ထိုတုန်ဟီးသံကြောင့် ဝမ်လင်း၏အသွင်သည် ဖြူရောသွားရသည်။သူက သူ့မူလစိတ်ဝိညာဉ်ထဲမှ နာကျင်မှုကိုပါ ခံစားလိုက်ရသည်။သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် ရှိနေသေးသော်လည်း ခုချိန်၌ နာကျင်မှုကြောင့် သူ့ဒွာရပေါက်များကနေပင် သွေးများ စိမ့်ထွက်ကုန်ကြသည်။
အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်နှင့် ဝမ်လင်းသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ သားရေချပ်ဝတ်သည် ထွက်ပေါ်လာကာ သူ့မူလစိတ်ဝိညာည်အား ကာကွယ် ပိတ်ဆို့ပေ၏။၎င်းက သူ့နားနှစ်ဖက် ပတ်လည်၌ အတားအဆီးတစ်ခုကို ရုတ်တရက် ပေါ်လာစေသည်။ဟိန်းသံက အားကောင်းဆဲ ရှိနေသေးသော်လည်း သူ့မူလစိတ်ဝိညာဉ် အပေါ်ဖိအားသည် ဝမ်လင်းတောင့်ခံနိုင်သော အနေအထားသို့ ရောက်လာခဲ့တော့၏။
သို့သော်လည်း ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်၏ အော်ရာ ထွက်ပေါ်လာခြင်းက လမြွေနဂါးငယ်များ၏ လက်တံများကို စိတ်လှုပ်ရှားစွာ ဟိုဒီယိမ်းခါမှုအား ဖြစ်စေသည်။သူတို့အားလုံးက ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။
ဝမ်လင်း၏ဦးရေပြားသည် ထုံထိုင်းသွားသည်။သူက ဘေးကျပ်နံကျပ် အခြေအနေသို့ ဆိုက်ရောက်နေ၏။သူက ချပ်ဝတ်ကို ပြန်ချွတ်လျှင်လည်း သူ့မူလစိတ်ဝိညာဉ်သည် ထိုအသံအောက်၌ ပျက်စီးရပေမည်။ ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင်လည်း ၎င်းက လမြွေနဂါးငယ်များစွာကို ဆွဲဆောင်နေမည် ဖြစ်၏။
သူက သက်ပြင်းသာ ချနိုင်တော့၏။ ဝမ်လင်း၏အသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။ သူ့ရှေ့ရှိ မြေကြီးထဲကနေ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်လာသည်။အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ ပေတစ်ထောင်ခန့်ရှိသည့် လမြွေနဂါးငယ်တစ်ကောင်သည် ရုတ်တရက် ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။ဝမ်လင်း၏ အမြင်အရ ၎င်း၏ ပါးစပ်ကြီးသည် သားရေချပ်ဝတ်၏ အော်ရာကို ဝါးမြိုရန်သာ မဟုတ်ဟု သိနေ၏။
နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးသည့်နောက် ဝမ်လင်းတွင် သူ့ကိုယ်သူ သက်တောင့်သက်သာ မနေတက်ပေ။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏အသွင်က အလေးအနက် ဖြစ်လာ၏။သူက နောက်သို့ အမြန် ဆုတ်နေသည်။လမြွေနဂါးက သူ့ထံသို့ တရကြမ်း တိုးဝင်လာနေကာ ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာကို အဆက်မပြတ် ဝါးမြိုနေ၏။
ကျင့်ကြံသူများက ထိုအော်ရာကို မခံစားမိနိုင်ကြချေ။ရှေးဟောင်းအချိန်တွေတည်းက အမွေအနှစ် ရရှိခဲ့ကြသော သားရဲများသည်လည်း ချပ်ဝတ်၏အော်ရာကို ထောက်လှမ်းနိုင်ကြစွမ်း မရှိကြပေ။ လမြွေနဂါးအပြင် အလွန်နည်းပါးသော သက်ရှိပုံစုံများကသာ ရှေးဟောင်းနတ်ဘုရား၏အော်ရာကို ထောက်လှမ်းနိုင်စွမ်း ရှိကြ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်လာနေ၏။ ၎င်းသားရဲက ရှေးဟောင်းနတ်ဘုရား၏အော်ရာကို ဝါးမြိုချင်ရုံမဟုတ် သူ့ကိုပါ ဝါးမြိုပစ်ချင်နေဟန်ရသည် မဟုတ်လား။
ဝမ်လင်း၏အသွင်က သုန်မှုန်လာနေ၏။သူက ချက်ခြင်း ဦးတည်ချက်ကို ပြောင်းလဲလိုက်၏။
သူ့နောက်ရှိ မြေပြင်ထဲမှလည်း နောက်ထပ် ပေတစ်ထောင်ခန့်လမြွေနဂါးငယ်တစ်ကောင် ထွက်ပေါ်လာပြန်၏။ ၎င်းက ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာချိန်၌ ၎င်း၏ ပါးစပ်ကြီးကနေ သရေ ယိုကျနေတော့သည်။
ဝမ်လင်းသည် အရပ်မျက်နှာအနှံ့ကနေ အက်ကွဲသံများ ထွက်ပေါ်လာသည်ကို ကြားနေရ၏။ သည့်နောက် အရွယ်အစားမတူညီသည့် လမြွေနဂါးငယ်ဆယ်ကောင်ကျော်သည် ဝမ်လင်းထံသို့ ဦးတည်လာနေကြသည်။
ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်တို့ကို စုစည်းနေ၏။ထို့နောက် ၎င်းအားသည် ရုတ်တရက်ထိုးထွက်လာသည်။ယင်းမူလစွမ်းအင်က ဝဲကတော့တစ်ခုကို ဖြစ်စေကာ သူ့အား နောက်သို့ အမြန်ပို၍ ဆုတ်စေနိုင်သည်။
လမြွေနဂါးငယ်များစွာသည် သူ့နောက်သို့ လိုက်လံနေကြ၏။ထိုလမြွေနဂါးငယ်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ပြည့်နေကြသည်။
လမြွေနဂါးများစွာ၏ လိုက်လံနေခြင်းကို ခံနေရသည့်အတွက် ဝမ်လင်း၏ဦးရေပြားပင် ကျိန်းစပ် ထုံထိုင်းနေမိနေ၏။သူက ညစ်ကျယ်ကျယ်ပြုံးကာ ရုတ်တရပ်ကြီး ရပ်တန့်လိုက်၏။ သူ့ရှေ့၌ အက်ကြောင်းရာချီ ပေါ်လာခဲ့ကာ လမြွေနဂါးများစွာ တဟုန်ထိုး ထိုးထွက်လာကြတော့သည်။ လမြွေနဂါးအုပ်စုကြီးသည် ဝမ်လင်းကို ပိတ်လှောင်ထားသလို ဖြစ်လာတော့၏။
သည်လမြွေနဂါးများက သူ့အား ဝါးမြိုရန် ထိုးထွက်လာသည်နှင့် ဝမ်လင်းထံကနေ ရက်စက်သည့်အကြည့်တစ်ခု ထွက်ပေါ်လာခဲ့ကာ ကျယ်လောင်သောဟိန်းသံတစ်ခုသည် လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲ၌ ဖြတ်သန်း ပဲ့တင်ထပ်သွားသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် ဝမ်လင်းနောက်သို့ လိုက်လံနေသော လမြွေနဂါးငယ်အားလုံးသည် ရပ်တန့်သွားကြသည်။၎င်းတို့က နောက်သို့ ဆုတ်၍ လမ်းကြောင်းတစ်ခုကိုပါ ဖြစ်စေလိုက်သေး၏။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သို့သော် ဤအခိုက်မှာပင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ကြီးမားသောလမြွေနဂါးတစ်ကောင်သည် လမ်းကြောင်းကနေ ဖြတ်၍ ရောက်လာ၏။၎င်းက အတော့်ကို မြန်ဆန်ကာ ၎င်းထံမှ ပေးစွမ်းနေသော အော်ရာသည် သွေးဘိုးဘေးထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။ချက်ခြင်းပင် ဝမ်လင်း၏အသွင်က ကြီးစွာ ပြောင်းလဲသွားရသည်။
အံ့မခန်းအမြန်နှုန်းနှင့် တိုးဝင်လာသည့် ထိုလမြွေနဂါးသည် ဝမ်လင်းအား တိုက်ရိုက် ဝါးမြိုသွားတော့သည်။ထို့နောက် ၎င်းက မြေကြီးအတွင်းသို့ တူးဆွကာ ထွက်ခွာလို့သွားသည်။
၎င်းအကွာအဝေးတစ်ခုသို့ ရောက်သွားသည့်အခါ လမြွေနဂါးငယ်အားလုံးသည် လိုက်လံသွားကြ၏။
အနှီလမြွေနဂါးက မီးခိုးရောင်ရှိသည်။၎င်းက အလွန်မြန်ဆန်လွန်းသည်။ငါးမိနစ်ခန့်ကြာပြီးနောက် သူတို့သည် ဆန်းကြယ်သောနေရာတစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာ၌ မြေကြီးများ ရှိမနေပေ။ဝဲကတော့ကြီး တစ်ခုသာ ရှိ၏။ ၎င်းဝဲကတော့ တစ်ပတ်လှည့်လည်ပြီးတိုင်း အေးစက်စက်စွမ်းအင်တို့ကို ပတ်ဝန်းကျင်ထံသို့ ထုတ်လွှတ်ပေးနေသည်။
ဝမ်လင်းက ထိုဝဲကတော့ကို တွေ့မြင်တွေ့ရပါက သူက ဤနေရာမှာ လမြွေနဂါးကြီး၏ ဦးခေါင်းပိုင်း ဖြစ်ကြောင်း သိရှိပေလိမ့်မည်။ထိုနေရာသည် လမြွေနဂါးကြီး၏ လအမြုတေ တည်ရှိရာ နေရာပင်။
ထိုနေရာသို့ ရောက်ရှိလာပြီးနောက် အနှီလမြွေနဂါးက ရုတ်တရက် ၎င်း၏ ပါးစပ်ကို ဟကာ ထွေးထုတ်လိုက်၏။ထိုအခါ ဝမ်လင်းသည် ပါးစပ်ထဲကနေ ထွက်လာရသည်။သူ့တွင် ခုခံရန် အချိန်ပင် မရတော့ဘဲ ဝဲကတော့ထဲသို့ ပျောက်ကွယ်သွားရလေသည်။
လမြွေနဂါးငယ်အုပ်စုကြီးက လှဲလျောင်းနေကာ မလှုပ်မယှက် ရှိနေကြသည်။
ဝဲကတော့အတွင်းသို့ ဝမ်လင်း ရောက်လာသည့်အခါ သူ့မျက်လုံးက တလက်လက် ဖြစ်နေတော့၏။သူက လမြွေနဂါး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် ထူးဆန်းသောအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ့မူလစွမ်းအင် လုပ်ဆောင်မှုအား ရပ်တန့်သွားစေသည်။သူ့မူလစိတ်ဝိညာည်ကို သူ့ခန္ဓာကိုယ်ကနေ ပိုင်းခွဲထုတ်ပစ်လိုက်သကဲ့သို့ဟု ဆိုရပေမည်။သူက ကျင့်ကြံသူတစ်ယောက်၏ အဖြစ်ကနေ သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့၏။
ထိုအဖြစ်က ဝမ်လင်း၏စိတ်ကို ကြီးစွာ တုန်ယင်စေသည်။ သို့သော်လည်း သူက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် ထိုဆန်းကြယ်သောစွမ်းအားကို ချက်ခြင်း စုပ်ယူနေသည့်အား တစ်ခု ပေးစွမ်းလာသည်ကို သတိပြုမိလိုက်၏။
ထို့အတွက်ကြောင့် သူ့မူလစွမ်းအင်သည် ပြန်လည် အသက်ဝင်လာခဲ့၏။
ဝမ်လင်းသည် ဝဲကတော့ထဲသို့ ပစ်လွှတ်ခြင်း ခံလိုက်ရပြီးနောက် သူသည် သူ့ပတ်လည်ရှိ အရာအားလုံးကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လာရ၏။သူမြင်လိုက်ရသည့်အရာက သူ့အား လေအေးတစ်ချက် ရှိုက်သွင်းမိစေ၏။
ထိုမီးပြင်းဖိုသည် အတိတ်တုန်းက လောဘကြီး ပိုင်ဆိုင်ခဲ့သည့် တစ်ခုပင်။
အနှီမီးပြင်းဖိုက ဝမ်လင်းကို အသက်ရှုမြန်စေ၏။သူ့ကို တုန်လှုပ်စေသည်က လက်တံများ ထွေးခြုံထားသည့် လူများပင်။
ထိုလူများသည် အဝတ်အစားများ ကင်းမဲ့ကာ အတော်လေး ပိန်ပါးလှသည်။ ထိုလူများထဲ၌ ယောက်ျား၊မိန်းမ၊အသက်ကြီးသူ၊လူငယ် အစုံပါဝင်နေ၏။
သူတို့အားလုံးက မျက်လုံးမှိတ်ထားလျက် ရှိကာ အသက်ဓာတ်ကင်းလုနီးပါး ဖြစ်၏။လက်တံများက သူတို့၏ အသက်ဓာတ်များကို စုပ်ယူနေသည်မှာ သိသာပေသည်။
ဝမ်လင်းသည် ထိုအထဲမှ တစ်ယောက်ကိုမျှ မသိပေ။သူက ထိုသူအားလုံးသည် ကျင့်ကြံသူများသာ မဟုတ်ကြဘဲ သူတို့ကြား၌ သေမျိုးများပါ ပါဝင်နေခဲ့၏။
ဝမ်လင်း၏ စိတ်နှလုံးထဲတွင် အေးစိမ့်မှုတစ်ခု ပေါ်လာ၏။
သူ့အကြည့်က သည်ဧရိယာ၏ အတွင်းနက်ပိုင်းထိ ရောက်သွား၏။သည်ဧရိယာက အဆုံးမရှိသည့်အလား။
“လမြွေနဂါး…”
ဝမ်လင်းက တိတ်တဆိတ် စဉ်းစားကြည့်နေ၏။
သူက ထိုလူများသည် လွန်ခဲ့သော မရေမတွက်နိုင်သော နှစ်များကတည်းက လမြွေနဂါးကြီး စုဆောင်းခဲ့သူများ ဖြစ်ပြီး ၎င်းတို့သည် လမြွေနဂါး၏ အသက်ဓာတ်ရင်းမြစ်တစ်ခု ဖြစ်လာခဲ့သည်ဟု ခန့်မှန်းမိ၏။
ဝမ်လင်း၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်အကြံဉာဏ်တစ်ခု ပေါ်လာ၏။
“အတိတ်တုန်းက လမြွေနဂါးဟာ ယွမ်ရှဂြိုဟ်အဖြစ် တည်ရှိခဲ့တယ်။အဲ့ဂြိုဟ်အပေါ်မှာလည်း မြို့ပျက်တွေ တည်ရှိနေခဲ့တယ်။တစ်ချိန်တုန်းကတော့ ဒီယွမ်ရှဂြိုဟ်ပေါ်မှာ ကျင့်ကြံသူတွေ၊သေမျိုးတွေ ရှိနေမှာပဲ…။သူတို့အားလုံးဟာ အမှန်တကယ် ဖယ်ရှားခံခဲ့ရတာလား…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိလိုက်၏။သူ့အသွင်ဟန်ပန်က စိတ်ရှုပ်ထွေးလို့နေသည်။
ဤအခိုက်အတန့်မှာပင် မရေမတွက်နိုင်သော လက်တံများသည် ဟင်းလင်းပြင်ထဲပ ပေါ်လာကာ ဝမ်လင်းထံသို့ အလင်းတန်းအလား ရွှေ့လျားလာကြ၏။ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။သူ့တွင် သည်သားရေချပ်ဝတ်သာ မရှိနေပါက သူလည်း သူ့ရှေ့ရှိ သေမျိုးများကဲ့သို့ ဖြစ်နေလေပြီ။သူက ၎င်းလက်တံများကို လုံးဝ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဘဲ သူ့အသက်ဓာတ်ကို စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။
သို့သော်လည်း ခုချိန်၌ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်နေခဲ့၏။သူက လက်တံများကို မထိဘဲ မြန်ဆန်စွာ ရှောင်တိမ်းရင်း မီးပြင်းဖိုကြီးနားသို့ ဦးတည်သွားသည်။
မလိုအပ်ဘဲ ဝမ်လင်းသည် ၎င်းလက်တံများကို ဖျက်စီးရန် ဆန္ဒမရှိပေ။သူက လက်တံများကို ဖျက်စီးလိုက်ပါက လမြွေနဂါး၏ ထောက်လှမ်းမိခြင်းကို ခံရနိုင်၏။
ဝမ်လင်းက မြန်ဆန်စွာပင် မီးပြင်းဖိုနားသို့ ရောက်လာ၏။မီးပြင်းဖိုထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။မီးပြင်းဖိုအတွင်းရှိ အော်ရာသည် အတော်ပင် အားကောင်းလှ၏။၎င်းအားထွေးခြုံပတ်ထားသည့် လက်တံများသည် အပြင်ပိုင်းတွင်သာ ရှိကာ မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လိုခြင်း မရှိဟု ထင်ရ၏။
သည်အခိုက်အတန့်၌ မရေမတွက်နိုင်သော လက်တံများသည် လေဟာနယ်ထဲ၌ ပို၍ ပေါ်ထွက်လာကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာနေ၏။ ဝမ်လင်းက အချိန်ဖင့်မနေဘဲ မီးပြင်းဖိုထံသို့ မြန်ဆန်စွာ သွားတော့၏။သူက အတွင်းဘက်သို့ ဆက်သွားရုံ ရှိသေး ဝဲကတော့၏ ဝင်ပေါက်ကနေ ပြင်းထန်သောအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သိပ်မကြာခင်တွင် ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ်ယောက်၏ပုံရိပ်က ဝဲကတော့ထဲတွင် ပေါ်ထွက်လာ၏။သူမ၏မျက်နှာက ဖြူရောနေကာ မျက်လုံးမှိတ်ထားသည့်အနေထား ဖြစ်၏။သူမက အသိစိတ် ဆုံးရှုံးနေသည်မှာ သိသာသည်။ သူမ ပေါ်လာသည်နှင့် လက်တံတစ်ဝက်လောက်သည် သူမထံသို့ ဦးတည်သွားတော့၏။၎င်းတို့က သူမအား ဝန်းရံထွေးခြုံကာ သူမ၏ အသက်ဓာတ်ကို ဆက်တိုက် စုပ်ယူတော့သည်။
ဝမ်လင်းက မီးပြင်းဖိုအတွင်းသို့ ဝင်လိုက်သည့်အခိုက်တွင် သူက ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်ကို ကောင်းစွာမြင်လိုက်ရ၏။သူမကတော့ ယောင်ပင်ယွမ်ပင်။
လက်တံများ သူမအား ထွေးခြုံလာချိန်၌ သူမ၏ အဝတ်အစားများသည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာ၏။သူမ၏ သိုလှောင်အိတ်ပင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပျက်စီးသွားရသည်။
ယောင်ပင်ယွမ်၏အဝတ်အစားများက တစစီ စုတ်ပြတ်သွားကာ အသားအရေအစိတ်အပိုင်းများ ပေါ်လာတော့၏။ထိုအခိုက်၌ သူမ၏ မျက်တောင်က လှုပ်ခတ်သွားကာ မျက်လုံးပွင့်လာ၏။
***