Switch Mode

အပိုင်း(၈၈၉):

ပင်ယွမ်

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ သူ့ရင်ဘက်ပေါ်သို့ ဖိချလိုက်၏။သူ့အော်ရာသည် လုံးဝ ပျောက်ကွယ်သွားတော့၏။

ကျဉ်းမြောင်းသောဟင်းလင်းပြင်အတွင်း၌ အေးစက်စက်အော်ရာတစ်ခု ပြည့်နေသည်။ထိုအော်ရာ၏ ရင်းမြစ်သည် လက်တံများ ထွေးခြုံခြင်း ခံထားရသော ပိန်ပိန်ပါးပါးလူထံမှ ထွက်ပေါ်နေခြင်းသာ။

ထိုလူက အဘိုးအိုတစ်ယောက်ပင်။ပုံမှန်အားဖြင့် ထိုအဘိုးအို၏ခန္ဓာကိုယ်အတွင်း၌ အသက်ဓာတ် ရှိမနေတော့ပေ။သို့သော် အေးစက်စက်အော်ရာက ပြည့်နှက်လာသည်နှင့် သူ့ခန္ဓာကိုယ်အတွင်း၌ အားကောင်းသော အသက်ဓာတ်သည် ရုန်းကြွလာတော့၏။

ထိုအသက်ဓာတ်သည် အားကောင်းလွန်းလှရာ အဘိုးအို၏ခန္ဓာကိုယ်အား ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်လာစေသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံက ထိုအဖြစ်ကို မြင်တွေ့သည့်အခါ သူ့စိတ်သည် တုန်လှုပ်ရ၏။သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျင့်ကြံခဲ့ခြင်းကြောင့် သူက ထိုအသက်ဓာတ်အတွင်း၌ သေဆုံးခြင်းအော်ရာ ရှိနေသည်ကို မြင်နေရသည်။သို့သော်လည်း ထိုသေဆုံးခြင်းအော်ရာသည် အသက်ဓာတ်၏ ဖိနှိပ်ထားခြင်းကို လုံးဝ ခံထားရ၏။

အသက်ဓာတ်က တိုးပွားလာနေရင်း အဘိုးအို၏ ခန္ဓာကိုယ်သည် ကြီးသထက် ကြီးလာသည်။အဘိုးအို၏ အရိုးများထံကနေ တစီစီအသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။

ထို့အတွက်ကြောင့် သူ့အရိုးများသည် ချိတ်ဆက်ထားခြင်း မရှိတော့ဘဲ အရာရာသည် ပို၍ လုံးဝန်းလာသည်။

အဘိုးအို၏ခန္ဓာကိုယ်က အရွယ်အစားတစ်ခုထိ ချဲ့ကားလာသည့်အခါ အသွေးအသားလုံးတစ်ခုနီးပါး ဖြစ်လာ၏။ထိုအလုံးက မြန်ဆန်စွာ အဘိုးအို၏ခန္ဓာကိုယ်အတွင်း၌ ရွှေ့လျားနေသည်။

ဤအခိုက်အတန့်မှာပင် အဘိုးအို၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့၏။ထိုအက်ကွဲကြောင်းထဲကနေ အေးစက်စက်အော်ရာသည် ပြင်းပြင်းထန်ထန် ထွက်ပေါ်လာရင်း စူးရှရှအသံတစ်ခုပါ ထွက်ပေါ်လာလေသည်။

မရေမတွက်နိုင်သော လက်တံများက ၎င်းတို့၏ မျိုးတူတစ်ယောက် အသစ်မွေးဖွားလာမည်ကို ကြိုဆိုနေသည့်အလား လှုပ်ယမ်းနေကြတော့သည်။

သည့်နောက် အဘိုးအို၏ခန္ဓာကိုယ်အက်ကြောင်းထဲကနေ ပေနှစ်ဆယ်ခန့် ရှည်မြောမြောအရာတစ်ခု ထွက်ပေါ်လာ၏။ထို့နောက်တွင် အဘိုးအို၏ခန္ဓာကိုဘ်သည် ပေါက်ကွဲထွက်သွားတော့သည်။

ပေနှစ်ဆယ်ခန့်ရှည်မြောမြောအရာက ထိုးထွက်လာ၏။၎င်းက ဝမ်လင်းကို တုန်လှုပ်စေပေသည်။အနှီအရာက လမြွေနဂါးငယ်တစ်ကောင် ဖြစ်နေသည် မဟုတ်လား။

ထိုလမြွေနဂါးငယ်သည် အခုမှ မွေးဖွားလာသည်မှာ သိသာသည်။၎င်းခန္ဓာကိုယ်ပေါ်ရှိ လက်တံများအားလုံးသည် ကြည်တောက်ကာ ထွင်းဖောက်မြင်နိုင်၏။၎င်းက ပေါ်လာသည်နှင့် ပျက်စီးသွားသည့် အဘိုးအို၏ခန္ဓာကိုယ်အား ရှိုက်သွင်းလိုက်တော့သည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်သည် လမြွေနဂါးငယ်၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့၏။သည့်နောက် အသစ်မွေးဖွားလာသည့် လမြွေနဂါးငယ်သည် ပေနှစ်ဆယ်ကနေ ပေတစ်ရာအထိ ရှည်ထွက်လာတော့၏။

၎င်းခန္ဓာကိုယ်ပတ်လည်ရှိ လက်တံများကလည်း အနီရင့်ရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာကာ ရုတ်တရက် ကြမ်းကြုတ်သည့်ဟန် ဖြစ်လာတော့သည်။

သည့်နောက် ၎င်းသည် ဝဲကတော့ကို ဖြတ်ကျော်ကာ ထွက်သွားတော့၏။

လမြွေနဂါးငယ် ထွက်သွားသည့်နောက် သည်နေရာရှိ ကျန်သည့်လက်တံများသည် တဖြည်းဖြည်း ပုံမှန်အတိုင်း ဖြစ်လာ၏။အေးစက်စက်အော်ရာသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားချေသည်။

အရာရာသည် ပုံမှန် ပြန်ဖြစ်သွား၏။သို့သော် လူတစ်ယောက်ကတော့ ပျောက်ကွယ်သွားရလေပြီ။အစောပိုင်းတုန်းက အဘိုးအိုအား ဝန်းရံထွေးခြုံထားသော လက်တံများသည်လည်း နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ရင်း လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားကြတော့သည်။

ဝမ်လင်းသည် မျက်လုံးပြူးကာ ပင့်သက်ရှိုက်မိ၏။

“ဒီနေရာမှာ လမြွေနဂါးငယ်တွေ အများကြီး ရှိနေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ရှေးဟောင်းနတ်ဘုရားထူစီရဲ့ မှတ်ဉာဏ်အရဆိုရင် လမြွေနဂါးတစ်ကောင်ဟာ ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာပဲ အချိန်အကြာကြီး ရှိနေခဲ့မယ်ဆိုရင် သံသယမရှိ သေဆုံးသွားရမယ်လို့ ဆိုတယ်…”

“ဒါပေမဲ့လည်း ဒီလမြွေနဂါးက မသေခဲ့ရင် ကျင့်ကြံသူတွေနဲ့သေမျိုးတွေရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး ဘဝအသစ်တစ်ခု ဖြစ်ပေါ်နေလိမ့်မယ်။ ဒါက ဘဝ စက်ဝန်းတစ်နီးပါးကို ဖြစ်နေတာပဲ။ဒါ့ကြောင့် အခု လမြွေနဂါးကြီးကလည်း မရေမတွက်နိုင်တဲ့နှစ်တွေကြာပြီးတဲ့နောက် အံ့အားသင့်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့ရလိမ့်မယ်…။ဒါ့ကြောင့် သူတို့ရဲ့ သက်တမ်းကလည်း မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေရတာ…”

ဝမ်လင်းသည် ယခုလမြွေနဂါးကြီးအကြောင်းကို ခုနှစ်ဆယ်၊ရှစ်ဆယ် ရာခိုင်နှုန်းလောက် သိနေခဲ့ပေပြီ။

သူက တိတ်တဆိတ် စဉ်းစားနေ၏။ အရာရာ အထိုင်ပြန်ကျသွားသည့်နောက် သူ့နတ်ဘုရားအာရုံသည် မီးပြင်းဖိုအပေါ်ရှိ စာလုံးအပေါ်သို့ ပြန်ရောက်ရှိသွားသည်။သူ့နတ်ဘုရားအာရုံသည် စာလုံးအပေါ်ရှိ လောဘကြီး၏ နတ်ဘုရားအာရုံနှင့် ထိပ်တိုက် တွေ့ဆုံတော့သည်။

လောဘကြီး၏ ကျင့်ကြံမှုအဆင့်သည် ဝမ်လင်းနှင့် သိပ်မကွာလှပေ။သို့သော်လည်း သူက ဒဏ်ရာပြင်းထန်စွာ ရထားသည့်အတွက် သူ့အမှတ်အသားသည် အတော်လေး အားနည်းနေပေပြီ။ထို့အတွက်ကြောင့် ဝမ်လင်း၏နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်ခြင်း ခံရပြီးနောက် လောဘကြီး၏အမှတ်အသားသည် ပျက်စီးသွားရသည်။

လောဘကြီး၏နတ်ဘုရားအာရုံကို ဖယ်ရှားပြီးသည့်နောက် ဝမ်လင်းသည် ၎င်းစာလုံးအပေါ်၌ သူ့နတ်ဘုရားအာရုံ အမှတ်အသားကို ချက်ခြင်း ခပ်နှိပ်ပစ်လိုက်၏။

လောဘကြီးက သည်မီးပြင်းဖိုကို ရရှိရန် သေခြင်းရှင်ခြင်းအခြေအနေထိ ကြုံတွေ့ခဲ့ရလုနီးပါး ဖြစ်ခဲ့ရပေသည်။သူက ၎င်းသည် ရတနာတစ်ခု ဖြစ်ကြောင်း သိသော်လည်း မထိန်းချုပ်နိုင်ခဲ့ပေ။ထို့အတွက်ကြောင့် ယခု မီးပြင်းဖိုအပေါ်ရှိ စာလုံးကို အသုံးပြုကာ မီးပြင်းဖို၏တချို့စွမ်းရည်များကို ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ခဲ့ရ၏။

သို့သော် ခုချိန်၌ ထိုအရာက ဝမ်လင်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့လေပြီ။

သူ့နတ်ဘုရားအာရုံကကို ယင်းစာလုံးအပေါ်သို့ ခပ်နှိပ်နေရင်း ထူးဆန်းသည့်ခံစားချက်တစ်ခုသည် ဝမ်လင်း၏စိတ်ထဲတွင်‌ ပေါ်လာခဲ့သည်။ထိုခံစားချက်က သူနှင့် ရင်းနှီးနေ၏။သူက ၎င်းခံစားချက်ကို ရှေးဟောင်းနတ်ဘုရား၏သားရေချပ်ဝတ်ကို ရှာတွေ့ချိန်ကလည်း ရရှိခဲ့ဖူးသည် မဟုတ်လား။

သို့သော်လည်း ထိုခံစားချက်သည် မှုန်ဝါးဝါးသာပင်။သူက ၎င်းခံစားချက်အား ပြည့်ပြည့်ဝဝမဖမ်းဆုပ်နိုင်ပေ။

ဝမ်လင်းသည် မီးပြင်းဖိုအား ထိန်းချုပ်သည့်နည်းလမ်းသည် မှားယွမ်းနေကြောင်း သိပေ၏။၎င်း ထိန်းချုပ်မှုက သူ့ကို အခြေခံထိန်းချုပ်မှု ရရှိစေမည် ဖြစ်သော်လည်း မီးပြင်းဖို၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်လင်းက အလျင်မလိုပါ။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ပြန်ရောက်ရင်တော့ ငါ့မူလခန္ဓာကိုယ်ရဲ့ လက်ထဲမှာ ဒီမီးပြင်းဖိုရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်…”

ထို့နောက် သူက မီးပြင်းဖိုကို ထိန်းချုပ်စဉ်က ရရှိခဲ့သော မှုန်ဝါးဝါးခံစားချက်အတိုင်း သူ့လက်ဖြင့် ချိပ်တံဆိပ်များ ဖြစ်ပေါ်စေသည်။သူ့နတ်ဘုရားအာရုံ၏ အတွေးတစ်ချက်ဖြင့်ပင် မီးပြင်းဖိုသည် တုန်ယင်ကာ မြည်သံ ပေးလာ၏။မီးပြင်းဖိုထံကနေ လှိုင်းတစ်ခု ပျံ့နှံ့လာရင်း အဖြူရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာ၏။အနှီအခိုးငွေ့သည် အင်မတန် သိပ်သည်းကာ ဝမ်လင်းအား ဝန်းရံထားသည်။ဤအခိုက်အတန့်၌ ဝမ်လင်းသည် သူက မီးပြင်းဖို၏ အစိတ်အပိုင်းတစ်ခု ဖြစ်သလို ခံစားမိ၏။ထိုခံစားချက်သည် အလွန်အံ့အားသင့်ဖွယ်ပင်။

အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်၏။ “ပုံစံပြောင်းစမ်း…”

သူက ထိုစကားနှစ်ခွန်းကို ပြောလိုက်သည့်အခါ မီးပြင်းဖိုသည် တုန်ခါကာ ပျောက်ကွယ်သွားသည်။၎င်းက ပြန်ပေါ်လာသည့်အခါ၌ လက်တံများ ထွေးခြုံဝန်းရံထားသည့် အပြင်ဘက်သို့ ရောက်နေလေပြီ။

ထူးဆန်းသည်က လက်တံများသည် လှုပ်ရှားလာခြင်း မရှိဘဲ သူတို့၏ မူလနေရာ၌သာ နေမြဲတိုင်းနေနေ၏။သူတို့အတွက် မီးပြင်းဖိုသည် မူလအတိုင်းသာ ရှိနေသေးသည့်အလား ထင်မှတ်ရ၏။

ဝမ်လင်းသည် မီးပြင်းဖိုထဲကနေ လှမ်းထွက်လာကာ အဖြူရောင်အခိုးငွေ့က သူ့နောက်တွင် လိုက်ပါလာသည်။သည်အခိုက်အတန့်၌ သူက တိမ်များကြီး စီးနင်းနေသည့် ကောင်းကင်ဘုံသား တစ်ယောက်အလား။ထို့နောက် ဝမ်လင်း၏ အကြည့်က ယောင်ပင်ယွမ်ပေါ်သို့ ကျရောက်လာ၏။

သူက ယောင်ပင်ယွမ်ကို အစောကတည်းက သတိပြုမိခဲ့ပြီး ဖြစ်၏။သို့သော်လည်း မီးပြင်းဖိုအပေါ်၌သာ ခပ်နှိပ်ခြင်းကို အာရုံစိုက်ထားသည့်အတွက် သူက သူမကို အနီးကပ် မကြည့်နိုင်သေးခြင်း ဖြစ်သည်။

ခုချိန်၌ မီးပြင်းဖိုကို ရရှိပြီးသည့်နောက် သူက သူမအပေါ် လေ့လာကြည့်ရပေတော့မည်။

ရေခဲများကို ဖြတ်ကျော်ကြည့်သည့်အခါ ယောင်ပင်ယွမ်၏ ပေါ်တစ်ဝက်မပေါ်တစ်ဝက် ဝတ်လစ်စလစ် ခန္ဓာကိုယ်ထံကနေ လှပမှုကို ပေးစွမ်းနေတော့သည်။

သို့သော်လည်း ထိုအလှတရားက ဝမ်လင်းအပေါ်တွင် သက်ရောက်ခြင်း မရှိပေ။သူ့မျက်လုံးများက ရေကဲ့သို့ တည်ငြိမ်နေသည်။

“ဒီအမျိုးသမီးရဲ့ ကျင့်ကြံခြင်းနည်းလမ်းက တကယ့်ကို ထူးဆန်းလှတာပဲ။သူ့မူလစွမ်းအင်က သူမထံကနေ ကွဲကွာနေတာတောင် သူမက သူမကိုယ်သူမ ကာကွယ်ထားနိုင်သေးတယ်။သူမခန္ဓာကိုယ်ရဲ့ အရာအားလုံးကိုလည်း ချိပ်ပိတ်ပစ်ထားတဲ့အတွက် လမြွေနဂါးက သူမထံကနေ ဘာတစ်ခုမှ မစုပ်ယူနိုင်တော့ဘူး…”

“ဒါပေမဲ့လည်း သူမက လမြွေနဂါးကို လျှော့တွက်ထားတာပဲ။ ဒီနည်းလမ်းက အလုပ်ဖြစ်ပေမဲ့လည်း သူမကို ခြုံလွှမ်းထားပေးတဲ့ ဒီရေခဲ ပျက်စီးဖို့က အချိန်သိပ်ကြာမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်…”

“နင်က ငါ့နောက်ကို အမဲလိုက်ခဲ့ပြီး ငါ့ကို နှစ်ကြိမ်နီးပါး သတ်ပစ်နိုင်မလို ဖြစ်ခဲ့တယ်။ငါသာ လက်စားပြန်မချေရင် ငါဟာ ဝမ်လင်း မဟုတ်တော့ဘူး…”

ဝမ်လင်းသည် ပြုံးလိုက်၏။ထို့နောက် သူက ထိုရေခဲလွှာပေါ်သို့ ခပ်ကြမ်းကြမ်း ခုတ်ပိုင်းချလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်ပမာဏသည် သူ့လက်ချောင်းများထံကနေ မြင့်တက်ကာ ရေခဲလွှာထဲသို့ ဝင်ရောက်သွား၏။ကျယ်လောင်သောအက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏လက်ချောင်း တိုက်ခိုက်မှုကို ဗဟိုပြုကာ ရေခဲလွှာသည် တဖြည်းဖြည်း အက်ကွဲလာတော့သည်။

ထိုအက်ကွဲမှုများသည် ဆက်တိုက် ဖြစ်ပေါ်နေတော့၏။

ဝမ်လင်းသည် ရေခဲလွှာထဲရှိ ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးတို့က အေးစက်လာ၏။

ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။သူက ဆက်တိုက်လှုပ်ရှားကာ ယောင်ပင်ယွမ်ပတ်လည်သို့ မတူညီသည့်နေရာများကို တိုက်ခိုက်နေသည်။ထို့ကြောင့် ယောင်ပင်ယွမ်၏ ပတ်လည်ရှိ ရေခဲများသည် တလက်မချင်း ကြွေကျကုန်တော့၏။

“ဒီအမျိုးသမီးက ယောင်မိသားစုရဲ့ တတိယမျိုးဆက် အတော်ဆုံးတွေကြားမှ တစ်ယောက်အပါအဝင် ဖြစ်ရမယ်။ယောင်မိသားစုက ငါ့ကို သတ်လို မှတော့ ငါကလည်း သူမကို ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် သန့်စင်ပစ်ရမှာပေါ့။ဒါက ကျရှုံးခဲ့ရင်တောင် ကိစ္စမရှိဘူး…”

ဝမ်လင်း၏ စိတ်နှလုံးသည် ပြတ်သားလှသည်။ သူ့ရန်သူတစ်ယောက်အပေါ် သူက လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။သူ့ရန်သူအမျိုးသမီးက အလွန်အမင်း လှနေလျှင်ပင် သူ့တွင် သနားတတ်သည့် ခံစားမှုမျိုး မရှိချေ။

ထို့အပြင် ယောင်ပင်ယွမ်က လှသည်ဆိုသော်လည်း လျိုမေကို ယှဉ်နိုင်ခြင်းတော့ မရှိသေးပေ။

“ဒါက ကံကြမ္မာပဲ။သင်က ငါ့ကို လိုက်မသတ်ရင် ဒီနေ့လို ဖြစ်လာမှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ပါးစပ်ဟကာ သူ့မူလစွမ်းအင်အဆီအနှစ်ကို ယောင်ပင်ယွမ်အား ဝန်းရံထားသည့် ရေခဲလွှာပေါ်သို့ တိုက်ရိုက် ထွေးထုတ်လိုက်၏။ထို့နောက် သူက သူ့ညာလက်ဖြင့် ရေခဲလွှာအား ညွှန်လိုက်သည်။

အက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာကာ သူမပတ်လည်ရှိ ရေခဲများသည် အက်ကွဲလာပြန်၏။အမှန်တော့ သူမသာ သည်မန္တာန်ကို မူလစွမ်းအင်နှင့် အသုံးပြုထားပါက ဝမ်လင်းသည် ၎င်းရေခဲလွှာအား အလွယ်တကူ ဖျက်စီးနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ခုလက်ရှိ၌ သူမ၏ မူလစွမ်းအင်သည် သူမနှင့် ကင်းကွာနေခြင်းက ဝမ်လင်းအတွက် အခွင့်ရေးပင်။

ယောင်ပင်ယွမ်သည် ဝမ်လင်းသည် သည်နေရာ၌ သူမနှင့်အတူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ထို့အပြင် သူမက ဝမ်လင်းသည် သူ့မူလစွမ်းအင်ကို ရှေးဟောင်းနတ်ဘုရားချပ်ဝတ်က ကာကွယ်ထားသည့်အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လိမ့်မည်ဟု ပို၍ မျှော်လင့်မိမည် မဟုတ်ပေ။ရေခဲလွှာ ပျက်စီးလာသည်နှင့် ယောင်ပင်ယွမ်၏မျက်လုံးသည် တဖြည်းဖြည်း ပွင့်လာကာ ဝမ်လင်းထံသို့ လှမ်းကြည့်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset