အခန်း(၁၄) : ထူးဆန်းသည့်ဂါထာ
“… ကျွန်တော်တို့နှစ်ယောက်က ကံပါနေတယ်”
ရှန်ထျန်းစကားကြောင့် လီလျန်အာလေး ရှက်သွေးဖြာသွားရ၏။ သူမ၏ ထောင်နေသည့် ဆံပင်လေးက တစ်ခါ ခုန်ဆွခုန်ဆွ ဖြစ်သွားရပြန်သည်။
ဘာ… ဘာရယ်… ဒါအရမ်းကို တည့်တိုးကြီးဖြစ်နေတယ်လေ…
ငါလေးက သူနဲ့ ကံပါတယ်တဲ့လား… အိုး ရှက်ဖို့ကောင်းလိုက်တာ…
အခု ငါလေး ဘာလုပ်သင့်လဲ…
ဒါဟာ အချစ်များလား…
ဒါက ငါ့ရဲ့ ပထမဆုံး ရင်ခုန်သံပဲ…
…………………
လမ်းကြုံနံပါတ်(၁)က လီလျန်အာ၏ မျက်နှာ ရဲသွားသည်ကို မြင်သောအခါ စိုးရိမ်လာသည်။
“နတ်မိမယ်လီ… မင်း ဒီလူလိမ်ရဲ့ အလိမ်အညာကို မိလို့မဖြစ်ဘူး။ သူက လူကောင်း မဟုတ်ဘူးဗျ”
“ပါးစပ်ပိတ်ထားစမ်းပါ” လီလျန်အာက အသိပြန်ဝင်လာသည်။
“အဲ့ဒါအတွက် သိပ်မကြာခင် အဖြေပေါ်အောင် ကျွန်မ လုပ်မှာပါ။ မျှမျှတတလည်း ဖြစ်စေရမယ်…
သူတကယ် လိမ်နေတာ ဖြစ်ပါစေလို့သာ ရှင်ဆုတောင်းနေလိုက်တော့… မဟုတ်ရင် ကျွန်မ ရှင့်ကို အသရေဖျက်မှုနဲ့ အရေးယူပြီး ဖမ်းရလိမ့်မယ်”
သတိပေးခံရပြီးသည့်နောက် လမ်းကြုံနံပါတ်(၁)မှာ ငိုတော့မတတ်ဖြစ်သွားသည်။
ဘာကြောင့် ဟိုလူမဟုတ်ဘဲ သူက သတိပေးခံနေရတာလဲ…
လီလျန်အာက ရှန်ထျန်းကို တစ်ခေါက် ထပ်ကြည့်လိုက်သည်။ တဒိတ်ဒိတ်ခုန်နေသည့် သူမ၏ ရင်ခုန်သံကို တည်ငြိမ်သွားအောင် ကြိုးစားပြီးနောက် သူမက ပြောလိုက်သည်။
“ကျွန်မတို့ နှစ်ယောက် ကံပါတယ်ဆိုတာ ရှင်တကယ်သေချာလား”
ရှန်ထျန်းက ခေါင်းငြိမ့်ကာ “သေချာပါတယ်”
လီလျန်အာက ပြုံးကာ ပြောလိုက်သည်။
“ကျွန်မရဲ့ဆတ္ထမအာရုံက ပြောနေတယ်… ကျွန်မကိုကိုက လိမ်နေတာ မဟုတ်ဘူးတဲ့။ ကျွန်မ သူ့ကို ယုံတယ်”
ထို့နောက် သူမက နောက်လှည့်ကြည့်ကာ လမ်းကြုံနံပါတ်(၁)ကို မေးခွန်းထုတ်လိုက်ပြန်သည်။
“ရှင်က ဘာဖြစ်လို့ ကျွန်မကိုကိုကို အသရေဖျက်တာလဲ”
“…”
ဒါပဲလား… အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင်ခေါင်းဆောင်က မှုခင်းတစ်ခုကို ဒီလိုလွယ်လွယ်လေး ပိတ်ပစ်လိုက်တယ်တဲ့လား…
ချောမောကြည့်ကောင်းနေတာနဲ့ပဲ သူက လွတ်သွားရောတဲ့လား…
စောစောလေးတင် သူက တာအိုကိုယ်တော်တစ်ယောက်ပဲ ရှိသေးတဲ့ဟာ… အခုတော့ “ကိုကို” တောင် ခေါ်နေပြီလား…
ဘယ်ချိန်ကများ မင်းတို့တွေ လက်ထပ်လိုက်တာတုန်းကွ… ဟေ… ပေါက်တတ်ကရတွေ လျှောက်မလုပ်ပါနဲ့ဗျာ…
…………………
စည်းကမ်းကိုင်ဒုခေါင်းဆောင်က သနားစရာ လမ်းကြုံနံပါတ်(၁)အတွက် ပြောပေးရန် ဆုံးဖြတ်လိုက်သည်။
သူက လီလျန်အာကို အသာလေး ဖျောင်းဖျအသိပေးလိုက်သည်။
“သခင်မလေး… ကျွန်တော်တို့တွေ အမှန်တရားကို မသိရသေးဘူးလေ”
ဒီသခင်မလေးက ထိုက်ပိုင်ချိုင့်ဝှမ်း၏ တပည့်ဖြစ်ကာ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ အချစ်တော် မင်းသမီးလေး ဖြစ်နေသော်လည်း အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲတွင် ရောင်းသူဝယ်သူတွေ အများကြီး ရှိနေသည်။ စည်းကမ်းကိုင်တွေအနေနှင့် တရားမျှတဖို့ လိုအပ်သည်။
သူမ၏ နောက်ခံအင်အားမှာ ထူးခြားသော်လည်း သူမအား ချွင်းချက် ထားပေးလို့ မရပေ။ သို့မဟုတ်ပါက သူတို့၏ အခွင့်အာဏာကို မေးမြန်းလာကြလိမ့်မည်။
…………………
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ကျွန်တော်ရဲ့ ရိုးသားမှုကို ဘယ်လို သက်သေပြရမလဲ”
ဒုခေါင်းဆောင်က ပြန်ဖြေလိုက်သည် “သခင်မလေးလီနဲ့ ကံပါတယ်လို့ မင်းပြောတယ်နော်… တကယ်သေချာလား”
ရှန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ… ဒါဆို မင်း သခင်မလေးကို ဝိညာဉ်သတ္တုရိုင်းတုံး (၃)တုံး ရှာပေး… အဲ့ဒါကို ငါတို့တွေက စောင့်ကြည့်နေမယ်။ တကယ်လို့ ဒီသတ္တုရိုင်းတုံးတွေထဲကနေ ရလာတဲ့ စုစုပေါင်း ဝိညာဉ်ကျောက်တုံးတွေရဲ့ တန်ဖိုးက ကုန်ကျငွေရဲ့ နှစ်ဆသာ ပြန်ရခဲ့မယ်ဆိုရင် ငါတို့ မင်းကို ယုံလိုက်မယ်။ ဘယ်လိုလဲ”
ဤနေရာတွင် သူက အလွန့်အလွန်ကို မျှမျှတတ ရှိစေရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကျွမ်းကျင်သော ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်ပင်လျှင် (၁၀၀)ရာခိုင်နှုန်း အောင်မြင်နိုင်ချေ မရှိပေ။ တစ်ခါ နှစ်ခါလောက်တော့ အမှားလုပ်မိသည်မှာ ပုံမှန်သာ ဖြစ်သည်။ သို့ဖြစ်ရာ ရှန်ထျန်း၏ပညာကို စမ်းရန်အတွက် သတ္တုရိုင်းတုံး (၃)တုံးမှာ အလွန်မျှတသည်ဟု ပြောလို့ရသည်။
ရှန်ထျန်းက ခေါင်းခါကာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး… အဲ့ဒီလို မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က ကံပါတယ်ဆိုပေမဲ့ မိန်းကလေးအတွက် ဝိညာဉ်သတ္တုရိုင်းတစ်တုံးပဲ ကျွန်တော် ရွေးပေးနိုင်တယ်”
လီလျန်အာက မေးလိုက်သည် “ဘာလို့လဲ”
ရှန်ထျန်းက ခေါင်းကို အနည်းငယ်မော့ကာ ကောင်းကင်ကို (၄၅) ဒီဂရီစောင်း ကြည့်လိုက်သည်။ ထို့နောက် သူက လျို့ဝှက်နက်နဲသည့် ဟန်ပန်အမူအယာနှင့် ပြောလိုက်၏။
“အရာရာတိုင်းမှာ လိုက်နာရမယ့် အမိန့်၊ စည်းကမ်းတွေ ရှိတယ်လေ…
ကျွန်တော် ခင်ဗျားတို့ကို အကုန် ပြောပြလို့မရသလို ခင်ဗျားတို့ကလည်း အရာအားလုံးကို မရရှိနိုင်ဘူး။ အားလုံးကို ပိုင်ဆိုင်နေနိုင်ရင် ကံတရားက ပျောက်ကွယ်သွားလိမ့်မယ်”
မိုးသောက်နေက ရှန်ထျန်း၏ မျက်နှာပေါ်သို့ ရောင်ခြည်ဖြာကျနေသည်။ မိန်းကလေးထုကြီးက သူ့ရဲ့ ဒီချောမောခန့်ညားလှသည့် ရုပ်ရည်သွင်ပြင်ကြောင့် တမ်းတမ်းစွဲ ဖြစ်သွားကြလေသည်။
“ငါ့ကိုကိုက ချောလိုက်တာ”
“လူလိမ်လူညာတစ်ယောက်က ဒီလောက် ကြည့်ကောင်းနေပါ့မလား… စည်းကမ်းကိုင်တွေက ကျပ်ကောပြည့်သေးရဲ့လား”
“တစ်တုံးနဲ့ လုံလောက်နေပါပြီဆို… ဘာဖြစ်လို့ သုံးတုံးရွေးရမှာလဲ”
“ဟုတ်ပ… ကျွန်မချစ်ချစ်ကလေး ပင်ပန်းသွားလိမ့်မယ်”
“ကောင်မ… ညည်းဘာပြောလိုက်တယ်… သူက ငါ့ချစ်ချစ်ဟဲ့”
…………………
လူအုပ်ကြီးက နောက်တစ်ကြိမ် ထပ်ဆူညံလာပြန်သည်။
ထိုအခိုက် လီလျန်အာက ရှန်ထျန်း စောစောကပြောသည်များကို သေချာပြန်သုံးသပ်လိုက်သည်။
…“အရာရာတိုင်းမှာ လိုက်နာရမယ့် အမိန့်၊ စည်းကမ်းတွေ ရှိတယ်”…
… “ကျွန်တော် ခင်ဗျားတို့ကို အကုန် ပြောပြလို့မရသလို ခင်ဗျားတို့ကလည်း အရာအားလုံးကို မရရှိနိုင်ဘူး”…
… “အားလုံးကို ပိုင်ဆိုင်နေနိုင်ရင် ကံတရားက ပျောက်ကွယ်သွားလိမ့်မယ်”…
ကြားရသည်မှာ ရိုးရှင်းပုံပေါ်သော်လည်း ထိုစကားထဲတွင် တာအိုအဓိပ္ပာယ်အစစ်အမှန်တို့ ပါဝင်နေသည်။ ထိုက်ပိုင်ချိုင့်ဝှမ်းက စီနီယာဆရာကြီးများပင်လျှင် ဒီစကားကို ကြားပါက တာအိုသဘောတရားအပေါ် အလေးအနက် စဉ်းစားသုံးသပ်ကြလိမ့်မည်သာ။
လီလျန်အာက ရှန်ထျန်းမှာ လူလိမ်တစ်ယောက် မဟုတ်ဘူးဟု ယုံကြည်သွားသည်။ သူမက လူလိမ်တစ်ယောက်ဆီတွင် ဒီလိုအရှိန်အဝါ၊ ဒီလိုဉာဏ်ပညာ၊ ဒီလိုလေးနက်တည်ကြည်မှုနှင့်… အင်း… ဒီလိုရုပ်ရည် ရှိနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
…………………
ရှန်ထျန်းတစ်ယောက် ဘာကြောင့် သူမအတွက် ဝိညာဉ်သတ္တုရိုင်းတုံး တစ်တုံးပဲ ရွေးပေးရန် ဆန္ဒရှိသလဲ ဆိုတာကို လီလျန်အာက မသိရှာပေ။
အကြောင်းအရင်းမှာ ရှင်းရှင်းလေးသာ ဖြစ်သည်။
သူက သူမ၏ ရောင်ဝါစက်ဝန်းထဲတွင် ကံအပြောင်းအလဲ အခွင့်အရေး တစ်ခုကိုသာ မြင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်သတ္တုရိုင်းတုံး တစ်တုံးတည်း ရွေးမှသာ ပစ္စည်းကောင်းရနိုင်လိမ့်မည်ဟု ရှန်ထျန်းက ယုံကြည်မိသည်။
တစ်တုံးထက် ပိုရွေးလိုက်ပါက ချက်ချင်း အလိမ်ပေါ်သွားပေလိမ့်မည်။ ထိုသို့ဆိုပါက လူတိုင်း၏ အပြစ်တင်စွပ်စွဲခြင်းကို သူ ခံရတော့မည်လေ…
တခြားသတ္တုရိုင်းတုံးတွေထဲတွင်လည်း တခြားကံအပြောင်းအလဲအခွင့်အရေးများ ရှာတွေ့ကောင်း ရှာတွေ့နိုင်မည်မှာ မှန်သည်။ သို့သော် သူ့ခေါင်းပေါ်က အနက်ရောင် ရောင်ဝါစက်ဝန်းကြောင့် “ဖြစ်နိုင်ချေ” ပါဝင်နေသော ဘယ်အရာမဆိုက သူ့အတွက် ဆိုးရွားသည့် ရလဒ်တစ်ခုကို သေချာပေါက် ရရှိစေလိမ့်မည်ဖြစ်သည်။
စည်းကမ်းကိုင်က ထပ်မေးလိုက်သည် “တစ်တုံးတည်းနဲ့ လုံလောက်တာ သေချာပြီလား”
ရှန်ထျန်းက ပြုံးလျက် ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့… ကျွန်တော့်ရဲ့ပညာကို ကျွန်တော်ယုံတယ်”
သူက သူ့ပစ္စည်းတွေကို သိမ်းကာ လမ်းစလျှောက်လိုက်သည်။
“နတ်မိမယ်လျန်အာ… ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ”
လီလျန်အာက ရှန်ထျန်းကိုမှီအောင် အမြန်လိုက်သွားလိုက်၏။
ဘေးမှ ကြည့်နေကြသည့်သူများကလည်း လိုက်လာကြလေသည်။
…………………
ရှန်ထျန်းက “မြင့်မြတ်သော ဝိညာဉ်ပြခန်း”ဟုခေါ်သည့် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ဒီဆိုင်က အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲတွင် ရှိနေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ကာ သူ့ရောင်းအားက ကောင်းကင်ဝိညာဉ်ပြခန်းနှင့်ပင် ယှဉ်နိုင်လေသည်။
ဆိုင်ထဲတွင် မျိုးစုံသော ဝိညာဉ်သတ္တုရိုင်းတုံး အမြောက်အများကို ခင်းကျင်းတင်ပြထားသည့် အရောင်းစင်များ ဒါဇင်ကျော် ရှိနေသည်။
တချို့က ကြံ့တစ်ကောင်နှင့် တူနေကာ၊ တချို့မှာ လင်းယုန်ငှက်နှင့် တူနေသည်။ တချို့ကျပြန်တော့ သုံးချောင်းထောက်ခုံနှင့် ဆင်နေကာ၊ တချို့မှာတော့… သာမန်ပုံပန်းသဏ္ဍာန်သာ ရှိနေလေသည်။
ပုံမှန်အားဖြင့် အထဲ၌ ပစ္စည်းကောင်းများ ရှိနေပါက ထိုဝိညာဉ်သတ္တုရိုင်းတုံးများ၏ ပုံပန်းသဏ္ဍာန်မှာ ထူးခြားကွဲပြားလေ့ရှိသည်။ သို့သော် ပြောစကားများမှာ အမြဲမှန်နေသည်တော့လည်း မဟုတ်ပြန်ပေ။
သတ္တုရိုင်းတုံးများကို ထူးထူးခြားခြားပုံစံဖြစ်အောင် လုပ်ယူလို့ ရနိုင်သည်လေ…
ရှန်ထျန်းက ဆိုင်ထဲသို့ ရောက်သွားသည်နှင့် ဘယ်လက်ပေါ်တွင် သူ့စာတန်းတိုင်များကို တင်ထားလိုက်သည်။ ထို့နောက် သူ့ညာဘက်လက်မက သူ့လက်ချောင်းများအပေါ် တစ်ချောင်းပြီး တစ်ချောင်း ကူးလူးထိတွေ့နေလိုက်သည်။
သူက မျက်လုံးများကိုလည်း မှိတ်လိုက်ပြီး ဂါထာတစ်ခုကို ရွတ်ဖတ်နေဟန်ဖြင့် ဆိုင်အတွင်း၌ လမ်းလျှောက်ရင်း လှည့်ပတ်နေလိုက်သည်။
“အာထရာမန်း… အာဗာတာ… အိုင်းရွန်းမန်း… ကာကာရော့မှ ဗီဂတာ…”
ဤစကားများမှာ ဘေးမှကြည့်နေသူအပေါင်း တစ်ခါမှ မကြားဖူးသော ထူးဆန်းသည့်စကားလုံးများ ဖြစ်နေလေ၏။
…………………
ဒုခေါင်းဆောင်က မေးလိုက်သည် “သခင်မလေး… သခင်မလေးက ထိုက်ပိုင်ချိုင့်ဝှမ်းကဆိုတော့ သူပြောနေတာတွေကို သခင်မလေး သိလား”
လီလျန်အာက ရှင်းပြလိုက်သည် “ဖြစ်နိုင်တာက အဆင့်မြင့်ဂါထာတွေ ဖြစ်မယ်… နားသာထောင်နေစမ်းပါ… ကျွန်မကိုလာ မနှောင့်ယှက်နဲ့”
လီလျန်အာက ရှန်ထျန်းအား စိုက်ကြည့်ရင်း သေသေချာချာ နားထောင်နေလိုက်သည်။
နောက်ဆုံးတွင် ရှန်ထျန်းက ဂါထာရွတ်လို့ ပြီးသွားလေပြီ။
“… ရှက်ခ် ချီလီ ကာဘူတကု… ပဲရစ်က ဗာဂျင်းမယ်ရီ… ဒိုတာက ဇု… ချိအင်ဂျင်ကို မသုံးပု…
… အခုချက်ချင်း ကိုယ်ထင်ပြစေ”
ထို့နောက် ရှန်ထျန်းက သူ့စာတန်းတိုင်ကို အရောင်းစင်၏ အလယ်တည့်တည့်တွင် ရှိနေသည့် ဝိညာဉ်သတ္တုရိုင်းတုံးအား ညွှန်ပြလိုက်လေ၏။
“ကျွန်တော် မြင်လိုက်ရတယ်… ဒီတစ်ခုပဲ”
လူတိုင်းက သူ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သောအခါ လက်ဝါးအရွယ်ရှိ ခရမ်းစိမ်းရောင် သတ္တုရိုင်းတုံးတစ်တုံးကို တွေ့လိုက်ရသည်။
သတ္တုရိုင်းတုံးမှာ ဘူးသီးပုံစံရှိကာ မျက်နှာပြင်မှာလည်း အလွန်ချောမွတ်နေဟန် ရှိသည်။ ဘယ်ဘက်ခြမ်းက ခရမ်းရောင်လုံးလုံးဖြစ်ကာ၊ ညာဘက်ခြမ်းက အစိမ်းရောင်လုံးလုံး ဖြစ်နေသည်။
သတ္တုရိုင်းတုံးပေါ်တွင် ထူးခြားဆန်းကြယ်သော အမှတ်အသားတစ်ခုက နေရာအပြည့်ယူထားသဖြင့် သူ့ကို ကြည့်ရသည်မှာ အမှန်ပင် ထူးခြားနေသည်။
ရောင်းဈေးမှာ… ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်း ဖြစ်သည်။