Switch Mode

အပိုင်း(၈၈၄)

: နိုးထလာခြင်း

ထိုဟိန်းသံက ကျယ်လောင်လွန်းလှခြင်း မရှိသော်လည်း ၎င်းအသံထဲ၌ မူလစိတ်ဝိညာဉ်ထိ ဖိအားပေးသည့် စွမ်းအားတစ်ခု ပါဝင်နေသည်။ဂြိုဟ်အပြင်ဘက်ရှိ ကျင့်ကြံသူများက ၎င်းဖိအားကို များစွာ မခံစားရသော်လည်း ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများကမူ အပြည့်အဝ ခံစားမိလိုက်ကြ၏။

ထိုအခိုက်အတန့်၌ ထိုသူတို့၏ခန္ဓာကိုယ်သည် တုန်ယင်ကာ စိတ်ဝိညာဉ်ထဲကလည်း ကြောက်ရွှံ့မှုတစ်ခု မွေးဖွားလာတော့သည်။

လူတိုင်းနီးပါး အရင်ဆုံးတွေးမိသည်က ဂြိုဟ်မှ ပြန်ထွက်ခွာရန် ဖြစ်ကာ သူတို့သည် အထက်သို့ ပျံတက်ကုန်ကြတော့သည်။

ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ ရှည်လျားသော လက်တံများသည် တင်းကြပ်သော အတားအဆီးတစ်ခု သဖွယ် ဖြစ်နေ၏။

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလေလေ လက်တံများထံမှ အနက်ရောင်မြူများ ထွက်ပေါ်လာနေ၏။မည်သူကမျှ ထွက်ခွာသွားနိုင်ခြင်းမရှိ ဖြစ်နေသည်။

မန္တာန်များအားလုံးနှင့် လက်နက်ရတနာများသည်လည်း ထိုလက်တံများအပေါ်၌ သက်ရောက်မှု မရှိ ဖြစ်နေသည်။ ထိုကျင့်ကြံသူများထဲမှ တစ်ယောက်က လက်တံများ၏ ထွေးပိုက်ခြင်းကို ခံလိုက်ရကာ ၎င်း၏ခန္ဓာကိုယ်သည် ချက်ခြင်း ကြေမွသွားရသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း လက်တံများ၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို သွေးပျက်စေသည်။

ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည်လည်း လမြွေနဂါး၏ခန္ဓာကိုယ်အတွင်းရှိ ရေခဲလွှာများ ရှိနေသော နေရာကနေ ပေါ်ထွက်လာသည်။သူမက ပေါ်လာသည်နှင့် ပါးစပ်အပြည့် သွေးအမည်းများ အန်ထုတ်လိုက်ရ၏။သူမ၏ မျက်နှာပင် အစိမ်းရောင်ပြောင်းသွားကာ အနက်ရောင်လိုင်းများက သူမ၏ မျက်နှာပေါ်၌ ရွှေ့လျားနေသကဲ့သို့ ရှိနေသည်။

“ဒါက ဘယ်လို မန္တာန်မျိုးလဲ…” ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ နောက်ထပ် သွေးအန်ထုတ်ရပြန်သည်။ထိုသွေးများက ပို၍ပင် မဲနက်နေသေးသည်။

သူမက ရေခဲလွှာထဲသို့ ဝင်ရောက်လိုက်သည့်အခိုက် ဝမ်လင်း တိုက်ခိုက်လိုက်သော အနက်ရောင်လေပြင်းက သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။သူမက အေးစိမ့်စွာ ခံစားလိုက်ရသည်။သူမ၏ ကျင့်ကြံခြင်းနည်းလမ်းကြောင့် သူမသည် အအေးဓာတ်ကို မခံစားမိသင့်ချေ။သို့သော် ခုချိန်၌ သူမ၏ခန္ဓာကိုယ်ထဲရှိ အေးစိမ့်မှုက အလွန် သိသာနေသည် မဟုတ်လား။

သူမကို ပို၍ တုန်လှုပ်စေသည်က ထိုအနက်ရောင်လေပြင်း သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အများစုကို ဖယ်ရှားပစ်နိုင်သော်လည်း အကြွင်းအကျန်တစ်ခုက ရှိနေဆဲပင်။ ထိုအဖြစ်က သူမ ခန္ဓာကိုယ်ကို အားနည်းစေမည် ဖြစ်သည်။ ထိုထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က သူမ၏ မူလစွမ်းအင်ပင် လွင့်ပြယ်နေသည့် အရိပ်အယောင် ဖြစ်နေခြင်းပင်။

ယောင်ပင်ယွမ်က အသက်ဝဝရှူကာ မြေပြင်ထက်သို့ ထိုးထွက်လိုက်၏။သူမက မြေပြင်ထက်၌ ပေါ်လာသည်နှင့် မရေမတွက်နိုင်သော ဟိုဒီဝှေ့ယမ်းနေသည့် လက်တံများ နှင့် ထွက်ခွာမသွားနိုင်သေးသည့် ကျင့်ကြံသူများကို တွေ့မြင်လိုက်ရတော့သည်။

ယောင်ပင်ယွမ်က ၎င်းလက်တံများကို တွေ့လိုက်သည့်အခါ ထူးဆန်းလှသည်ဟု ခံစားမိသော်လည်း ဘာကြောင့်မှန်း သေချာ မတွေးမိပေ။သို့သော်လည်း သူမက ၎င်းလက်တံများသည် သူမအား တိုက်ခိုက်ခဲ့သော သားရဲထံမှ လက်တံများနှင့် အတူတူသာ ဖြစ်ကြောင်းကိုတော့ သိပေသည်။

သူမ စိတ်နှလုံးထဲမှ အေးစိမ့်ကြောက်ရွှံ့မှုက ခန္ဓာကိုယ်အနှံ့သို့ ပြန့်နှံ့ကာ သူမ၏ ဦးရေပြားကိုပင် ထုံထိုင်းသွားစေသည်။သူမက ၎င်းလက်တံများကို ကြည့်ကာ အတော်လေး ရုပ်စိုးဟန် ဖြစ်ပေါ်နေတော့၏။သူမ၏ မျက်လုံးထဲ၌လည်း အလွန်အမင်း ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်နေသည်။

ပြင်းထန်ဆူညံသော တုန်ခါမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည်။ အဆုံးသပ်၌ မြေပြင်ထုသည် စတင်ပြိုကျလာခဲ့တော့သည်။ခဏအကြာတွင် ဂြိုဟ်၏အတွင်းဘက်မှ ပို၍ ပြင်းထန်သော ဟိန်းသံ တစ်ခု ထပ်၍ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်၌ ဝမ်လင်းသည် အနီရောင်အမျှင်တန်းများကို ဆက်တိုက် ဖြတ်တောက်နေသည်။အနီရောင်အမျှင်တန်းတစ်ခု ပြတ်တောက်သွားတိုင်း လမြွေနဂါးကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါ၏။

ဝမ်လင်းသည်လည်း တဖြည်းဖြည်း အဟအက်ကွဲကြောင်း၏ အတွင်းနက်ပိုင်းသို့ ရောက်လာခဲ့၏။သူက ပို၍ အတွင်းဘက်သို့ ရောက်လေလေ အနီရောင်အမျှင်တန်းများက ပိုမို များပြားလာလေပင်။ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေကာ သူက ကောင်းကင်ခုတ်ပိုင်းခြင်း ဓားချက်ကို သုံး၍ အမျှင်တန်း တစ်ခုပြီးတစ်ခုကို ပျက်စီးစေနေသည်။

သိပ်မကြာခင်မှာပင် သူက ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့ရှေ့၌ ထူထဲသော အနီရောင်အမျှင်တန်းတစ်ခုသည် အထက်အောက် လူးလားနေသည်။ထိုအနီရောင်အမျှင်တန်းသည် အခြားအမျှင်တန်းအားလုံးထက် ပို၍ ထူထဲနေသည်။ထို့နောက် ဝမ်လင်းသည် ရှေ့သို့ ထိုးတက်ကာ ၎င်းအမျှင်တန်းအား ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းပစ်လိုက်၏။

ထိုအခါ လမြွေနဂါးကြီး၏ နေရာအနှံ့တွင် ရူးသွပ်သွားစေနိုင်သည့် ဟိန်းသံ တစ်ခု ပဲ့တင်ထပ်လာတော့သည်။

သည့်နောက် လမြွေနဂါးကြီးကြောင့် ဖြစ်နေသည့် ဂြိုဟ်သည် နောက်ဆုံး၌ လုံးဝ ပျက်စီးပြိုပျက်သွားတော့၏။ရှေးဟောင်းအော်ရာတစ်ခုကလည်း တဖြည်းဖြည်း ပျံ့နှံ့လာကာ အပြင်ဘက်ရှိ ကျင့်ကြံသူများကိုလည်း ကြောင်ရီမှင်သက်သွားစေသည်။သူတို့သည် ဂြိုဟ်၏အလယ်တွင် အဟအက်ကြောင်းတစ်ခု ပေါ်လာသည်ကို တွေ့မြင်လိုက်ရပြီး ၎င်းအက်ကြောင်းက တဖြည်းဖြည်း ကြီးမားသည် ဘဲဥပုံမွန်းစတားတစ်ကောင်အသွင်သို့ ပြောင်းလာနေ၏။

လမြွေနဂါးကြီး နိုးထလာခဲ့လေပြီ။

လမြွေနဂါးနိုးထလာသည့်အခိုက်၌ ဝမ်လင်းက သူ့အော်ရာကို အမြန်ရုတ်သိမ်းကာ သူ့ကိုယ်သူ ဖုံးကွယ်လိုက်၏။သူက ကြာပွင့်သဏ္ဌာန်ထိုင်ချ၊သတိအနေထားနှင့် ရှိနေ၏။

“ဝေါင်း…”

ဟိန်းသံတစ်ခုသည် မရေမတွက်နိုင်သော မိုးကြိုးမုန်တိုင်းများအလား လမြွေနဂါးထံကနေ ထွက်ပေါ်ကာ ပဲ့တင်ထပ် မြည်ဟီးတော့၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ၎င်းအသံ ထွက်ပေါ်လာသည်နှင့် နောက်သို့ ဆက်တိုက် ဆုတ်ရသည်။

ဤအခိုက်အတန့်၌ သူတို့၏ ကျင့်ကြံမှုအဆင့် မည်မျှ ဖြစ်နေပါစေ သူတို့သည် လမြွေနဂါးနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွှံ့မှု၊မခုခံနိုင်မှုတို့ကိုသာ ခံစားမိကုန်ကြ၏။

လက်တံအရှည်များကလည်း တဖြည်းဖြည်း ပျံ့လာကာ ဟိုဒီ ဝှေ့ယမ်းလျက် ရှိကုန်သည်။ တစ်ချိန်တည်းမှာပင် လမြွေနဂါး၏ဦးခေါင်းထက်၌ ကြီးမားသည့် အဟကြီးတစ်ခု ပေါ်ထွက်လာသည်။

“ဒါ…ဒါက ဘာကြီးလဲ…”

“ဒီကျင့်ကြံခြင်းဂြိုဟ်က တကယ့်ကို ကြမ်းကြုတ်လွန်းလှတဲ့ သားရဲကြီး ဖြစ်နေတာပဲ။ ငါတို့က ဒီလိုအရာကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ…”

“ဒီသားရဲကြီးက ကောင်းကင်ဘုံနယ်မြေ မပြိုပျက်ခင်ကတည်းက တည်ရှိနေခဲ့တာ ဖြစ်ရမယ်။ ဒီရှုမူက ငါတို့ကို ဒီနေရာကို ခေါ်လာတာ ဓားငှားပြီး သတ်ချင်တဲ့ သဘောပေါ့…”

“ငါတို့ ဒီသားရဲကြီးကို မခုခံနိုင်ဘူး…မြန်မြန်…နောက်ဆုတ်…နောက်ဆုတ်ကြ…”

နေရာတိုင်းမှ အာမေဋိတ်သံများ ထွက်ပေါ်နေသည်။ ကျင့်ကြံသူအုပ်စု၏ တစ်ဝက်ကျော်က ချက်ခြင်း နောက်ဆုတ်ပြီး ဖြစ်နေ၏။သူတို့၏အမြင်တွင် ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ မရောက်ဘဲ လူတစ်ယောက်သည် ယခုလိုသားရဲကြီးအား ခုခံနိုင်ဖို့ လုံးဝ ဖြစ်နိုင်မည် မဟုတ်ဟု သိနေ၏။

လမြွေနဂါးကြီးက အတော်လေး ဒေါသထွက်နေ၏။ အခုတစ်ခေါက်တွင် ၎င်းခန္ဓာကိုယ်ထဲရှိ နာကျင်မှုက ပြင်းထန်လှခြင်း မရှိဘဲ သူ့အား နိုးထစေရန် လုံလောက်ရုံသာ ရှိသည်။သို့သော်လည်း သူ့ကို အတော်လေး ဒေါသထွက်စေသည်က သူ အိပ်ရေးမဝသေးခြင်းပင်။

၎င်းအတွက် ဆယ်စုနှစ်မြောက်များစွာက မျက်စိတစ်မှိတ်ကဲ့သို့ ဖြစ်၏။၎င်း၏ စိတ်ထဲ၌ အခုလို နိုးထလာရခြင်းသည် အိပ်ပျော်ရုံရှိသေး ချက်ခြင်း ပြန်ထရသကဲ့သို့ ဖြစ်နေ၏။

ထိုခံစားချက်သည် ၎င်းအား အလွန် မကျေမချမ်း ဖြစ်စေသည်။၎င်းက နိုးထလာသည့်အခါ နောက်သို့ ဆုတ်နေကြသော သက်ရှိပုံစံငယ်များ(ကျင့်ကြံသူများ)ကို တွေ့မြင်သည့်အခါ ချက်ခြင်း ဟိန်းဟောက်လိုက်၏။ ထိုဟိန်းသံက အရင်ထက် အဆများစွာ ပိုပြင်းထန်နေသည်။ကြယ်များကြား၌ပင် အက်ကွဲရာများ ပေါ်လာ၏။၎င်းဟိန်းသံက မြောက်ပိုင်းနယ်မြေတစ်ခွင်သို့ မြန်ဆန်စွာ ပျံ့နှံ့ကုန်၏။

အချို့ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဆိုလျှင် ထိုဟိန်းသံကြောင့် ပေါက်ကွဲထွက်ကုန်၏။သူတို့၏ မူလစိတ်ဝိညာည်ပင် ပျက်စီးသွားရသည်။

လမြွေနဂါးကြီး၏ အမျက်ဒေါသက လွင့်ပြယ်သွားခြင်း မရှိသေးပေ။၎င်းက ရှေ့သို့ စတင်၍ လှမ်းလိုက်၏။ လမြွေနဂါးအတွက် ရှေ့သို့ လှမ်းလိုက်ရုံမျှ ဖြစ်၏။သို့သော် ကျင့်ကြံသူများအတွက်မူ ဧရာမသားရဲကြီးက သူတို့ထံသို့ တိုးဝင်လာသကဲ့သို့ ဖြစ်နေတော့သည်။

ကျင့်ကြံသူအားလုံး၏ မျက်လုံးသူငယ်အိမ်မှာ ကျဉ်းမြောင်းသွားကြရ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset