် ချက်ခြင်း ဖြူရောကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့နှဖူးထက်ရှိ အနီရောင်အမြုတေပေါ်၌လည်း အက်ကွဲကြောင်းများ ပေါ်လာရင်း အနီရောင်မြူထုတစ်ခုသည် မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။

တစ်ချိန်တည်းမှာပင် ထိုလူငယ်လေး၏ မျက်နှာချင်းဆိုင်ရှိ အခြားတစ်ယောက်၏ မျက်နှာသည်လည်း ဖြူရောသွားပေသည်။သူ့ခန္ဓာကိုယ်က အားနည်းသွားခဲ့လေပြီ။ သို့သော်လည်း သူ့ဦးခေါင်းထက်၌ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာရင်း အနီရောင်အမြုတွေထံသို့ တိုးဝင်သည်။

ထိုအနီရောင်အလင်း လူငယ်လေး၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အခါ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားလေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက မရေမတွက်နိုင်သော ရှစ်မြှောင့်အစီအရင်များကို ဖန်တီးနေ၏။သို့သော် ၎င်းတို့အားလုံးသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်း ဖိအား အောက်တွင် ပျက်စီးသွားရသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာရ၏။

အရှင်မီးတောက်၏မျက်လုံးသည် ချင်းချင်းနီနေသည်။သူက မာန်သွင်းကာ ကောင်းကင်ဘုံနယ်မြေ၏အစိတ်အပိုင်းများကို ချဲ့ထွက်စေသည်။

ဖျပ်ခနဲပင် လမြွေနဂါးငယ်များသည် ထိုအစိတ်အပိုင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်အလား ထင်ရသည်။ အစိတ်အပိုင်းတစ်ခုချင်းစီသည်လည်း မိုးကြိုများနှင့် ချိတ်ဆက်နေကာ လမြွေနဂါးကို အတွင်းထဲ၌ ပိတ်လှောင်မည့်ပုံ ရသည်။

ဤအခိုက်အတန့်တွင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးသည် တုန်ခါနေကာ ၎င်း၏ ဟင်းလင်းပြင်ပင် ပျက်စီးတော့မလား ဖြစ်လာသည်။

“ရောင်းရင်းကျင့်ကြံသူတို့… ဒီသားရဲကို ချိပ်ပိတ်ဖို့ ငါ့ကို ကူညီကြပါ…” အရှင်မီးတောက်၏အသံသည် မိုးခြိမ်းသံအလား။ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ထားရင်း သူ့မျက်နှာပေါ်ရှိ သွေးကြောများသည် ဖောင်းကြွလာသည်။သူက သူ့စွမ်းအား အားလုံးကို အစွမ်းကုန် အသုံးပြုနေသည့်အလား ထင်မှတ်ရသည်။

မူလသို့ ပြန်ခြင်း အငွေ့အသက်သည် အရှင်မီးတောက်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။၎င်းက အရိပ်အယောင်မျှသာ ဖြစ်သော်လည်း လမြွေနဂါးကို ထိတ်လန့်သွားစေပေသည်။

၎င်းက လွန်ခဲ့သော ကြာမြင့်လှသည့် အချိန်များက သူ့အား အလွန်ကြောက်ရွှံ့စေခဲ့သည့်အသံကို ပြန်အမှတ်ရသွားပေသည်။ထိုအသံထဲ၌လည်း ယခုလို အော်ရာမျိုး ပါဝင်နေခဲ့သည် မဟုတ်ပါလား။သို့သော် ၎င်းအသံ၏အော်ရာက ပို၍ အားကောင်းလွန်းခဲ့ပေသည်။

လမြွေနဂါးသည် ထိုအော်ရာမျိုးကို အရှင်မီးတောက်ထံကနေ အခု ခံစားမိပြန်၏။

ထိုအခါ ၎င်း၏ခန္ဓာကိုယ်ကနေ ကြမ်းကြုတ်သော ဟိန်းသံများ ထွက်ပေါ်လာ၏။ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် အရူးအမူး လှုပ်ရှားလာကာ ပါးစပ်ထဲကနေလည်း ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာသည်။လမြွေနဂါးငယ်များ၏ ရှေးဟောင်းနတ်ဘုရားလက်ချောင်းအားလုံးသည် သူ့ပင်မခန္ဓာကိုယ် ရှေ့၌ စတင် စုစည်းလာတော့သည်။

မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်ချောင်းများသည် စုစည်းပေါင်းစပ်သွားကြ၏။

ထိုအခါ လမြွေနဂါးကြီး၏ရှေ့၌ အထည်ဒြပ်ရှိသော ကြမ်းတမ်းလှသည့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတစ်ခု ပေါ်လာတော့သည်။

ထိုလက်ချောင်းက ဟိန်းမြည်သံနှင့်အတူ ဖိနှိပ်ကျလာသည်။

လမြွေနဂါးကြီး၏ ရှေ့ရှိ လူငယ်လေးသုံးယေက်သည် ထိုအားကို တောင့်ခံနိုင်စွမ်း မရှိကြတော့ပေ။သူတို့၏ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်ကုန်ကြသည်။သူတို့ဦးခေါင်းထက်ရှိ အနီရောင်အမြုတေများပါ ကွဲကြေသွားရကာ အနီရောင်မြူထုကြီးတစ်ခုအဖြစ် ဖန်တီးသွားသည်။

အတားအဆီး ပျောက်ကွယ်သွားသည်နှင့် လမြွေနဂါးငယ်များစွာသည် တဟုန်ထိုး ထိုးထွက်လာကြသည်။ ရှန်ကုန်းမိသားစုဘိုးဘေးသည် ရှေ့သို့ ခြေလှမ်းလာ၏။သူ့ခန္ဓာကိုယ်သည် မိုးကြိုးတို့နှင့် ပြည့်နေသည်။ မိုးကြိုးနဂါးများစွာသည် လမြွေနဂါးငယ်များအား တားဆီးရန် ထွက်ပေါ်လာကြ၏။

မြောက်ပိုင်းနယ်မြေကြီးတစ်ခုလုံးသည် တုန်ဟီး တုန်လှုပ်နေတော့သည်။တိုက်ပွဲဧရိယာအတွင်းရှိ ဟင်းလင်းပြင်ပင် စတင် ပျက်စီးလာသည်။ ကီလိုမီတာ ငါးထောင်အကွာမှ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ၏ အတားအဆီးအပေါ်သို့ပါ သက်ရောက်မှု ရှိလာသည်။

တစ်ချိန်တည်းမှာပင် ငါးရောင်စုံတာအိုပညာရှင်ကြောင့် ဖြစ်ပေါ်လာသည် တစ္ဆေသည် တဟုန်ထိုး ထွက်ပေါ်လာကာ လမြွေနဂါးကို တိုက်ခိုက်တော့၏။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူက ငါးရောင်စုံတာအိုပညာရှင်၏ နောက်တွင် ကပ်၍ ပါလာ၏။သူက သိမ်းငှက်နက်ကြီးအဖြစ်သို့ ပြောင်းကာ သူ့ပါးစပ်ထဲကနေ ခေါင်းလောင်းတစ်ခုအား ထွေးထုတ်လာ၏။ထိုခေါင်းလောင်းသည် ပုံရိပ်ယောင် ဖြစ်ကာ သိမ်းငှက်ကြီးကို ခြုံလွှမ်းထားသည်။သိမ်းငှက်ကြီး ထိုးထွက်လာသည်နှင့် ယင်းခေါင်းလောင်းသည် စတင် မြည်ဟီးလာသည်။

ထိုခေါင်းလောင်းသံထဲ၌ အလွန်ထူးဆန်းသောစွမ်အားတစ်ခု ပါဝင်နေ၏။၎င်းက ပဲ့တင်ထပ်လာသည်နှင့် ပြိုကျနေသော ဟင်းလင်းပြင်သည် ပိုဆိုးလာကာ လမြွေနဂါးကို နောက်သို့ တွန်းထုတ်တော့သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုအားလုံးသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ရှေ့၌ ချက်ခြင်း ပျက်စီးသွားရပေသည်။ထိုရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် အရင်ဆုံး ရင်ဆိုင်မိသည်က ကျန်းမိသားစုမှ လီယွမ်ဇီပင်။သူ့ငွေရောင်ဓားနှင့် လက်ချောင်းတို့ ထိဆုံသွားသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာရသည်။သူက သွေးအန်ထုတ်ကာ နောက်သို့ လွင့်စင်သွားရ၏။ သို့သော်လည်း ပေတစ်ရာလောက် နောက်သို့ လွင့်စင်ပြီးသည့်နောက် လီယွမ်ဇီ၏မျက်လုံးထဲတွင် ဒေါသနှင့် ပြည့်လာတော့သည်။သူက နောက်သို့ ဆက်မဆုတ်တော့ဘဲ ရှေ့သို့ တဟုန်ထိုး ထိုးတက်သည်။

သူ့ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားသည့်အတွက် သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်းကြောင့် မသေနိုင်ပေ။သို့သော် သူ့မူလစိတ်ဝိညာဉ်သည် ထိခိုက်သွားရ၏။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးလာ၏။အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် မာန်သွင်းကာ သွေးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းကာ အစီအရင်နှင့် ပေါင်းစပ်လိုက်သည်။ အနီရောင်ရှစ်မြှောင့်အစီအရင်သည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ချက်ခြင်းပင် ငါးရောင်စုံတာအိုပညာရှင်သည်လည်း နီးကပ်လာ၏။၎င်းက ရှေးဟောင်းနတ်ဘုရားနှင့် အနီးသို့ ရောက်သည့်အခါ အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းကာ လက်ချောင်းတစ်လျှောက် ပျော်ဝင်ကာ ဝါးမြိုပစ်ရန် တာဆူသည်။

ရှန်ကုန်းမိသားစုဘိုးဘေးကလည်း တုံ့ဆိုင်းမနေပေ။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။မရေမတွက်နိုင်သော မိုးကြိုးနဂါးများသည် ပေတစ်ရာ ထူထဲသည့် မိုးကြိုးတန်းအဖြစ်သို့ သိပ်သည်းသွားသည်။၎င်းက မျက်စိတစ်မှိတ်အတွင်း ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက် တွေ့သည်။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးကြောင့် ဖြစ်ပေါ်နေသည့် သိမ်းငှက်နက်ကြီးကလည်း မရပ်တန့်ပေ။လူတိုင်း၏ မန္တာန်များသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းနှင့် ထိပ်တိုက်တွေ့ကြသည်။သူက လက်ချောင်းနှင့် တွေ့ဆုံသည်နှင့် သိမ်းငှက်နက်အား ဝန်းရံထားသည့် ခေါင်းလောင်းသည် မြည်ဟီးသွားသည်။

မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ အထွတ်အထိပ်ရှိ လူငါးယောက် တိုက်ခိုက်မှု စွမ်းအားသည် ဂြိုဟ်တစ်ခုအား လွယ်လင့်တကူ ပျက်စီးသွားနိုင်သည်။၎င်းတိုက်ခိုက်မှုစွမ်းအားသည် မြောက်ပိုင်းနယ်မြေကိုပါ ပျက်စီးအောင် လုပ်နိုင်စွမ်း ရှိနိုင်၏။

ဤအခိုက်အတန့်၌ သူတို့၏မန္တာန်များသည် လေဟာနယ်ကို မုန်တိုင်းတစ်ခုလို ဖျက်စီးပစ်သည်။ထိုမုန်တိုင်းသည် အင်မတန် အားကောင်းလှကာ ကီလိုမီတာငါးထောင်အကွာရှိ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ၏ အမူအရာတို့ပင် ပြောင်းလဲသွားရသည်။အချို့ ပုံရိပ်ယောင်ယင်အဆင့်၌သာ ရှိသေးသော သူများ၏ မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ ပါးစပ်ထောင့်ကနေ သွေးများ ယိုစီးကျလာရသည်။

ထိုမုန်တိုင်းသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းနှင့် တိုက်ရိုက် တွေ့ဆုံတော့သည်။

ဘုန်း…။

မြောက်ပိုင်းနယ်မြေတစ်ခွင်တွင် တော်လဲသံ တစ်ခု မည်ဟီး ပဲ့တင်ထပ်သည်။လီယွမ်ဇီက သွေးများနှင့် စွန်းပေနေကာ သူ့ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်နေ၏။သူက နောက်သို့ လွင့်စင်သွားရပြန်သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ သိမ်းငှက်နက်သည်လည်း ပျက်စီးကာ လွင့်စင်သွားရသည်။ ရှန်းကုန်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်ကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။သူ့မျက်နှာသည်ပင် ဖြူရောသွားကာ သွေးအန်၍ နောက်သို့ အမြန် ဆုတ်ရသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ ရှစ်မြှောင့်အစီအရင်လည်း ပျက်စီးကာ အားနည်းသွားသည်။သူက နောက်သို့ အတင်း ဆုတ်လိုက်ရသည်။သူ့မျက်နှာပေါ်တွင်လည်း သွေးရောင်ပင် မရှိတော့ပေ။

သူတို့ငါးယောက်လုံးသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြပြီ ဖြစ်သည်။

ထိုလူငါးယောင်၏ စုပေါင်းတိုက်ခိုက်မှုစွမ်းအားအောက်တွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည်လည်း ပြိုပျက်လာရပေသည်။

သည့်နောက် ဟင်းလင်းပြင်သည် ပြိုပျက်လာကာ တုန်ခါမှုလှိုင်းတစ်ခု ပျံ့နှံ့လာသည်။

ထိုတုန်ခါမှုလှိုင်းသည် ကီလိုမီတာ ငါးသောင်းအတွင်းကို ချက်ခြင်း သက်ရောက်သွားသည်။ အချို့ လေလွင့်ဂြိုဟ်များပင် ချက်ခြင်း ပျက်စီးကွဲကြေသွားရ၏။

ကီလိုမီတာ ငါးသောင်းအကွာတွင် ရှိနေသော မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည်လည်း သွေးအန်ထုတ်လိုက်ရသည်။သူတို့က အတားအဆီးကို ဆက်၍ ထိန်းသိမ်းနိုင်စွမ်း မရှိကြတော့ပေ။သူတို့အားလုံးလည်း လွင့်စင်သွားရပေသည်။

ပိုဝေးသော နေရာတွင် ရှိနေသော အနီ၊အနက်ဝတ်စုံဖြင့် ကျင့်ကြံသူများ၏ အတားအဆီးနှစ်ခုအပေါ်တွင်လည်း သက်ရောက်သွားသည်သာ ဖြစ်သည်။သူတို့က ချက်ခြင်း နောက်သို့ ဆုတ်လိုက်ရသည်။

ထိုအခိုက်အတန့်၌ လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းဘက်တွင် ဝမ်လင်းရှေ့ရှိ ရှေးဟောင်းနတ်ဘုရားသည် အပြင်းအထန် တုန်ယင်လာကာ လက်တံများကလည်း သူ့အား အရူးအမူး ဝါးမြိုနေကြသည်။ သူ့နှဖူးထက်မှ နောက်ထပ် ကြယ်တစ်လုံးသည် ရုတ်တရက် ပျက်စီးသွားပြန်သည်။

ထိုကြယ်ပျက်စီးသွားသည့်နောက် လက်တံများသည် စွမ်းအင်မြောက်များစွာကို စုပ်ယူ၏။ သို့သော် ရှေးဟောင်းနတ်ဘုရား၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ ၎င်းက ရှုပ်ထွေးသော မန္တာန်တစ်ခုကို စတင် ရွတ်ဆိုသည်။ထိုအခါ ကျန်သည့်စွမ်းအား အစိတ်အပိုင်းများသည် ရိုးစင်းသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုအဖြစ်သို့ ဖြစ်ပေါ်သည်။

“ငါ့ကလန်ဝင်…မြန်မြန်သွားတော့…ပြီးရင် ငါ့ကလန်ဝင်အစစ်အမှန်ကို ဒီနေရာကို ခေါ်လာခဲ့ချေ…”

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေရင်း အားနည်းသွားသည့် ရှေးဟောင်းနတ်ဘုရားကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။ထို့နောက် သူက အစီအရင်ထဲသို့ ခြေလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset