Switch Mode

အပိုင်း(၈၈၆):

သားရေချပ်ဝတ်၏အော်ရာ

အခြားတစ်ဖက်တွင်မူ ခရမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရင်း လေဟာနယ်ကို ဖမ်းဆွဲကာ ဝဲကတော့ကြီးတစ်ခုကို ဖြစ်စေလိုက်၏။ထိုဝဲကတော့သည် ဟင်းလင်းပြင်တွင် ရွေ့လျားသွားကာ ၎င်းဝဲကတော့နှင့် ထိမိသည့် ကျင့်ကြံသူမှန်သမျှ ပျောက်ကွယ်သွားကြရသည်။

အရှင်မီးတောက်နှင့်ထိုလူတို့သည် အလွန် မြန်ဆန်ကြ၏။အနီရောင်ဝတ်စုံနှင့်အဘိုးအိုက လမြွေနဂါးကို တစ်နေရာတည်းတွင် ပိတ်လှောင်ထားချိန်၌ သူတို့သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပစ်နေ၏။

သူတို့က ယောင်မိသားစုဝင်တစ်ယောက်ကို ဆုံသည့်အခါ အရှင်မီးတောက်၏ မျက်လုံးသည် အေးစက်လာရင်း အားပိုထည့်ကာ ကန်ထုတ်ပစ်သည်။ထို့အတွက်ကြောင့် သူတို့သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးမှ လောကနှင့်တစ်သားတည်းပေါင်းစပ် ပျောက်ကွယ်သွားကြရသည်။

လမြွေနဂါးက ဒေါသပုန်ထနေချေပြီ။

ရှစ်မြှောင့်ပုံစံကွက် ချိပ်တံဆိပ်က ၎င်းကို ချိပ်ပိတ်ထားနိုင်ရုံသာ ဖြစ်သော်လည်း ကျန်သည့် လမြွေနဂါးငယ်အားလုံး၏ ပတ်လည်တွင်လည်း ရှစ်မြှောင့်ချိပ်တံဆိပ်များ ပေါ်လာခဲ့ကာ ၎င်းတို့အား ယာယီနှောက်ယှက်ထားနိုင်၏။

လမြွေနဂါးကြီးသည် အလွန် ဒေါသထွက်နေပြီ ဖြစ်၏။၎င်းက ရှစ်မြှောင့်ပုံစံကွက်ချိပ်တံဆိပ်အတွင်း၌ ဝုန်းဒိုင်းကျဲတော့၏။ထို့ကြောင့် ၎င်းတံဆိပ်သည် ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။

လမြွေနဂါးသည် ပိုပို၍ ဒေါသထွက်လာနေ၏။ ၎င်း၏ ဦးခေါင်းထက်၌လည်း အက်ကွဲကြောင်းနှစ်ခု ပေါ်လာတော့သည်။ထိုအက်ကွဲကြောင်းက ၎င်း၏ မျက်လုံးတစ်စုံပင် ဖြစ်၏။

၎င်း၏မျက်လုံးများက ဝေဝါးမှုန်မှိုင်းနေ၏။သို့သော် ၎င်းဝေဝါးမှုအတွင်း ရူးသွပ်မှု အငွေ့အသက်တို့လည်း ရှိနေသည်။၎င်း၏ ပါးစပ်ထဲကနေ ထူးဆန်းသောစကားလုံးများ ထွက်လာခဲ့ကာ လမြွေနဂါးကြီး၏ ရှေ့၌ မရေမတွက်နိုင်သော မီးပွားများပေါ်လာ၏။ထို့နောက် ၎င်းတို့က ကြီးမားကြမ်းတမ်းလှသည့် လက်ချောင်းတစ်ခုအသွင် ဖြစ်ပေါ်သည်။

လမြွေနဂါးကြီး၏ ဒေါမာန်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ချောင်းနှင့် အလားသဏ္ဌာန်တူလာ၏။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက သိပ်တွေးမနေတော့ဘဲ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်ပေါ်သို့ ဖိချလိုက်၏။သူ့အသွင်ကလည်း ပို၍ အလေးအနက်ဖြစ်လာသည်။သူက အော်ပြောလိုက်၏။ “မြန်မြန်လုပ်…”

သူက ထိုသို့ပြောလိုက်ရင်း သူ့အင်္ကျီစတို့သည် နောက်သို့ လွင့်ဝဲနေ၏။သူ့ခန္ဓာကိုယ်ထဲမှ အံ့မခန်းမူလစွမ်းအင်တို့သည် မုန်တိုင်းအသွင် တရိပ်ရိပ် မြင့်တက်လာသည်။

လမြွေနဂါး ဖန်တီးလိုက်သော လက်ချောင်းသည် အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ စိတ်ကိုပါ တုန်ယင်စေပေသည်။

လမြွေနဂါးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ဖြည်းဖြည်းချင်း ရှစ်မြှောင့်ချိပ်တံဆိပ်ပေါ်သို့ ကျရောက်လာတော့၏။

လက်ချောင်းတိုက်ခိုက်မှုက ရှစ်မြှောင့်ချိပ်တံဆိပ်ပေါ်သို့ ကျရောက်သွားချိန်၌ ချိပ်တံဆိပ်သည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်ကုန်ကာ နောက်သို့ လွင့်စင်ရသည်။အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်နှာသည် ဖြူရောသွားကာ သူလည်း အစိတ်အပိုင်းများစွာနှင့်အတူ အရှင်မီးတောက်နှင့်သက်လတ်ပိုင်းလူကြီးထံသို့ နောက်ပြန်ဆုတ်လိုက်ရ၏။

ခုချိန်တွင် အရှင်မီးတောက်တို့နှစ်ယောက်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို အဝေးသို့ ပို့ဆောင်ပေးပြီးသွားပြီ ဖြစ်၏။

အရှင်မီးတောက်က လမြွေနဂါး၏လက်ချောင်းကို စူးစိုက်ကြည့်နေသည်။သူ့မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်နေသည်။သူက ပြောလိုက်၏။ “တော်လိုက်တဲ့ လမြွေသားရဲ…။ငါသာ မင်းကို မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ပို့ဆောင်ပေးနိုင်မယ်ဆိုရင် ရွှမ်ကျုံးဇီတော့ ကျိန်းသေပေါက် တုန်လှုပ်သွားလိမ့်မယ်…”

လမြွေနဂါး၏ ဟိန်းသံက ဆက်ထွက်ပေါ်လာရင်း သူ့လက်ချောင်းသည် သူတို့သုံးယောက်ထံသို့ ကျရောက်လာ၏။

၎င်းက အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာကာ သူ့လက်ကိုပင့်မြှောက်၍ အောက်သို့ ဖိချလာသည်နှင့်ပင် ဆင်တူနေတော့သည်။

“ရောင်းရင်းကျင့်ကြံသူတို့…ငါတို့က ဒီသားရဲကြီးရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုကို မခုခံနိုင်ဘူး…။ငါတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေသာ ဒီမှာရှိနေရင်တော့ ငါတို့ကဒါကို ခုခံနိုင်ပြီး ပြန်တိုက်နိုင်ဦးမယ်။ ခု ငါတို့ရဲ့ ပန်းတိုင်ကလည်း ပြီးမြောက်သွားပြီဆိုတော့ ဒီသားရဲ့ရဲ့ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံရတာကို ဘာကြောင့် လက်လွှတ်တော့မလဲ…”

သူက ပြောလိုက်ရင်း ရှေ့သို့ တိုးထွက်သွား၏။သူ့ခန္ဓာကိုယ်၌လည်း မီးတောက်များ ဖုံးအုပ်နေလေသည်။မွန်းစတားဆန်လှသော မီးတောက်ကြီးက သူ့အား အပြည့်အဝ ဝန်းရံပေးထားတော့၏။

လမြွေနဂါး၏ လက်ချောင်း သည် အရှင်မီးတောက်ထံသို့ ဖိနှိပ်ကျလာ၏။အရှင်မီးတောက်က မာန်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သူ့ခန္ဓာကိုယ်ထဲရှိ မီးတောက်များသည်လည်း နဂါးတစ်ကောင်အသွင်သို့ သိပ်သည်းသွားသည်။မီးတောက်နဂါးသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းထံသို့ ထိုးထွက်သွားချေသည်။

မီးတောက်နဂါးသည် အရှင်မီးတောက်၏ ဖြစ်တည်မှုအားလုံးကို ဆောင်ကျဉ်းနေ၏။ မီးတောက်နဂါးသည် တဟုန်ထိုး ထွက်သွားချိန်၌ သူ့ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။သည့်နောက် မီးတောက်နဂါးသည် လက်ချောင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

ကျယ်လောင်တုန်ဟီးသည့် ပေါက်ကွဲသံသည် မြောက်ပိုင်းနယ်မြေ၏ နေရာတော်တော်များများသို့ ပဲ့တင်ထပ်သွား၏။မီးတောက်နဂါးသည်လည်း မရေမတွက်နိုင်သော ပျက်စီးသွားရင်း အဆုံးမဲ့ဟန်ရသည့် မီးတောက်များသည် ၎င်းဘာသာ ရှေးဟောင်းနတ်ဘုရား၏ ပတ်လည်၌ ဝန်းရံ ထွေးခြုံသွားကာ အပြင်းအထန် လောင်ကျွမ်းတော့သည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးထဲ၌ အံ့ဖွယ်အလင်းတစ်ခု ပေါ်လာ၏။သူက ရယ်မောလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ပြန်ဖိနှိပ်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်ဓားတစ်လက်အသွင်သို့ ပြောင်းသွားကာ မီးတောက်များ ဝန်းရံနေသော လက်ချောင်းထံသို့ ထိုးထွက်သွားလေသည်။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးထံမှ ပြတ်သားသောအကြည့်တစ်ခု ထွက်ပေါ်နေ၏။သူက သူ့အတွက် သည်ကိုယ်ပွားမှာ မလိုအပ်ကြောင်း တွေးနေ၏။သို့သော် သူသည် သည်သားရဲကြီး၏ အသန်မာဆုံးတိုက်ခိုက်မှုကို အတွေ့အကြုံယူရပေမည်။ထိုအဖြစ်ကနေ သူ့အတွက် မမျှော်လင့်ထားသည့် အကျိုးကျေးဇူးများ ရလာနိုင်သည်။

သူ့လို ကျင့်ကြံမှုအဆင့်သို့ ရောက်လာပြီးနောက် ကျင့်ကြံခြင်းသည် ရှေ့ဆက်တက်ရန် အဆုံးစွန် ခက်ခဲလာပေသည်။သူ့အမြင်၌ သည်အဖြစ်က သူ့အတွက် အခွင့်အရေးပင် ဖြစ်သွားနိုင်သည်။

သူက တဟုန်ထိုး ထိုးထွက်လိုက်ရင်း သိမ်းငှက်နက်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ထိုသိန်းငှက်က ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ရှေးဟောင်းအော်ရာကို ပေးစွမ်းနေ၏။၎င်းက ရှေးဟောင်းနတ်ဘုရားလက်ချောင်းထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် အံ့မခန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ဂြိုဟ်များပေါ်ရှိ ကျင့်ကြံသူအားလုံး၏ ခေါင်းထဲတွင် ယင်းအသံသည် ပဲ့တင်ထပ်နေသည်ဟု ခံစားလိုက်ကြရသည်။

မီးတောက်နဂါးသည် ပျက်စီးသွား၏။

အနီရောင်ဓားသည် ပဲ့ကြွေသွားသည်။

သိမ်းငှက်နက်သည် လွင့်ပြယ်သွား၏။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းကမူ ပျက်စီးသွားခြင်း မရှိသေးပေ။လမြွေနဂါးက ဟိန်းဟောက်ရင်း လက်ချောင်းသည် ဤဧရိယာကို ချက်ခြင်း သိမ်းကြုံးလွှမ်းခြုံသွားသည်။နောက်ဆုံးတွင် ၎င်းက အလင်းစက်များအဖြစ်သို့ ပြန်ပြောင်းလဲရင်း လမြေနဂါး၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွား၏။

လမြွေနဂါးက ၎င်း၏ ပါးစပ်ကို ဟကာ လမြွေနဂါးငယ်အားလုံးကို ၎င်း၏ ပါးစပ်ထဲသို့ ပြန်ဝင်လာစေသည်။ဧရာမလမြွေနဂါးကြီးက ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်ရွှေ့၊ လက်တံများကို ဝှေ့ယမ်းရင်း ကြယ်များကြား၌ ပျောက်ကွယ်သွားလေသည်။

ဤအခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အတွင်းရှိ လျှို့ဝှက်ခန်းအတွင်း၌ လူသုံးယောက် ထိုင်လျက် ရှိနေကြ၏။ အခန်းအတွင်း၌ ရှေးဟောင်းအစီအရင်တစ်ခု ရှိနေသည်။သူတို့သုံးယောက်သည် အစီအရင်၏ သော့ချက်နေရာတစ်ခုစီ၌ ထိုင်နေခြင်း ဖြစ်သည်။

သူတို့သုံးယောက်၌ တစ်ယောက်သည် အရှင်မီးတောက်ဖြစ်သည်။ သူက မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ၌ ချီတုံ့ချတုံ ဖြစ်နေဟန် ထွက်ပေါ်နေသည်။တစ်ချိန်တည်းမှာလည်း ကျန်သည့်နှစ်ယောက်သည် မျက်လုံးဖွင့်လာကြ၏။ထိုနှစ်ယောက်က အနီရောင်ဝတ်စုံနှင့်အဘိုးအိုရယ်၊ သက်လတ်ပိုင်းလူကြီးရယ် တို့ပင်။

သက်လတ်ပိုင်းလူက စကား ဆိုလာ၏။ “အတော်လေးကို သန်မာလွန်းလှပေတယ်…”

အနီရောင်ဝတ်စုံနှင့်အဘိုးအိုရှောင်သည် ဖြည်းဖြည်းချင်း ဆိုလာ၏။ “ဒီသားရဲက ငါ့မိသားစုမှတ်တမ်းတွေထဲမှာ ဖော်ပြထားခဲ့သလို တကယ် ဖြစ်နေတာပဲ။ ငါတို့ ဂရုမစိုက်ဘဲ ဒီသားရဲကို သွားရန် မစသင့်ဘူး…”

အရှင်မီးတောက်၏ မျက်လုံးထဲတွင် ရူးသွပ်မှုအငွေ့အသက်တို့ ဖြစ်ပေါ်နေ၏။သူက တည်ငြိမ်စွာ ဆိုလာသည်။ “ဒီလိုဆိုမှတော့ ငါတို့ လူတွေ ပိုစုစည်းဖို့ လိုလာပြီး ဒီသားရဲကြီးကို ဖမ်းဖို့ အစီအစဉ် စရတော့မယ်…”

အရှေ့ပိုင်းနယ်မြေ ယောင်မိသားစု၏ ဘိုးဘေးခန်းမအတွင်း၌ သွေးနတ်ဘုရား၏ နောက်ရှိ တုန်ကင်အမှတ်အသား ဆယ်ခုကျော်သည် ကွဲကြေသွား၏။၎င်းတို့ထံကနေ အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ သူက အင်္ကျီလက်အိုးကို ဝှေ့ခါပြီး စုစည်းလိုက်သည်။

သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူက မဟာမိတ်ကြယ်အဖွဲ့အစည်းက လူတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ငါ့ ယောင်မိသားစု တတိယမျိုးဆက်တွေနဲ့ ယှဉ်ရင် သူက အလွန်ပြတ်သားပြီး ညာဏ်နီညာဏ်နက် ကြွယ်ဝလှပေတယ်…”

အချိန်အတန်ကြာထိ တိတ်တဆိတ်စဉ်းစားနေပြီးနောက် သွေးနတ်ဘုရားသည် သူ့ညာလက်ဖြင့် လေထုထဲသို့ ဖမ်းဆွဲလိုက်၏။ထိုအခါ အနီရောင်အလင်းတန်းတစ်ခုသည် သွေးရောင်ကျောက်စိမ်းပြားတစ်ခုအဖြစ် ချက်ခြင်း သိပ်သည်းသွားသည်။

“ဒုတိယမျိုးဆက် ယောင်ယွမ်ကို မြောက်ပိုင်းနယ်ဆီ သွားခိုင်းပြီး ရှုမူရဲ့ အသက်ကို နှုတ်ယူခိုင်းလိုက်…”

နတ်ဆိုးရှုမူ ဆိုသည့် အမည်သည် အခုအခါ၌ ပို၍ ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။ယောင်မိသားစုဝင်များနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်မှုအောက်၌ သူက သေဆုံးသွားခြင်း မရှိသည့်အပြင် ကြောက်မက်ဖွယ်သားရဲကြီး၏ စွမ်းအားကို ငှားယမ်းကာ တန်ပြန်တိုက်ခိုက်ခဲ့သေးသည် မဟုတ်လား။

ထိုအဖြစ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး တစ်ခုလုံးရှိ ကျင့်ကြံသူအများစုအား တုန်လှုပ်စေခဲ့သည်။ ကျင့်ကြံသူမိသားစုများသည်လည်း ရှုမူနှင့်ယောင်မိသားစုကြား ကိစ္စတွင် ဆက်၍ ပါဝင်ရန် စိတ်ဆန္ဒမရှိကြတော့ပေ။

ထိုလူသည် ရူးသွပ်လွန်းလှပေ၏။ သူက သန်မာလွန်းလှသည်သာမက နတ်ဆိုးတစ်ပါးကဲ့သိုလည်း သွေးဆာလွန်းလှသည်။ ထိုရှုမူသည် အဆင့်နိမ်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့်အပြင် ဧရာမသားရဲကြီးကို နိုးထစေကာ ကပ်ဘေးဆိုးတစ်ခုကိုပါ ဖြစ်စေခဲ့သည် မဟုတ်လား။

ဤသို့ ရက်စက်မှုသည် တန်လင်းဂြိုဟ်မှ ကျင့်ကြံသူများနှင့်ပါ နှိုင်းယှဉ်နိုင်နေ၏။

နတ်ဆိုး ဟူသည့် အခေါ်အဝေါ်သည် စိတ်ကူးနိုင်သည်ထက်ပို၍ ကျော်ကြားလာခဲ့ပေပြီ။ တကယ်တော့ ဝမ်လင်းသည် ထိုအရာများအားလုံးကို မသိရှိပါ။ ခုချိန်၌ သူက လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း၌ ဂရုတစိုက် သွားလာနေရသည်။

လမြွေနဂါးငယ်များသည်လည်း သူ့နောက်သို့ လိုက်လံနေကြ၏။

ဝမ်လင်းသည် သုန်မှုန်စွာ ဖြင့် ရှေ့သို့ ဆက်တိုက်သွားနေသည်။ သူက တစ်ခုခုမှားနေသည်ဟု ခံစားမိနေ၏။လမြွေနဂါး၏ ခန္ဓာကိုယ်အတွင်းဘက်သည် အရင်ထက် အတော်လေး ခြားနားနေခဲ့သည်။ လမြွေနဂါးငယ်များသည် သူ့ကို တွေ့မြင်သည့်အခါ အတော်လေး စိတ်လှုပ်ရှားသလို ဖြစ်နေကြ၏။ ယောင်ပင်ယွမ် သူ့ကို တိုက်ခိုက်ခဲ့ချိန်ကပင် လမြွေနဂါးတစ်ကောင်သည် သူ့အား ကူညီခဲ့သေးသည် မဟုတ်လား။

ထိုအဖြစ်က ဝမ်လင်းကို စဉ်းစားခန်း ဝင်စေ၏။

“ဒါက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့် ဖြစ်လိမ့်မယ်…” ဝမ်လင်း၏မျက်လုံးတို့သည် လက်ခနဲ ဖြစ်သွားကာ သူက ထိုချပ်ဝတ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်၏။

ထိုသို့ ပြုလုပ်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် ဦးတည်ရာကို အလျင်အမြန် ပြောင်းလိုက်၏။

သူ့နောက်သို့ လိုက်နေကြသော လမြွေနဂါးများသည် ချက်ခြင်း ဒေါသထွက်လာကြသည်။ သူတို့ကြိုက်နှစ်သက်သည့် တစ်ခုခုကို ယူဆောင်သွားသည့်အလားပင်။ သူတို့က အုပ်စုခွဲကာ သည်ဧရိယာတွင် ဆက်တိုက် ရှာဖွေနေတော့၏။

ဝမ်လင်းက အခုမှ စိတ်သက်သာရာ ရတော့၏။ သူက လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲသ သတိထားကာ ဆက်၍ သွားလာနေသည်။သူက လောဘကြီး၏ မီးပြင်းဖို ရှိနေသော နေရာကို ရှာဖွေနေခြင်း ဖြစ်တော့၏။ ထိုမီးပြင်းဖိုက သူ့အား အလွန်စိတ်လှုပ်ရှားစေသည် မဟုတ်လား။

သို့ရာတွင် တုန်ခါလှိုင်းများက လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အနှံ့တွင် ရုတ်တရက် ပေါ်လာသည်။ထိုလှိိုင်းများ ပျံ့နှံ့နေရင်း ၎င်းတို့သည် ဝမ်လင်းအပေါ်သို့ နီးကပ်လာသည်။

ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။ သူက ထိုလှိုင်းများကို ရှောင်တိမ်းနိုင်ရန် နောက်သို့ ဆုတ်၏။သို့သော်လည်း ၎င်းလှိုင်းများသည် သူ့နောက်တွင်လည်း ပေါ်လာသည်။၎င်းတို့က မြန်ဆန်လှကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းဝင်ရောက်သွားတော့သည်။

ခပ်အုတ်အုတ်အသံတစ်ခုသည် လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။၎င်းက မူလစိတ်ဝိညာဉ်ကို အပိုင်းပိုင်းဖြစ်စေမည့် မန္တာတစ်ခုကဲ့သို့ပင်။ ပထမ၌ ၎င်းအသံက ပေါ့ပေါ့ပါးပါး ရှိလှသော်လည်း တဖြည်းဖြည်း ပိုပို သိပ်သည်းလာသည်။အဆုံးသပ်၌ ၎င်းအသံသည် ဝမ်လင်း၏နားထဲ၌ မိုးကြိုးသံအလား တုန်ဟီးသလို ဖြစ်လာတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset