ယောင်ပင်ယွမ် မျက်လုံးဖွင့်လာသည်နှင့် ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။သူ့ညာလက်ကို ဖြန့်ကားကာ မူလစွမ်းအင်တို့ကို သူ့လက်ချောင်းငါးခုအပေါ်သို့ သိပ်သည်းစေသည်။ထိုလက်ချောင်းငါးခုသည် ယောင်ပင်ယွမ် ပတ်လည်ရှိ ရေခဲလွှာပေါ်သို့ ထပ်မံ ကျရောက်သွားတော့သည်။
ထို့နောက် ဝမ်လင်းက မြန်ဆန်စွာ နောက်သို့ ပြန်ဆုတ်၏။ သူ့ခန္ဓာကိုယ်ပတ်လည်၌ အဖြူရောင်အခိုးငွေ့တို့ ရှိနေ၏။သည့်နောက် သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်ပြန်သည်။
ထိုခုတ်ပိုင်းချက်သည် ယောင်ပင်ယွမ်ထံသို့ တိုက်ရိုက် မဟုတ်ဘဲ သူမအား ထွေးခြုံထားသည့် လက်တံများဆီသို့သာ ဖြစ်သည်။
မူလစွမ်းအင်တန်းငါးခုက ယောင်ပင်ယွမ်ပတ်လည်ရှိ ရေခဲလွှာပေါ်သို့ ကျရောက်သွားသည့်အခိုက်တွင် တစီစီအသံများ ထွက်ပေါ်လာကာ ၎င်းစွမ်းအင်တန်းခုမှာ သူမထံသို့ တိုးဝင်လာတော့သည်။
“နင့် တာအိုက ဘယ်လို မျိုးလဲ…” ယောင်ပင်ယွမ်က သူမထံသို့ တိုးဝင်လာသည့် စွမ်းအင်တန်းငါးခုကို မရှောင်ပေ။သူမ၏ မျက်နှာက ဖြူရောနေ၏။သို့သော် သူမထံကနေ ပြတ်သားသော အကြည့်တစ်ခု ဖြစ်ပေါ်နေသည်။ထိုအရာ သူမ၏ ခိုင်ကျဉ်သော တာအိုနှလုံးသားကို ပြသနေခြင်း မည်သည်။
ယခုလို သေရေးရှင်ရေးအခိုက်မှာပင် သူမသည် ဝမ်လင်းနှင့် နယ်ပယ်တိုက်ပွဲတစ်ခုကို စတင်တော့၏။သို့သော်လည်း ဝမ်လင်းသည် သူမ မျက်လုံးဖွင့်လာသည်နှင့် ထိုသို့ ပြုလုပ်မည်ကို ကြိုခန့်မှန်းမိ၏။ ဝမ်လင်းနှင့်ယောင်ပင်ယွမ်တို့မှာ တူညီသောလူစားမျိုး ဖြစ်နေသည့်အတွက် အပြန်အလှန်လေးစားမှု အချို့ ရှိနေကြပေသည်။
သူတို့နှစ်ယောက်က သေဆုံးရတော့မည် ဆိုလျှင်ပင် အဆုံးထိ တိုက်ခိုက်သွားမည့်သူမျိုး ဖြစ်ကြ၏။
ယောင်ပင်ယွမ်၏ ပါးစပ်ဟလာသည့်အခိုက်တွင် သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူမရှေ့၌လည်း ပုံရိပ်ယောင်တစ်ခု ရှိနေ၏။ထိုပုံရိပ်မှာ (၁၄)နှစ်၊(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ဖြစ်လေသည်။
သူမ၏ ပုံရိပ်က အားနည်းဟန် ဖြစ်ပေါ်နေ၏။သူမက ပါးစပ်ဟကာ စကား ပြောရန် ပြင်သော်လည်း ဘာတစ်ခွန်းမှ ထွက်ပေါ်မလာပေ။သူမက စွန့်အ နေသည့် မိန်းကလေးတစ်ယောက်အလား။
ထိုမိန်းကလေးငယ်ပေါ်လာသည်နှင့် ဝမ်းနည်းမှုတာအိုနယ်ပယ်သည် ဝမ်လင်းထံသို့ ပေါင်းစပ်လာ၏။သို့သော်လည်း ဤအခိုက်အတန့်၌ ဝမ်လင်း၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်သည် ယောင်ပင်ယွမ် ပတ်လည်ရှိ လက်တံများထံသို့ ရောက်နှင့်သွားခဲ့ပြီး ဖြစ်သည်။
ဝမ်လင်းက ထိုဓားချက်ကို ကောင်းစွာ ထိန်းချုပ်နိုင်၏။ယင်းဓားချက်သည် လက်တံများကို ထိခိုက်ရန် မဟုတ်ဘဲ လှုံ့ဆော်ပေးရန်အတွက်သာ ရည်ရွယ်ထားခြင်းပင်။ ထိုဓားချက်က လက်တံများကို ထိမှန်သွားသည်နှင့် ၎င်းတို့က ရုတ်တရက် ကျုံ့လာ၏။
လက်တံများ ကျုံ့လာသည်နှင့် ယောင်ပင်ယွမ်သည် သွေးတလုပ်အန်ထုတ်လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်ကနေလည်း အသကံများ ထွက်ပေါ်လာကာ သူမ၏ အရိုးများက လက်တံများ၏ ဖိအားကို ဆက်၍ မတောင့်ခံနိုင်သကဲ့သို့ ဖြစ်သည်။
ယောင်ပင်ယွမ်၏မျက်လုံးတို့မှာ မှိန်ဖျော့လာ၏။သူမ၏ခန္ဓာကိုယ်တွင် မူလစွမ်းအင် ကင်းကွာနေသည့်အတွက် သူမသည် အခုချိန်၌ သေမျိုးတစ်ယောက်ကဲ့သို့ပင်။ လက်တံများက သူမမား ထွေးခြုံ့ညှစ်လာသည့်အခါ ခါးသပ်သပ်သာ ပြုံးမိတော့၏။သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်လာရသည်။
သူမခန္ဓာကိုယ်၏နာကျင်မှုက သူမ၏တာအိုနှလုံးသားကို မတည်မငြိမ် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း မရှိပါ။သို့သော်လည်း လက်တံများက စတင်၍ အရူးအမူး စုပ်ယူကုန်ကြသည်။၎င်းတို့က သူမ၏အသက်ဓာတ်နှင့်မူလစွမ်းအင်ကို စုပ်ယူရုံသာမက သူမ၏တာအိုကိုပါ စုပ်ယူကြပေသည်။
ယောင်ပင်ယွမ်ရှေ့ရှိ ပုံရိပ်ယောင်မိန်းကလေးငယ်သည် မှုန်ဝါးလာ၏။သည့်နောက် လုံးဝ ပျောက်ကွယ်သွားချေသည်။
“ညီမလေး…” ယောင်ပင်ယွမ်သည် ထိုပျောက်ကွယ်သွားသော မိန်းကလေးငယ်ကို ကြည့်လိုက်၏။ထို့နောက် သူမသည် မျက်လုံးပြန်မှိတ်လိုက်တော့သည်။သူမ၏ အသက်ဓာတ်နှင့်တာအိုတို့သည် လက်တံများ၏ အလျင်အမြန် စုပ်ယူခြင်းကို ခံနေရတော့သည်။
ဝမ်လင်းသည် ရေခဲလွှာကို ဖျက်စီးရန် မဆုံးဖြတ်ခင်ကတည်းက ဖြစ်နိုင်ချေအားလုံးကို ကြိုတွက်ထားခဲ့ပေသည်။
ယောင်ပင်ယွမ်၏ နယ်ပယ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သို့သော် အလွန်အမင်းဝမ်းနည်းမှုတစ်ခုကတော့ ကျန်ရှိနေပေ၏။ထိုအဖြစ်က ဝမ်လင်းကို တုန်လှုပ်စေသည်။သူက ချက်ခြင်းပင် သူ့ညာလက်ကို ယောင်ပင်ယွမ်ခန္ဓာကိုယ်ထံသို့ ဆန့်ထုတ်လိုက်၏။
ဝမ်လင်း၏ လက်က ရပ်တန့်ခြင်း မရှိဘဲ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ချိပ်တံဆိပ်များစွာကို ဆက်တိုက် ဖြစ်ပေါ်စေနေသည်။အတားအဆီးများ တစ်ခုပြီးတစ်ခုသည် သူမ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့အပေါ်သို့ ကျရောက်နေကြသည်။
သူက အတားအဆီးများကို ဆက်လက် ချမှတ်နေရင်း သူ့ဘယ်လက်ကို မြှောက်ကာ ကံကြမ္မာကျာပွတ်ကို ဆင့်ခေါ်လိုက်၏။ ၎င်းက ပေါ်လာသည်နှင့် ယောင်ပင်ယွမ်ထံသို့ တိုးဝင်ကာ သူမ၏ မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ပစ်သည်။
ဝမ်လင်းက အခုထိ မလွယ်ကူသေးဟု ခံစားမိနေ၏။ထို့ကြောင့် သူက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူပြန်သည်။ထိုအလံက ယောင်ပင်ယွမ်ပတ်လည်၌ ၎င်းဘာသာ တင်းတင်းကျပ်ကျပ် ထွေးခြုံသွားသည်။
နောက်ဆုံးတွင် ဝမ်လင်းက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကိုပါ သူ့ ပါးစပ်ထဲကနေ ထွေးထုတ်၏။၎င်းတံဆိပ်တုံးပေါ်လာသည့်အခါ ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း…”
ရွှေရောင်စာလုံးထောင်ချီသည် ပေါ်ထွက်လာကာ ယောင်ပင်ယွမ်အပေါ်၌ ရွှေ့လျားရင်း သူမအား လုံးဝ ချိပ်ပိတ်ပစ်သည်။စာလုံးတစ်ခုစီသည် ချိပ်ပိတ်မှုတစ်ခုအား ကိုယ်စားပြုပေသည်။
အခုမှ ဝမ်လင်းသည် စိတ်သက်သာရာ ရတော့သည်။ သူက မီးပြင်းဖို ရှိရာသို့ ပြန်ဆုတ်လာကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထို့နောက် သူသည် ယောင်ပင်ယွမ်ထံသို့ လက်ညွှန်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ပုံစံပြောင်းစမ်း…”
မီးပြင်းဖိုသည် တုန်ယင်လာ၏။သည့်နောက် ယောင်ပင်ယွမ်၏ခန္ဓာကိုယ်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
သူမ ပြန်ပေါ်လာသည့်အခါတွင် ဝမ်လင်းက သူမအား သူ့သိုလှောင်အိတ်ထဲတွင် ရတနာတစ်ခုကဲ့သို့ ထည့်သိမ်းထားလိုက်တော့သည်။
“ဒီနေရာက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် သန့်စင်ဖို့အတွက် အကောင်းဆုံး နေရာ မဟုတ်ဘူး…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ဝမ်လင်းက မီးပြင်းဖို၏ အပေါ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။အတွေးတစ်ချက်ဖြင့်ပင် မီးပြင်းဖိုသည် ရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မြောသွားတော့သည်။
လမ်းတစ်လျှောက်တွင် မီးပြင်းဖိုပတ်လည်ရှိ အဖြူရောင်အခိုးငွေ့တို့ကြောင့် လက်တံများသည် ၎င်းအား မနှောက်ယှက်ကြတော့ပေ။
ဝမ်လင်းသည် အလွန်သတိထားတက်သူ ဖြစ်၏။သူက သူ့ပတ်လည်သို့ ကြည့်နေသည်။ သူသည် လက်တံများ၏ ထွေးခြုံထားခြင်း ခံထားရသော လူများကို တစ်ယောက်ပြီးတစ်ယောက် တွေ့နေရသည်။
သည်ကျဉ်းမြောင်းသောနေရာ၏ အတွင်းဘက်သို့ ပို၍ ဝင်သွားလေလေ လက်တံများက ပိုများလာလေ ဖြစ်နေသည်။
သူက ဆက်လက် ရွှေ့လျားနေရင်း သေမျိုးများနှင့်ကျင့်ကြံသူများကလွဲ၍ ရှေးဟောင်းနတ်ဘုရားအော်ရာနှင့် ပတ်သတ်သည့် တစ်ခုခုကို ရှာမတွေ့သေးပေ။သူက စိတ်မရှည် မဖြစ်ဘဲ ရှေ့သို့သာ ဖြည်းဖြည်းချင်း ပုံမှန်သွားနေသည်။
လက်တံများသည် တဖြည်းဖြည်း ပေါ်လာ၏။၎င်းတို့က သိပ်သိပ်သည်းသည်း ဖြစ်လာကာ လမ်းကြောင်းကို ပိတ်နေသလိုပင်။ ထိုအဖြစ်က ဝမ်လင်း၏ စူးစမ်းမှုကို ခက်ခဲစေသည်။သို့သော်လည်း သူက မီးပြင်းဖို၏ မန္တာန်ကို အသုံးပြုကာ ၎င်းတို့ကို ကျော်လွှာနိုင်စွမ်း ရှိနေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် လက်တံများ၏ ထွေးခြုံပတ်ထားခြင်း ခံထားရသည့် သေမျိုးများနှင့်ကျင့်ကြံသူများသည် ပြောင်းလဲလာ၏။ ဆက်လက်၍ ခြေက်သွေ့နေသော ခန္ဓာကိုယ်များ မဟုတ်တော့ဘဲ အချို့တွင် မှိန်ဖျော့ဖျော့ အသက်ဓာတ်အရိပ်အမြွက်များ ရှိလာခဲ့သည်။
သို့သော်လည်း ထိုသူတို့၏အသက်ဓာတ်သည် အားနည်းလွန်းလှသည်။
ဝမ်လင်းက ရှေ့သို့ ဆက်သွားနေရင်း သူ့အသွင်သည် အနည်းငယ် ပြောင်းလဲသွားသည်။သူ ရှေ့သို့ ဆက်သွားလေ ထိုသူများ၏ ခန္ဓာကိုယ်မှ အသက်ဓာတ်သည် ပိုပိုအားကောင်းလာသည်ကို တွေ့နေရသည်။
ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်ကာ အဆုံးမရှိဟန်ရသည့် ကျဉ်းမြောင်းသောဥမင်ကို စူးစိုက်ကြည့်ကာ တွေးနေမိသည်။ “ဒီလမြွေနဂါးက အရင်ဆုံး အပြင်ဘက်မှာ ရှိတဲ့ လူတွေရဲ့ အသက်ဓာတ်ကို အရင်စုပ်ယူတဲ့ ပုံပဲ။ငါ အတွင်းဘက်ကို ပိုသွားလေလေ ချုပ်နှောင်ခြင်း ခံထားရတဲ့ လူတွေရဲ့ အသက်ဓာတ်က ပိုပြီး အားကောင်းလာလေ ဖြစ်နေတယ်။ငါက ဒီနေရာမှာ မေ့မျောနေတဲ့ လူတစ်ယောက်ယောက်ကိုများ ရှာတွေ့နိုင်မလား သိချင်မိတယ်…”
ဝမ်လင်းက အရှိန်မြင့်ကာ ရှေ့သို့ ဆက်သွားသည်။
အသက်ဓာတ်ကျန်နေသေးသည့် လူများ ပို၍ များလာ၏။သို့သော် ဝမ်လင်းသည် ထိုသူတို့ကို စစ်ဆေးကြည့်ခြင်း မရှိပေ။သူက ဥမင်လမ်းကြောင်း၏အတွင်းနက်သို့ ဆက်သွားရင်း သူ့စိတ်ဝိညာည်အတွင်းမှ ခေါ်သံတစ်ခု ကြားရသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
ထိုအသံသည် သူ့စိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာသည်ပုံပင်။ထိုအသံကြောင့် ဝမ်လင်း၏စိတ်သည် ပြင်းပြင်းထန်ထန် တုန်ယင်မိ၏။.
“ဝင်လာခဲ့…ဝင်လာခဲ့…”
ထိုခံစားချက်သည် သူ့စိတ်ထဲ၌ မုန်တိုင်းထန်နေသည်။
ယင်းအသံက သူ့စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ထွင်းဖောက်လာကာ ပဲ့တင်ထပ်နေတော့၏။
ယင်းခေါ်သံသည် သည်နေရာရှိ ဝမ်လင်းအပေါ်သို့ သက်ရောက်သည်သာမဟုတ် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ သူ့မူလခန္ဓာကိုယ်ပါ ခံစားမိပေသည်။
ဝမ်လင်း၏မူလခန္ဓာကိုယ်သည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအတွင်း၌ ရှိနေသည်။သို့သော် ထိုအခိုက်အတန့်၌ သူ့မျက်လုံးသည် ရုတ်တရက် ပွင့်လာ၏။သူ့မျက်လုံးများက နေတစ်စင်းအလား တောက်ပလွန်းနေတော့သည်။
ဝမ်လင်းသည် ပင့်သက်ရှိုက်မိ၏။
“လာခဲ့…လာခဲ့…” ထိုခေါ်သံက ဆက်တိုက် ဖြစ်ပေါ်နေရာ ဝမ်လင်း၏ မူလခန္ဓာကိုယ်သာမက သူ့မူလစိတ်ဝိညာဉ်ပင် တုန်ယင်ရသည်။
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ကာ စဉ်းစားနေ၏။ သို့သော် သူက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လိုက်၏။ သူက အဖြေတစ်ခု ရသွားသည့်ပုံပင်။ထို့နောက် သူသည် ခေါ်သံရှိရာသို့ တဟုန်ထိုး ထွက်သွားတော့သည်။
ဤအခိုက်အတန့်၌ လမြွေနဂါးကြီးသည် လွန်ခဲ့သောလအချို့က ဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်းကာ ပြန်လည်အိပ်စက်နေခဲ့ပြီ ဖြစ်သည်။အရာအားလုံးသည် တိတ်ဆိတ်နေခဲ့ချေပြီ။
သို့သော်လည်း သည်နေ့၌ အကွာအဝေးတစ်ခုကနေ တုန်လှုပ်ဖွယ်အော်ရာကို သယ်ဆောင်လာသော အလင်းတန်းတစ်ခုသည် လမြွေနဂါးကြီး အသွင်ပြောင်းထားသည့် ဂြိုဟ်ထံသို့ လှမ်းဝင်လာ၏။ထိုအလင်းတန်းမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက်ပင်။သူက လမြွေနဂါးနှင့် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံနှင့်လူလည်း ဖြစ်သည်။
သည်တစ်ကြိမ်၌ သူ့မူလခန္ဓာကိုယ်ကိုယ်တိုင် ရောက်လာခဲ့ခြင်းပင်။ သူ့နောက်၌ ပေတစ်ထောင်ခန့်မြင့်မားသည့် သိမ်းငှက်နက်ကြီး၏ ပုံရိပ်တစ်ခု ရှိနေသည်။ထိုသိမ်းငှက်၏ မျက်လုံးတို့က အေးစက်လွန်းလှချေသည်။
သူ ထွက်ပေါ်လာသည်နှင့် အကွာအဝေးတစ်ခုမှ မိုးကြိုးသံများ ထွက်ပေါ်လာပြန်၏။သည်တစ်ကြိမ် ရောက်လာသူက အရှင်မီးတောက်ပင်။
အရှင်မီးတောက် ပေါ်လာပြီးသည်နှင့် ဟင်းလင်းပြင်ထဲတွင် ပေတစ်သိန်းခန့် ကျယ်ပြောသော ရှစ်မြှောင့်အစီအရင်တစ်ခု ပေါ်လာတော့၏။
ထိုရှစ်မြောင့်အစီအရင်ကြီးက အနီရောင်တောက်ပနေကာ ကောင်းကင်ကိုပါ တုန်ခါစေမည့် အော်ရာကို ဖန်တီးနေသည်။ယင်းအစီအရင်က အတော်လေး တောက်ပနေကာ လူလေးယောက်သည် ၎င်းအစီအရင်အတွင်းကနေ လှမ်းလျှောက်ထွက်လာကြ၏။
***