သူတို့လေးယောက်မှာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော လူငယ်လေးများ ဖြစ်ကြသည်။သူတို့၏အသွင်က စိတ်ခံစားချက် ကင်းမဲ့နေကာ ရုပ်သေးများအလား ဖြစ်နေ၏။ သူတို့ ပေါ်လာသည်နှင့် အရပ်လေးမျက်နှာသို့ ခွဲသွားကာ လမြွေနဂါးကနေ ဖြစ်ပေါ်နေသည့် ဂြိုဟ်အား ဝန်းရံထားတော့သည်။
ထိုလူငယ်လေး လေးယောက်သည် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကြ၏။သူတို့၏ ဦးခေါင်းထက်ကနေလည်း သွေးအမြုတေတစ်ခုစီ ထွက်ပေါ်နေသည်။ထိုသွေးအမြုတေလေးခုသည် တစ်ခုနှင့်တစ်ခု ချက်ခြင်း ချိတ်ဆက်ကာ လမြွေနဂါးအား ဝန်းရံထားတော့၏။
အနီရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် ရှစ်မြှောင့်အစီအရင်ကြီးထဲကနေ လှမ်းထွက်လာ၏။သူ့အသွင်က တည်ငြိမ်နေသော်လည်း သူ့မျက်လုံးကမူ အေးစက်နေသည်။သူ့ခန္ဓာကိုယ်ထံကနေ ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေးစွမ်းနေ၏။
အရှင်မီးတောက်က လူငယ်လေးလေးယောက်ကို ကြည့်ကာ ပြုံးလိုက်၏။
“ရောင်းရင်းကျင့်ကြံသူရှောင်က ရှောင်မိသားစုရဲ့ နတ်ဘုရားချိပ်ပိတ်ခြင်းသားတော်လေးယောက်ကိုတောင် တကယ် ခေါ်ဆောင်လာခဲ့တာပဲ။ သူတို့နဲ့ဆိုရင် ငါတို့ရဲ့ အခွင့်အရေးက တိုးတက်လာမှာပါ။ ရောင်းရင်းကျင့်ကြံသူကုန်းစွန်ကကော အခြား မိတ်ဆွေတွေကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သေးလား…”
အနက်ရောင်ဝတ်စုံနှင့် ကုန်းစွန်က တည်ငြိမ်စွာပင် ပြောလိုက်၏။ “ရှန်ကုန်းမိသားစုဘိုးဘေးနဲ့ ကျန်းမိသားစုရဲ့ လီယွမ်ဇီ တို့ကို ဖိတ်ခေါ်ထားတယ်…”အရှင်မီးတောက်ဘေးရှိ အနီရောင်ဝတ်စုံနှင့်ရှောင်အဘိုးအိုက ပြုံး၍ ဆိုလာသည်။ “ဒီအဘိုးအိုကတော့ လူအများကြီး မဖိတ်ခေါ်ခဲ့ပါဘူး။ သွေးနတ်ဘုရားနဲ့ ငါးရောင်စုံတာအိုပညာရှင် တို့ကိုပဲ ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ သိပ်မကြာခင် ရောက်လာလိမ့်မယ်လို့ ငါယုံတယ်…”
သွေးနတ်ဘုရား ဟူသည့် စကားကို ကြားလိုက်ရသည့်အခါ အရှင်မီးတောက်သည် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ “ငါကတော့ တစ်ယောက်ကိုပဲ ဖိတ်ခေါ်ခဲ့တယ်။ သင်တို့အားလုံး ဒီလူ့ကို အနည်းနဲ့အများ သိနေမှာပါ…”
သူက ထိုသို့ ပြောနေစဉ်မှာပင် အဝေးကနေ ငွေရောင်အလင်းတန်းတစ်ခု ရောက်ရှိလာ၏။ထိုအလင်းတန်း၏ အပေါ်၌ သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လျက် ပါလာသည်။သူ့ပုံပန်းသွင်ပြင်သည် ရှန်ကုန်းဟူနှင့် ဆင်တူပေ၏။
“ရှန်ကုန်း…” သူ ရောက်ရှိလာပြီးနောက် သူက လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်ပြီးနောက် မည်သည့်စကားမှ ဆက်၍ မဆိုတော့ပေ။သူက လမြွေနဂါးကိုပင် ကြည့်ရုံမျှသာ ကြည့်လိုက်၏။ သူ့အသွင်က မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိခြင်းကြောင့် သူ့စိတ်ထဲတွင် မည်သည့်အရာကို တွေးနေသည်အား မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
ငွေရောင်အလင်းလှိုင်းတစ်ခုက သူ့အား ဝန်းရံထားကာ ထိုအခြင်းအရာသည် အတော်လေး တုန်လှုပ်စရာပင်။
ထိုအခိုက်အတန့်၌ ကြယ်များကြားကနေ တဝုန်းဝုန်းအသံ ထွက်ပေါ်လာရင်း ဧရာမသင်္ဘောကြီးတစ်စင်းသည် ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော အမျိုးသမီးငယ်များက ထိုသင်္ဘောပေါ်၌ ကခုန်နေကြ၏။
“ငါ ရောင်းရင်းကျင့်ကြံသူတို့ကို စောင့်စေခဲ့ပြီ။ လမ်းမှာ…ငါက ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေကို တွေ့ကြုံ့ခဲ့ရတဲ့အတွက် ခရီးနည်းနည်း ဖင့်သွားတာပါ…”
ထိုစကားကို ပြောလိုက်သော အဘိုးအိုသည် ငါးရောင်စုံဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့အသားအရည်က အတော်လေး ချောမွတ်နေဟန် ရ၏။ သူ ရောက်လာသည်နှင့် မိန်းမဆန်သည့်အော်ရာတစ်ခုသည် သည်ဧရိယာတွင် ပြည့်လာတော့သည်။
ရှောင်မိသားစုမှ အဘိုးအိုက ရယ်မောကာ ပြောလိုက်၏။ “ငါးရောင်စုံတာအိုပညာရှင်ရဲ့ မျက်လုံးကို ဖမ်းစားနိုင်ပုံထောက်တော့ ဒီကိုယ်လုပ်တော်တွေက တကယ့်ကို သာမန်မဟုတ်တာပဲ ဖြစ်ရမယ်…”
“အစ်ကိုရှောင် လိုချင်ရင်တောင့် ငါက ငါတို့ ဒီသားရဲကို ဖမ်းပြီးတဲ့နောက် တစ်ယောက်ပို့ပေးလိုက်ပါ့မယ်…”
ငါးရောင်စုံတာအိုပညာရှင်သည် သူ့ပတ်လည်သို့ ကြည့်လိုက်၏။ သူက စိတ်ထဲ၌ ကြိတ်၍ တုန်လှုပ်မိပေသည်။သည်နေရာရှိ လူတိုင်းက ကျော်ကြားလှသော မွန်းစတားအိုကြီးများ ဖြစ်နေသည် မဟုတ်လား။သူတို့အားလုံး အခုလို စုစည်းနေခြင်းက သည်သားရဲကို ဖမ်းဆီးရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် ရှန်ကုန်းမိသားစု၏ဘိုးဘေးက စကားဝိုင်းထဲ၌ မပါဝင်ဘဲ သူက လမြွေနဂါးကိုသာ စူးစိုက်ကြည့်နေသည်။အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုကမူ ပို၍ပင် တိတ်ဆိတ်နေသည်။
အရှင်မီးတောက်၏မျက်နှာသည် တည်ငြိမ်လျက်ပင်။ငါးရောင်စုံတာအိုပညာရှင်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလှသော်လည်း သူ့အာရုံစိုက်မှုအတွက် မထိုက်တန်သေးပေ။
ထိုအခိုက်အတန့်မှာပင် အကွာအဝေးတစ်ခုကနေ လူတစ်ယောက် ရောက်လာပြန်၏။သူက အဖြူရောင်ဝတ်စုံနှင့်ဖြစ်ကာ လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ့ထံကနေ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ၏။
သူ့အောက်၌ မည်သည့်လက်နက်ရတနာမှ ရှိမနေပေ။သူက ခြေဖြင့်သာ လှမ်းလျှောက်လာသည့်ပုံရ၏။ သူက အတော်လေး တည်ငြိမ်လှကာ သူ ရောက်ရှိလာသည်နှင့် လူတိုင်းကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။ သူက စကားတော့ မဆိုပေ။
“လီယွမ်ဇီ…” အရှင်မီးတောက်၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
အဖြူရောင်ဝတ်စုံနှင့်လူက ခေါင်းသာ ညိတ်ပြ၏။ သူက စကားတစ်ခွန်းမှ မဆိုပေ။
“ပြောကြတာကတော့ ကျန်းမိသားစုရဲ့ လီယွမ်ဇီက ဒေါသကြီးတယ် ဆိုကြတယ်။ တခါတုန်းက သူဟာ ဒေါသပုန်ထပြီး ကျင့်ကြံခြင်းမိသားစု (၁၃)ခုကို လုံးဝ ပျောက်ကွယ်သွားစေခဲ့တယ်။ဒီအဖြစ်က သူ့ကို ကျော်ကြားစေခဲ့ပြီး သူ့ ဒေါသကိုလည်း လူတိုင်း အမှတ်ရသွားစေခဲ့တယ်…”
အရှင်မီးတောက်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အကွာအဝေးတစ်ခုသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။
အကွာအဝေးတစ်ခုကနေ အနီရောင်အလင်းများစွာသည် ထွက်ပေါ်လာကာ သွေးညှီနံ့သည် အဝေးကနေပင် မြန်ဆန်စွာ ပျံ့နှံ့လာ၏။ထိုသွေးအလင်းတတန်းသည် လူတိုင်း၏ ရှေ့ ပေတစ်ရာတွင် ပေါ်လာကာ လူတစ်ယောက်အဖြစ်သို့ သိပ်သည်းသွား၏။
ထိုလူသည် အနီရောင်မျက်ခုံးနှင့် အဘိုးအိုတစ်ယောက်ဖြစ်၏။သူက သွေးနီရောင်ဝတ်စုံကိုလည်း ဆင်မြန်းထားသေးသည်။သူ့အသွင်က သုန်မှုန်နေ၏။သူက လူတိုင်းကို ကြည့်ပင်မကြည့်ပေ။ထိုအစား သူက အကွာအဝေးတစ်ခုရှိ လမြွေနဂါးထံသို့သာ လှမ်းကြည့်နေ၏။
“သွေးနတ်ဘုရား…” သူ ပေါ်လာသည်နှင့် မွန်းစတားအိုကြီးတို့သည် မျက်လုံး ကျဉ်းမြောင်းသွားကြ၏။သူတို့၏ အကြည့်က သူ့ထံသို့ ရောက်လ၏။ လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့ပင် ခြွင်းချက်မရှိပေ။
သွေးနတ်ဘုရားက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက သည်နေရာရှိ လူတိုင်းကို ခြုံကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က အရှင်မီးတောက်ထံသို့ ရောက်သွားကာ တည်ငြိမ်စွာ ပြောလာ၏။ “အရှင်မီးတောက်…သင်က ငါ့မြေးရဲ့မူလစိတ်ဝိညာဉ်ကို ယူဆောင်သွားခဲ့တယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဝင်ဖို့ လမ်းကြောင်း ဖွင့်ပြီးတာနဲ့ ငါတို့ တိုက်ခိုက်ကြတာပေါ့…”
အရှင်မီးတောက်၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ပြုံးလိုက်၏။ “သင်နဲ့ အဖော်ပြုပေးရတဲ့အတွက် ငါ ဂုဏ်ယူရတော့မှာပေါ့…”
ထိုအခိုက်အတန့်မှာပင် မြောက်ပိုင်းနယ်မြေကို ဖြတ်သန်း၍ မိုးကြိုးတန်းများ ထွက်ပေါ်လာသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များ အားလုံးလိုလိုသည် ထွက်ပေါ်လာခဲ့ကြလေပြီ။သူတို့က လမြွေနဂါးကို ဝန်းရံထားကာ လမြွေနဂါးနှင့် ကီလိုမီတာငါးထောင်အကွာတွင် စက်ဝန်းတစ်ခုသဖွယ် အတားအဆီးပိတ်ဆို့မှုတစ်ခုကို ဖြစ်ပေါ်စေထားသည်။
ထိုတမန်တော် တစ်ယောက်ချင်းစီက လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ တစ်ယောက်နှင့်တစ်ယောက် ချိပ်ဆက်နိုင်သည့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေထားသည်။ သူတို့ကြား၌ သိပ်သည်းသော မိုးကြိုး ပေါ်လာခဲ့ကာ လမြွေနဂါးကြီး၏ ပတ်လည်တွင် မိုးကြိုးအတားအဆီးကို ဖြစ်ပေါ်စေတော့သည်။
တမန်တော်များ၏ ကီလိုမီတာ ငါးထောင်အကွာ၌ အနီ၊အနက်ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူများ ရှိနေသည်။သူတို့ကလည်း မည်သည့်အရာမှ လွတ်မြောက်မသွားနိုင်ရန် ပိုသေချာအောင် ဒုတိယအတားအဆီးတစ်ခုကို ဖြစ်ပေါ်စေထားသည်။
ဝမ်လင်းသည် လမြွေနဂါး၏ အပြင်ဘက်ရှိ ဖြစ်ပျက်သမျှကို ဘာမှ မသိပေ။ သူ့စိတ်ဝိညာဉ်ထဲမှ ခေါ်သံက ပို၍ ရှင်းလင်းလာလေလေ သူ့စိတ်ဝိညာဉ်သည်လည်း တုန်ယင်လာနေ၏။ထိုအဖြစ်က သူ့ သွေးများကိုပါ ဆူပွက်စေပေသည်။
မီးပြင်းဖိုအပေါ်၌ ရပ်နေရင်း ဝမ်လင်းသည် အလွန်မြန်ဆန်စွာဖြင့် ရှေ့သို့ သွားနေ၏။ သူ့စိတ်ဝိညာဉ်ထဲမှ ခေါ်သံသည် ပို၍ ပို၍ အားကောင်းလာတော့သည်။
“လာခဲ့…လာခဲ့ချေ…”
ဝမ်လင်းက မြန်သထက် မြန်လာ၏။ ငါးမိနစ်ခန့် ကြာပြီးနောက် ထိုခေါ်သံသည် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ပဲ့တင် ထပ်နေတော့၏။ ထိုအခိုက်အတန့်၌ သူက သူ့ရှေ့ကနေ ခေါ်နေသည့် အသံသည် မည်သည့်အရာ ဖြစ်သည်ကို တွေ့မြင်သွားသည်။
ထိုအဖြစ်က ဝမ်လင်း၏ခန္ဓာကို ပြင်းပြင်းထန်ထန် တုန်ယင်စေကာ သူ့မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။
သူ့ရှေ့၌ ပေတစ်ရာခန့် လက်တံများ ထွေးခြုံထားသည့် ကလေးငယ်တစ်ယောက် ရှိလို့နေ၏။
ထိုကလေးငယ်၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းလှကာ ဆယ့်နှစ်ပေလောက် မြင့်နေ၏။သူ့ခန္ဓာကိုယ်ကနေလည်း အသက်ဓာတ်များ အလျှံ့အပယ် ထွက်ပေါ်နေပြီး လမြွေနဂါး၏ စုပ်ယူခြင်းကို ခံနေရသည်။ထိုကလေးငယ်၏နှဖူးထက်၌ ပုံရိပ်ယောင်ကြယ်ရှစ်ခုသည် တဖျပ်ဖျပ် လက်နေ၏။သို့သော် ၎င်းကြယ်များက အထည်ဒြပ် ဖြစ်မနေကြပေ။ယင်းကြယ်တို့က လှည့်လည်နေရင်း ထူးဆန်းသည့်အားတစ်ခုကို ဖြစ်ပေါ်စေနေ၏။ထိုအားကို လမြွေနဂါးက စုပ်ယူနေသည်။
ဝမ်လင်းသည် ပင့်သက်ရှိုက်မိသွား၏။ သူ့စိတ်သည် မတုန်လှုပ်စဘူး တုန်လှုပ်သွားမိသည်။
“ရှေးဟောင်းနတ်ဘုရားကလေးငယ်…” ဝမ်လင်းက ၎င်းကလေးငယ်ကို စူးစိုက်ကြည့်နေရင်း ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်နေ၏။ထိုကလေးငယ်၏ နှဖူးပေါ်ရှိ ကြယ်များသည် မည်သည့်အတွက်ကြောင့် ပုံရိပ်ယောင်လို ဖြစ်နေသည်ကို ရှင်းပြချက်နှစ်ခု ရှိနေ၏။
ပထမတစ်ခုသည် ကလေးငယ်၏ အဖေသည် ကြယ်ရှစ်ခုရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ကာ ၎င်းက ကြယ်ရှစ်ခုရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားကို ကလေးငယ်၏ ခန္ဓာကိုယ်အတွင်း၌ ချန်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒုတိယတစ်ခုမှာ ထိတ်လန့်ကြောက်မက်ဖွယ် ကောင်း၏။ ထိုရှင်းပြချက်က ဝမ်လင်း၏စိတ်နှလုံးကိုပါ အေးစက်စက် ခံစားမိအောင် ပြုလုပ်နိုင်သည်။ ဒုတိယ ရှင်းပြချက်မှာ သည် ရှေးဟောင်းနတ်ဘုရားကလေးငယ်သည် တကယ့်ကလေးငယ် အဆင့်မဟုတ်ဘဲ အရွယ်ရောက်ပြီးသား ကြယ်ရှစ်ခုရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။ သို့သော်လည်း သူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားခြင်း သို့မဟုတ် အံ့မခန်းပြောင်းလဲမှု အချို့ကို တွေ့ကြုံခဲ့ရမှသာ ထိုသို့ ဖြစ်နိုင်ပေသည်။
“ဒါကသာ ဒုတိယရှင်းပြချက်အတိုင်း ဖြစ်နေခဲ့ရင် ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ စွမ်းအားက ဘယ်ရောက်သွားနိုင်မလဲ…”
ဝမ်လင်း၏အသွင်က သူ့ပတ်လည်ကို ကြည့်ကာ သုန်မှုန်နေတော့သည်။သူက လက်တံရာချီကို အာရုံစိုက်မိလိုက်ရင်း တုန်လှုပ်ဖွယ်အတွေးတစ်ခု သူ့စိတ်ထဲ၌ ပေါ်လာခဲ့တော့သည်။
“ဒီလမြွေနဂါးကြီးက ဒီလောက်ကြီးကြီးမားမား ပြောင်းလဲနိုင်ခဲ့တာဟာ ဒါနဲ့များ တစ်ခုခု ဆက်စပ်နေမလား…။လမြွေနဂါးကြီးက ရှေးဟောင်းနတ်ဘုရားတစ်ပါးပါးကို ဖမ်းမိပြီး အခုချိန်မှာ ၎င်းရဲ့ စွမ်းအားကို ပိုင်ဆိုင်နေတာလား…”
ဝမ်လင်းသည် နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သည်။
သို့သော်လည်း ဘာကြောင့်မှန်း မသိ ဝမ်လင်းသည် သူ့စိတ်နှလုံးထဲကနေ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ထိုဝမ်းနည်းမှုက သူနှင့် ချိတ်ဆက်နေသည့် သူမူလခန္ဓာကိုယ်ထံကနေ ထွက်ပေါ်လာခြင်းပင်။
“ငါ့ကလန်သား…” ဝမ်လင်း၏ စိတ်ဝိညာဉ်ထဲ၌ အသံတစ်ခု ရုတ်တရက် မြည်ဟီးလာသည်။ထိုအသံသည် ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားပင်။၎င်းအသံထဲတွင် အင်မတန်ရှေးကျသည့် အော်ရာ ပါဝင်နေသည်။
ဝမ်လင်းသည် မရေမတွက်နိုင်သော လက်တံများ ထွေးခြုံထားသည့် ရှေးဟောင်းနတ်ဘုရားကလေးငယ်ကို ကြည့်ကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွား၏။
“ငါ့…ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး…။မင်းရှိမှာ ငါ့ကလန်ရဲ့ အော်ရာ ရှိနေတယ်…။ဒါပေမဲ့ ဒါက အားမကောင်းဘူး။ ငါ့အစစ်အမှန် ကလန်ဝင်ကို လာပြီး ငါ့နောက်ဆုံး အမွေအနှစ်ကို ဆက်ခံခိုင်းပါ…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သင်က ရှေးဟောင်းနတ်ဘုရားကလေးငယ်လား…ဒါမှမဟုတ် အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားကနေ အဆင့်လျော့ကျသွားတာလား…”
“ငါက…” ရှေးဟောင်းနတ်ဘုရားက ဖြေရန် ပြင်လိုက်စဉ်မှာပင် သူ့ပတ်လည်ရှိ လက်တံများသည် ရူးသွပ်လာသည့်အလား အရူးအမူး စုပ်ယူခြင်း ပြုတော့သည်။
ထိုလက်တံများ၏ အပေါ်၌ ဖောင်းကြွမှုများပင် ဖြစ်ပေါ်လာ၏။ ထိုသို့ စုပ်ယူမှုက ရှေးဟောင်းနတ်ဘုရားကလေးငယ်အပေါ်တွင်သာ ဖြစ်သည် မဟုတ်ပေ။ အခြား လူများအပေါ်တွင်လည်း ဖြစ်နေသည်သာ။ အချို့လူများ၏ ခန္ဓာကိုယ်များဆိုလျှင် ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်၏။
ထိုသို့ရုတ်တရက်ပြောင်းလဲမှုက ဝမ်လင်း၏အသွင်ကို သုန်မှုန်သွားစေသည်။သူက ချက်ခြင်းပင် မီးပြင်းဖိုထဲသို့ ဝင်ရောက်လိုက်၏။
ထိုသို့ ကြီးကြီးမားမား ပြောင်းလဲမှုသည် ဝမ်လင်းရှိနေသော နေရာတွင်သာ ကြုံရသည် မဟုတ်ဘဲ ကျဉ်းမြောင်းသည့်နေရာလွတ်လမ်းကြောင်းတစ်ခုလုံးတွင် ဖြစ်ပေါ်နေခြင်းပင်။
လမြွေနဂါးကြီးက ၎င်း နှစ်ပေါင်းများစွာ သိုမှီးထားသည့် အစာများအားလုံးကို ချက်ခြင်း စုပ်ယူနေသလိုမျိုး ဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင် သည်နေရာတစ်ခုလုံးသည် အပြင်ဘက်တွင် အံ့မခန်းတစ်ခုခု ဖြစ်ပွားသွားသကဲ့သို့ အပြင်းအထန် တုန်ခါလာတော့၏။သည့်နောက် လမြွေနဂါးကြီး၏ ကြမ်းကြုတ်သော မာန်ဖီဟိန်းသံများ ပဲ့တင် ထပ်နေတော့သည်။
ဝဲကတော့၏ အပြင်ဘက်ရှိ လမြွေနဂါးငယ်များသည် လေထဲသို့ ပျံတက်ကုန်ကြ၏။ ခုချိန်တွင် လမြွေနဂါးကြီး၏ခန္ဓာကိုယ်အတွင်းဘက် နေရာတိုင်း၌ လမြွေနဂါးငယ်များ၏ ဟိန်းသံများ ပြည့်နေတော့သည်။
လမြွေနဂါးငယ်များစွာသည် လမြွေနဂါးကြီး ရှစ်ကောင်၏ ဦးဆောင်မှုအောက်၌ မြန်ဆန်စွာ ရွှေ့လျားနေကြ၏။
မည်သည့်ကြယ်အဖွဲ့အစည်းတွင်မဆို အလွန့်အလွန်တွေ့မြင်ရခဲသည့် တိုက်ပွဲတစ်ခုသည် လမြွေနဂါးကြီး၏ အပြင်ဘက်တွင် ဖြစ်ပွားနေတော့သည်။
***